ပြင်ပလူများ
Vol. 9 Ch. 84
ပိုင်ချိုးဖေးကို မဲဖောက်ရရှိလိုက်ခြင်းက ဆုရှင်းအတွက် ကြည်နူးဖွယ် အံ့အားသင့်စရာ တစ်ခု ဖြစ်သည်။ သူက ဆုရှင်း အနှစ်သက်ဆုံး ဗီလိန် ဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်ပြီး တကယ့်ကို သူ့ကိုယ်ပိုင် အတွေးအခေါ်ရှိသော ဇာတ်ကောင် တစ်ဦးပင်။
ဆုရှင်းကို ပို၍ပင်ဝမ်းသာစေခဲ့သည်မှာ အခြား ဇာတ်ကောင်များကဲ့သို့ သိုင်းပညာအစုံအလင်မရှိဘဲ ပိုင်ချိုးဖေးတွင် စွမ်းအားကြီးမားသော သိုင်းပညာတစ်ခုတည်းသာရှိနေခြင်းဖြစ်၏။ သူ့အနေဖြင့် အထူးသိုင်းပညာတစ်ခုကိုသာ မဲဖောက်ရရှိနိုင်ခြေ ရှိပါသည်။
မျှော်လင့်ထားသည့်အတိုင်း စနစ်၏အသံ ထွက်ပေါ်လာခဲ့၏။ "ဂုဏ်ယူပါတယ် လက်ခံသူ။ ပိုင်ချိုးဖေး ဇာတ်ကောင်ကို မဲဖောက်ရရှိပါတယ်။ ဇာတ်ကောင် အဆင့်သတ်မှတ်ချက် - ကြယ် ၃.၅ ပွင့်။ ၎င်းနှင့်အတူ သိုင်းပညာ နေခြည်နှစ်ဆယ့်လေးခုဝိညာဉ်တုန်လှုပ်ခြင်း လက်ညှိုး နှင့် ကျင့်စဉ်တို့ ပါဝင်ပါတယ်။ အဆင့်သတ်မှတ်ချက် ကြယ်သုံးပွင့်မှ လေးပွင့်အထိ ဖြစ်သွားပါက နောက်ထပ် မဲဖောက်ရန် မလိုအပ်တော့ပါ"။
မှတ်ချက် - အံ့ဖွယ်ချီနှစ်ဆယ့်ခုနည်းစနစ် တွင် အပိုင်းနှစ်ပိုင်း ပါဝင်ပြီး၊ ၎င်းတို့ထဲမှ တစ်ခုမှာ အဆင့်သတ်မှတ်ချက် ကြယ်သုံးပွင့်ရှိသော နေခြည်နှစ်ဆယ့်လေးခုဝိညာဉ်တုန်လှုပ်ခြင်း လက်ညှိုး နည်းစနစ်များ ဖြစ်သည်။
နေခြည်နှစ်ဆယ့်လေးခုဝိညာဉ်တုန်လှုပ်ခြင်း လက်ညှိုး နည်းစနစ်တွေကို ၁၀၀% ကျွမ်းကျင်မှုအထိ တတ်မြောက်ပြီးသည်နှင့် သင်က လက်သုံးချောင်းဖြင့်ကောင်းကင်ကို ခူးဆွတ်ခြင်း -မိစ္ဆာချိုးဖျက်ခြင်း၊ အိပ်မက်ဖျက်စီးခြင်း နှင့်သဘာဝ ရန်သူတို့ကို အလိုအလျောက် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။
ပထမ သိုင်းကွက်နှစ်ခုမှာ အဆင့်သတ်မှတ်ချက် ကြယ် ၃.၅ ပွင့် ရှိပြီး နောက်ဆုံး သိုင်းကွက်ဖြစ်သော သဘာဝ ရန်သူမှာတော့ အဆင့်သတ်မှတ်ချက် ကြယ် ၄ ပွင့် ရှိကာ ၎င်းကို အသုံးပြုရန် ဉာဏ်အလင်းပွင့်ခြင်းလိုအပ်ပါသည်။
ဆုရှင်း လက်ခုပ်တီးလိုက်၏။ သူမျှော်လင့်ထားသည့်အတိုင်း ပိုင်ချိုးဖေးတွင် ဤသိုင်းပညာ တစ်ခုတည်းသာ ရှိသည်။
နေခြည်နှစ်ဆယ့်လေးခုဝိညာဉ်တုန်လှုပ်ခြင်း လက်ညှိုး၏စွမ်းအားမှာ ရှင်းလင်းသည်။
၎င်းကို ပိုင်ချိုးဖေး က မိုးကောင်းကင်နှင့် မြေပြင်၏နက်နဲသော အရာများကို နားလည်သဘောပေါက်ပြီးနောက် နေခြည်နှစ်ဆယ့်လေးပါး နှင့် ပေါင်းစပ်ကာတောင်ထိပ်ပေါ်တွင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
၎င်းက ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးသော လက်ညှိုး သိုင်းပညာများထဲမှ တစ်ခုပင်။
စနစ်က ပေးထားသော အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ရုံဖြင့် နေခြည်နှစ်ဆယ့်လေးခုလက်ညှိုး နည်းစနစ်က ကြယ်သုံးပွင့်ရှိပြီး လက်သုံးချောင်းဖြင့် ကောင်းကင်ကိုခူးဆွတ်ခြင်းမှ သဘာဝ ရန်သူသိုင်းကွက်မှာတော့ ကြယ်လေးပွင့်ထိရှိသည်။
သေချာသည်မှာ ဤနောက်ဆုံးသိုင်းကွက်ကို အသုံးပြုရန်အတွက် အခြေအနေများမှာလည်း အလွန်တင်းကျပ်ပြီး ၎င်းကို ဉာဏ်အလင်းပွင့်ပြီးနောက်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် ပိုင်ချိုးဖေးက မူရင်းဇာတ်လမ်းတွင် ဤနောက်ဆုံး လက်ညှိုးသိုင်းကွက်ဖြစ်သော သဘာဝ ရန်သူကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးသဖြင့် ၎င်း၏တိကျသော စွမ်းအားကို မသိရသေးပေ။
နေခြည်နှစ်ဆယ့်လေးခုဝိညာဉ်တုန်လှုပ်ခြင်း လက်ညှိုးကို လက်ဝယ်ရရှိထားသဖြင့် ဆုရှင်းက သူ၏အချိန်အများစုကို သူ့ကိုယ်ပိုင်ခြံဝင်းအတွင်းတွင် ဤသိုင်းပညာကို လျှို့ဝှက်စွာကျင့်ကြံရင်း အသက်ကယ်ဝှက်ဖဲချပ်တစ်ခုအဖြစ် အသုံးပြုရန် ပြင်ဆင်နေခဲ့ပြီး ဂိုဏ်း၏ကိစ္စရပ်များကိုမူ လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့ထံ လွှဲအပ်ထားခဲ့၏။
ဤကာလအတွင်း ချန်နင်စီရင်စု တစ်ခုလုံးမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ၎င်းအတွက် အဓိကအကြောင်းရင်းမှာ ဆုရှင်း၏လက်ဝါးကြီးအုပ်မှု နည်းဗျူဟာ နှင့် အခြား ဂိုဏ်းများက ပြဿနာရှာရန် အချိန်မရှိသောကြောင့်ဖြစ်သည်။
သူတို့ အားလုံးက တောင်ပိုင်းလူရိုင်းများ၏ ဒေသထွက် ပစ္စည်းများကို ဝယ်ယူခြင်းနှင့် လက်ဝါးကြီးအုပ်ကုန်သွယ်မှုများလုပ်ဆောင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့ကြ၏။
ဆုရှင်းက ထိုတောင်ပိုင်း လူရိုင်းမျိုးနွယ်စုများထံမှ အမှတ်အသားပြားများကို သူတို့ထံ ပေးအပ်ခဲ့သော်လည်း အကြီးဆုံးတောင်ပိုင်း လူရိုင်းမျိုးနွယ်စု သုံးခုထံမှ အမှတ်အသားပြားများကိုမူ သူ့အတွက် သိမ်းထားခဲ့သည်။
ဤအချိန်များအတွင်း ဟွမ်ပင်းချန်က တောင်ပိုင်း လူရိုင်း တောနက်၏အစွန်အဖျားသို့ လူများစေလွှတ်ကာ တောင်ပိုင်း လူရိုင်းများ၏အထူး ထုတ်ကုန်များ အားလုံးကိုသိမ်းကြုံးထားခဲ့သေးသည်။
ချန်နင်စီရင်စု တစ်ခုလုံးရှိ အကြီးဆုံးဂိုဏ်းငါးခု ပူးပေါင်းပြီး တောင်ပိုင်း လူရိုင်းနယ်မြေများရှိ တစ်နှစ်စာထွက်ကုန်များကို ရက်အနည်းငယ်အတွင်း ရှင်းလင်းပစ်ခဲ့ကြ၏။
နွေရာသီအလယ်သို့ ရောက်ရှိလာသောအခါ ဗဟိုလွင်ပြင်မှ ကုန်သည်များ ချန်နင်စီရင်စုသို့ ရောက်ရှိလာကြသော်လည်း ယခင်က သူတို့၏ဒေသထွက် ပစ္စည်းများကို ရောင်းချရန် သယ်ဆောင်လာလေ့ရှိသော တောင်ပိုင်းလူရိုင်းတစ်ဦးတစ်ယောက်ကိုမျှ လမ်းများပေါ်တွင် မတွေ့ရပေ။
ဆန့်ကျင်ဘက်အားဖြင့် ချန်နင်စီရင်စု၏အဓိက ဂိုဏ်းငါးခုက မျိုးစုံသော တောင်ပိုင်းလူရိုင်းဒေသထွက် ပစ္စည်းများကို ယူဆောင်လာပြီး ရှင်းလင်းသော သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနေကြ၏။ ဤသည်က ဗဟိုလွင်ပြင်မှ ကုန်သည်များကို အံတကြိတ်ကြိတ်သွားစေခဲ့သော်လည်း သူတို့က နာခံစွာဖြင့် ယခင်ကထက်အဆပေါင်းများစွာ သို့မဟုတ် ဒါဇင်ပေါင်းများစွာ ပိုမိုပေးချေကာ ဝယ်ယူရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ချေ။
ဆုရှင်းက သူ၏ဈေးနှုန်းများကို အလွန် ပါးနပ်စွာ သတ်မှတ်ထား၏။ သူက ဗဟိုလွင်ပြင်မှ ဤတောင်ပိုင်း လူရိုင်းဒေသထွက်ပစ္စည်းများ၏ဈေးနှုန်းများကို အသေးစိတ် စုံစမ်းစစ်ဆေးရန် လူတစ်ယောက်ကို ခိုင်းစေခဲ့ပြီး ၎င်းတို့ကို ဗဟိုလွင်ပြင်မှ သယ်ယူပို့ဆောင်ရန် ကုန်ကျစရိတ်များကိုလည်း တွက်ချက်ထားခဲ့သည်။
ဤဒေသထွက် ပစ္စည်းများ၏ဈေးနှုန်းများကို ရှန်းနန်တွင် လမ်းတစ်လျှောက် ကုန်ကျသော အသုံးစရိတ်များဖြင့် ဆုံးဖြတ်ထားပေးခဲ့ခြင်းဖြစ်သည်။
ဈေးနှုန်းသစ်များက ဤကုန်သည်များကို ယခင်ကဲ့သို့ ခရီးစဉ်တိုင်းတွင် ငွေအမြောက်အမြားမကျန်စေနိုင်သော်လည်း အမြတ်ငွေအဆပေါင်းများစွာ ရရှိနေဆဲဖြစ်သဖြင့် သူတို့မှာ အံကြိတ်ကာ လက်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ချေ။
သေချာသည်မှာ သင်မဝယ်ချင်လျှင် မဝယ်ပိုင်ခွင့်ရှိပါသည်။ သို့မဟုတ် သင် အခြားစီရင်စုထံ သွားကာ ကံစမ်း၍ရပေ၏။ သို့မဟုတ် အင်အားသုံးရပါလိမ့်မည့်။
ကံမကောင်းစွာဖြင့် ဤကုန်သည်များမှာ ကုန်သည်များသာဖြစ်သည်။ ရှန်းနန်သို့ အစောင့်အကြပ် လုပ်ရန် ရှန်းထျန်းသိုင်းပညာရှင်များကို သက်တော်စောင့်များအဖြစ် ငှားရမ်းရန် သူတို့တွင် ငွေအလုံအလောက် ရှိလျှင်ပင်။ သူတို့ ငွေမည်မျှပင်သုံးပါစေ ချန်နင်စီရင်စုရှိ အဓိက ဂိုဏ်းများကို သူတို့အတွက်တိုက်ခိုက်ပေးမည့် ရှန်းထျန်းအဆင့် သက်တော်စောင့်များကို တွေ့ရှိမည်မဟုတ်ပေ။
စကားပုံတစ်ခု ရှိသကဲ့သို့ပင် စွမ်းအားကြီးမားသော နဂါးတစ်ကောင်ပင်လျှင် ဒေသခံမြွေတစ်ကောင်ကို မဖိနှိပ်နိုင်ပေ။
ချန်နင်စီရင်စု၏စည်းမျဉ်းများကို ချိုးဖောက်ရန် ကြိုးစားသော ပြင်ပလူများက ချန်နင်စီရင်စု၏ပူးပေါင်း ခုခံမှုနှင့် မလွှဲမရှောင်သာ ရင်ဆိုင်ရပါလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်က မန်ချန်ဟယ် က ချန်ကျောက် ကို ခေါ်လာခဲ့ပြီး သူတို့ကိုပစ်မှတ်ထားခြင်း မဟုတ်သော်လည်း ချန်နင်စီရင်စုရှိ အဓိက ဂိုဏ်းများ၏ခေါင်းဆောင်များကို အလွန်မပျော်မရွှင် ဖြစ်သွားစေခဲ့၏။
မန်ချန်ဟယ် စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟု သူတို့ ယူဆကြသည်။
ယခု ပြင်ပလူ တစ်ဦးက သူတို့ကိုရန်စရဲပါက ဆုရှင်း တည်ထောင်ခဲ့သောနှုတ်ဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်က လက်တွေ့ ဖြစ်လာနိုင်ပါသည်။
ရှန်းထျန်းသိုင်းပညာရှင်များမှာ သန်မာကြ၏။ ရှန်းထျန်းသိုင်းပညာရှင် တစ်ဦးပ ချန်နင်စီရင်စုရှိ ဂိုဏ်းခေါင်းဆောင်များ အားလုံးကို လုံးဝအနိုင်ယူနိုင်ပါသည်။
သို့သော် ရှန်းထျန်းသိုင်းပညာရှင်က မယုံနိုင်ဖွယ်သန်မာနေလျှင်ပင်။ ၎င်းက လူသားသာဖြစ်ပြီး နတ်ဘုရားမဟုတ်ပေ။
*မင်းက ငါတို့ကိုလာပြီး ရန်စရဲရင် ချန်နင်စီရင်စုမှာ ရှိတဲ့ အဓိကဂိုဏ်းငါးခုက လူတစ်သိန်းကျော်စုပေါင်းပြီး မင်းကိုတံတွေးနဲ့ ထွေးပြီးရေနစ်သတ်ပစ်မယ်။*
ထိုရှန်းထျန်းသိုင်းပညာရှင်များကလည်း မမိုက်မဲကြချေ။ သူတို့က ဗဟိုလွင်ပြင်မှ သက်တော်စောင့်များ ဖြစ်ကြ၏။
စီရင်စု တစ်ခုလုံး၏ဂိုဏ်းများကို တိုက်ခိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ထိုကုန်သည်များမှာ ချန်နင်စီရင်စုတွင် ဤဒေသထွက်ပစ္စည်းများကို ဈေးကြီးပေးကာ နာခံစွာ ဝယ်ယူပြီး သူတို့၏အိမ်သို့ ပြန်ပို့ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
သို့သော် ဤအရာတွင် အားသာချက်များ မရှိသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ အမြန်နှုန်းက များစွာပိုမြန်လာခဲ့၏။
ယခင်က ထိုတောင်ပိုင်းမှ လူရိုင်း မျိုးနွယ်စုများထံမှ တိုက်ရိုက်ဝယ်ယူသောအခါ ဘာသာစကား အခက်အခဲကြောင့် အချိန်အတော်ကြာလေ့ရှိ၏။ ထို့အပြင် ထိုလူရိုင်းမျိုးနွယ်စုများကလည်း အဖွဲ့ငယ်လေးများဖြင့် လာရောက်၍ သူတို့၏ကုန်ပစ္စည်းများကို ရောင်းချလေ့ရှိကာ ယူဆောင်လာသောပစ္စည်းအများအပြားထဲတွင် အချို့က ကောင်းပြီး အချို့က မကောင်းကြပေ။
သို့သော် ယခု ဆုရှင်းနှင့် အခြားသူများက အရာအားလုံးကို သပ်ရပ်စွာစီစဉ်ထားပြီး အချို့သော ပစ္စည်းများကို အဆင့်အမျိုးမျိုးခွဲခြားထားသဖြင့် အတော်လေး အဆင်ပြေလှပါသည်။
ချန်နင်စီရင်စု၏ကြီးပွားချမ်းသာမှုမှာ နွေရာသီ အလယ်တွင် သုံးလခန့်ကြာရှည်ခဲ့၏။
ဗဟိုလွင်ပြင်မှ ကုန်သည်များ ထွက်ခွာသွားပြီးနောက် ချန်နင်စီရင်စုကလည်း ၎င်း၏ ပုံမှန် အေးချမ်းမှုဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သို့သော် ထိုအချိန်တွင် ဖိတ်ကြားမထားသော ဧည့်သည်အချို့ ချန်နင်စီရင်စု အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြ၏။
ချန်နင်စီရင်စု၏မြောက်ဘက်ဂိတ်တွင် ဓားရှည်များလွယ်ထားသော လူငယ်အမျိုးသား အမျိုးသမီးတစ်စု ရောက်ရှိလာကြပြီး သူတို့၏ခရီးစဉ်ကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသည်။
ချန်နင်စီရင်စု၏မီးခိုးပြာရောင် မြို့ရိုးများကို မြင်သောအခါ အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပုံရသော ကောင်လေး တစ်ယောက်က ညည်းညူလိုက်၏။
"တောင်ပိုင်း လူရိုင်းနယ်မြေက လမ်းတွေကသွားရတာ အရမ်းခက်ခဲတာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့ ရောက်လာပြီ။"
သူ၏ဘေးရှိ အသက်ရွယ်တူခန့်ရှိ ချောမောသော ကောင်မလေး တစ်ယောက်ကလည်း နှုတ်ခမ်းဆူကာ ညည်းညူလိုက်သည်။ "ဟုတ်တယ်။ ဆရာ ဘာတွေးနေလဲဆိုတာ ငါတကယ်နားမလည်တော့ဘူး။ သူက ဘာလို့ ငါတို့ကိုဒီကျိန်စာသင့်နေရာကို လွှတ်လိုက်တာလဲ။"
အသက် တစ်ဆယ့်ရှစ်နှစ်အောက် ကောင်လေး သုံးယောက်နှင့် ကောင်မလေး နှစ်ယောက်တို့ စတင် ညည်းညူကြတော့၏။ ထိုအချိန်တွင် အဝါရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦးက တည်ငြိမ်စွာပြောလိုက်သည်။
"ကောင်းပြီ ညည်းညူနေတာ ရပ်လိုက်တော့။စကားပုံတစ်ခုတောင်ရှိတာပဲ စာအုပ် တစ်သောင်း ဖတ်ပြီး မိုင်တစ်သောင်းခရီးသွားပါတဲ့။ မိုင် တစ်သောင်းခရီးမသွားဘဲနဲ့ ကမ္ဘာကြီးနဲ့ သူ့ရဲ့သဘာဝတွေကို ဘယ်လိုနားလည်နိုင်မှာလဲ။"
"နင်တို့က ဒီလောက်အခက်အခဲလေးကိုတောင် သည်းမခံနိုင်ဘူးဆိုရင် အနာဂတ်မှာ တကယ့် စစ်မြေပြင်မှာ လှည့်လည်သွားလာဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ နင်တို့ ထွက်သွားချင်ရင်တောင် ဂိုဏ်းက ခွင့်ပြုမှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နင်တို့က ယီဓားဂိုဏ်းကို အရှက်ရစေမှာမို့လို့ပဲ။"
အဝါရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတွင် လှပပြီး တည်ငြိမ်သော မျက်နှာရှိ၏။ ပထမတစ်ခါကြည့်လျှင် သူမက သိပ်မလှပုံရသော်လည်း အနီးကပ်ကြည့်ရှုသောအခါ သူမက ငြိမ်သက်ပြီး နက်ရှိုင်းကာ၊ကြော့ရှင်းပြီး ထူးခြားသော အရည်အသွေးကို ထုတ်လွှတ်နေသည်။
ခရီးစဉ်ကြောင့် သူမ၏အသွင်အပြင်မှာ ခရီးပန်းနေပုံရသော်လည်း သူမ၏ကောင်းကင်ဘုံကဲ့သို့သော အလှတရားကိုမူ ဖုံးကွယ်၍ မရနိုင်ချေ။
အဝါရောင်ဝတ်စုံရှင် အမျိုးသမီးက ထိုလူငယ်များကြားတွင် ကြီးမားသော ဩဇာလွှမ်းမိုးမှုရှိ၏။ သူမ၏ စကားကိုကြားသောအခါ သူတို့ ချက်ချင်း အရှက်ရသွားကြပြီး တိတ်ဆိတ်သွားကြသည်။
"ကောင်းပြီ။ ငါနဲ့အတူ မြို့ထဲကို လိုက်ခဲ့ကြ။ ငါတို့ ဂိုဏ်းက ငါတို့ကိုပေးအပ်ထားတဲ့ တာဝန်ကို မှတ်ထား။ ရည်ရွယ်ချင် အမှားမရှိဖို့ပဲ။ အောင်မြင်မှုအတွက်မဟုတ်ဘူး။ အစစ်အမှန်သိုင်းလောကကို နင်တို့ကို ပြချင်လို့ ဒီကိုခေါ်လာခဲ့တာ။ ဘာအန္တရာယ်မှ မဖိတ်ခေါ်နဲ့။ ပြဿနာ ဘာမှ မရှာနဲ့" အဝါရောင် ဝတ်စုံရှင် အမျိုးသမီးက ဂရုတစိုက် မှာကြားလိုက်၏။
"ဟုတ်ကဲ့ပါ၊ အစ်မကြီး။" ကောင်လေးများနှင့် ကောင်မလေးများက တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြသည်။
ထိုအချိန်တွင် အပြင်ဘက်မှ သိုင်းပညာရှင်များက အနောက်ဘက်ဂိတ်။ တောင်ဘက်ဂိတ်နှင့် အရှေ့ဘက်ဂိတ်တို့မှ ဝင်ရောက်လာခဲ့ကြ၏။
သူတို့ တစ်ဦးစီတိုင်းမှာ အလွန်ချောမောလှပကြပြီး ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော ချန်နင်စီရင်စုမှာ ရုတ်တရက် စည်ကားလာတော့သည်။
ဤအချိန်တွင် ဆုရှင်းက အခြေအနေကို မသိရှိခဲ့ပေ။ သူက ရှန်းလုံ စားသောက်ဆိုင်တွင် ရွှမ်းအာ၏ မွေးနေ့ကို ကျင်းပပေးနေ၏။
ယခင်က ဆုရှင်းသည် ရွှမ်းအာ၏မွေးနေ့အတွက် သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးရန် အမဲသားခေါက်ဆွဲတစ်ပွဲကိုသာ ဝယ်ကျွေးလေ့ရှိသော်လည်း ယခုအခါ ရွှမ်းအာအတွက် ကျင်းပပေးရန် ချန်နင်စီရင်စု၏ အကြီးဆုံး ရှန်းလုံစားသောက်ဆိုင် တွင် အဆောက်အအုံတစ်ခုလုံးကို ငှားရမ်းနိုင်လေပြီ။
သို့သော် ဆုရှင်းက ရှန်းလုံစားသောက်ဆိုင် တစ်ခုလုံးကို ငှားရမ်းခဲ့သော်လည်း လူအများအပြားကို မဖိတ်ကြားခဲ့ချေ။
သူရော ရွှမ်းအာပါ အလွန်ဆူညံသော မြင်ကွင်းများကို မကြိုက်သဖြင့် စည်ကားသော လေထုဖန်တီးရန် လီဟွိုင်။ ဟွမ်ပင်းချန်နှင့် လင်းယုန်ပျံဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင် အနည်းငယ်ကိုသာ ဖိတ်ကြားခဲ့၏။
ဤလူများ အားလုံးက ရွှမ်းအာက ဂိုဏ်းချုပ်၏ အဖိုးတန် အချစ်တော်လေးဖြစ်ကြောင်း သိကြသဖြင့် လူတိုင်းက သူမအတွက် လှပသော လက်ဆောင်များ ပြင်ဆင်လာခဲ့ကြသည်။
လီဟွိုင်၏လက်ဆောင်မှာ အထူးဆန်းဆုံးပင်။ သူက ဓားသွားပေါ်တွင် ထူးဆန်းသောသင်္ကေတများစွာ ထွင်းထုထားသောနူးညံ့ပြီး သေးသွယ်သည့် ဓားတစ်လက်ကိုပေးအပ်ခဲ့သည်။
ဤယိမ်းနွဲ့ပါးဓားရှည်ကို တောင်ပိုင်းလူရိုင်း မျိုးနွယ်စုမှ လက်မှုပညာရှင်တစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဥက္ကာခဲသံဖြင့် ပြုလုပ်ထားပြီး မာကျောသော်လည်း အလွန်ပေါ့ပါးကာ သစ်သားဓားထက် အနည်းငယ်သာပိုလေး၏။
ဟွမ်ပင်းချန်က မိန်းကလေးတစ်ယောက်ကို သူမ၏မွေးနေ့မှာ ဓားတစ်လက်ပေးရလားဆိုပြီး လီဟွိုင်ဘာမှမသိဟုဆိုကာ ရယ်မောခဲ့သေးသည်။
သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ လက်ဆောင်အားလုံးထဲတွင် ရွှမ်းအာအနှစ်သက်ဆုံးမှာ လီဟွိုင် ပေးသော ယိမ်းနွဲ့ပါးဓားရှည်ပင်။ သူမက ၎င်းကို တင်းကျပ်စွာကိုင်ထားပြီး အောက်မချတော့သဖြင့် ဟွမ်ပင်းချန်ကို ပေါင်မုန့်လည်နင်သွားစေခဲ့သည်။
သူတို့ စားသောက်ပြီးနောက် ရှန်းလုံ စားသောက်ဆိုင်ပိုင်ရှင်က သူတို့ကိုလက်ဖက်ရည်နှင့် မုန့်များ ကိုယ်တိုင်လာချပေးပြီး ဟွမ်ပင်းချန် ယခင်က ပေးခဲ့သောနေရာငှားရမ်းခကို ပြန်ပေးခဲ့၏။
ယုတ္တိတန်စွာပြောရလျှင် ယနေ့ ဆုရှင်း ရှန်းလုံ စားသောက်ဆိုင် တစ်ခုလုံးကို ငှားရမ်းခြင်းမှာ အလွန် ပုံမှန်မဟုတ်ပေ။
သို့သော် ချန်နင်စီရင်စုရှိ ဆုရှင်း၏လက်ရှိ အဆင့်အတန်းအရ ရှန်းလုံ စားသောက်ဆိုင် ပင်လျှင် ဆုရှင်းကိုမျက်နှာသာ ပေးရမည်ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူ၏အတွက် စည်းမျဉ်းများကို ချိုးဖောက်ရပါလိမ့်မည်။
စည်းမျဉ်းများအား ချိုးဖောက်ပြီးသွားပြီဖြစ်ရာ ဘာကြောင့်ပိုက်ဆံယူနေအုံးမည်နည်း။
အကြိမ်ကြိမ်ငြင်းဆန်ပြီးနောက် ရှန်းလုံ စားသောက်ဆိုင် ပိုင်ရှင်က အတင်းအကျပ် တောင်းဆိုသဖြင့် နောက်ဆုံးတွင် ဆုရှင်း ထိုငွေကို လက်ခံလိုက်ရ၏။
ဆုရှင်းနှင့် အခြားသူများ ထွက်ခွာရန် ပြင်နေစဉ် ထျဲဝူချင်က ရုတ်တရက် ရှန်းလုံစားသောက်ဆိုင် သို့ တက်လာပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ထျဲဝူချင်က သူ၏လက်ထဲရှိ သံဘောလုံး နှစ်လုံးကို ကစားနေဆဲဖြစ်ပြီး သူ၏နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခု ရှိနေ၏။ "ဂိုဏ်းချုပ်ဆု။ မတွေ့တာကြာပြီနော်။ မင်းအရမ်းအလုပ်ရှုပ်နေသလိုပဲ။ ပြီးတော့ မင်းငါ့ကို ရှန်းလုံ စားသောက်ဆိုင်ကိုတောင် မဖိတ်ဘူး။ အဲဒါက တကယ်ကိုမကောင်းပါဘူး။"
ဆုရှင်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "သခင်ကြီးထျဲ ကျွန်တော့်ကို နာမည်ပဲခေါ်ပါ။ ဒီ ဂိုဏ်းချုပ်ဆိုတာကြီးက ကျွန်တော့်အတွက် နားထောင်ရအဆင်မပြေဘူး။ ဒီနေ့ ကျွန်တော့် ညီမလေးရဲ့မွေးနေ့ကို ကျင်းပနေတာပါ။ သခင်ကြီးထျဲ က ရုံးကိစ္စတွေနဲ့အလုပ်ရှုပ်နေတော့ ကျွန်တော် မနှောင့်ယှက်ရဲပါဘူး။"
ထျဲဝူချင်၏ ခွန်အားမှာ ခန့်မှန်း၍မရနိုင်ရာ ဆုရှင်းက သူ၏ရှေ့တွင် ဘယ်သောအခါမျှ မာနထောင်လွှားစွာပြုမူမည် မဟုတ်ပေ။
အလားတူပင် ထျဲဝူချင်ကလည်း ဆုရှင်း၏သဘောထားကို အလွန် သဘောကျ၏။ အကယ်၍ ဆုရှင်းသာ အာဏာရလာပြီးနောက် မာနထောင်လွှားလာမည့် လူစားမျိုးဖြစ်ပါက သူ ဆုရှင်းကို ဤမျှတန်ဖိုးထားမည် မဟုတ်ပေ။
ထျဲဝူချင်က ရွှမ်းအာ၏ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒါတွေအကုန်လုံးက မင်းအပြစ်ပဲ။ ဒီနေ့ ငါတို့ရဲ့မွေးနေ့ရှင်လေးရဲ့ မွေးနေ့ကို ငါက လက်ဆောင်တောင် မပြင်ဆင်လာခဲ့ဘူး။ တကယ် တောင်းပန်ပါတယ်။"
ရွှမ်းအာ သူမ၏မျက်လုံးပြူးကြီးများကို မှေးကာ ပြောလိုက်၏။ "ရပါတယ်။ သမီးမွေးနေ့ကို လာကျင်းပပေးတဲ့ လူတွေအများကြီးရှိနေတာနဲ့တင် သမီး အရမ်း ပျော်နေပါပြီ။"
ရွှမ်းအာ၏ အဖြေကို ကြားသောအခါ ထျဲဝူချင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ရွှမ်းအာလေး ပြောတာမှန်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံးက ရောင့်ရဲတင်းတိမ်ဖို့ပဲ။ ဒါပေမဲ့ တချို့လူတွေက လောဘကြီးပြီး ပြဿနာမရှာရရင်မနေနိုင်ကြဘူး။ သူတို့က တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။"
ဆုရှင်း မျက်စိမှေးလိုက်၏။ "သခင်ကြီးထျဲ ချန်နင်စီရင်စုမှာ ပြဿနာရှာချင်တဲ့သူရှိလို့လား။ ကျွန်တော် လှုပ်ရှားရမလား။"
ထျဲဝူချင်၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးလေးတစ်ခု ပေါ်လာသည်။ "ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အမှောင်ထဲမှာ ပုန်းအောင်းနေပြီးပိုလိုချင်နေတဲ့ လောဘကြီးတဲ့ ပိုးကောင်တစ်သိုက်ပါပဲ။ မင်းလုပ်စရာမလိုဘူး။ အခွင့်အရေး ရတဲ့အခါ ငါကိုယ်တိုင်ရှင်းလိုက်ပါ့မယ်။"