← Chapters

ယီဓားဂိုဏ်း

Vol. 9 Ch. 86

ယီဓားဂိုဏ်း

Vol. 9 Ch. 86

ရှန်းလုံ စားသောက်ဆိုင် တာဝန်ခံမှာလည်း ဘာလုပ်ရမှန်း မသိဖြစ်နေ၏။

သူက ဆုရှင်းနှင့် ဆက်ဆံရေးကောင်းမွန်ရန် ယနေ့ ရှန်းလုံ စားသောက်ဆိုင်ကို သီးသန့်ပွဲတစ်ခုအတွက် ဆုရှင်းထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။

ယခု ဆုရှင်းထွက်သွားတော့မည်ဖြစ်ရာ အကယ်၍ သူက အခြားလူများကိုဝင်ခွင့်ပြုလိုက်ပါက ယခင်ကစည်းမျဉ်းများကိုချိုးဖောက်ခဲ့သမျှ အားလုံး အလဟဿ ဖြစ်သွားမည် မဟုတ်လော။

ထို့ကြောင့် ရှန်းလုံ စားသောက်ဆိုင်တာဝန်ခံက ခါးသီးစွာပြုံးကာ ပြောရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ "လူကြီးမင်းတို့ ကျွန်တော်က ခင်ဗျားတို့ကို တမင်တကာနှင်ထုတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့စားသောက်ဆိုင်ကို ဒီနေ့ တစ်ရက်လုံး ငှားထားလို့ပါ။ ခဏလောက် စောင့်ပေးလို့ ရမလား။ တောင်းပန်တဲ့အနေနဲ့ ဒီစားသောက်စရိတ်ကို တစ်ပြားမှ မယူပါဘူး။"

ရှန်းလုံ စားသောက်ဆိုင် တာဝန်ခံ၏ စကားများက ကောင်လေး၏ဒေါသကို ပိုမို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူက တာဝန်ခံကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ "ဘာသဘောလဲ။ ငါတို့ မိသားစုက စားသောက်ဖို့အတွက် ထောက်ပံ့ပေးမဲ့သူလိုနေတယ်လို့ ထင်နေတာလား။"

ရှန်းလုံ စားသောက်ဆိုင် တာဝန်ခံက အလျင်အမြန် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "မဟုတ်ပါဘူး မဟုတ်ပါဘူး။ အဲဒီလိုဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။"

"ကောင်းပြီ ရှောင်ချီ ဆော့မနေနဲ့တော့။ တခြား တစ်နေရာကို သွားကြတာပေါ့" နောက်ကျောတွင် ဓားလွယ်ထားသော အဝါရောင်ဝတ်စုံရှင် အမျိုးသမီးငယ်က ညင်သာစွာပြောလိုက်၏။

အဝါရောင်ဝတ်စုံရှင် အမျိုးသမီးငယ်က ထိုလူငယ် အမျိုးသားအမျိုးသမီးများကြားတွင် အလွန် လေးစားခံရသူ ဖြစ်သည်။ သူမ ဤသို့ ပြောသည်ကို ကြားသောအခါ ရှောင်ချီဟုခေါ်သော ကောင်လေးက ဒေါသထွက်နေသော်လည်း နှာခေါင်းရှုံ့ကာ လက်လျှော့လိုက်ရုံမှလွဲ၍ အခြား မရှိတော့ချေ။

"တာဝန်ခံလျို။ ဒီဂုဏ်သရေရှိ ဧည့်သည်တွေအတွက်ဟင်းပွဲတွေကိုမြန်မြန်ပြင်ဆင်လိုက်တာ ပိုကောင်းမယ်။ ခင်ဗျားရဲ့ ရှန်းလုံစားသောက်ဆိုင် ပိုင်ရှင်က ဒီဧည့်သည်တွေကို နှင်ထုတ်လိုက်တယ်ဆိုတာ သိသွားရင်။ ခင်ဗျား ပြဿနာကြီးကြီးမားမား တက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။"

ဆုရှင်းက သူ့လူများကို ဦးဆောင်ကာ အောက်သို့ ဆင်းလာပြီး အဝါရောင်ဝတ်စုံရှင် အမျိုးသမီးကို ဦးညွှတ်ကာ ပြောလိုက်၏။ "ဒါက ယီဓားဂိုဏ်းရဲ့ နတ်သမီး ရှဲ့ကျစ်ယန်ဖြစ်ရမယ်။ ပြီးတော့ ယီဓားဂိုဏ်း က အရည်အချင်းရှိတဲ့ လူငယ်တွေ အားလုံး၊ ကျေးဇူးပြုပြီး ထိုင်ကြပါ။ တာဝန်ခံလျို က ခင်ဗျားတို့ကို စော်ကားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သူက ခင်ဗျားတို့ဘယ်သူလဲဆိုတာ မသိလို့ပါ။"

ရှဲ့ကျစ်ယန် အပြုံးလေးဖြင့် ပြောလိုက်သည်။ "ကျွန်မကိုကျွန်မ သူရဲကောင်းလို့ မခေါ်ရဲပါဘူး။ ကျွန်မကို နာမည်ပဲခေါ်လို့ရပါတယ်။"

ရှန်းလုံ စားသောက်ဆိုင်၏ တာဝန်ခံလျို မှာ ချွေးအေးများ ထွက်လာတော့သည်။

သူက သိုင်းလောကသားမဟုတ်သော်လည်း ရှန်းလုံ စားသောက်ဆိုင်၏ တာဝန်ခံတစ်ဦးအနေဖြင့် အရေးအကြီးဆုံးမှာ အကဲခတ်တတ်ရန်နှင့် လူများကို စော်ကားခြင်းမှ ရှောင်ကြဉ်ရန်ပင်။ သူက သိုင်းလောကရှိဂိုဏ်းများ အားလုံးနှင့် အလွန် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။

တာဝန်ခံလျိုက ဤလူများမှာ ထူးခြားသော နောက်ခံရှိကြောင်း ခန့်မှန်းမိသော်လည်း၊ သူတို့က ယီဓားဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ မစဉ်းစားမိခဲ့ချေ။

ရှန်းလုံစားသောက်ဆိုင်က ချန်နင်စီရင်စုတွင် အတော်လေး နာမည်ကြီးသော်လည်း သူက ထျဲဝူချင် သို့မဟုတ် ဂိုဏ်းချုပ်ဖြစ်သော ဆုရှင်းကဲ့သို့ ပြင်ပလူများ ချန်နင်စီရင်စုသို့ ရောက်ရှိလာကြောင်း မြန်မြန်ဆန်ဆန်သိရှိနိုင်သူ မဟုတ်ပေ။

ဓားဂိုဏ်းငါးဂိုဏ်းထဲမှ တစ်ခုဖြစ်သော ယီဓားဂိုဏ်း၏ တပည့် များကို သူ တကယ် နှင်ထုတ်ရဲကြောင်း သခင်ကြီးသာ သိသွားပါက သူအသတ်မခံရလျှင်ပင် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမည်မှာ သေချာသည်။

ဤသည်ကို တွေးမိသောအခါ တာဝန်ခံလျိုက ဆုရှင်းကို ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။ အကယ်၍ ဆုရှင်းသာ သတိမပေးခဲ့ပါက ဤတစ်ကြိမ်တွင် သူပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။

"အားလုံး အပေါ်ထပ်ကို ကြွပါခင်ဗျာ။ အစားအသောက်တွေ ချက်ချင်း ပြင်ဆင်ပေးပါ့မယ်" တာဝန်ခံလျိုက အခြေအနေကို ကယ်တင်ရန် အလျင်အမြန် ကြိုးစားလိုက်သည်။

ရှောင်ချီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ငါတို့ ဒီလောက် အဝေးကြီးလမ်းလျှောက်လာရတာ အရမ်းပင်ပန်းနေပြီ။ အပေါ်ထပ် တက်ဖို့ ခွန်အား မရှိတော့ဘူး။ မြေညီထပ်မှာပဲ နေကြမယ်။"

ထိုသို့ ပြောပြီးနောက် ရှောင်ချီက ဆုရှင်းကို အေးစက်စွာ ကြည့်လိုက်သည်။ "ဒါဆို မင်းက စားသောက်ဆိုင်တစ်ခုလုံးကို ငှားထားတဲ့ လူပေါ့။ လူနည်းနည်းလေးစားဖို့ စားသောက်ဆိုင် အထပ် ခုနစ်ထပ်လုံးကို ငှားထားတာလား။ လူတွေ မင်းကို ချမ်းသာတယ်ဆိုတာ မသိမှာကြောက်လို့လား။"

"ရှောင်ချီ။ မရိုင်းစိုင်းနဲ့" ဟု ရှဲ့ကျစ်ယန် က ဆူပူလိုက်ပြီးနောက် ဆုရှင်းကို တောင်းပန်လိုက်၏။

"ရှောင်ချီ က ကလေးဆန်တဲ့ စိတ်ဓာတ် ရှိလို့ပါ၊ စိတ်ထဲ မထားပါနဲ့။"

ဆုရှင်း ပြုံးကာ ပြောလိုက်သည်။ "ရပါတယ် သခင်မလေးရှဲ့။ အားလုံး ကောင်းကောင်း စားကြပါ။ ကျွန်တော် သွားတော့မယ်။"

"နေပါဦး ဂိုဏ်းချုပ်ဆု ခဏလောက် စောင့်ပါဦး။" ရှဲ့ကျီယန် က ရုတ်တရက် ခေါ်လိုက်၏။

ဆုရှင်း အံ့အားသင့်သွားသည်။ "ခင်ဗျား ကျွန်တော့်ကို သိတာလား။"

ရှဲ့ကျစ်ယန် ရယ်မောကာ ပြောလိုက်၏။ "ရှင်တောင် ကျွန်မကိုသိတယ်ဆိုတော့ ကျွန်မကရော ရှင့်ကို ဘာလို့မသိရမှာလဲ။"

သူမ၏အပြုံးလေးမှာ ဖျော့တော့သော အပြာရောင် ပန်းချီကားတစ်ချပ်ကဲ့သို့ အလွန်လှပပြီး နူးညံ့လွန်းသဖြင့် ဆုရှင်းပင် ခဏတာငေးမောသွားခဲ့မိသည်။

ဆုရှင်းတွင် သူ့ကိုသတင်းပေးမည့် လူတစ်စုရှိသလို ရှဲ့ကျစ်ယန် နှင့် သူမ၏အဖွဲ့က ချန်နင်စီရင်စုသို့ ရောက်ရှိလာသဖြင့် ချန်နင်စီရင်စုတွင် မည်သည့် ဂိုဏ်းများက အကြီးဆုံးဖြစ်ကြောင်း သေချာပေါက် စုံစမ်းလိုကြပါလိမ့်မည်။

အဓိက ဂိုဏ်းငါးခု၏ခေါင်းဆောင်များထဲတွင် ဆုရှင်းက မှတ်မိရန် အလွယ်ကူဆုံးဖြစ်ပြီး သူကအငယ်ဆုံးလည်း ဖြစ်သည်။

ရှဲ့ကျစ်ယန် က ကြည်လင်သောအသံဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ဆု။ ကျွန်မတို့ ဘာလို့ ဒီရောက်နေလဲ ဆိုတာ ရှင်သိပြီးသားလို့ ထင်ပါတယ်။ ဒီအချိန်အတွင်းမှာ ခြင်္သေ့ရူးတုယွမ်ရှန့်ရဲ့ ရတနာသိုက် သဲလွန်စတွေရှာဖွေရာမှာ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"အိုး...။ကျွန်တော် ဘာရနိုင်မလဲ။" ဆုရှင်းက မေးလိုက်သည်။

ရှောင်ချီက ဘေးမှ လှောင်ပြောင်လိုက်၏။ "လောဘကြီးလိုက်တာ။ ငါတို့ ယီဓားဂိုဏ်းက မင်းကို အကူအညီတောင်းတာတောင်သနားညှာတာရာကျနေပြီ။ မင်းက ပိုလိုချင်သေးတယ်ပေါ့။"

"ဖြောင်း။"

ရှဲ့ကျစ်ယန်က သူမ၏နောက်ကျောမှ ဓားလက်ကိုင်ရိုးကို ဆွဲထုတ်ကာ ရှောင်ချီ၏ ခေါင်းကို ပြင်းပြင်းထန်ထန်ရိုက်လိုက်ရာ သူ၏မျက်လုံးများတွင် မျက်ရည်များချက်ချင်း ဝဲလာတော့၏။

"အစ်မကြီး။ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ။" ရှောင်ချီ က စိတ်မကောင်းဖြစ်ဟန်ဖြင့် မေးလိုက်သည်။

ရှဲ့ကျစ်ယန် က လေးနက်စွာ ပြောလိုက်၏။ "ရှောင်ချီ နင်တစ်ခု မှတ်ထားရမယ်။ ဂိုဏ်းက ဂိုဏ်းပဲ၊ နင်က နင်ပဲ။ နင်က ယီဓားဂိုဏ်းရဲ့ နာမည်ကို သုံးပြီး လူတွေကိုခြိမ်းခြောက်မယ်ဆိုရင်။ သူတို့က ယီဓားဂိုဏ်းကိုပဲ လေးစားမှာ။ နင့်ကို လေးစားမှာ မဟုတ်ဘူး။"

"ပြီးတော့ ဂိုဏ်းချုပ်ဆုပြောတာ မှန်တယ်။ နင် စိုက်ပျိုးတဲ့အတိုင်း နင်ရိတ်သိမ်းရမှာပဲ။ ငါတို့က ဘာမှ မပေးဘူးဆိုရင်။ သူတို့က ဘာလို့ ငါတို့ကို စိတ်ရောကိုယ်ပါကူညီပေးရမှာလဲ။ သူတို့က နောက်ကွယ်ကနေ ဘာမှမလုပ်တာကတင် ကျေးဇူးကြီးလှပါပြီ။"

"တစ်ခုခုကို ရချင်ရင် တစ်ခုခုကို စွန့်လွှတ်ရမယ်။ နင် ဒါကို နားမလည်ရင်။ အတွေ့အကြုံ ယူဖို့ တောင်ပေါ်က ဆင်းလာတာကို မေ့လိုက်လို့ ရပြီ။ ဒါကို နားလည်မှသာ သိုင်းလောကမှာ လှည့်လည်သွားလာဖို့ အရည်အချင်းပြည့်မီလိမ့်မယ်။"

"ကျွန်တော် သိပါပြီ အစ်မကြီး။" ရှောင်ချီ ချက်ချင်း ညှိုးကျသွား၏။

ဆုရှင်းက ဤအရာအားလုံးကို အလွန် စိတ်ဝင်စားစွာဖြင့် ကြည့်နေခဲ့သည်။ ယီဓားဂိုဏ်းက ဓားဂိုဏ်း ငါးဂိုဏ်း ထဲမှ တစ်ခုအဖြစ် ၎င်း၏ဂုဏ်သတင်းနှင့် တကယ်ကို ထိုက်တန်ပါသည်။

တပည့် များကို ပညာပေးသည့် သူတို့၏နည်းလမ်းမှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှ၏။

ရှဲ့ကျစ်ယန်က သူ့နှင့်အသက်ရွယ်တူရှိသော်လည်း သူမက သိုင်းလောကသို့ ယခုမှစတင်ဝင်ရောက်လာသော အတွေ့အကြုံမရှိသူ တစ်ဦး မဟုတ်ဘဲ လူများနှင့် ဆက်ဆံရာတွင် သူမ၏နည်းလမ်းက လူများကို အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။

ရှောင်ချီက အနည်းငယ်မာနကြီးသော်လည်း သူက ငယ်ရွယ်ပြီး နာခံမှု ရှိ၏။ သင့်လျော်သော ပညာပေးမှုဖြင့် သူက ကိုယ်ပိုင် ခွန်အား နည်းပါးသော်လည်း သူ၏ဂိုဏ်းကြောင့် မဆင်မခြင် ပြုမူတတ်သူ တစ်ဦး ဖြစ်လာမည် မဟုတ်ပေ။

ရှဲ့ကျစ်ယန် က ဆုရှင်းဘက်သို့ တောင်းပန်သည့်အနေဖြင့် လှည့်လိုက်၏။ "ရှောင်ချီက ငယ်သေးတော့ ဘာမှ မသိသေးပါဘူး။ ဂိုဏ်းချုပ်ဆု ဒါကို မြင်တွေ့လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။"

ဆုရှင်း ခေါင်းယမ်းလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ သခင်မလေးရှဲ့ ကျွန်တော့်ကို ဂိုဏ်းချုပ်ဆု လို့ မခေါ်ပါနဲ့တော့။ ယီဓားဂိုဏ်းရဲ့ တပည့် တွေရှေ့မှာ ကျွန်တော့်ရဲ့ဂိုဏ်းချုပ်ဆိုတဲ့ ခေါင်းစဉ်က ဟာသ တစ်ခု ဖြစ်နေပါလိမ့်မယ်။"

"ကျွန်တော့် နာမည်က ဆုရှင်းပါ။ သခင်မလေးရှဲ့ စိတ်မဆိုးဘူးဆိုရင် ကျွန်တော့်ကို နာမည်ပဲခေါ်လို့ ရပါတယ်။"

ရှဲ့ကျစ်ယန် စကားကို လှည့်ပတ်မနေတော့ဘဲ ဆေးလုံး ပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ "ဒါက ကျွန်မတို့ ယီဓားဂိုဏ်းရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ဓားနှလုံးသားအာဟာရဆေးလုံးပါ။ ဟောက်ထျန်း အဆင့် နဲ့ ရှန်းထျန်းအဆင့် သိုင်းပညာရှင် တွေရဲ့ကျင့်ကြံမှုတွေ အတွက်အကျိုးရှိပါတယ်။"

"ဒီအချိန်အတွင်း ရှင့်ဆီက ကျွန်မလိုအပ်တာက ချန်နင်စီရင်စုမှာ ခြင်္သေ့ရူးတုယွမ်ရှန့် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့စုဆောင်းပေးဖို့ပါ။ ရှင်က ဒီမှာ ဒေသခံအာဏာရှင်ဆိုတော့ ဒါက ရှင်အတွက် ပြဿနာ မဖြစ်လောက်ပါဘူး။"

ဆုရှင်းက ဆေးလုံး ကို လက်ခံရယူလိုက်ပြီး စနစ်က ၎င်းကို ဆေးလုံး အဖြစ် သတ်မှတ်ပေးခဲ့၏။ အဆင့်သတ်မှတ်ချက်မှာ ကြယ်နှစ်ပွင့်ခွဲဖြစ်ပြီး ကောင်းမွန်သော ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သဖြင့် ဆုရှင်းက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

"ပြဿနာ မရှိပါဘူး သဘောတူပါတယ်။"

ဆုရှင်းနှင့် ရှဲ့ကျစ်ယန် တို့ စီးပွားရေး ကိစ္စများ ဆွေးနွေးနေစဉ် ပျင်းရိနေသော ရှောင်ချီက အခြား ညီအစ်ကို မောင်နှမများနှင့် စကားပြောချင်နေ၏။

သို့သော် ရှောင်ချီက အစ်မကြီး၏ဆူပူခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ သူတို့က ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်သဖြင့် သူ့ကို ရှောင်ခွာနေကြရာ ရှောင်ချီ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှောင်ချီက လီဟွိုင်ပေးထားသော ယိမ်းနွဲ့ပါးဓားရှည်ကို ကိုင်ထားပြီး ဆုရှင်းစကားပြောနေသည်ကို နားထောင်ကာ လိမ္မာစွာထိုင်နေသော ရွှမ်းအာကို တွေ့လိုက်ရ၏။ သူက ရယ်စရာကောင်းသည်ဟု ထင်ကာ ရွှမ်းအာကို စနောက်ရန်သွားလိုက်သည်။

"ညီမလေး။ မင်းရဲ့ ဒီလက်နက်က ဆော့ဖို့ မဟုတ်ဘူးနော်။ ဂရုမစိုက်ရင် ဒဏ်ရာရသွားနိုင်တယ်။"

"ဆုရှင်း က မင်းရဲ့အစ်ကိုလား။ သူက အတော်လေး တာဝန်ယူမှု မရှိတာပဲ။ မင်းလိုကောင်မလေး တစ်ယောက်ကို အဲဒီလို လက်နက်တွေနဲ့ ဆော့ခွင့်ပေးထားတယ်။"

ရွှမ်းအာ နှုတ်ခမ်းဆူကာ ပြောလိုက်၏။ "ဟွန့် သမီး ဓားသိုင်းစသင်ကတည်းက ဒဏ်ရာတစ်ခါမှ မရဖူးဘူးနော်။"

ရွှမ်းအာ၏စကားကို ကြားသောအခါ ရှောင်ချီ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

လူကြီးသိုင်းပညာရှင်တစ်ယောက်က ဤစကားကို ပြောလျှင် ကြီးကြီးမားမားကိစ္စမဟုတ်သော်လည်း လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းသော ၇ နှစ်၊ ၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်က "သမီး ဓားသိုင်း စသင်ကတည်းက" ဟု ပြောသည်ကို ကြားရခြင်းမှာ အတော်လေး ရယ်စရာ ကောင်းလှပေသည်။

"မင်းလည်း ဓားသိုင်းတတ်တာလား။"

ရွှမ်းအာ သူမ၏မျက်နှာလေးကို ဂုဏ်ယူစွာ မော့လိုက်၏။ "သေချာတာပေါ့။ သမီးရဲ့ ဓားသိုင်းက အရမ်း ကောင်းတယ်။"

ရှောင်ချီက စားပွဲပေါ်မှ တူတစ်ချောင်းကို ကောက်ကိုင်ကာ ရယ်မောလိုက်သည်။ "ဒီလိုလုပ်ကြရအောင် ငါတို့ ပြိုင်ကြမယ်။ ငါကတူကို သုံးမယ်၊ မင်းက ဓားကိုသုံး။ ငါက ဆယ်ကွက်အတွင်း မင်းရဲ့ ဓားကို လွင့်ထွက်သွားအောင် လုပ်နိုင်ရင် ငါ နိုင်တယ်။"

"မင်း ဓားလွတ်မသွားရင် မင်းနိုင်တယ်။ မင်း နိုင်ရင် ငါမင်းကို လက်ဆောင် တစ်ခု ပေးမယ်။ ဘယ်လိုလဲ။"

လက်ဆောင်အကြောင်းကြားသောအခါ ရွှမ်းအာ ချက်ချင်း တက်ကြွသွား၏။ "ကောင်းပြီလေ။ ဒါပေမဲ့ သတိထားနော်။ သမီးရဲ့ဓားက ဦးလေးလီ ပေးထားတဲ့ လက်ဆောင်။ အရမ်း ထက်တယ်။"

ရှောင်ချီ စိတ်ထဲမှ ပြုံးလိုက်သည်။ သူ၏အသက်ငယ်ရွယ်မှုကို အထင်မသေးပါနှင့်။ သူက ဟောက်ထျန်း အလယ်အလတ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ၊ ကောင်မလေး တစ်ယောက်ကြောင့် ဒဏ်ရာရနိုင်သေးလျှင် သူ၏နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်မှုများ အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

တူကိုကိုင်ထားရင်း ရှောင်ချီက ရွှမ်းအာ၏ရှေ့တွင် ဝှေ့ယမ်းပြကာ ပြောလိုက်၏။ "အဆင်သင့်ဖြစ်ပြီလား။ ငါ စတော့မယ်။"

ရွှမ်းအာ ခေါင်းညိတ်လိုက်သည်။ "အဆင်သင့်ပဲ။"

ရှောင်ချီက တူကို ထုတ်ယူကာ ရွှမ်းအာ၏လက်ထဲရှိ ဓားလက်ကိုင်ရိုးကို ညွှန်ပြရန် ယီဓားဂိုဏ်း၏ အခြေခံ ဓားသိုင်း ကို အသုံးပြုလိုက်သည်။

သို့သော် ရွှမ်းအာက သူမလက်ထဲရှိ ယိမ်းနွဲ့ပါးဓားကို လှန်လိုက်ပြီး ကြီးမြတ်သောသုမေရု ဓားသိုင်း ကို ထုတ်လွှတ်လိုက်။ ယိမ်းနွဲ့ပါးဓားမှာ အလွန် မြန်ဆန်စွာ လှုပ်ရှားနေသဖြင့် ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်ဘဲ ရှောင်ချီ၏လက်ထဲရှိ တူကို နှစ်ပိုင်းကွဲလုနီးပါး ဖြစ်သွားစေခဲ့သည်။

ရှောင်ချီ လုံးဝ အံ့အားသင့်သွားတော့သည်။

ကြီးမြတ်သောသုမေရု ဓားသိုင်းက ၎င်း၏ကာကွယ်ရေး သဘာဝကြောင့် လူသိများသည်။

သူက တိုက်ခိုက်မှုကို စတင်ရန် အစပြုသောအခါ ဆယ်ကွက်ဆိုသည်မှာ ထားလိုက်၊ အကွက် တစ်ရာပင် ရွှမ်းအာ၏ဓားသိုင်း ကို ထိုးဖောက်ရန် လုံလောက်မည် မဟုတ်ပေ။

ရွှမ်းအာက ဤဓားသိုင်းကို လအတော်ကြာ လေ့ကျင့်ခဲ့ပြီး ကြီးမြတ်သော သုမေရုဓားသိုင်း ကို စွန့်လွှတ်လိုက်ပြီဖြစ်သော ဆုရှင်းထက်ပင် ပိုမို ကျွမ်းကျင်နေပြီ ဖြစ်၏။

ရှောင်ချီက ရွှမ်းအာ၏ဓားသွယ် ကို လမ်းကြောင်းလွှဲရန် အတွင်းအားကို အသုံးပြုနိုင်သော်လည်း သူက ကောင်မလေးတစ်ယောက်ကို ဓားရေးယှဉ်ပြိုင်ရာတွင် အတွင်းအားကို အားကိုးပြီး အနိုင်ယူ၍ မရနိုင်ချေ။

မျက်စိတစ်မှိတ်အတွင်း ဆယ်ကွက်ကုန်လွန်သွားခဲ့၏။ ရွှမ်းအာဓားကို အိမ်ထဲပြန်ထည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ဟေး သမီးနိုင်ပြီ။"

ရှောင်ချီမျက်နှာ နီရဲသွားပြီး အလွန် အရှက်ရသွား၏။ သို့သော် ထိုအချိန်တွင် ရှဲ့ကျစ်ယန် ရုတ်တရက် မတ်တပ်ရပ်လာပြီး ရွှမ်းအာကို အံ့အားသင့်သော အမူအရာဖြင့်ကြည့်လိုက်သည်။

ရှောင်ချီ ရွှမ်းအာနှင့် ဆော့ကစားနေသည်ကို မြင်သောအခါ ရှဲ့ကျစ်ယန် သိပ်အာရုံမစိုက်ခဲ့ပေ။

သို့သော် ရွှမ်းအာ ဤဓားသိုင်းကို အသုံးပြုသည်ကို မြင်သောအခါ ရှဲ့ကျစ်ယန် လုံးဝ အံ့အားသင့်သွားတော့သည်။

"မွေးရာပါ ဓားသမားပဲ။ သူက တကယ်ကို မွေးရာပါ ဓားသမားပဲ။"

ရှဲ့ကျစ်ယန် ရေရွတ်လိုက်ပြီးနောက် ဆုရှင်းကို လှည့်ကြည့်လိုက်သည်။ "သူက ရှင့်ညီမလား။"

ဆုရှင်း ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ကျွန်တော့် ညီမလေးပါ။"

"ရှင့်ညီမလေးကို ယီဓားဂိုဏ်းထဲ ဝင်ခိုင်းရင်ရော ဘယ်လိုလဲ။ ကျွန်မ ဂိုဏ်းကိုသတင်းပို့ပြီး သူမကို ယီဓားဂိုဏ်းရဲ့ တိုက်ရိုက် တပည့် တစ်ယောက် ဖြစ်လာအောင် လုပ်ပေးမယ်။"

ဆုရှင်းက ရှဲ့ကျစ်ယန်ကို ကြည့်ကာ သူမ သူ့ကို ထပ်ပြီး နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သေချာအောင်လုပ်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်မိ၏။

"သခင်မလေးရှဲ့။ ကျွန်တော့်ကို နောက်နေတာလား။ ခင်ဗျားတို့ရဲ့ ယီဓားဂိုဏ်းက တပည့် လက်ခံဖို့ တကယ်ပဲအဲဒီလောက်လွယ်သလား။"

"သေချာတာပေါ့ မလွယ်ပါဘူး။"

ရှဲ့ကျစ်ယန်က ရှားပါးသော ရတနာတစ်ခုကို မြင်လိုက်ရသည့်အလား တောက်ပသော မျက်လုံးများဖြင့် ရွှမ်းအာကို ကြည့်လိုက်သည်။ "ရှင်ညီမမှာ နှစ်တစ်ရာမှာတစ်ခါတောင်မပေါ်တဲ့ သဘာဝဓားနှလုံးသားရှိတယ်။ သူမ ဘယ်ဓားသိုင်းကို လေ့ကျင့်ပါစေ လျှင်လျှင်မြန်မြန်တိုးတက်လိမ့်မယ်။"

"အဲဒီ ဓားသိုင်းကို ရှင်သူ့ကို သင်ပေးခဲ့တာလား။ ဒီဓားသိုင်းက အသုံးပြုသူအတွက် လိုအပ်ချက် အရမ်းနည်းပြီး အတွင်းအားမရှိဘဲနဲ့တောင် သုံးနိုင်ပေမဲ့ ဓားကွက်တွေက ရှုပ်ထွေးပြီး သင်ယူဖို့ အရမ်း ခက်ခဲတယ်။"

"သိုင်းပညာအခြေခံရှိတဲ့ လူကြီးသိုင်းပညာရှင် တွေတောင် သင်ယူဖို့ခက်ခဲကြတယ်။ ဒါပေမဲ့ ရှင့်ညီမက အတော်လေးအလွယ်တကူသင်ယူနိုင်တယ်။"

"ဒါက မွေးရာပါဓားသမားတစ်ယောက်ရဲ့စွမ်းရည်ပဲ သူမက ဓားသိုင်းသင်ယူဖို့မွေးဖွားလာတာပဲ။"

All Chapters