အခန်း ၁
Vol. 1 Ch. 1
အခန်း(၁)
ကမ္ဘာဦးအစ ဖြစ်တည်ပြီးချိန်တွင် မှောင်မိုက်ခြင်းနှင့် အေးစက်ခြင်းများသာ လွှမ်းမိုးခဲ့သည်။
နှစ်အနည်းငယ် ကြာမြင့်ပြီးနောက် မြင့်မားသော မိုးကောင်းကင်၌ တောက်ပသော နေကိုးစင်း မွေးဖွားလာခဲ့သည်။
နေကိုးစင်း၏ တောက်ပသော အလင်းရောင်များနှင့် ဆက်နွှယ်၍ ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်လာခဲ့သည်။
မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား နှစ်သန်းပေါင်းများစွာ ဝိညာဉ်စွမ်းအင်များ ပြည့်ဝစေခဲ့ပြီးနောက်တွင် နေကိုးစင်းကမ္ဘာ၏ ဆန်းကြယ်သော ကုန်းမြေဒေသကြီးတွင် သက်ရှိများ ရှင်သန်ကြီးထွားလာခဲ့သည်။
နေကိုးစင်း ကုန်းမြေဒေသကြီးတွင် လူသားမျိုးနွယ်များ မွေးဖွား ပေါ်ပေါက်လာခဲ့သည်။
လူသားများသည် မိုးကောင်းကင် တာအိုကို စူးစမ်းလေ့လာ၍ ပညာရပ်များကို တီထွင်ဖန်တီးခဲ့ကြသည်။
သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များ သန်မာလာစေရန် နေကိုးစင်း၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူအားဖြည့်ကာ ကောင်းကင်၏ ဖိနှိပ်မှုကို အံတုခဲ့ကြပြီး ကျင့်ကြံသူများ အဖြစ် ထင်ရှားလာခဲ့ကြသည်။
-------------------
ရှန်ချင်အင်ပါယာ၏ ဧကရာဇ်နန်းတော်...
ညဉ့်အချိန်တွင် ဧကရာဇ်နန်းတော်၌ ဝတ်ပြုဆုတောင်းသံများ ပေါ်ထွက်နေသည်။
အခိုးအငွေ့များနှင့် ပန်းပွင့်ပန်းဖူးများ၏ တောက်ပသော အရောင်အလင်းများသည် စင်မြင့်တစ်ခုလုံးအား လွှမ်းခြုံထားသော လေထုအတွင်း ပျံ့နှံ့နေခဲ့သည်။
စင်စစ် ဤနေရာတွင် အိမ်ရှေ့စံမင်းသားအဖြစ် ဆက်ခံခြင်း အထိမ်းအမှတ်အောင်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။
အဆောက်အအုံငယ် တစ်ခုအပေါ်မှ လူငယ်လေးတစ်ဦးသည် မျက်မှောင်ကုတ်နေခဲ့ပြီး ညကောင်းကင်ယံ၌ လှပစွာ ပစ်လွှတ်နေသည့် မီးရှူးမီးပန်းများကို ကြည့်ရှုနေခဲ့သည်။
လူငယ်၏ စိတ်ဓာတ်ခိုင်မာဟန်ရှိသော မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေပြီး အတိတ်မှ အကြောင်းအရာများကို ပြန်လည် အမှတ်ရနေခဲ့၏။
အသက်ဆယ့်ငါးနှစ်အရွယ် လူငယ်လေး၏ အမည်မှာ ချင်ယန် ဖြစ်ပြီး ဖခင်ဖြစ်သူမှာ ရှန်ချင်အင်ပါယာ၏ ဧကရာဇ်ဖြစ်၍ မိခင်ဖြစ်သူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူသည် အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော ငါးနှစ်က ဂုဏ်သိက္ခာကျဆင်းကာ နာမည်ပျက်ပြီး အိမ်ရှေ့စံနေရာ ရုပ်သိမ်းခံခဲ့ရသည်။
လွန်ခဲ့သော ငါးနှစ်ခန့်က အိမ်ရှေ့စံမင်းသားသည် တားမြစ် နတ်ဆိုးပညာရပ်များကို လေ့ကျင့်ခဲ့သည့် အကြောင်း ပျံ့နှံ့သွားချိန်တွင် လူအများကြား အုတ်အုတ်ကျက်ကျက် ဖြစ်သွားကာ နိုင်ငံတစ်ဝန်း ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
အဆုံးသတ်တွင် နန်းတွင်းအရာရှိကြီးများ ပူးပေါင်း၍ သူ၏ အိမ်ရှေ့စံ ရာထူးအား ဖျက်သိမ်းပေးရန် ဧကရာဇ်ထံ တောင်းဆိုခဲ့သည်။
ထိုအခြေအနေတွင် ငယ်ရွယ်သော အိမ်ရှေ့စံ၏ တားမြစ်နတ်ဆိုးပညာများ လျှို့ဝှက်စွာ လေ့ကျင့်နေမှုကို ဧကရာဇ်သည် ကာကွယ်ပေးရန် မစွမ်းနိုင်ခဲ့ချေ။
နန်းတွင်းအရာရှိများ၏ ဝိုင်းဝန်းပြောဆိုမှုအား ထိန်းချုပ်ရန်နှင့် နိုင်ငံသားတို့၏ ပူပန်မှုကို ဖြေဖျောက်ရန်အတွက် ဧကရာဇ်သည် မိဖုရားငယ် တစ်ဦးအား မိဖုရားခေါင်အဖြစ် တင်မြှောက်၍ သူမ၏ သားကို အိမ်ရှေ့စံရာထူး လွှဲပြောင်းသတ်မှတ်ခဲ့သည်။
နန်းတွင်းအရာရှိများ၏ အတင်းအကျပ် ဖိအားပေး တောင်းဆိုမှုများကြောင့် ဧကရာဇ်သည် သားတော် ချင်ယန်၏ အိမ်ရှေ့စံနေရာကိုလည်း ပယ်ဖျက်ခဲ့ရသည်။
သို့သော် နန်းတွင်း အရာရှိကြီးများသည် ဤမျှလောက်ဖြင့် ရပ်တန့်ရန် စိတ်ကူးမရှိခဲ့ချေ။
သူတို့ အနိုင်ကျင့်ခဲ့သော ချင်ယန်က နတ်ဆိုးပညာများကို လျှို့ဝှက်စွာ လေ့ကျင့်၍ နောင်အနာဂတ်တွင် အာဏာလုယူကာ ပြန်လည် လက်စားချေမည်ကို ကြောက်ရွံ့ခဲ့ကြသည်။
ထို့ကြောင့် တရားဥပဒေအရ စစ်ဆေးခြင်းမပြုမီ ဖမ်းဆီးကာ ဆယ်နှစ်အရွယ် ချင်ယန်၏ ကိုယ်တွင်းရှိ စိတ်ဝိညာဉ်သွေးကြော ငါးခုမှ အရေးကြီးသော စိတ်ဝိညာဥ်သွေးကြော လေးခုကို ပြင်းထန်စွာ ဆွဲနှုတ်၍ ဖျက်ဆီးခဲ့ကြသည်။
ချင်ယန်တွင် မွေးရာပါ စိတ်ဝိညာဉ်သွေးကြော ငါးခု ရှိခဲ့၍ အလွန်ရှားပါးသော စွမ်းအားမြင့် တိုက်ခိုက်ရေး ပါရမီကို ပိုင်ဆိုင်ထားခဲ့သည်။
စိတ်ဝိညာဉ်သွေးကြော လေးခု ပျက်စီးသွားပြီးနောက်တွင်မူ အားနည်းသော စိတ်ဝိညာဉ်သွေးကြော တစ်ခုသာ ကျန်ရှိခဲ့တော့၍ ပါရမီရှင် အိမ်ရှေ့စံမင်းသား ဘဝမှ သာမန် မင်းသား အဖြစ်သို့ နေ့ချင်းညချင်း ကူးပြောင်းသွားတော့သည်။
ဆိုရလျှင် စိတ်ဝိညာဉ်သွေးကြောသည် တိုက်ခိုက်ရာတွင် အလွန်အရေးပါသည်။
စိတ်ဝိညာဉ်သွေးကြော တစ်ခုထက် ပိုသူသည် ဝိညာဥ်စွမ်းအင်အပေါ် အာရုံခံစားမှုတွင် ပိုမို သာလွန်သည့်အပြင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူရာတွင်လည်း မြန်ဆန်၏။
မူလက ချင်ယန်တွင် စိတ်ဝိညာဉ်သွေးကြော ငါးခု ပါရှိခဲ့၍ ဝိညာဉ်စွမ်းအင် အာရုံခံစားမှုတွင် အလွန် ထူးချွန်ခဲ့သည်။
သို့ရာတွင် စိတ်ဝိညာဉ်သွေးကြော လေးခုအား ရက်စက်စွာ ဖျက်ဆီးခံရပြီးနောက်တွင်မူ ကျန်ရှိသော စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်းဖြင့်သာ ဝိညာဉ်စွမ်းအင်ကို အာရုံခံစားနိုင်စွမ်း ရှိတော့၏။
ဘဝတစ်လျှောက်လုံး မည်မျှပင် ခက်ခဲပင်ပန်းစွာ ကြိုးစားစေကာမူ အနာဂတ်တွင် စွမ်းအားကြီးမားသူ တစ်ယောက် မည်သို့မှ ဖြစ်လာတော့မည် မဟုတ်ချေ။
"ဒီလို ပူးပေါင်းကြံစည်ခဲ့မယ်လို့ မထင်ခဲ့မိဘူး... အိမ်ရှေ့စံနေရာကို လုယူခဲ့တဲ့အပြင် ငါ့ရဲ့ စိတ်ဝိညာဉ်သွေးကြောတွေကို ဖျက်ဆီးပြီး သိုင်းပညာလမ်းကြောင်းကိုပါ ပိတ်ဆို့ခဲ့တယ်.. ဒီကြီးမားတဲ့ အမုန်းတရားအတွက် ငါ့ရဲ့ စွမ်းအားတွေ ပြန်ရလာတဲ့ တစ်နေ့ မင်းတို့ရဲ့ စွမ်းအားတွေကို ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုတယ်"
"မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့မင်းသားတို့က ဒီကိစ္စမှာ အဓိက ကြိုးကိုင်သူတွေပဲ... ငါအိမ်ရှေ့စံ နေရာကို မမက်မောပေမဲ့ သူတို့က ငါ့ရဲ့ စိတ်ဝိညာဉ်သွေးကြောတွေကို ဖျက်ဆီးပြီး သိုင်းပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့ ငါ့ရဲ့အိပ်မက်ကို မျှော်လင့်ချက်မဲ့စေခဲ့တယ်... ဒီအကြွေးကို အနှေးနဲ့အမြန် ပြန်ပေးဆပ်ရမယ်"
ချင်ယန်သည် စိတ်ဝိညာဉ်သွေးကြော ငါးခု ပိုင်ဆိုင်ခဲ့သည့် အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့သည်။
အနာဂတ်တွင် အစွမ်းထက် သိုင်းပညာရှင် တစ်ဦး ဖြစ်လာပြီး အပြောကျယ်သော နေကိုးစင်း ကမ္ဘာကြီး၏ ဆန်းကြယ်သော နယ်မြေများသို့ စွန့်စားသွားလာ၍ အတွေ့အကြုံများ ရှာဖွေရန် ဆန္ဒရှိခဲ့သည်။
ထို့ကြောင့် နန်းတော်အတွင်း အိမ်ရှေ့စံအဖြစ် နေထိုင်ရန် တစ်ခါမှ စိတ်မကူးခဲ့ချေ။
ချင်ယန်သည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး သူကိုယ်တိုင် အထူးပြုလုပ်ထားသော လေးလံကြီးမားသည့် ပစ္စည်းနှင့် လေ့ကျင့်ခန်းကို စတင်လိုက်တော့သည်။
သူက အထူး ပြုလုပ်ဖန်တီးထားသော ပေါင် ၅၀၀ ကျော် အလေးချိန် ရှိသည့် လေ့ကျင့်ရေးပစ္စည်းကို ဝတ်ဆင်လိုက်၏။
စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်းဖြင့် နေမင်း၏ ဝိညာဉ်စွမ်းအားများကို အာရုံခံစားစုပ်ယူနိုင်ရန် သူ၏ ခန္ဓာကိုယ်အား ခက်ခဲကြမ်းတမ်းသော နည်းလမ်းများဖြင့် လေ့ကျင့်ရပေမည်။
ပြန်လည် သန်မာလာစေရန် သူ၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုရလိမ့်မည် မဟုတ်ပါလား။
ချင်ယန်သည် လေးလံသော လေ့ကျင့်ရေး ပစ္စည်းကို ဝတ်ဆင်လိုက်ပြီး ပေါင်တစ်ရာကျော် စွမ်းအားရှိသော ကျားဝိညာဉ်လက်သီးသိုင်းကို လေ့ကျင့်လိုက်သည်။
သူ ဝယ်ယူထားသော လက်သီးသိုင်းသည် အဆင့်နိမ့်ကျင့်စဉ် တစ်ခုသာ ဖြစ်သည်။
ထိုကျင့်စဉ်ဖြင့် သူ၏ ခန္ဓာကိုယ်အား မျှတစေရန် လေ့ကျင့်ကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ရန် ကြိုးစားခဲ့သည်။
လွန်ခဲ့သော ငါးနှစ်က ကျဆင်းသွားသော သူ၏ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် နေ့စဉ်ရက်ဆက် ခက်ခဲပင်ပန်းစွာ ကြိုးစား လေ့ကျင့်ခဲ့သည်။
မီးရှူးမီးပန်းများသည် တစ်ညလုံး မကုန်ဆုံးတော့မည့်အလား ကောင်းကင်ယံတွင် အဆက်မပြတ် လှပစွာ ပေါက်ကွဲနေ၏။
နန်းတော် အထက်ရှိ လေထုအတွင်း အခိုးအငွေ့များနှင့် ယမ်းမှုန့်များဖြင့် ပြည့်နှက်နေခဲ့သည်။
ယင်းအချိန်မှာပင် အဘိုးအိုတစ်ဦး လျှောက်လှမ်းလာခဲ့သည်။
ထိုအဘိုးအိုသည် နန်းတော်အတွင်းမှ ဘဏ္ဍာစိုးတစ်ဦး ဖြစ်၏။
"ဘဏ္ဍာစိုးဝမ် ဘာကိစ္စရှိလို့လဲ"
"မင်းသားငါး"
ဘဏ္ဍာစိုးဝမ်က လေးနက်စွာ ပြောလိုက်သည်။
"ဧကရာဇ်က အမိန့်ချမှတ်လိုက်ပါတယ်.. ဆယ်ရက်အတွင်း အဆင့်လေး သိုင်းခန္ဓာ နယ်ပယ်ကို မရောက်တဲ့ မင်းသားတွေအားလုံး စစ်တပ်နှင့်အတူ နယ်စပ်ဒေသမှာ ရှိတဲ့ လက်မရွံ့တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ သွားရပါမယ်"
ဘဏ္ဍာစိုးအိုကြီး၏ မျက်ဝန်းများတွင် ကရုဏာသက်မှုများ ပေါ်နေသော်လည်း ဧကရာဇ်၏ အမိန့်တော်ကို တိကျစွာ ဖတ်ပြခဲ့၏။
ချင်ယန်က အမိန့်တော်ကို ကြားပြီးချိန်တွင် အံကြိတ်၍ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တောက်တစ်ချက် ခေါက်လိုက်မိသည်။
မည်သို့သော မင်းသားသည် အသက်ဆယ့်ငါးနှစ်ဖြင့် အဆင့်လေး သိုင်းခန္ဓာ နယ်ပယ်ကို ရောက်ရှိကာ မည်သည့်ပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် တိုက်ခိုက်ရေးတာအိုကို နားလည်ပါမည်နည်း။
မြေခွေးအိုကြီးများသည် ရှန်ချင်အင်ပါယာမှ မင်းသားအားလုံး၏ အင်အားများကို ဝါးမျိုရန် လုပ်ဆောင်လာခဲ့ချေပြီ။
မင်းသားများသည် စစ်တပ်သို့ ရောက်လျှင် စစ်သားများနှင့်အတူ တိုက်ခိုက် သတ်ဖြတ်ရမည် ဖြစ်ရာ အနာဂတ် သိပ်မရှိတော့ချေ။
သိုင်းခန္ဓာနယ်ပယ်၏ အဆင့်ကိုးဆင့်တွင် ပထမအဆင့် သုံးဆင့်ကို ချီလမ်းစဉ်ချဉ်းကပ်ခြင်းအဆင့်ဟု သတ်မှတ်ကြ၏။
အားနည်းသော စိတ်ဝိညာဉ်သွေးကြောတစ်ခုဖြင့် နေဝိညာဉ်စွမ်းအင်များကို စုပ်ယူစုဆောင်းရန် ခက်ခဲ၍ စိတ်ဝိညာဉ်သွေးကြော တစ်ခုသာ ပိုင်ဆိုင်သော ချင်ယန်သည် နေတစ်စင်း၏ ဝိညာဉ်စွမ်းအင်များကိုသာ အာရုံခံနိုင်ခဲ့သည်။
ယင်းက တိုက်ခိုက်ရေးလမ်းစဉ်သို့ ရောက်ရှိရန် အလွန် နှေးကွေးသွားစေခဲ့၏။
သူ၏ စိတ်ထဲတွင် နက်ရှိုင်းလှသော တွင်းကြီးထဲသို့ ပစ်ချခြင်းခံလိုက်ရသကဲ့သို့ အေးစက်သော ခံစားချက်ကို ခံစားနေရသည်။
ကူညီသူမဲ့၍ မျှော်လင့်ချက်မရှိသော သူ့အတွက် သေခြင်းတရားတည်း ဟူသော ပင်လယ်ပြင်မှ ခက်ခက်ခဲခဲ ကြိုးစားကူးခတ်မှသာ လွတ်မြောက်နိုင်ပေလိမ့်မည်။
ပြင်းထန်သော စိတ်ခံစားမှုက သူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် ဖိအားပေး တိုက်ခိုက်နေရာကနေ မျှော်လင့်ချက်ရောင်ခြည်များ တွေ့ရှိလာခဲ့သည်။
ဆိုရလျှင် ပြင်းထန်သော စိတ်စွမ်းအားများ၏ ဖိအားပေးမှုကြောင့် မမျှော်လင့်ဘဲ သူက သိုင်းခန္ဓာ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူ၏ မျက်ဝန်းမှ မျက်ရည်များသည် ငါးနှစ်တာ ကာလပတ်လုံး ခက်ခဲပင်ပန်းစွာ ကြိုးစားခြင်းမှ ပထမဆုံး အောင်မြင်မှုကြောင့် ပျော်ရွှင်စွာ ကျဆင်းလာခဲ့၏။
ဤအခိုက်အတန့်တွင် သူ၏ ယုံကြည်ချက်များ ပိုမို ခိုင်မာလာခဲ့သည်။
ယင်းမှာ တိုက်ခိုက်ရေးပညာရှင် အဖြစ်ကို ရောက်ရှိရန် ပြင်းပြင်းထန်ထန် ကြိုးစားဖို့ ဖြစ်သည်။
ထို့အပြင် မကြာမီ ရက်ပိုင်းအတွင်း စစ်တပ်နှင့်အတူ ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားကာ လက်မရွံ့တပ်ဖွဲ့များကို တိုက်ခိုက်၍ အသက်ရှင်ကျန်ရစ်အောင် လုပ်ရပေဦးမည်။
အခန်း(၁) ပြီး၏