အခန်း ၃၆၂
Vol. 37 Ch. 362
အခန်း (၃၆၂)
ရိုက်ချိုးခံလိုက်ရသော ကျောရိုး
အချိန်ကာလ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဒေသအသီးသီးတွင် ပေါ်ပေါက်နေသော ပုန်ကန်မှုများသည် ငြိမ်သက်မသွားသည့်အပြင် ပိုမို၍ ပြင်းထန်ထက်မြက်လာခဲ့သည်။
နေ့စဉ်နှင့်အမျှ အရာရှိအဆင့်ဆင့်တို့သည် ဧကရာဇ်ထံ အလုအယက် ကန်တော့ဝင်ရောက်ကြပြီး၊ အခြေအနေအရပ်ရပ်ကို ထောက်ထားငဲ့ညှာကာ ပြုပြင်ပြောင်းလဲရေး အမိန့်များကို ပြန်လည်ရုပ်သိမ်းပေးပါရန် ဝမ်ကျင်းထံ တောင်းပန်လျှောက်ထားကြလေသည်။
သို့ရာတွင် ဝမ်ကျင်းသည် ထိုတောင်းဆိုချက်များကို လုံးဝ နားမစိုက်ခဲ့သည့်အပြင်၊ ဒေသခံအင်အားစုများ ပုန်ကန်ထကြွလာစေရန် သွေးထိုးလှုံ့ဆော်ဖို့ လူများကို တမင်သက်သက် စေလွှတ်ခဲ့သေးသည်။
သူသည် လူတို့ ပုန်ကန်မည်ကို မကြောက်။ ပုန်ကန်သူ နည်းပါးသွားမည်ကိုသာ စိုးရိမ်နေပြီး၊ သူတို့ကို အမြစ်ပြတ် မသတ်ဖြတ်နိုင်မည်ကိုသာ တွေးပူနေခြင်း ဖြစ်သည်။
သူ့လက်အောက်တွင် အထူးချွန်ဆုံး စစ်သည်များနှင့် အစွမ်းထက်လှသော စစ်သူကြီးများ ရှိနေပြီး၊ အကြွင်းမဲ့ စစ်အာဏာကို လက်ဝါးကြီးအုပ်ထားနိုင်သည်ဖြစ်ရာ သူ မည်သည်ကို ကြောက်ရွံ့နေရမည်နည်း။
အမြစ်ပြတ် သုတ်သင်ခြင်းခံရသော ပုန်ကန်သူများမှာ သာမန်ပြည်သူပြည်သားများ လုံးဝမဟုတ်ချေ။ ထိုသူတို့၏ နေအိမ်များမှ သိမ်းဆည်းရမိသော ရွှေငွေရတနာများနှင့် ရိက္ခာများမှာ စစ်တပ်၏ အသုံးစရိတ်များကို ကာမိရုံမျှမက အမြောက်အမြား ပိုလျှံနေသေးသည်။
ဝမ်ကျင်း၏ အမိန့်အောက်တွင် ရှိသော 'စနစ်စစ်သည်တော်များ' မှာလည်း နေ့စဉ်နှင့်အမျှ ရေတွက်၍မရနိုင်အောင် အဆင့်တက်လှမ်းကာ ရာထူးတိုးမြှင့်ခြင်း ခံနေကြရသည်။
ဤမျှများပြားလှသော အကျိုးအမြတ်များက အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေခြင်းကြောင့် သူ၏ ခြေလှမ်းများကို ရပ်တန့်ရမည့် အကြောင်းပြချက် မရှိချေ။
ဝမ်ကျင်းသည် သူ၏ သားသတ်ဓားကို ကရုဏာကင်းမဲ့စွာ ဝှေ့ယမ်းနေသည်ကို မြင်ရသောအခါ စိုးရိမ်ထိတ်လန့်မိသူ ပို၍ ပို၍ များပြားလာခဲ့သည်။
အချို့သော ခရိုင်မြို့များတွင်မူ ထင်ရှားကျော်စောသော အထက်တန်းလွှာ မျိုးနွယ်စုကြီးတစ်ခုလုံး သွေးမြေကျ ပျက်စီးသွားရသည့် အဖြစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရပြီး၊ မြို့တစ်မြို့လုံးတွင် မြေပိုင်ရှင်ကြီး တစ်ဦးတစ်ယောက်မျှ ရှာမတွေ့နိုင်တော့သည့် အခြေအနေသို့ပင် ဆိုက်ရောက်သွားခဲ့သည်။
ဤအခြေအနေကြောင့် ပါးနပ်သော ပုဂ္ဂိုလ်အများစုမှာ အန္တရာယ်ကို အာရုံခံမိသွားကြပြီး၊ ပြဿနာရှာဖို့ နေနေသာသာ အပြင်သို့ပင် ထွက်ရန် မဝံ့မရဲ ဖြစ်လာကြတော့သည်။
ယွီပြည်နယ်မှ အထင်ကရဖြစ်သော လူမျိုးနွယ်စုသည် နောက်ဆုံး ဆွေမျိုးခုနစ်ဆက်အထိ ကွပ်မျက်ခြင်း ခံလိုက်ရသည်။ သူတို့သည် ကံဆိုးလှစွာဖြင့် ပုန်ကန်မှုကို ထောက်ခံအားပေးခဲ့သော မျိုးနွယ်စုဝင်များ၏ ခြေရာလက်ရာများကို သန့်စင်အောင် မဖျက်ဆီးနိုင်ခဲ့ဘဲ 'ကွန်ရက်' သူလျှိုများ၏ လက်ရဖမ်းဆီးခြင်းကို ခံလိုက်ရကာ ပုန်ကန်မှုမြောက်ကြောင်း သက်သေအထင်အရှား ဖြစ်သွားခဲ့သည်။
သားသတ်ဓားသည် လူမျိုးနွယ်စု၏ လည်ပင်းပေါ်သို့ ကျရောက်သွားသည့် အချိန်ကျမှသာ အထက်တန်းလွှာ မှူးမတ်မျိုးနွယ်စုကြီးများသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ကျစွာ သိရှိသွားကြတော့သည်။
အဆုံးမရှိ ပေါ်ပေါက်နေသော ပုန်ကန်မှုများသည် မဟာဟန်အင်ပါယာ၏ ဘဏ္ဍာရေးကို ဆွဲချနိုင်ခြင်းမရှိသလို၊ နန်းတော်၏ စစ်အင်အားကိုလည်း ပြုန်းတီးမသွားစေကြောင်း သူတို့ သိမြင်လိုက်ကြရသည်။ မဟာဟန်အင်ပါယာသည် အရပ်မျက်နှာလေးခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဆဲပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ ဆုံးရှုံးမှုများမှာသာ ကြီးမားလှပေသည်။ ပုန်ကန်မှုတစ်ခု ပြုလူပ်ရန်အတွက် ရွှေငွေ၊ ရိက္ခာနှင့် လက်နက်များသာမက အစွမ်းထက်သော ပါရမီရှင်များလည်း လိုအပ်သည်မဟုတ်ပါလား။
သူတို့ ရင်းနှီးမြှုပ်နှံလိုက်သမျှ အရာအားလုံးသည် မည်သည့် အကျိုးအမြတ်မျှ ပြန်မရဘဲ ထာဝရ ပျောက်ကွယ်သွားခဲ့ရသည်။
ထို့ကြောင့် ထျန်းဖုန်း စတုတ္ထမြောက်နှစ်၏ ဆောင်းဦးရာသီသို့ ရောက်သောအခါ သူတို့သည် လုံးဝ ဒူးထောက်အရှုံးပေးလိုက်ကြရတော့သည်။
ဝမ်ကျင်းသည် 'ကွန်ရက်' လျှို့ဝှက်သူလျှိုများကို သုံး၍ မည်မျှပင် သွေးထိုးလှုံ့ဆော်မှုများ ပြုလူပ်စေကာမူ မည်သူမျှ ထောင်ချောက်ထဲသို့ မသက်ဆင်းကြတော့ချေ။
ထျန်းဖုန်း တတိယနှစ်မှသည် ထျန်းဖုန်း စတုတ္ထနှစ်အထိ တစ်နှစ်ပတ်လုံး သွေးချောင်းစီး သတ်ဖြတ်မှုကြီးသည် မဟာဟန်နိုင်ငံတော်တစ်လွှားရှိ ထင်ရှားသော မျိုးနွယ်စုကြီးများကြားတွင် ကွက်လပ်ကြီးတစ်ခုကို ဖန်တီးပစ်လိုက်သည်။
အချို့သော ဒေသများတွင်မူ မိုင်ပေါင်းထောင်ချီသည့် အကွာအဝေးအထိ မဟာမှူးမတ်မျိုးနွယ်စု တစ်ခုမျှ မရှိတော့သော 'ဗလာနယ်မြေ’ များပင် ပေါ်ပေါက်လာခဲ့သည်။
တစ်နှစ်ပတ်လုံး ပုန်ကန်မှုများကို နှိမ်နင်းခဲ့ရာတွင် လူပေါင်းတစ်သန်းကျော် ကွပ်မျက်ခြင်း သို့မဟုတ် ပတ်သက်ဆက်နွှယ်မှုဖြင့် အရေးယူခြင်း ခံခဲ့ရသည်။
ထိုအချိန်တွင် နန်းတွင်း၌ဖြစ်စေ၊ သိုင်းသမားများ ကျင်လည်ရာ သိုင်းလောက၌ဖြစ်စေ၊ လမ်းဆုံလမ်းခွရှိ သာမန်အရပ်သားများကြား၌ဖြစ်စေ၊ ခပ်သိမ်းသော အရာအားလုံးသည် ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ သက်ဆင်းသွားခဲ့ရပြီး မဟာဟန်ဧကရာဇ်၏ ဩဇာအာဏာကို မည်သူမျှ ထပ်မံ၍ မစိန်ခေါ်ရဲကြတော့ချေ။
'လူဦးရေအလိုက် မြေယာအခွန် ခွဲဝေကောက်ခံခြင်းစနစ်' သည် မည်သည့် အဟန့်အတားမျှမရှိဘဲ အောင်မြင်စွာ စတင်လည်ပတ်နိုင်ခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်းထောင်ချီတိုင်အောင် မတ်မတ်ရပ်တည်ခဲ့သော အထက်တန်းလွှာ မျိုးနွယ်စုကြီးများ၏ ကျောရိုးသည် ဝမ်ကျင်း၏ ဓားချက်အောက်တွင် အပိုင်းပိုင်းပြတ်တောက်သွားခဲ့ရပြီဖြစ်သည်။
ဤအခြင်းအရာသည် လောကတွင်း လောကပြင်ပရှိ အမြော်အမြင်ရှိသော ပုဂ္ဂိုလ်များစွာကို မယုံကြည်နိုင်လောက်အောင် ဖြစ်စေခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ကောင်းကင်ပြင်ကြီးတစ်ခုလုံး လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။
မြို့တော်၏ ဆင်ခြေဖုံးအရပ်ရှိ ဆိတ်ငြိမ်သော အိမ်ရာဝင်းတစ်ခုအတွင်း၌ ကျန်းကျင်းသည် ကျောက်စစ်တုရင် နယ်ရုပ်တစ်ရုပ်ကို ကိုင်ထားရင်း စစ်တုရင်ခုံကို စူးစိုက်ကြည့်နေ၏။
သူ့နောက်ကွယ်တွင်မူ ကျန့်ပြန့် ဦးဆောင်သော ကျန့်မျိုးနွယ်စုဝင် လူငယ်တစ်စုသည် ရိုသေခန့်ညားစွာ မတ်တတ်ရပ်နေကြသည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မျိုးနွယ်စုကြီးများ၏ အကြွင်းအကျန် တန်ဆောင်တစ်ခုဖြစ်သူ ချွေရှန်းကမူ ညှိုးငယ်မှိုင်တွေသော မျက်နှာထားဖြင့် စစ်တုရင်ခုံကို စိုက်ကြည့်နေပြီး၊ သူ့နောက်တွင်လည်း မြို့တော်ရှိ အထက်တန်းလွှာ မျိုးနွယ်စုဟောင်းအချို့မှ လူများ ရှိနေကြသည်။
ခဏတာ ဝေခွဲမရဖြစ်နေပြီးနောက် ကျန်းကျင်းသည် စစ်တုရင်ရုပ်ကို ချလိုက်ပြီး ချွေရှန်းကို မော့ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ"
ချွေရှန်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ရင်း
"ကယ်တင်လို့ မရတော့ဘူး..." ဟု ညည်းတွားလိုက်လေသည်။
ချွေရှန်းသည် ချွေမျိုးနွယ်စုပြိုလဲပျက်စီးသွားပြီးနောက် ကြွင်းကျန်ရစ်သော အသက်ရှင်ကျန်ရစ်သူတစ်ဦးအဖြစ် ဝမ်ကျင်း နဂါးပလ္လင်ပေါ်သို့ မတက်လှမ်းမီကပင် သူ၏ဘက်သို့ ဝင်ရောက်ခိုလှုံခဲ့သူ ဖြစ်သည်။
သို့ရာတွင် သူတို့၏ အခြေခံအုတ်မြစ်များ တိုးပွားလာသည့်အခါ၌မူ သူသည် ဝမ်ကျင်း၏ဘက်တွင် ပြတ်ပြတ်သားသား ဆက်လက်ရပ်တည်ရန် မရွေးချယ်ခဲ့ချေ။
ဤသည်မှာ အလွန်ပင် သာမန်ဆန်လှသော သဘာဝတရားပင် ဖြစ်သည်။ မည်သူက မိမိ၏ ရွှေငွေ၊ ရိက္ခာနှင့် မြေယာများကို သူတစ်ပါးအတွက် ရက်ရက်ရောရော ပေးကမ်းစွန့်လွှတ်ချင်ပါအံ့နည်း။
ချွေမျိုးနွယ်စု၏ ကြွင်းကျန်သော အင်အားစုများသည် ဤ သုတ်သင်ရှင်းလင်းရေး လှိုင်းတံပိုးကြီးအတွင်း၌ ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ရသည်။
ချွေရှန်းနှင့် အခြားသူများသည် ဤအချိန်တွင် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်များ လုံးဝ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ယခုအခါ သူတို့ တွေးတောနေသည်မှာ နောင်တစ်ချိန်တွင် အပြစ်ပေးအရေးယူခြင်း ခံရမည့် ဘေးမှ မည်သို့ ရှောင်လွှဲရမည်ဟူသော အချက်သာ ဖြစ်တော့သည်။
ကျန်းကျင်းသည် လက်ကို ဝှေ့ယမ်းပြကာ စစ်တုရင်ခုံကို သိမ်းဆည်းစေပြီး၊ ပန်းချီကားတစ်ချပ်ကို ယူဆောင်လာစေကာ ကျောက်စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။
ထိုပန်းချီလိပ်အတွင်း၌ လူတစ်ယောက်ကို ကိုက်ခဲဝါးမြိုနေသော ကြောက်မက်ဖွယ် ကျားရဲတစ်ကောင်၏ ပုံတူကို ထင်ရှားရှင်သန်စွာ ရေးဆွဲထားသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများနှင့် ထက်မြက်လှသော လက်သည်းခြေသည်းများအောက်ရှိ အသားစများက ကျားရဲ၏ သွေးဆာမှုနှင့် အုပ်စိုးမှု စွမ်းပကားကို ဖော်ညွှန်းနေလေသည်။
"ငါ မင်းတို့ကို တစ်ခါ ပြောဖူးတယ်၊ စီးဆင်းနေတဲ့ ရေပြင်ဟာ ပထမဆုံးဖြစ်ဖို့ အပြိုင်အဆိုင် မလူပ်ဘူး၊ အဆုံးမရှိ စီးဆင်းနိုင်ဖို့ပဲ အားထုတ်တယ်လို့"
"အခု လက်ရှိ ဧကရာဇ်ရဲ့ ပြင်းထန်လှတဲ့ စွမ်းပကားဟာ မိုးကောင်းကင်ကို လွှမ်းခြုံထားတာမို့လို့ ဘယ်သူမှ ဆန့်ကျင်လို့ မရဘူး"
"အခု ကြည့်စမ်း၊ အခြေခံအုတ်မြစ်တွေ အားလုံး ပျက်စီးကုန်ပြီ"
ကျန်းကျင်း၏ လေယူလေသိမ်းတွင် နောင်တရမှုများနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ချွေရှန်းသည် ရိုသေစွာဖြင့် မတ်တတ်ရပ်ကာ ကျန်းကျင်းကို ဦးညွှတ် အလေးပြုလိုက်ရင်း
"ကျွန်တော်တို့ မျိုးဆက်သစ်တွေဟာ အမှောင်ဖုံးပြီး မိုက်မဲခဲ့ကြပါတယ်၊ အကြီးအကဲ ကျန်းအနေနဲ့ ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး" ဟု တောင်းပန်ရှာသည်။
ကျန်းကျင်းသည် ချွေရှန်းနှင့် သူ့နောက်တွင် ဒူးထောက်နေကြသော လူအုပ်ကြီးကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း
"မင်းတို့ ငါ့ကို အထင်ကြီးလွန်းနေပြီ"
"ငါ့မှာ မင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းအစ မရှိဘူး။ အကယ်၍ ငါ့ရဲ့ ကျန်းမျိုးနွယ်စုသာ အဲဒီပုန်ကန်မှုထဲမှာ ပါဝင်ခဲ့မယ်ဆိုရင်၊ ဒီအဖိုးကြီးရဲ့ အရိုးတွေဟာ အခုအချိန်မှာ လက်ရှိ ဧကရာဇ်ရဲ့ ဓားချက်အောက်မှာ အပိုင်းပိုင်း ပြတ်နေလောက်ပြီ" ဟု ဆိုလိုက်သည်။
ကျန်းကျင်း၏ စကားကို ကြားရသောအခါ ချွေရှန်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့ခြင်း အလင်းရောင်များ ယှက်သန်းသွားခဲ့သည်။
အခြားသူများသည် နဂါးပလ္လင်ပေါ်မှ ဧကရာဇ်ကို နားမလည်နိုင်ကြသော်လည်း၊ သူကမူ ထိုသူကို အလွန် ကောင်းမွန်စွာ နားလည်သည်။
လွန်ခဲ့သော နှစ်များစွာက စစ်တပ်အတွင်းသို့ သွားရောက်တွေ့ဆုံခဲ့စဉ်ကပင်၊ ဝမ်ကျင်းနှင့် ပထမဆုံးအကြိမ် ဆုံတွေ့မှု၌ပင် သူ၏ စရိုက်လက္ခဏာကို ချွေရှန်း ရိပ်မိခဲ့သည်။
စိတ်နှလုံး နုညံ့ပျော့ပြောင်းခြင်းလော ထိုအရာသည် ဝမ်ကျင်းထံတွင် အကြွင်းမဲ့ မရှိသော အရာပင် ဖြစ်သည်။
ယခုအခါ သူသည် နေ့စဉ်နှင့်အမျှ စိုးရိမ်တထိတ်ထိတ် ဖြစ်နေရပြီး၊ တစ်နေ့နေ့တွင် အင်ပါယာအစောင့်တပ်များက သူ့အိမ်တံခါးကို ရိုက်ချိုးကာ သူ့ကို ဖမ်းဆီးသွားမည်ကိုသာ ကြောက်ရွံ့နေမိသည်။
လက်ရှိ မဟာဟန်နိုင်ငံတော်အတွင်း၌ ပျံလွှားငါးဝတ်ရုံများနှင့် ခန့်ညားလှသော ယူနီဖောင်းများကို ဝတ်ဆင်ထားသည့် တော်ဝင်ကိုယ်ရံတော်များကို မည်သူက မကြောက်ဘဲ နေရဲမည်နည်း။
အထူးသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော 'တော်ဝင်အကျဉ်းထောင်' ဟူသည်မှာ လူတစ်ယောက် ဝင်သွားနိုင်သော်လည်း အသက်ရှင်လျက် ပြန်ထွက်မလာနိုင်သည့် နေရာဖြစ်ပြီး၊ ကံကောင်းထောက်မစွာဖြင့် ပြန်ထွက်လာနိုင်ခဲ့လျှင်ပင် ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးကာ ဒုက္ခိတဘဝဖြင့်သာ ပြန်လာရသည့် နေရာဖြစ်သည်။
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြစဉ်အတွင်း၊ နန်းတော်အတွင်းရှိ ပြည်နယ်ရေးရာ ဌာန၌ ဝမ်ကျင်းသည် သူတို့၏ ပြစ်မှုဆိုင်ရာ သက်သေအထင်အရှားများကို ကြည့်ရှုစစ်ဆေးနေပြီ ဖြစ်သည်။
သူတို့သည် ပုန်ကန်မှုအမျိုးမျိုးတွင် တိုက်ရိုက် ပါဝင်ခြင်းမရှိခဲ့ကြသော်လည်း၊ နောက်ကွယ်မှနေ၍ မီးလောင်ရာလေပင့်ကာ သွေးထိုးလှုံ့ဆော်မှုများ ပြုလူပ်ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။
"အမတ်ကြီး... မင်းရဲ့အမြင်အရ ငါ သူတို့ကို ဘယ်လို ပြစ်ဒဏ်ပေးသင့်သလဲ"
သူတို့အား အပြစ်ပေးရေးနှင့် ပတ်သက်၍ ဝမ်ကျင်း၏ စိတ်ထဲတွင် အတွေးနှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ ရရှိထားသော ပြစ်မှုသက်သေများကို အသုံးချကာ သူတို့ကို ဆက်လက် အမြစ်ပြတ် ချေမှုန်း သတ်ဖြတ်ပစ်ရန် ဖြစ်သည်။
ဒုတိယတစ်ခုမှာမူ သူတို့ကို အသက်ချမ်းသာပေးလိုက်ပြီး၊ လက်ထဲရှိ ပြစ်မှုသက်သေများကို ဓားစာခံအဖြစ် အသုံးချကာ သူတို့ထံမှ တန်ဖိုးရှိသမျှကို ညှစ်ထုတ်ယူရန် ဖြစ်သည်။
"ဧကရာဇ်... ကျွန်တော်မျိုးရဲ့ အမြင်အရတော့ သူတို့အားလုံးကို အမြစ်ပြတ် မသတ်သင့်ပါဘူး”
ထိုစကားကို ကြားသောအခါ ဝမ်ကျင်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် စီမာယီကို ဆက်လက်တင်ပြရန် အချက်ပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်တော်မျိုးဟာ တော်ဝင်ကျောင်းတော်ကို တည်ထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျောင်းတော်ရဲ့ စာအုပ်စာပေ စုဆောင်းမှုဟာ အလွန်ပဲ နည်းပါးနေပါသေးတယ်”
"မဟာဟန်နိုင်ငံတော်က ချန်ထားရစ်ခဲ့တဲ့ စာအုပ်တွေဟာ အမှန်အတိုင်း လျှောက်တင်ရရင် အများကြီး မရှိပါဘူး၊ အဲဒါတွေထဲက အများစုဟာ ကျောက်မိသားစုရဲ့ ကိုယ်ပိုင်စုဆောင်းမှုတွေသာ ဖြစ်ပါတယ်”
"မဟာမျိုးနွယ်စုကြီးတွေရဲ့ လက်ထဲမှာတော့ ရှေးဟောင်းစာပေကျမ်းဂန်တွေ၊ ထူးခြားဆန်းပြားတဲ့ သမိုင်းမှတ်တမ်းတွေ အမြောက်အမြား ရှိနေပါတယ်၊ ဒါတွေဟာ တော်ဝင်ကျောင်းတော်အတွက်ရော၊ နန်းတော်အတွက်ပါ အလွန်ပဲ အရေးကြီးလှပါတယ်”
"ဒီအရာတွေဟာ ရွှေ၊ ငွေနဲ့ ရှေးဟောင်းရတနာတွေထက် ပိုမို အဖိုးတန်လှပြီး၊ မဟာမျိုးနွယ်စုတွေကို အထက်တန်းလွှာအဆင့်မှာ ရာစုနှစ်ပေါင်းများစွာ ရပ်တည်နိုင်စေခဲ့တဲ့ သော့ချက်လည်း ဖြစ်ပါတယ် “
ဤနေရာသို့ ရောက်သောအခါ ဝမ်ကျင်းသည် အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီး၊ ချွေရှန်းနှင့် အခြားသူများကို ချက်ချင်း ခေါ်ယူစေခဲ့သည်။
သူတို့ကို မသတ်ဖြတ်တော့ဟု ဆုံးဖြတ်ပြီးလျှင်၊ သူ လိုချင်သောအရာကို ရနိုင်သရွေ့ ဝမ်ကျင်းအနေဖြင့် သူတို့၏ အသက်ကို ချမ်းသာပေးရန် ဝန်လေးမည်မဟုတ်ပေ။
တစ်နှစ်ပတ်လုံး သွေးစွန်းသော သုတ်သင်ရှင်းလင်းမှုများ ပြီးနောက်၊ သူတို့သည် နောက်ထပ် ပြဿနာရှာရဲသည့် သတ္တိ ရှိတော့မည်မဟုတ်ကြောင်း ဝမ်ကျင်း ယုံကြည်သည်၊ အနည်းဆုံးတော့ သူ ရှိနေသရွေ့ ကာလပတ်လုံးပင် ဖြစ်သည်။
သို့ရာတွင် ဆင့်ခေါ်ခြင်းခံရသော ချွေရှန်းနှင့် အခြားသူများမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီး၊ လမ်းခရီးတစ်လျှောက်လုံး စိတ်လွင့်မျောနေခဲ့ကြသည်။
ဝမ်ကျင်းကို မြင်လိုက်ရသည့် အချိန်တွင်မူ ထိုကြောက်ရွံ့မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။
ဤလူများသည် ဤလောက၏ အထက်တန်းလွှာ ပါရမီရှင်များ ဖြစ်ကြသည်မှာ အမှန်ပင် ဖြစ်သည်၊ ၎င်းတို့၏ စွမ်းဆောင်ရည်၊ အမြော်အမြင်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့မှာ ထူးချွန်ပြောင်မြောက်လှပေသည်၊ သို့မဟုတ်ပါက ဤနေရာသို့ ရောက်လာခွင့် ရှိလိမ့်မည်မဟုတ်ချေ။
သို့သော်လည်း၊ ဝမ်ကျင်း၏ ရှေ့မှောက်တွင်မူ သူတို့သည် မိမိတို့၏ ကြောက်ရွံ့စိတ်ကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ကြချေ။ မိမိတို့၏ အသက်နှင့် စည်းစိမ်ချမ်းသာများကို အခြားသူတစ်ဦးက စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်သည်ဟူသော ခံစားချက်ကြီးက သူတို့ ကြောက်ရွံ့ခြင်း၏ မြစ်ဖျားခံရာပင် ဖြစ်တော့သည်။
အထက်တန်းလွှာ မျိုးနွယ်စုကြီးများ၏ နှစ်ပေါင်းထောင်ချီ ခိုင်မာခဲ့သော ကျောရိုးသည် ဤအခိုက်အတန့်တွင် လုံးဝ ကွေးညွတ်သွားခဲ့ရပြီဖြစ်သည်။
သူတို့တွင် ဝမ်ကျင်းကို ဆန့်ကျင်တော်လှန်ရန် သတ္တိ လုံးဝ မရှိတော့ချေ။