သိုင်းလောက အဖွဲ့အစည်း
Vol. 9 Ch. 85
ထျဲဝူချင်၏စကားများမှာ အနည်းငယ်မရှင်းမလင်း ဖြစ်နေသဖြင့် ဆုရှင်းက အသေးစိတ်မမေးတော့ချေ။
ထိုအချိန်တွင် လင်းယုန်ပျံဂိုဏ်းဝင် တစ်ဦး ရုတ်တရက်ဝင်လာပြီး ဟွမ်ပင်းချန်ထံသို့ စာရွက်တစ်ရွက် ကမ်းပေးလိုက်၏။
ဖတ်ပြီးနောက် ဟွမ်ပင်းချန်က ဆုရှင်းထံသို့ သွားပြီး ပြောလိုက်သည်။ "ခေါင်းဆောင် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်နေတယ်။ ဒီနေ့ချန်နင်စီရင်စုမှာ အပြင်ဘက်က သိုင်းပညာရှင်တွေ အများကြီးရောက်နေတယ်လို့ ဂိုဏ်းက သတင်းရတယ်။ ပြီးတော့ သူတို့အားလုံးက အရမ်း အစွမ်းထက်ပုံရတယ်။"
"ဒါ့အပြင် ချန်နင်စီရင်စုကိုရောက်ပြီးနောက် သူတို့က အဲဒီမှာရှိတဲ့ အသန်မာဆုံးအင်အားစုတွေအကြောင်း စတင်စုံစမ်းမေးမြန်းနေကြတယ်၊ သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာတော့ မသိဘူး။"
ထျဲဝူချင်က ဘေးမှဝင်ပြောလိုက်၏။ "မင်းတို့ သတင်းရတာ တကယ်နှေးတာပဲ။ ဒီအကြောင်း ပြောပြဖို့ ငါ ဒီနေ့ လာခဲ့တာ။ ချန်နင်စီရင်စုမှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်တော့မယ်။"
"သတင်းကြီး။ ဘာသတင်းကြီးလဲ။" ဆုရှင်းက မေးလိုက်သည်။
ထျဲဝူချင်က သူ့ကိုစိတ်ဝင်စားလာစေရန် မေးလိုက်၏။ "ဒီနေ့ ဘယ်သူတွေ ရောက်လာလဲ မင်းသိလား။"
ဆုရှင်း မဖြေနိုင်မီမှာပင် ထျဲဝူချင်က ဆက်ပြောသည်။ "ငါ မင်းကိုပြောပြရင် မင်း သေလောက်အောင် လန့်သွားလိမ့်မယ်။"
"ပထမ တစ်ဖွဲ့ကတော့ ဓားဂိုဏ်းငါးဂိုဏ်းထဲက ကျန်းနန် ပြည်နယ်ရဲ့ ယီဓားဂိုဏ်းပဲ။ အခု ရောက်လာတဲ့သူက ယီဓားဂိုဏ်းရဲ့ နတ်သမီး ရှဲ့ကျစ်ယန် ၊ ယီဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ဆက်ခံမယ့် နက်နဲနှလုံးသားဓားသခင် မုန့်ကျင်းရှန်းရဲ့ တိုက်ရိုက် တပည့်ဖြစ်ပြီး သိုင်းလောကအဆင့်သတ်မှတ်ချက် မှာ အဆင့် ၇၈ ရှိတယ်။"
"ဒုတိယတစ်ဖွဲ့ကတော့ ဓားဂိုဏ်းငါးဂိုဏ်းထဲက ချွမ်းနန် ပြည်နယ်ရဲ့ ချင်းချန်ဓားဂိုဏ်းပဲ။ အကြီးအကဲသား ဖန့်တုန်းထင်က အဆင့်သတ်မှတ်ချက်စာရင်းမှာ အဆင့် ၁၀၅ ရှိတယ်။"
"တတိယတစ်ဖွဲ့ကတော့ မြေအောက်ဂိုဏ်းခုနစ်ဂိုဏ်းထဲက ကျန်းနန်ပြည်နယ်ရဲ့ နျန်ဂိုဏ်းပဲ။ သူ့ကို ရာသီယာဇ်ပလ္လင်လေးခု နဲ့ ဥတုနှစ်ဆယ့်လေးပါးယာဇ်ပလ္လင်တွေအဖြစ်ခွဲခြားထားတယ်။ ဒီတစ်ခါ ရောက်လာတဲ့သူက နွေရာသီစွန်းခန်းမရဲ့ အကြီးအကဲ ကျန်းလင်ပဲ။ သူက လူသားအဆင့်သတ်မှတ်ချက်မှာ မပါဝင်ပေမဲ့ အဲဒါက သူ့အသက်အရွယ်ကြောင့်ပဲ။ သူ့ရဲ့ခွန်အားက လူသား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း အဆင့် ၈၀ ဆရာကြီးတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။"
"စတုတ္ထတစ်ဖွဲ့ကတော့ နန်ယန် ပြည်နယ်ရဲ့ ထင်ရှားတဲ့ မိသားစုသုံးစုဖြစ်တဲ့ ငုယန်း ၊ ကျန်း နဲ့ ချီအန်တို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲ။ ဒီမိသားစု သုံးစုက ဗဟိုလွင်ပြင်မှာ တည်ရှိတဲ့ သိုင်းလောကနာမည်ကြီးမဟုတ်ပေမဲ့ ဟူနန်ပြည်နယ်က ဒေသခံ အာဏာရှင်တွေထဲကဖြစ်နေဆဲပဲ။"
ထျဲဝူချင် စကားပြောပြီးနောက် သူက ဆုရှင်း၏အံ့အားသင့်နေသော အမူအရာကို မြင်ချင်ခဲ့သော်လည်း သူ့ကိုအံ့အားသင့်စေသည်မှာ ဆုရှင်းက သူ့ကိုအမူအရာ ကင်းမဲ့စွာကြည့်နေခြင်းပင်။
"မင်း ဒီဂိုဏ်းတွေကို ဘာမှမသိဘူးလို့တော့ မပြောနဲ့နော်။" ထျဲဝူချင် အံ့အားသင့်သွားပုံရသည်။
ဆုရှင်းခါးသီးစွာ ပြုံးကာ ပြောလိုက်၏။ "ကျွန်တော် သိသင့်လို့လား။ ကျွန်တော်က ချန်နင်စီရင်စုဆိုတဲ့ လောကရဲ့ထောင့်လေးတစ်နေရာမှာ ခြေကုပ်နိုင်ရုံလေးပဲ ရှိသေးတာ။ ဒီသိုင်းဂိုဏ်းတွေက ကျွန်တော်နဲ့ အရမ်း ဝေးကွာနေတော့... ကျွန်တော် သူတို့အကြောင်း ဘာလို့မေးနေရဦးမှာလဲ။"
ထျဲဝူချင် သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ "မင်းက မင်းပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ တကယ်ကို သတိမပြုမိတာပဲ။ မင်း အခု ဒါတွေကို မသိနိုင်ပေမဲ့ နောင်ကျရင် မသိရင်တော့ သေချာပေါက် ဒုက္ခရောက်လိမ့်မယ်။"
"ကောင်းပြီ။ ဒီနေ့ သိုင်းလောကမှာရှိတဲ့ ထိပ်တန်း ဂိုဏ်းတွေ အကြောင်း မင်းကိုပြောပြမယ်၊ ဒါမှ မင်း လွတ်မသွားအောင်လို့။"
"တာ့ကျိူးနယ်မြေက အရှည် ကီလိုမီတာ ၄၁,၀၀၀ ရှိပြီး ပြည်နယ်ပေါင်းများစွာရှိပြီး အရှေ့ပိုင်း ကျင် ၊ မြောက်ပိုင်းမြက်ခင်းပြင် ရွှေရောင် လူရိုင်းအုပ်စု ၊ အနောက်မြောက်ပိုင်း လူမျိုးခြားမျိုးနွယ်စုတွေ၊ အနောက်ပိုင်းဒေသက တိုင်းပြည် ၃၆ ခု နဲ့ အခြား ဒေသတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ်။"
"လူတွေရှိတဲ့နေရာတိုင်းမှာ သိုင်းလောကရှိတယ်။ ဒီလောက်ကျယ်ပြန့်တဲ့ နယ်မြေကြီးထဲမှာ အရွယ်အစားမျိုးစုံရှိတဲ့ ဂိုဏ်းပေါင်း ၁ သိန်းကျော် ရှိပေမဲ့ ထိပ်တန်းဂိုဏ်းလို့ ခေါ်နိုင်တာ နည်းနည်းလေးပဲ ရှိတယ်။"
"အဲဒါတွေကတော့ ဗုဒ္ဓလမ်းစဉ်ကျောင်းတော် သုံးခု ၊ တာအိုဂိုဏ်း လေးခု ၊ ဓားဂိုဏ်းငါးဂိုဏ်း ၊ မိသားစုကြီး ခြောက်စု ၊ မြေအောက်ဂိုဏ်းခုနစ်ဂိုဏ်း ၊ လက်ဝဲဘက်လမ်းစဉ်တံခါးရှစ်ပေါက် နဲ့ ငရဲကိုးထပ်နတ်ဆိုးတို့ပဲ။"
"တိကျတဲ့ နာမည်တွေကိုတော့ ငါ ဆက်မပြောတော့ဘူး။ သိုင်းလောက က လူတစ်ယောက်ယောက်ကို မေးကြည့်လိုက်ရင် မင်း သိလာလိမ့်မယ်။"
"ဒီတစ်ခါ ရောက်လာတဲ့ အုပ်စုလေးစုထဲမှာ ချင်းချန်ဓားဂိုဏ်း နဲ့ ယီဓားဂိုဏ်း နှစ်ခုစလုံးက ဓားဂိုဏ်းငါးဂိုဏ်းမှာ ပါဝင်ပြီး။ နျန်ဂိုဏ်းက မြေအောက်ဂိုဏ်းခုနစ်ဂိုဏ်း မှာ ပါဝင်တယ်။"
"သုံးကနေ ကိုးအထိရှိတယ်ဆိုတော့။ တစ်နဲ့ နှစ်ကရော ဘာတွေလဲ။ မရှိဘူးလား။" ဆုရှင်းက မေးလိုက်၏။
ထျဲဝူချင် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ "ရှိတယ်။ ဒါပေမဲ့ ငါ့လို အဆင့်နိမ့်ရဲမက်အရာရှိ တစ်ယောက်က ဘာသိနိုင်မှာလဲ။ ဒါတွေက လျှို့ဝှက်ချက်တွေပဲ။ မင်းမှာ သူတို့ကိုသိဖို့ လုံလောက်တဲ့ အဆင့်အတန်းနဲ့ အာဏာ လုံးဝ မရှိသေးဘူး။"
ဆုရှင်း ခေါင်းညိတ်လိုက်၏။ ၎င်းမှာ အမှန်တကယ်ပင်။ လယ်သမားတစ်ဦးက ဧကရာဇ် တစ်ပါးက နေ့စဉ်အသားပေါင်းများ စားနိုင်သည်ဟု ထင်ကောင်းထင်နိုင်သကဲ့သို့ အချို့သော နေရာများတွင် သာမန်လူများ၏စိတ်ကူးယဉ်မှုထက် ကျော်လွန်နေတတ်သည်။
"ဒါနဲ့ ဒီ လူသားအဆင့်သတ်မှတ်ချက် ဆိုတာက ဘာကြီးလဲ။"
ထျဲဝူချင်က ရှင်းပြသည်။ "လူသား အဆင့်သတ်မှတ်ချက်ဆိုတာ အင်ပါယာနန်းတော်က တည်ထောင်ထားတဲ့ စာရင်းတစ်ခုဖြစ်ပြီး စုစုပေါင်း နေရာ ၁၀၈ နေရာ ရှိတယ်။ အသက် ၃၅ နှစ်အောက် လူငယ်တွေနဲ့ ထူးချွန်တဲ့သူ ဘယ်သူမဆို စာရင်းမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်။ အသက်ကန့်သတ်ချက်ပြည့်သွားရင် ဒါမှမဟုတ် ကျော်လွန်သွားရင် လူသားအဆင့်သတ်မှတ်ချက် ကနေ ဖယ်ရှားခံရလိမ့်မယ်။"
"အင်ပါယာနန်းတော်က ဒီစာရင်းကို လစဉ် ပြုပြင်မွမ်းမံလေ့ရှိတယ်။"
"အဆင့်သတ်မှတ်ချက်တွေက သိုင်းပညာရှင်ရဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ မှတ်တမ်းအပါအဝင် အချက်အလက်များစွာကို ပေါင်းစပ်ပြီးအခြေခံထားတာပါ။"
"စာရင်းမှာ အဆင့်သတ်မှတ်ချက်တွေ ကြီးကြီးမားမားအပြောင်းအလဲရှိရင်။ အက်ပါယာနန်းတော်က တချို့အချိန်တွေမှာ စာရင်းကိုကြိုတင်ပြီး မွမ်းမံ လုပ်လေ့ရှိတယ်။"
"လူသား အဆင့်သတ်မှတ်ချက်အပြင်။ အင်ပါယာနန်းတော်မှာ ကောင်းကင်အဆင့်သတ်မှတ်ချက် နဲ့ မြေကြီးအဆင့်သတ်မှတ်ချက်ဆိုတာလည်း ရှိသေးတယ်။"
"ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ပုဂ္ဂိုလ် ၃၆ ဦး ပါဝင်ပြီး မြေကြီးအဆင့်သတ်မှတ်ချက် မှာ ၇၂ ဦး ပါဝင်တယ်။ ဒါပေမဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက် ထဲ ဝင်နိုင်တဲ့သူတွေ အားလုံးက အထွတ်အထိပ်ဆရာသခင်အဆင့် ပုဂ္ဂိုလ်တွေ ဖြစ်လို့ ကောင်းကင်အဆင့်သတ်မှတ်ချက် မှာ အဆင့်သတ်မှတ်ထားတာ မရှိဘူး။"
ဆုရှင်း ခဏတာ စဉ်းစားပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။ "ခဲနှစ်လုံးနဲ့ ငှက်သုံးကောင်ပစ်လိုက်တာပဲ။ အင်ပါယာနန်းတော််ရဲ့ လုပ်ရပ်က တကယ်ကို ရက်စက်တာပဲ။ ဒီလူသားနဲ့ မြေကြီး အဆင့်သတ်မှတ်ချက်တွေကြောင့် ဒီသိုင်းလောက က လူတွေက သူတို့အတွက်အများကြီး တိုက်ခိုက်ခဲ့ကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။"
သိုင်းပညာရှင်အများအပြားက စည်းစိမ်ဥစ္စာ သို့မဟုတ် ကာမဂုဏ်ကိုစိတ်မဝင်စားကြသော်လည်း နာမည်ဂုဏ်သတင်းနှင့် ချမ်းသာကြွယ်ဝမှုကို စိတ်မဝင်စားသူမှာ အလွန် ရှားပါးလှပါသည်။
မည်သူကမျှ အခြားသူများ၏လက်အောက်ငယ်သားအဖြစ် မနေလိုကြသော်လည်း လူသားအဆင့်သတ်မှတ်ချက် နှင့် မြေကြီးအဆင့်သတ်မှတ်ချက်တွင် အဆင့်ရရှိရန် တိုက်ပွဲမှာ သေချာပေါက် သွေးချောင်းများစီးသွားပေလိမ့်မည်။
အင်ပါယာနန်းတော်က သိုင်းလောကမှ လူများကြားတွင် သွေးချောင်းများစီးစေမည့် အတွင်းပိုင်းပဋိပက္ခများနှင့် သတ်ဖြတ်မှုများကို လှုံ့ဆော်ရန် အရေးမပါဟုထင်ရသော ဤစာရင်း နှစ်ခုကိုသာ အသုံးပြုခဲ့၏။
ဤနည်းဗျူဟာကို တီထွင်ခဲ့သူမှာ အတော်လေး ထူးချွန်သူ ဖြစ်ရမည်။
ထျဲဝူချင်က ပြောသည်။ "တကယ်တော့ ဒီစာရင်း မရှိရင်တောင် အဲဒီ သိုင်းလောက က လူတွေက သူတို့ရဲ့ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်ကို မသိမသာ ဖန်တီးကြဦးမှာပဲ။"
ကိုယ့်ကိုယ်ကိုယ် တခြားသူများနှင့် နှိုင်းယှဉ်လိုသောဆန္ဒမှာ လူတိုင်းတွင်ရှိပြီး နာမည်ဂုဏ်သတင်းနှင့် ချမ်းသာကြွယ်ဝမှုအတွက် ရုန်းကန်မှုမှာ ဘယ်သောအခါမျှ ပျောက်ကွယ်မသွားခဲ့ချေ။
အင်ပါယာနန်းတော်က နောက်ကွယ်မှ မီးလောင်ရာလေပင့်သည့်အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ဆုရှင်း ခေါင်းညိတ်လိုက်၏။ စစ်မြေပြင်တွင် ထိပ်တန်းနေရာအတွက် ယှဉ်ပြိုင်မှုမှာ ရှေးခေတ်ကတည်းက ရှိခဲ့သည်။
လုံးဝ စိမ်းသက်နေသောနှစ်ဦးက အခြားသူများက သူတို့ထဲမှ တစ်ဦးက ပိုသန်မာသည်ဟု ပြောရုံဖြင့် မကျေမနပ်ဖြစ်ကာ အသေအကြေ တိုက်ခိုက်ခြင်းမျိုး ဖြစ်လာနိုင်သည်။ ဤသည်မှာ သိုင်းလောကတွင် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်။
အင်ပါယာနန်းတော် ဤအခြေအနေကို စာရင်းတစ်ခု အသုံးပြု၍ချဲ့ထွင်ပြီး ရှင်းလင်းသွားစေခဲ့ခြင်းသာ ဖြစ်သည်။
သေချာသည်မှာ အင်ပါယာနန်းတော်က အလွန်အမင်း မလွန်ကျူးရဲခဲ့ပေ။ ဥပမာအားဖြင့် ကောင်းကင် အဆင့်သတ်မှတ်ချက်တွင် အဆင့်သတ်မှတ်ချက်မရှိဘဲ သိုင်းလောကရှိ အသန်မာဆုံး သိုင်းပညာ အထွတ်အထိပ်ဆရာ ၃၆ ဦးကိုသာ မှတ်တမ်းတင်ထားခဲ့၏။
အင်ပါယာနန်းတော်ပင်လျှင် ဤအရည်အချင်းရှိသူ တစ်ဦးကို အလွယ်တကူရန်မစရဲချေ။ ဤစွမ်းအားကြီးမားသော ပုဂ္ဂိုလ်များကို ဤကဲ့သို့သော အသေးအဖွဲလှည့်ကွက်များကို အသုံးပြုကာ ဒေါသထွက်စေခဲ့ပါက သူတို့က ဧကရာဇ်နှင့် စကားပြောရန် ဝေ့ယန်နန်းတော်သို့ သွားရောက်ကြပေလိမ့်မည်။
"ဒီထိပ်တန်းဂိုဏ်းတွေက ဗဟိုလွင်ပြင် သိုင်းလောကမှာ အရမ်း အင်အားကြီးကြတယ်ဆိုရင်။ ချန်နင်စီရင်စုလို ဝေးလံခေါင်သီတဲ့ နေရာမှာ သူတို့ ဘာလာလုပ်ကြတာလဲ။" ဆုရှင်း ဇဝေဇဝါဖြင့် မေးလိုက်၏။
ထျဲဝူချင်က ပြောသည်။ "အဲဒါကြောင့် ငါ ဒီနေ့ မင်းကို လာတွေ့တာပဲ။ အရင် စန်းရှန်းသိုင်းပညာရှင်မဟာမိတ်ရဲ့ ခေါင်းဆောင်ဟောင်း ခြင်္သေ့ ရူး တုယွမ်ရှန့် ချန်ရစ်ခဲ့တဲ့ ရတနာသိုက်အတွက် သူတို့ လာကြတာလို့ သတင်းရတယ်။"
"သူတို့က သတင်းအချက်အလက်စုဆောင်းရာမှာ ကူညီပေးဖို့ ဒေသခံ အာဏာရှင်တစ်ယောက်ကို ရှာတွေ့ဖို့ မျှော်လင့်ပြီး ချန်နင်စီရင်စု အတွင်းက စွမ်းအားကြီးတဲ့ ဂိုဏ်းတွေအကြောင်း နေရာအနှံ့မှာ စုံစမ်းနေကြတယ်။"
"မင်းရဲ့လင်းယုန်ပျံဂိုဏ်းက အခု ချန်နင်စီရင်စုမှာ ထိပ်တန်း ဂိုဏ်းငါးခုထဲက တစ်ခုဖြစ်နေပြီဆိုတော့ သူတို့ သေချာပေါက် မင်းကိုလာရှာလိမ့်မယ်။"
"မင်း ဒီလူတွေကို ငြင်းလို့မရဘူး၊ ငြင်းဖို့လည်း မလိုပါဘူး။ ငါ့ကို ကူညီတဲ့အနေနဲ့ သူတို့ကို သေချာ စောင့်ကြည့်ပေးပါ။ ဒီကောင်တွေကို ချန်နင်စီရင်စုမှာ ကြီးမားတဲ့ ပြဿနာတွေ မဖန်တီးစေနဲ့။"
"စန်းရှန်းသိုင်းပညာရှင်မဟာမိတ်ခေါင်းဆောင်။ အဲဒီလို ရာထူးမျိုး ကျွန်တော် အရင်က တစ်ခါမှ မကြားဖူးဘူး။" ဆုရှင်း ဇဝေဇဝါဖြင့် မေးလိုက်၏။
ထျဲဝူချင်ပ သူ၏လက်ထဲရှိ သံဘောလုံးကို ကစားနေပြီး သူ၏ မျက်နှာပေါ်တွင် ရှားပါးသော လေးစားမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"သေချာတာပေါ့ မင်းမသိတာ။ ဘာလို့လဲဆိုတော့ တုယွမ်ရှန့် ပျောက်ဆုံးနေတာ ၁၈ နှစ် ရှိပြီ။ ဒါပေမဲ့ သူက ငါလေးစားတဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ။"
"တာ့ကျိူးဟာ တစ်ချိန်က ဒီလူသူကင်းမဲ့တဲ့ တောင်ပိုင်းမြေမှာ ထင်ရှားကျော်ကြားလာခဲ့ပြီး။ ခြင်္သေ့ရူး တုယွမ်ရှန့်က တာ့ကျိူးကို ဟူနန်ပြည်နယ်၊ ရှန်းကျန်းတာအို နဲ့ ရှန်းရှီး ပြည်နယ် ဆိုတဲ့ ရှန်း ဒေသ သုံးခုက သိုင်းလောကဆရာကြီးတွေ အားလုံးကို စုစည်းပြီး စန်းရှန်းသိုင်းပညာရှင်မဟာမိတ်ကို ဖွဲ့စည်းရာမှာ ကူညီပေးခဲ့တယ်။ အဲဒီနောက် အရင် ဗဟိုလွင်ပြင်ရဲ့ အုပ်စိုးရှင်ဖြစ်တဲ့ အရှေ့ပိုင်းကျင် ကို တိုက်ခိုက်ခဲ့တယ်။"
"ဒီလူမှာ ထူးခြားတဲ့ပါရမီနဲ့ ရည်မှန်းချက် ရှိတယ်၊ တကယ့်ကို ပြိုင်ဘက်ကင်း သူရဲကောင်း တစ်ယောက်ပဲ။ တာ့ကျိူးရဲ့ လက်ရှိ အဆင့်အတန်းအတွက် ခြင်္သေ့ရူးတုယွမ်ရှန့်ကို အများကြီး ဂုဏ်ပြုသင့်တယ်လို့ ဆိုနိုင်တယ်။"
"ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်က တာ့ကျိူးမင်းဆက် ဟာ အရှေ့ပိုင်းကျင် ကို လုံးဝ ဖျက်ဆီးပစ်ဖို့ နီးစပ်နေချိန်မှာ ခြင်္သေ့ရူး တုယွမ်ရှန့် က ရုတ်တရက် ပျောက်ကွယ်သွားပြီး စန်းရှန်းသိုင်းပညာရှင်မဟာမိတ် တစ်ခုလုံးပြိုကွဲသွားခဲ့တယ်။ ဒါက တာ့ကျိူးရဲ့ တိုက်ခိုက်မှုကို ယာယီရပ်တန့်သွားစေခဲ့ပြီး အရှေ့ပိုင်းကျင် ကို နာလန်ထူခွင့် ရစေကာ ဒီနေ့အထိ အံ့မခန်းအသက်ရှင်သန်ခွင့်ရစေခဲ့တယ်။"
ထျဲဝူချင်က စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံတည်း သောက်လိုက်ပြီး ဆက်ပြော၏။ "အထွတ်အထိပ်အချိန်တုန်းက စန်းရှန်းသိုင်းပညာရှင်မဟာမိတ်ဟာ ဒီနေ့ခေတ် ထိပ်တန်း ဂိုဏ်းတွေထက် မလျော့နည်းတဲ့အင်အားနဲ့ စွမ်းအားတွေ ရှိခဲ့တယ်။"
"တုယွမ်ရှန့်ဟာ တာ့ကျိူး နဲ့ အတူ လိုက်ပါခဲ့ပြီး အရှေ့ပိုင်းကျင် နဲ့ ဆက်နွယ်နေတဲ့ ကြီးငယ်ဘယ်ဂိုဏ်းမဆိုအမြောက်အမြားကို ချေမှုန်းပြီး အဆုံးမဲ့ ရတနာတွေ။ စွမ်းအားကြီးမားတဲ့ သိုင်းကျမ်းတွေနဲ့ နတ်ဆေးလုံးတွေကို လုယက်ခဲ့တယ်။"
"ယီဓားဂိုဏ်းလိုမျိုး ထိပ်တန်း ဂိုဏ်းတွေတောင် ဒီအရာတွေကို လိုချင်တပ်မက်ကြတယ်။"
ဆုရှင်းလည်း လက်ဖက်ရည် တစ်ငုံ သောက်လိုက်၏။ "သူတို့ရဲ့အသွင်အပြင်ကို ကြည့်ရတာ၊ တုယွမ်ရှန့်ရဲ့ ရတနာသိုက်က လေထဲက အိမ်မက်တစ်ခု သက်သက်ပဲရှိပါသေးတယ်။ ဒဏ္ဍာရီလာ ရတနာသိုက် တစ်ခုအတွက် ဒီလောက် အုတ်အော်သောင်းနင်းလုပ်ဖို့ တကယ် တန်လို့လား။"
ထျဲဝူချင် ရယ်မောလိုက်သည်။ "သေချာတာပေါ့ အဲဒီ ဂိုဏ်းကြီးတွေက လူအများအပြားကို ပေါ်ပေါ်ထင်ထင် စေလွှတ်လောက်အောင် မမိုက်မဲပါဘူး။ ရတနာသိုက်ကို မရှာတွေ့နိုင်ရင် မျက်နှာပျက်ရုံတင် မကဘူး။ ရတနာသိုက်တကယ်ရှိနေရင် သူတို့ရဲ့လုပ်ရပ်တွေက တခြား ဂိုဏ်းတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလား။"
"သူတို့က ဒီတစ်ခါ လူငယ်တပည့်တွေကို အများဆုံး စေလွှတ်လိုက်တာ။ သူတို့ရဲ့ခွန်အားက ရှန်းထျန်းအဆင့်လောက်ရှိတယ်။ သူတို့က စုံစမ်းဖို့ လာကြတာ။ သူတို့ တကယ်ပဲ ရတနာသိုက်ကို ရှာတွေ့ရင် နောက်မှ လူထပ်ပို့လို့ရတယ်။"
ထိုသို့ ပြောပြီးနောက် ထျဲဝူချင် မတ်တပ်ရပ်ကာ ထွက်ခွာရန်ပြင်လိုက်ပြီး ပြောလိုက်၏။ "ငါ သွားတော့မယ်။ ငါ ဒီသိုင်းဂိုဏ်းတွေဆီ ပြန်သွားဖို့ လိုတယ်။ အင်ပါယာနန်းတော်နဲ့ ငါ့ရဲ့အနေအထားက အနည်းငယ် အနေခက်တယ်။ တစ်ခုခု ဖြစ်ရင် လူတစ်ယောက်ကို ငါ့ဆီ သတင်းပို့ခိုင်းလိုက်ပါ။"
ဆုရှင်း ခေါင်းညိတ်လိုက်သည်။ ထျဲဝူချင် ထွက်သွားပြီးနောက် ဟွမ်ပင်းချန် ရောက်လာပြီး တီးတိုး မေးလိုက်၏။ "ခေါင်းဆောင် အခု ငါတို့ဘာလုပ်ကြမလဲ။"
ဆုရှင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "အဲဒီ ဂိုဏ်းက လူတွေ ငါတို့ကိုလာရှာဖို့ စောင့်နေရုံကလွဲလို့ ငါတို့ တခြားဘာလုပ်နိုင်မှာလဲ။"
"သခင်ကြီးထျဲပြောတာ မင်း ကြားတယ်မလား။ အဲဒီ ဂိုဏ်းတွေက ငါတို့လိုဂိုဏ်းငယ်လေး ရန်စနိုင်တဲ့အရာတွေမဟုတ်ဘူး။"
ဤသိုင်းလောက ဂိုဏ်းများ ချန်နင်စီရင်စုသို့ ရုတ်တရက် ရောက်ရှိလာခြင်းက ဆုရှင်းကို အနည်းငယ် အငိုက်မိသွားစေခဲ့၏။
သို့သော် ဆုရှင်းပ သူတို့နှင့် မည်သည့် ပဋိပက္ခမျှ မရှိချေ။ သူတို့က ရတနာသိုက်အတွက် အကူအညီလိုချင်ပါက ဆုရှင်း ငြင်းဆိုမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ဤသိုင်းဂိုဏ်းများ၏လှုပ်ရှားမှုများကို ထျဲဝူချင်ထံ ပေးပို့မည်ဟု ကတိပေးထားပြီး ဖြစ်သောကြောင့်ပင်။
ဆုရှင်းနှင့် သူ၏အဖွဲ့ ထွက်ခွာရန် ပြင်နေစဉ် ရှန်းလုံ စားသောက်ဆိုင်၏မြေညီထပ်တွင် ရုတ်တရက် ဆူပူမှု တစ်ခု ဖြစ်ပွားခဲ့၏။ ဆုရှင်းက သူ၏လူများကို ဦးဆောင်ကာ အောက်ထပ်သို့ဆင်းသွားပြီး စုံစမ်းကြည့်ရာ ဓားကိုင်ထားသော လူငယ် အနည်းငယ်က ရှန်းလုံ စားသောက်ဆိုင်၏တာဝန်ခံနှင့် ပဋိပက္ခဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့် ရှိပုံရသော ကောင်လေးတစ်ယောက်က စားပွဲကို လက်ဖြင့် ရိုက်ချကာ လှောင်ပြောင်လိုက်၏။ "ဒီစားသောက်ဆိုင်က ဘာသဘောလဲ။ နေ့ခင်းကြောင်တောင်ကြီး ငါတို့ကိုနှင်ထုတ်ဖို့ ကြိုးစားနေတာ။ ငါတို့ ပိုက်ဆံ မပေးနိုင်ဘူးလို့ ထင်နေတာလား။"
ကောင်လေးက ငွေတုံးတစ်တုံးကို ပစ်ချလိုက်ရာ စားပွဲပေါ်သို့ ဘန်းခနဲ ကျသွားသည်။ ၎င်း၏အလေးချိန်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ အနည်းဆုံး ငွေ ၅၀ တန်ဖိုးရှိသော တရားဝင် ငွေတုံး တစ်တုံး ဖြစ်ပေမည်။
လူငယ်၏အမူအရာကို မြင်သောအခါ ရှန်းလုံ စားသောက်ဆိုင်တာဝန်ခံက ရုတ်တရက် မအေးချမ်းမှုကို ခံစားလိုက်ရ၏။
ဤလူငယ် အမျိုးသားနှင့် အမျိုးသမီးများမှာ သာမန်လူများမဟုတ်ကြောင်း သေချာနေသည်။ သူတို့၏အရှိန်အဝါ တစ်ခုတည်းကပင် သူတို့၏ နောက်ခံကိုပြောပြရန် လုံလောက်နေလေပြီ။
သာမန် ဂိုဏ်းငယ်လေးများက ဤကဲ့သို့သော အရှိန်အဝါမျိုးကို မပြုစုပျိုးထောင်နိုင်ချေ။