ထောင်ချောက်
Vol. 9 Ch. 90
လမ်းထောင့်တွင် ရပ်နေစဉ် ကျန်းမိသားစုမှ ကျန်းချင်းဖန်က ဆုရှင်း၏ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ကာ ရယ်မောလိုက်၏။ "ဟေး လူအိုကြီးမန် ခင်ဗျား တကယ်ကိုကျဆင်းနေပြီပဲ။ အရင်တုန်းကတော့ ခင်ဗျားရဲ့သူရဲကောင်းသုံးဖော်အသင်းက ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှု ရှိခဲ့တာ... ချန်နင်စီရင်စုရဲ့ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလို ဂျူနီယာ တစ်ယောက်ကြောင့် ဒီလောက်အထိကျဆင်းသွားရတာလဲ။"
၎င်းမှာ အမှန်တရား ဖြစ်သော်လည်း မန်ချန်ဟယ်သည် သူ၏အရှက်နှင့် ဒေါသကို မဖုံးကွယ်နိုင်ခဲ့ပေ။
သို့သော် အခြားတစ်ဖက်တွင် ရှန်းနန်၏ကျန်းမိသားစုမှ တိုက်ရိုက် မျိုးဆက်ဖြစ်သော တပည့် တစ်ဦး ရှိနေ၏။ ရှန်းနန်ရှိ ဤမိသားစုကြီး သုံးစု၏ ဂုဏ်သတင်းမှာ ဗဟိုလွင်ပြင်သိုင်းလောကကို လွှမ်းမိုးထားသော ယီဓားဂိုဏ်း ကဲ့သို့သော ဂိုဏ်းများထက်ပင်များစွာ ပိုမို ကြီးမားလှပေသည်။
ထို့ကြောင့် မန်ချန်ဟယ်မှာ အရှက်ရပြီး ဒေါသထွက်နေသော်လည်း ပြုံးကာ ပြောရုံမှလွဲ၍ အခြား မရှိတော့ချေ။ "ဒီလူငယ်လေးကို အထင်မသေးပါနဲ့။ သူက အတော်လေး ယုတ်မာတယ်။"
"ဆုရှင်းက ချန်နင်စီရင်စုမှာ တစ်နှစ်မပြည့်ခင် ဂိုဏ်းရဲ့အောက်ခြေအဆင့်ကနေ ဂိုဏ်း မဟာမိတ် ခေါင်းဆောင် နေရာအထိ ရာထူးတက်လာတာ။ ပြီးတော့ ငါ့ရဲ့ ဦးလေး... ချန်ကျောက်ကလည်း သူ့လက်ချက်နဲ့ သေသွားခဲ့ရတယ်။"
ရွမ်မင်ယွဲ့က လှောင်ပြောင်လိုက်၏။ "ဟောက်ထျန်း အထွတ်အထိပ်ရဲ့ခွန်အားနဲ့ ရှန်းထျန်းသိုင်းပညာရှင်ကို သတ်တယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ။"
မန်ချန်ဟယ်က ရှင်းပြလိုက်သည်။ "ဒါ အမှန်ပါပဲ။ ဆုရှင်းက ချန်နင်စီရင်စုက ဂိုဏ်းအများအပြားရဲ့ ရှေ့မှာ မီးလျှံဓားသွားကို သုံးခဲ့တာပါ။ မူလချီကို အပြင်ဘက်ကို ထုတ်လွှတ်ပြီး ချန်ကျောက်ကို ချက်ချင်း အနိုင်ယူသွားခဲ့တာ။"
မိမိတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်သော အရာတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် လူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ သံသယဝင်ခြင်းပင်ဖြစ်ပြီး ၎င်းမှာ ကျန်းချင်းဖန်နှင့် သူ၏အဖော်နှစ်ဦးတို့ ဖြစ်ပျက်ခဲ့သည့် အရာ အတိအကျပင်။ သူတို့ လုံးဝ မယုံကြည်ကြချေ။
ထိုသုံးဦးထဲတွင် အသန်မာဆုံးဖြစ်သော ကျန့်ယွမ်တုန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ကောင်းပြီ လူအိုကြီးမန်။ ခင်ဗျား ထပ်ပြောနေစရာ မလိုတော့ပါဘူး။ ဒီ ရတနာသိုက်ကို ငါတို့ ရအောင်ကူညီပေးနိုင်သရွေ့ ငါတို့ ဆုရှင်းကို ခင်ဗျားအတွက် ရှင်းပေးပါ့မယ်။"
တကယ်တမ်းတွင် ကျန့်ယွမ်တုန်းနှင့် သူ၏အဖွဲ့တွင် အစီအစဉ် တစ်ခု ရှိပြီး ဖြစ်၏။ အကယ်၍ ရတနာသိုက် တကယ် ပေါ်လာပါက ၎င်းကို သိမ်းပိုက်ရန် သူရဲကောင်းသုံးဖော်အသင်း၏အာဏာကို အသုံးပြုပါလိမ့်မည်။
ရှန်းထျန်းသိုင်းပညာရှင်၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားရှိသော်လည်း သူရဲကောင်းသုံးဖော်အသင်းတွင် အဖွဲ့ဝင် ၅၀,၀၀၀ ပြည့်အောင် ရှိပြီး ၎င်းတို့ထဲတွင် သူတို့၏အတွင်းအားများကို ကျင့်ကြံထားပြီး သွေးကြောအမှတ် ဆယ်ခုကျော်ကို ဖွင့်ထားသော လက်ရွေးစင် ဂိုဏ်းဝင် တစ်ထောင်ကျော် ပါဝင်၏။
ပုရွက်ဆိတ်အကောင်ရေများစွာက ဆင်တစ်ကောင်ကို သတ်နိုင်၏။ ဤကဲ့သို့သော အင်အားမျိုးက တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲရန်လုံလောက်ပါသည်။
မန်ချန်ဟယ်က သူ၏လုပ်ရပ်များက ယီဓားဂိုဏ်း၊ ချင်းချန်ဓားဂိုဏ်းနှင့် နျန်ဂိုဏ်းတို့ကို စော်ကားရာ ရောက်မည်ကို သိထားသော်လည်း သူ့မှာ လုပ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။
အကြောင်းရင်း တစ်ခုမှာ အဓိက မိသားစုကြီး သုံးစုသည် ဒေသခံ အာဏာရှင်များ ဖြစ်ကြပြီး အကယ်၍သူသာ ငြင်းဆန်ရဲပါက အကျိုးဆက်များကို စိတ်ကူးကြည့်ရန် မခက်ခဲပေ။
နောက်တစ်ချက်မှာ မန်ချန်ဟယ်က သူရဲကောင်းသုံးဖော်အသင်း၏အာဏာကို အသုံးပြု၍ သူတို့ကို ကူညီပေးသရွေ့ ကိစ္စပြီးသွားပါက ဆုရှင်းကို ရှင်းထုတ်ရန် ကူညီပေးမည်ဟု သူတို့ သုံးဦးက သူ့ကို ကတိပေးခဲ့ခြင်း ဖြစ်၏။
မန်ချန်ဟယ်က ဆုရှင်းကို အူလှိုက်သည်းလှိုက် မုန်းတီးသော်လည်း လက်ရှိ အခြေအနေတွင် အာဏာရော ခွန်အားတွင်ပါ ဆုရှင်းကို မယှဉ်နိုင်ပေ။
ပြင်ပ အင်အားစုများကို အားကိုးခြင်းဖြင့်သာ သူ့ကို ရှင်းလင်းနိုင်မည်ဖြစ်သည်။
ရှန်းနန်မှ ဤထင်ရှားသော မိသားစုကြီး သုံးစုမှာ သေချာပေါက် အလွန်ကောင်းမွန်သော ရွေးချယ်မှု တစ်ခုပင်။
ဆုရှင်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ကျန့်ယွမ်တုန်းနှင့် အခြားသူများ လူစုခွဲသွားကြသော်လည်း ကျန်းချင်းဖန်ကမူ သူ၏လက်ထဲရှိ စာရွက်ကို ထူးဆန်းသော အမူအရာဖြင့် တိတ်တဆိတ် ဖိချေပစ်လိုက်၏။
ဆုရှင်းက ထိုလူသုံးဦးနှင့် မန်ချန်ဟယ်၏စောင့်ကြည့်နေခြင်းကို မသိရှိခဲ့ပေ။ သူ၏စိတ်က စနစ်အပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။
သူခန်းမထဲမှ ထွက်လာသည်နှင့် စနစ်က သူ့ကို ဘေးထွက် မစ်ရှင်အသစ်တစ်ခု ပေးလိုက်၏။
"ဘေးထွက် မစ်ရှင် ဖွင့်လိုက်ပါပြီ - ဖြောင့်မတ်သော လမ်းစဉ်၏ရန်သူ (အပိုင်း ၁)။ မစ်ရှင် ရှင်းလင်းချက် - ဖြောင့်မတ်သော ဂိုဏ်းများမှ တပည့်များကို သတ်ဖြတ်ပါက ဗီလိန်အမှတ်များ ရရှိမည်။"
"ဆုကြေးအဖြစ် ရရှိသော ဗီလိန်အမှတ်များက အသတ်ခံရသူ၏ခွန်အားအပေါ် မူတည်ပါသည်။ သတ်ဖြတ်မှုတစ်ခုစီအတွက် ဆုကြေး တစ်ကြိမ် ရရှိပြီး အများဆုံး အမှတ် ၁၀၀၀ အထိ ရရှိနိုင်ပါသည်။"
"ရှုံးနိမ့်မှုအတွက် ပြစ်ဒဏ် - အချိန်ကန့်သတ်ချက် တစ်နှစ်။ ရှုံးနိမ့်မှု တစ်ကြိမ်စီအတွက် ဗီလိန်အမှတ် ၁၀၀၀ နုတ်ယူခံရမည်။"
"ဟဲဟဲ ဖြောင့်မတ်သော လမ်းစဉ်ရဲ့ ရန်သူပေါ့လေ။ ဒါက ငါ့ကိုဗီလိန်တစ်ယောက် ဖြစ်လာအောင် တကယ် အတင်းအကျပ်ခိုင်းနေတာပဲ။"
ဤတာဝန် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆုရှင်းသည် ဖန့်တုန်းထင်ကို ချက်ချင်း သတိရသွားခဲ့၏။
သူက တကယ့်ကို ဖြောင့်မတ်သောဂိုဏ်းများမှ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး သူ့ကိုသတ်ဖြတ်ခြင်းက ဗီလိန်အမှတ် အများအပြားပေးလိမ့်မည်မှာ သေချာပါသည်။
သို့သော် ၎င်းမှာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်သည်။ ဆုရှင်း၏လက်ရှိ ခွန်အားဖြင့် သူ၏နည်းလမ်းများ အားလုံးကို အသုံးပြုလျှင်ပင် ပြိုင်ဘက်ကို သတ်ရန် ခက်ခဲပေလိမ့်မည်။
ကြီးမားသော ကျင့်ကြံခြင်းအဆင့် ကွာဟချက်ကို ဖြတ်ကျော်ရန်မှာ အလွန် ခက်ခဲလှသည်။ တစ်ခါသုံးပစ္စည်းများကို အသုံးပြုခြင်းဖြင့်သာ အဆုံးအဖြတ်ပေးသော အောင်ပွဲကို ရရှိနိုင်ပါလိမ့်မည်။
သို့သော် ဖန့်တုန်းထင်၏ခွန်အားအရ ဆုရှင်းက သူ့ကို သတ်ရန်အနည်းဆုံး ကြယ်သုံးပွင့်ခွဲ သိုင်းပညာ တစ်ခုအတွက် လဲလှယ်ရန်လိုအပ်ပေလိမ့်မည်။
သို့သော် ကြယ်သုံးပွင့်ခွဲ တစ်ခါသုံးပစ္စည်းတစ်ခုက ဗီလိန်အမှတ် ၃၂၀ ကုန်ကျ၏။
*ဖန့်တုန်းထင်ကို သတ်လိုက်ရင်...ငါ အမြန်ရနိုင်ပါ့မလား။*
ဗီလိန်အမှတ်များ ဆုကြေးမှာ အသတ်ခံရသူ၏ ခွန်အားနှင့် သက်ဆိုင်ကြောင်းသာ စနစ်က ဖော်ပြထားသော်လည်း ဖန့်တုန်းထင်က ဤဗီလိန်အမှတ်များနှင့် တန်သည် မတန်သည်ကို မည်သူ သိမည်နည်း။
ထို့အပြင် တန်လျှင်ပင် ဆုရှင်းက ချန်နင်စီရင်စု အတွင်းတွင် လှုပ်ရှားရန် မလိုလားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူဖန့်တုန်းထင်ကို သတ်လိုက်လျှင်ပင် ၎င်းက သူ့အတွက် ပြဿနာများကိုသာဖြစ်ပေါ်စေမည်ဖြစ်သောကြောင့်ပင်။
သူနှင့် ရှဲ့ကျစ်ယန်တို့က ဖန့်တုန်းထင်နှင့် မကြာခင်လေးတင် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် ဖန့်တုန်းထင်က ချန်နင်စီရင်စုတွင် သေဆုံးသွားခဲ့လျှင် ဘာဖြစ်သွားကြောင်း ရှင်းနေလိမ့်မည်။
ရှဲ့ကျစ်ယန်၏နောက်ကွယ်တွင် ယီဓားဂိုဏ်း ရှိသဖြင့် ချင်းချန်ဓားဂိုဏ်းက ပြဿနာရှာမည်ကို သူမ စိုးရိမ်စရာ မလိုပေ။ သို့သော် ဆုရှင်းမှာ တစ်ယောက်တည်းဖြစ်ပြီး ချင်းချန်ဓားဂိုဏ်းက သူ့ကိုဖျက်ဆီးရန် အလွန်လွယ်ကူပေလိမ့်မည်။
ထို့အပြင် ဖန့်တုန်းထင်က ချင်းချန်ဓားဂိုဏ်း အကြီးအကဲ၏သားလည်း ဖြစ်သည်။ ကလေးတစ်ယောက်ကိုရိုက်နှက်ပြီးနောက် အကြီးအကဲတစ်ယောက်ထပ်ပေါ်လာခြင်းမှာ ထူးဆန်းမည်မဟုတ်ပေ။
ဤတာဝန်ကို ယခုအချိန်မှာတော့ ယခုတော့ဖယ်ထားရပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တစ်နှစ်ဖြစ်ရာ အချိန်များစွာရပါသေးသည်။
ချန်နင်စီရင်စု တစ်ခုလုံးကို စူးစမ်းလေ့လာပြီးနောက် ဆုရှင်းဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် မှောင်နေပြီဖြစ်၏။
ရှဲ့ကျစ်ယန်က သော့ကို ရှာဖွေရန် အလျင်မလိုသဖြင့် သူက သူ့နောက်လိုက်များ အားလုံးကို အနားယူရန် ပြန်လွှတ်လိုက်သည်။
ဆုရှင်း မည်သူ့ကိုမျှ သူ့နောက်သို့ လိုက်ခွင့်မပြုဘဲ ကျင်းယွဲ့ရပ်ကွက်ရှိ သူ၏နေအိမ်သို့ တစ်ယောက်တည်း ပြန်သွားခဲ့၏။
လွန်ခဲ့သော ရက်အနည်းငယ်က ချန်နင်စီရင်စုရှိ အဓိက ဂိုဏ်းငါးခုမှ အဖွဲ့ဝင်များက သော့ပုံစံကို ကိုင်ဆောင်ကာမြို့တစ်ခုလုံးကို ရှာဖွေနေခဲ့ကြသည်။ သေချာသည်မှာ အချို့သော ဂိုဏ်းများသက သဘောမကောင်းကြရာ ချန်နင်စီရင်စု တစ်ခုလုံးကို အလွန် တင်းမာသွားစေခဲ့၏။
ထို့ကြောင့် မှောင်စပြုလာသည်နှင့် ဆိုင်များ အားလုံးပိတ်သွားကြပြီး လမ်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဆုရှင်း၏စိတ်ထဲတွင် ရုတ်တရက် လှုပ်ရှားသွား၏။ ပေါ့ပါးသော ခြေသံများ နီးကပ်လာသည်ကို သူမ ကြားလိုက်ရပြီး ရုတ်တရက်လှည့်ကြည့်လိုက်သည်။
ခြေသံများမှာ ရုတ်တရက်မြန်ဆန်လာပြီး အမည်းရောင်ဝတ်ဆင်ထားသော လူတစ်ဦးသည် ဘေးဘက်မှ ခုန်ထွက်လာကာ သူ့ကိုလက်သီးဖြင့် ထိုးလိုက်၏။
အမည်းရောင် ဝတ်ဆင်ထားသော လူက ညဝတ်စုံဖြင့် လုံးဝလွှမ်းချုံထားသဖြင့် သူ၏မျက်နှာကို ဖုံးကွယ်ထား၏။
ဆုရှင်းဘေးသို့ ရှောင်ကာ မုန်းတီးခြင်းလက်ဝါးကို ထုတ်လွှတ်လိုက်ပြီး အမည်းရောင်ဝတ်ဆင်ထားသော လူနှင့် လက်သီးချင်း ဖလှယ်လိုက်ရာ သူ့ကို ချက်ချင်း တစ်လှမ်းချင်းနောက်ဆုတ်သွားစေခဲ့သည်။
"ဟောက်ထျန်းအထွတ်အထိပ်။"
အမည်းရောင် ဝတ်ဆင်ထားသော လူ၏တိကျသော ခွန်အားကို ဆုရှင်း မခံစားနိုင်သော်လည်း ၎င်း၏စွမ်းအားမှာ သူ့ထက်အများကြီးအားနည်းနေကြောင်း သေချာနေသည်။
အမည်းရောင်ဝတ်ဆင်ထားသော လူက ဆုရှင်း၏စွမ်းအားကြောင့် အံ့အားသင့်သွားပုံရသည်။ သူ၏ခြုံခိုတိုက်ခိုက်မှု ကျရှုံးသွားသည်ကို မြင်သောအခါ သူ ချက်ချင်းလှည့်ပြေးတော့သည်။
ဆုရှင်း သူ၏ယိုဓားရှည်ကို ဆွဲထုတ်ကာ လိုက်ဖမ်းခဲ့သော်လည်း အမည်းရောင်ဝတ်ဆင်ထားသော လူသည် ထိုမျှမြန်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဆုရှင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။
"ငါ့ကို ဘယ်သူကခြုံခိုတိုက်ခိုက်တာလဲ။ သိပ်မသန်မာပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတွေက မယုံနိုင်လောက်အောင်မြန်တယ်။ ကိုယ်ဖော့နည်းစနစ်တွေမှာ ကျွမ်းကျင်တဲ့သူတွေ ဖြစ်ရမယ်။"
ဆုရှင်း တွေးတောကာ မျက်မှောင်ကြုတ်လိုက်သော်လည်း ချန်နင်စီရင်စုတွင် ထိုကဲ့သို့သော လူမျိုး မရှိပေ။
ထိုအချိန်တွင် လမ်းပေါ်မှ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။ ဆုရှင်း ချက်ချင်း လိုက်သွားရာ မြေပြင်ပေါ်တွင် လဲကျနေသော အမည်းရောင် ဝတ်ဆင်ထားသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်သဏ္ဍာန်နှင့် သူဝတ်ဆင်ထားသော အမည်းရောင်အဝတ်အစားများအရ ၎င်းက စောစောက သူ့ကိုတိုက်ခိုက်ခဲ့သူနှင့် ပုံစံချင်း လုံးဝ တူညီနေသည်။
ဆုရှင်း သတိကြီးစွာဖြင့် ချဉ်းကပ်သွားပြီး အမည်းရောင်ဝတ်ဆင်ထားသော လူလုံးဝသေဆုံးနေကြောင်းသေချာမှသာ သူ၏မျက်နှာဖုံးကို ဆွဲချလိုက်၏။
သူက အသက်နှစ်ဆယ်ခန့်ရှိ ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး လည်ပင်းတွင် ဓားဖြင့် အလှီးခံထားရသည်။
သို့သော် ဆုရှင်းက ဤလူကို မသိချေ။ သူ့ကို တစ်ခါမှ မမြင်ဖူးကြောင်း သူသေချာပါသည်။
ထိုအချိန်တွင် လမ်းပေါ်တွင် ဆူပူမှု တစ်ခု ဖြစ်ပွားလာ၏။ သူရဲကောင်းသုံးဖော်အသင်းမှ ဂိုဏ်းဝင် ရာနှင့်ချီရောက်ရှိလာပြီး မန်ချန်ဟယ်က ဦးဆောင်ကာ ရှန်းနန်မှ မိသားစုကြီး သုံးစုထဲမှ နှစ်စုဖြစ်သော ကျန့်ယွမ်တုန်းနှင့် ရွမ်မင်ယွဲ့တို့ လိုက်ပါလာကြသည်။
ဆုရှင်း ထိုနေရာတွင် ရှိနေသည်ကို မြင်သောအခါ မန်ချန်ဟယ် ချက်ချင်းအံ့အားသင့်သွား၏။ "ဆုရှင်း။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
"ကျင်းယွဲ့ ရပ်ကွက်က ငါ့လင်းယုန်ပျံဂိုဏ်းရဲ့ နယ်မြေပဲ။ ငါဘာလို့ ဒီမှာ ရှိလို့ မရမှာလဲ။"
ဆုရှင်းက တုံ့ပြန်လိုက်၏။ "အခု ငါမင်းတို့ကို မေးချင်တယ်။ သန်းခေါင်ယံကြီးမှာ ငါ့ရဲ့လင်းယုန်ပျံဂိုဏ်း နယ်မြေပေါ်မှာ မင်းတို့ဘာလာလုပ်နေတာလဲ။"
မန်ချန်ဟယ် မဖြေနိုင်မီမှာပင် ကျန့်ယွမ်တုန်းနှင့် ရွမ်မင်ယွဲ့တို့ မြေပြင်ပေါ်ရှိ အလောင်းကို မြင်လိုက်ရပြီး သူတို့၏မြင်ကွင်းများ မှောင်မိုက်သွားလေသည်။
မြေပြင်ပေါ်ရှိ အလောင်းမှာ အမှန်တကယ်ပင် ကျန်းမိသားစုမှ ကျန်းချင်းဖန် ဖြစ်နေ၏။
ကျန်းချင်းဖန်၏လည်ပင်းရှိ ဓားဒဏ်ရာကို မြင်ပြီးနောက် ယိုဓားရှည်ကို ကိုင်ကာ ကျန်းချင်းဖန်၏ဘေးတွင် ရပ်နေသော ဆုရှင်းကို ကြည့်လိုက်သောအခါ အရာအားလုံးက သူ့ဟာသူရှင်းလင်းနေလေပြီ ဖြစ်သည်။
"ဆုရှင်း။ မင်းက သေချင်နေတာပဲ။"
ကျန့်ယွမ်တုန်း ဟိန်းဟောက်လိုက်ပြီး ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ ဆုရှင်းကို ခုတ်ချလိုက်၏။
ရှန်းနန်မှ မိသားစုကြီး သုံးစုစလုံးမှာ အိမ်ထောင်ရေးအရဆက်နွယ်နေကြပြီး ကျန်းချင်းဖန်မှာ တကယ်တော့ သူ၏ဝမ်းကွဲညီအစ်ကို ဖြစ်သည်။
သို့သော် ဤရှုပ်ထွေးသော မိသားစုဆက်ဆံရေးကို ဘေးဖယ်ထားလျှင် ကျန်းချင်းဖန်က ချန်နင်စီရင်စုတွင် သေဆုံးသွားခဲ့ရာ မိသားစုထံ ပြန်ရောက်သောအခါ အပြစ်တင်ခံရမည်မှာ သေချာပါသည်။
တုယွမ်ရှန့်ကို ရှာဖွေရန် ချန်နင်စီရင်စုသို့ လာရောက်သော ရတနာသိုက်အဖွဲ့ကို အမည်ခံအားဖြင့် သူကဦးဆောင်ခဲ့ခြင်းဖြစ်ရာ တစ်ခုခု မှားယွင်းသွားပါက သူ သဘာဝကျကျ တာဝန်ယူရမည်။
ဆုရှင်းက ကျန်းချင်းဖန်ကို သတ်ရဲခဲ့သည်။ မိသားစုကို ရှင်းပြရန် ဆုရှင်းကို သူ မသတ်ပါက သူ ပြန်ရောက်သောအခါ မည်သို့သော ပြစ်ဒဏ်မျိုး ခံရမည်ကို သူ စိတ်ကူးပင် မယဉ်နိုင်ချေ။
ကျန့်ယွမ်တုန်းက မြောင်ဓားကို ကိုင်ဆောင်ထားပြီး သူ အသုံးပြုသောဓားသိုင်းကို စကားလုံး တစ်လုံးတည်းဖြင့် အနှစ်ချုပ်နိုင်သည်။ (မြောင်ဓားက အသွားတစ်ဖက်အဖျားကော့ဓားပါ၊ ဓားမော့ထက်အတော်လေးသေးပါတယ်။ )
မြန်ဆန်မှုပင်။
"ပျံလွှားကိုးကောင် သံကြိုးခုတ်ချက်။"
မျက်စိတစ်မှိတ်အတွင်း ကျန့်ယွမ်တုန်းက ခုတ်ချက် ကိုးချက်ကို ထုတ်လွှတ်လိုက်ရာ အားလုံးက နေရာတစ်ခုတည်းသို့ ကျရောက်သွားသည်။
အကယ်၍ အခြားသူ ယတစ်ဦးဦးသာ ဖြစ်ပါက သူတို့၏လက်နက်မှာ ကျိုးသွားပြီး ပျံလွှားကိုးကောင် သံကြိုးခုတ်ချက်ကြောင့် နှစ်ပိုင်းပြတ်သွားပါလိမ့်မည်။
သို့သော် ကျန့်ယွမ်တုန်းက သူ၏လက်များ ထုံကျင်သွားသည်ကို ထိတ်လန့်တကြားတွေ့ရှိလိုက်ရပြီး သန့်စင်သော သံမဏိဖြင့် ပြုလုပ်ထားသည့် သူ၏မြောင်ဓားပေါ်တွင် အက်ကြောင်းများ ပေါ်လာကာ နောက်ဆုံးတွင် ကျယ်လောင်သော အသံနှင့်အတူ အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။
"အဝါရောင်အဆင့် လက်နက်။"
ကျန့်ယွမ်တုန်းက ဆုရှင်း၏လက်ထဲရှိ ယိုဓားရှည်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိ၏။ ချန်နင်စီရင်စုရှိ ဂိုဏ်းငယ်လေး တစ်ခု၏ခေါင်းဆောင်က အဝါရောင်အဆင့်လက်နက် တစ်ခုကို အမှန်တကယ် ကိုင်ဆောင်ထားခဲ့သည်။
ကျန်းမိသားစုတွင် မိသားစုခေါင်းဆောင် သို့မဟုတ် အကြီးအကဲများသာလျှင် သတ်မှတ်ထားသောအဆင့်တစ်ခုရှိသည့် လက်နက်များကို ပိုင်ဆိုင်ခွင့် ရှိကြောင်းသိထားသင့်သည်။
လက်နက်များကိုလည်း အဆင့်သတ်မှတ်ထားသည်။ အမြောက်အမြား ထုတ်လုပ်နိုင်သော အချို့သော စံသတ်မှတ်ချက်လက်နက်များက ပစ္စည်းများမည်မျှပင် ကောင်းမွန်စေကာမူ သာမန် လက်နက်များသာ ဖြစ်ကြသည်။
အထွတ်အထိပ်ဆရာကြီးများ ကိုယ်တိုင် ဂရုတစိုက်ဒီဇိုင်းဆွဲပြီး ဖန်တီးထားသော လက်နက်များသာ အဆင့်သတ်မှတ်ခံရပြီး သူတို့၏ကိုယ်ပိုင် ထူးခြားသောနာမည်များရှိကာ မျိုးစုံသော ထူးဆန်းသည့် အစွမ်းသတ္တိများကို ပိုင်ဆိုင်ကြ၏။
သာမန် သိုင်းလောကသားများ ရင်းနှီးကျွမ်းဝင်သော လက်နက်များကို အဆင့်လေးဆင့် ခွဲခြားထားသည်။
ကောင်းကင်၊ မြေကြီး၊ အနက်ရောင်နှင့် အဝါရောင်။
ဆုရှင်း၏လက်ထဲရှိ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဓားရှည်က သေချာပေါက် အဝါရောင်အဆင့် သို့မဟုတ် ထိုထက်မြင့်မားသော လက်နက်တစ်ခု ဖြစ်မည်။
ထိုသို့မဟုတ်ပါက သန့်စင်သော သံမဏိဖြင့် ပြုလုပ်ထားသည့် သူ၏မြောင်ဓားမှာ နောက်ပြန်ကန်အားကြောင့် ကြေမွသွားမည် မဟုတ်ချေ။
ချက်ချင်း တိုက်ခိုက်လာသော ကျန့်ယွမ်တုန်းကို တွန်းလှန်ပြီးနောက် ဆုရှင်းမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းတို့က တကယ်တော့ ဘယ်သူတွေလဲ။ ငါ ဒီလူကို မသတ်ခဲ့ဘူး။"
ကျန့်ယွမ်တုန်းက အေးစက်စွာ ပြောလိုက်၏။ "ငါတို့က ဘယ်သူတွေလဲ ဟုတ်လား။ ငါတို့က ဟူနန်ပြည်နယ်က ကျန်းမိသားစုရဲ့ကျန့်ယွမ်တုန်းနဲ့ ရွမ်မိသားစုရဲ့ ရွမ်မင်ယွဲ့ပဲာ မြေပြင်ပေါ်မှာ လဲနေတာက ကျန်းမိသားစုက ကျန်းချင်းဖန်ပဲ။"
"ဆုရှင်း။ ရှန်းနန်က မိသားစုကြီး သုံးစုထဲက လူတစ်ယောက်ကို မင်း ဘယ်လိုများ သတ်ရဲတာလဲ။"
"ချန်နင်စီရင်စုရဲ့ ဒီထောင့်လေးကို လွှမ်းမိုးထားရုံနဲ့ ရှန်းနန်တစ်ခုလုံးကို အထင်သေးလို့ရပြီလို့ မင်း တကယ် ထင်နေတာလား။ ဒါက သိုင်းလောကလား။"