← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း(၂)

အိမ်ရှေ့စံမင်းသားအသစ်၏ အောင်မြင်မှုအထိမ်းအမှတ် စားသောက်ပွဲပြီးနောက် ဝတ်ကောင်းစားလှများ ဆင်မြန်းထားသော မင်းသားမင်းသမီးများသည် စကားပြောဆို ရယ်မောနေကြသည်။

ဧည့်ခံပွဲ၏ ထောင့်တစ်နေရာရှိ ပန်းခြံလေးတစ်ခု၏ မှောင်ရိပ်ကျသော နေရာတစ်ခုတွင် ဟောင်းနွမ်းသော အဝတ်အစားကို ဝတ်ဆင်ထားသော ချင်ယန်သည် တွေဝေမှိုင်ငေးနေခဲ့၏။

ထိုအချိန်မှာပင် ဧည့်သည်တော်များ၏ နားအတွင်းသို့ စကားသံတစ်သံ ရုတ်ချည်း ဝင်ရောက်လာသည်။

"အရင်အိမ်ရှေ့စံက စစ်သားလေး အဖြစ် နယ်စပ်ကိုသွားပြီး လက်မရွံ့တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရတော့မယ်.. ဟားဟား သိပ်သနားဖို့ကောင်းတာပဲ"

"ဒါက နတ်ဆိုးပညာရပ်တွေကို လေ့ကျင့်ခဲ့တဲ့ အကျိုးရလဒ်ပဲ"

"သူ့မိခင်ကလည်း နန်းတော်ထဲက လူတွေအပေါ် အမှားအများကြီး လုပ်ခဲ့တယ်တဲ့"

"စကားမစပ် အိမ်ရှေ့မင်းသားက သိုင်းခန္ဓာနယ်ပယ် အဆင့်ငါး အထွတ်အထိပ်ကို ရောက်နေပြီဆို"

မိမိကို နှိမ့်ချပြစ်တင်ကာ အိမ်ရှေ့စံအသစ်အား မြှောက်ပင့်ချီးကျူးနေကြသော စကားသံများက ချင်ယန်၏ စိတ်နှလုံးကို ဒဏ်ရာများစွာ ဖြစ်စေခဲ့သည်။

"နောက်ဆုံးတော့ သူက ငါ့ရဲ့ စိတ်ဝိညာဉ်သွေးကြော တစ်ခုထက် အဆင့်အများကြီး သာသွားပြီပေါ့... အသက်ငယ်ငယ်နဲ့ သိုင်းခန္ဓာ အဆင့်ခြောက်ကို စတင်ဝင်ရောက်တော့မယ့် အခြေအနေတွေ ရှိနေပြီပဲ... ငါငယ်စဉ်ကထက်တောင် သူက အများကြီး သန်မာနေခဲ့ပြီ"

အိမ်ရှေ့မင်းသားအသစ်၏ အောင်မြင်မှုက ချင်ယန်ကို များစွာ စိတ်ဓာတ်ကျစေခဲ့သည်။

ထိုမင်းသားသည် ရှန်ချင်အင်ပါယာ၏ အနာဂတ် ဖြစ်လာခဲ့ချေပြီ။

မနက်ဖြန်ဆိုလျှင် အိမ်ရှေ့မင်းသားသည် မနက်ဖြန်ဆိုလျှင် နာမည်ကျော် မိုးကောင်းကင် အထွတ်အထိပ် ကျောင်းတော်၌ သွားရောက် ပညာသင်ယူတော့မည် ဖြစ်သည်။

ထိုကျောင်းသည် အလွန်ကျော်ကြားသော တိုက်ခိုက်ရေးပညာသင်ကျောင်း တစ်ကျောင်း ဖြစ်သည်။

မနီးမဝေးမှ ပြောနေကြသော စကားသံများသည် ချင်ယန်၏ နှလုံးသားကို ဓားဖြင့် ထိုးနှက်နေသကဲ့သို့ ခံစားနေရသည်။

စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်းဖြင့် သိုင်းခန္ဓာ အဆင့်လေးကို ရောက်ရှိရန် မဖြစ်နိုင်ပေ။

အိမ်ရှေ့မင်းသား အသစ်၏ စွမ်းဆောင်ရည်ကို လိုက်မီနိုင်ရန်မှာ ပို၍ မဖြစ်နိုင်ချေ။

ပြီးပြည့်စုံသော စိတ်ဝိညာဥ်သွေးကြောကို လူတစ်သောင်းတွင် တစ်ယောက် ပိုင်ဆိုင်ရန် မလွယ်ပေ။

အိမ်ရှေ့စံမင်းသားအသစ်က မွေးရာပါ စိတ်ဝိညာဉ်သွေးကြော ခြောက်ခု ပါရှိ၍ ကံကောင်းလွန်းသည်ဟု ဆို၍ရ၏။

သူ၏ တစ်ခုတည်းသော စိတ်ဝိညာဉ်သွေးကြောဖြင့် အိမ်ရှေ့စံအသစ်၏ စိတ်ဝိညာဉ်သွေးကြော ခြောက်ခုကို မည်ကဲ့သို့ ယှဉ်၍ ရပာမည်နည်း။

ထိုခဏဝယ် ချင်ယန်၏ နှလုံးသားထဲတွင် ကျရှုံးမှုများကြောင့် အလွန်အမင်း ခံစားနေရသည်။

"ငါလက်မခံဘူး.. ငါလုံးဝ လက်မခံဘူး.. မိဖုရားကြီးနဲ့အပေါင်းအပါ ခွေးအိုကြီးတွေ.. ငါမင်းတို့ကို ဖျက်ဆီးပစ်မယ်"

ချင်ယန်က မိုးခြိမ်းသံအလား အော်ဟစ်လိုက်ပြီး ရူးမိုက်စွာဖြင့် ကျောက်တုံးကြီးကို ထုနှက်လိုက်ရာ သူ၏ လက်မှ သွေးများ ထွက်လာခဲ့သည်။

ရုတ်တရက် ချင်ယန်သည် လက်ကောက်ဝတ်ကနေ လွန်စွာ သက်သောင့်သက်သာ ဖြစ်စေသည့် ပူနွေးသော ခံစားချက်ကို ရရှိလိုက်၏။

ယင်းက သူ၏ စိတ်ဝိညာဥ်သွေးကြောများကို တော်ဝင်အကြီးအကဲများ မဖျက်ဆီးခင်က ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

ချင်ယန်သည် သူ၏ လက်ကောက်ဝတ်ကို အလျင်အမြန် အာရုံခံ စစ်ဆေးလိုက်သည်။

ထိုအခါ ကြိုးဖြင့် သီထားသော ပုလဲပုတီးစေ့များကဲ့သို့ အရာဝတ္ထု ကိုးခုသည် သူ၏ လက်ကောက်ဝတ်ရှိ သွေးကြောအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ချင်ယန်သည် လက်ကောက်ဝတ်ရှိ သွေးကြောကို သေချာအောင် ထပ်မံ စစ်ဆေးလိုက်ရာ တောကြက်မောက်သီး၏ အစေ့ အရွယ်အစားခန့် ရှိသော အနက်ရောင် ပုတီးစေ့ ကိုးခုသည် လက်ကောက်ဝတ် သွေးကြောထဲ ရှိနေသည်ကို စိတ်အာရုံဖြင့် ခံစားမိခဲ့၏။

ထိုပုတီးစေ့များသည် ကြမ်းတမ်းစွာ လှုပ်ရှားနေပြီး သူ့အနေဖြင့် ခပ်ရေးရေးလေးသာ ခံစားမိခြင်း ဖြစ်သည်။

ချင်ယန်က တစ်စုံတစ်ရာကို သတိရမိသွား၏။

လွန်ခဲ့သော ငါးနှစ်ကျော်က တော်ဝင် အကြီးအကဲသည် သူ၏ သွေးကြောထဲမှ ထိုအရာများကို အာရုံခံမိသွားခဲ့သည်။

နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးရာတွင် ထိုအရာများကို ရှာမတွေ့တော့ချေ။

ထိုအတွက်ကြောင့်ပင် သူ့ကို နတ်ဆိုးပညာရပ်များ လေ့ကျင့်နေသည်ဟု စွပ်စွဲပြောဆိုခဲ့ခြင်း ဆိုလည်းမမှားပေ။

ယခုအခါ ချင်ယန်သည် လက်ကောက်ဝတ် သွေးကြောအတွင်းရှိ ပုတီးစေ့ကိုးခုကို မျက်မှောင်ကုတ်၍ စိုက်ကြည့်နေခဲ့သည်။

ထိုအရာများသည် သူ့ထံတွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်လာခဲ့ချေပြီ။

ပူနွေးသော စွမ်းအင်စီးကြောင်းသည် လက်ကောက်ဝတ်မှ တစ်ဆင့် လက်မောင်းအတွင်းသို့ အဆက်မပြတ် စီးဝင်နေခဲ့သည်။

ချင်ယန်က မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ ပူနွေးသော စွမ်းအင်စီးကြောင်းကို နှလုံးသားဖြင့် ခံစား၍ ဂရုတစိုက် စစ်ဆေးလိုက်သည်။

သူ၏ တွေ့ရှိမှုသည်ကား အံ့မခန်းပင်တည်း။

ယင်းမှာ အမျိုးအစား မတူသော စွမ်းအင်ကိုးခုသည် ထိုပူနွေးသော စွမ်းအင်စီးကြောင်းအတွင်း၌ ပါဝင်နေခြင်းပင်။

သူ၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့၏။

သူက မျက်လုံးများကို ဖွင့်၍ သူ၏ လက်ကောက်ဝတ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

လူသားမျိုးနွယ် စတင် ပေါ်ပေါက်ချိန်မှစ၍ စိတ်ဝိညာဉ်သွေးကြောများနှင့်အတူ မွေးဖွားလာကြပြီး ၎င်းကို နေမင်း၏ ဝိညာဉ်နှင့် ဆက်နွှယ်သော သက်စောင့်သွေးကြောများဟု ခေါ်ဆိုခဲ့ကြသည်။

သွေးကြောတစ်ခုစီသည် နေဝိညာဉ်စွမ်းအင် တစ်ခုကိုသာ အာရုံခံစားနိုင်သည်။

ထို့ကြောင့် လူသားများသည် အမျိုးအစား မတူညီသော တိုက်ခိုက်ရေးပညာ အသီးသီးကို လေ့ကျင့်ခဲ့ကြရသည်။

လူသားများ မွေးဖွားစဉ်က ပါရှိသော သွေးကြောများပေါ် မူတည်၍ သူတို့၏ ဘဝများက ကွဲပြားသွားခဲ့ကြသည်။

သာမန်လူထက် စိတ်ဝိညာဉ်သွေးကြော အနည်းငယ် ပိုအားကောင်းသူသည် နေဝိညာဥ်စွမ်းအင် နှစ်ခုကို အာရုံခံစားနိုင်၏။

နေဝိညာဥ်စွမ်းအင် သုံးခုကို အာရုံခံနိုင်လျှင်မူ အလယ်အလတ် အဆင့် ပါရမီရှင်ဟု သတ်မှတ်နိုင်သည်။

နေဝိညာဉ်စွမ်းအင် လေးခုကို အာရုံခံနိုင်သူသည် အဆင့်မြင့် ပါရမီရှင် ဖြစ်ပြီး ငါးခု သို့မဟုတ် ခြောက်ခုထိ အာရုံခံနိုင်လျှင်မူ ရှားပါးသော ပါရမီရှင်ဟု သတ်မှတ်ကြသည်။

စိတ်ဝိညာဉ်သွေးကြော ခုနစ်ခု ပါသောသူသည် ထိပ်တန်းပါရမီရှင် (ဝါ) စူပါဂျီးနီးယပ်စ် ဖြစ်ပြီး စိတ်ဝိညာဉ်သွေးကြော ရှစ်ခု ပါရှိသူသည် နှစ်တစ်ထောင်လျှင် တစ်ဦးသာ ပေါ်ပေါက်သည့် ရှားပါး ပါရမီရှင် ဖြစ်သည်။

စိတ်ဝိညာဉ်သွေးကြော ကိုးခုပိုင်ရှင်ကမူ ပုံပြင် ဒဏ္ဍာရီများထဲတွင်သာ ရှိသည်။

ချင်ယန်သည် ဝိညာဉ်စွမ်းအင် ကိုးမျိုးကို လက်ဝဲဘက် လက်ကောက်ဝတ် အတွင်းရှိ ပုလဲပုတီးလုံး ကိုးခုမှ တစ်ဆင့် အာရုံခံနိုင်ခဲ့သည်။

ထိုအရာက ဒဏ္ဍာရီပုံပြင်များထဲမှ စိတ်ဝိညာဉ်သွေးကြောကိုးခုနှင့် အလားသဏ္ဌာန် တူညီနေ၏။

အလွန်အမင်း စိတ်လှုပ်ရှားနေသော ချင်ယန်သည် အသက် အနည်းငယ်ရှူ၍ စိတ်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ကြိုးများဖြင့် သီကုံးထားသကဲ့သို့ တည်ရှိနေသော ပုတီးစေ့သဏ္ဌာန် ပုလဲလုံးကိုးခုကို ဂရုတစိုက် ထပ်မံ ကြည့်ရှုလိုက်သည်။

ပုလဲပုတီးစေ့ တစ်ခုချင်းစီသည် ရှုပ်ထွေးသော ပုံစံဖြင့် တည်ရှိနေပြီး တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ် လိမ်ယှက်နေသည့် ပါးလွှာသော ကောက်ကြောင်းများဖြင့် ဖွဲ့စည်းထားသည်။

သို့သော် တစ်ခုချင်းစီ သီးသန့်ခွဲခြား၍ လေ့လာကြည့်လျှင် ရှုပ်ထွေးခြင်း မရှိဘဲ သဘာဝအတိုင်း ရှိနေသကဲ့သို့ ထင်မှတ်ရသည်။

ချင်ယန် စိတ်ကို ဒုန်းဒုန်းချလိုက်တော့သည်။

သူက ထိုအရာဖြင့် ဝိညာဉ်စွမ်းအင်များကို အမှန်တကယ် ပိုမို စုပ်ယူနိုင်ပေတော့မည်။

ဝိညာဉ်စွမ်းအင် ကိုးခုစလုံးကို စုပ်ယူနိုင်တော့မည်မှာ လုံးဝ သေချာသလောက်ပင်။

ယခုမှစ၍ သူ၏ ခန္ဓာကိုယ်ကို ခက်ခဲပင်ပန်းစွာ လေ့ကျင့်ရန် မလိုအပ်တော့ဘဲ နေဝိညာဉ်စွမ်းအင် ကိုးခုစလုံးကို စုပ်ယူနိုင်ပေတော့မည်။

သူက စိတ်ဝိညာဉ်သွေးကြော ကိုးခု ပိုင်ဆိုင်သော ပါရမီရှင်ကဲ့သို့ ဝိညာဥ်စွမ်းအင် ကိုးမျိုးကို စုပ်ယူ အသုံးပြုနိုင်တော့မည်။

ချင်ယန်က အလွန်ပျော်ရွှင်နေပြီး နှလုံးသားသည် သွေးရူးသွေးတမ်းဖြင့် ပြင်းထန်စွာ ခုန်နေတော့သည်။

ထိုအပျော်သည် သူ၏ စိတ်ကိုသာမက သူ၏ တစ်ကိုယ်လုံးကိုပါ တုန်ယင်စေ၏။

မိဖုရားကြီးနှင့် အပေါင်းအပါများသည် သူ၏ စိတ်ဝိညာဉ်သွေးကြော လေးခုကို ဖျက်ဆီးခဲ့သော်လည်း လက်ကောက်ဝတ်သွေးကြောအတွင်းရှိ ဆန်းကြယ်သော ပုလဲပုတီးစေ့များကြောင့် သူ၏ ကံကြမ္မာသည် ပြန်လည် ကောင်းမွန်လာခဲ့ပြီ မဟုတ်ပါလား။

ချင်ယန်က စိတ်လှုပ်ရှားမှုကို မည်သူမှ မရိပ်မိစေရန် အသက်ခပ်ပြင်းပြင်းရှူရှိုက်၍ ထိန်းချုပ်လိုက်သည်။

နေကိုးစင်းကမ္ဘာကြီး၏ နေမင်းကိုးခုသည် တစ်ခုနှင့်တစ်ခု ကွဲပြားသော အရှိန်အဝါများဖြင့် ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။

စိတ်ဝိညာဉ်သွေးကြော ပိုများလေလေ၊ နေဝိညာဉ်စွမ်းအင်နှင့် ပို၍ ဆက်သွယ်နိုင်လေလေ ဖြစ်ကာ စွမ်းအင်ကို ပိုမို စုပ်ယူနိုင်မည် ဖြစ်သည်။

ချင်ယန်က အချိန်အနည်းငယ် အသုံးပြု၍ နေဝိညာဥ်စွမ်းအင် ကိုးခုကို တိတ်တဆိတ် စုပ်ယူလိုက်ရာ သူ၏ လက်မှ သွေးထွက်နေသော ဒဏ်ရာများသည် လျှင်မြန်စွာ သက်သာသွားခဲ့သည်။

ချင်ယန်သည် သူ့အခန်းသို့ပြန်၍ ပုလဲပုတီးစေ့ ကိုးခုကို အသုံးပြုကာ နေဝိညာဉ်ကိုးခု၏ စွမ်းအင်များကို စုပ်ယူရန် မအောင့်အီးနိုင်အောင် ဖြစ်နေမိသည်။

သူ၏ လက်အတွင်းရှိ ကံကြမ္မာဆုလဒ်ကို အချိန်ရှိသရွေ့ အသုံးချကာ စွမ်းအားများ ပြည့်ဝလာစေရန် ကြိုးစားရမည် မဟုတ်ပါလား။

ချင်ယန်က စားသောက်ပွဲရှိ လူအများ၏ မျက်စိရှေ့မှ ဖြတ်သန်းကာ သူ၏ အခန်းသို့ အမြန် ပြန်၍ အိပ်ရာထက်တွင် ထိုင်ချလိုက်သည်။

ထို့နောက် မျက်လုံးများကို မှိတ်၍ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဝိညာဥ်စွမ်းအားများကို စတင် စုပ်ယူလိုက်သည်။

နေဝိညာဉ်စွမ်းအင်ကိုးခုသည် လက်ကောက်ဝတ်ရှိ ပုလဲပုတီးကိုးလုံးကို ဖြတ်သန်း၍ စမ်းချောင်းငယ်လေး တစ်ခုပမာ စီးဝင်လာခဲ့သည်။

ထိုစွမ်းအင်စီးကြောင်းသည် သူ၏ ခန္ဓာကိုယ် အတွင်း၌ လှည့်လည်၍ ခြေလက်များရှိ အရိုးများကို အရောင် ကိုးမျိုးရှိသော အပ်များကဲ့သို့ ထိုးဆွနေခဲ့သည်။

ဝိညာဉ်စွမ်းအင်များသည် သူ၏ ကိုယ်တွင်း၌ များပြားလာပြီး အတူတကွ ပေါင်းစည်းသွားသော်လည်း ထိုစွမ်းအင်များကို ခန္ဓာကိုယ်အတွင်း၌ မသိုလှောင်နိုင်ခဲ့ချေ။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီးနောက်တွင်မူ ဝိညာဉ်စွမ်းအင်များသည် ချီစွမ်းအင် အဖြစ် ပြောင်းလဲသွားခဲ့ကာ သူ၏ ဒန်တျန် အတွင်းသို့ အတားအဆီးမရှိ ဒလဟော စီးဝင်သွားတော့သည်။

သိုင်းခန္ဓာနယ်ပယ်၏ ပထမသုံးဆင့်သည် ချီစွမ်းအင်များကို စုဆောင်းခြင်း ဖြစ်သည်။

ပထမအဆင့်သည် ချီစွမ်းအင် ချဉ်းကပ်ခြင်း သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအင် အာရုံခံမှုကို လေ့လာခြင်း ဖြစ်သည်။

ဒုတိယအဆင့်သည် စိတ်ဝိညာဉ်စွမ်းအင်များကို မိမိ၏ ကိုယ်အတွင်းသို့ ဝင်ရောက်စေပြီး ထိုစွမ်းအင်များကို မိမိ၏ အသား နှင့် သွေးများတွင် စွဲမြဲစေ၍ ခန္ဓာကိုယ်ကို သန်မာစေခြင်း ဖြစ်သည်။

တတိယအဆင့်သည် ချီစွမ်းအင် စုစည်းခြင်း ဖြစ်ပြီး သန့်စင်သော ချီစွမ်းအားများကို ခြေလက်များရှိ အရိုးများအတွင်း လှည့်လည်စေခြင်း ဖြစ်သည်။

ချင်ယန်သည် သိုင်းခန္ဓာ ဒုတိယအဆင့် ဖြစ်သည်။

ယေဘုယျအားဖြင့် တတိယအဆင့်ကို ချိုးဖျက် ဝင်ရောက်ရန် အချိန်များစွာ ကြာမြင့်ရုံသာမက အခက်အခဲများစွာကိုလည်း ကျော်ဖြတ်ရမည် ဖြစ်သည်။

တတိယအဆင့်၏ အဓိက သော့ချက်သည် များပြားသော စိတ်ဝိညာဉ်စွမ်းအင်များကို ကိုယ်အတွင်းရှိ ကြွက်သားနှင့် သွေးများ အတွင်း သန်မာစွာ လည်ပတ်နိုင်ရန် ဖြစ်သည်။

ယခင်က ချင်ယန်သည် စိတ်ဝိညာဉ်သွေးကြော တစ်ခုသာ ရှိ၍ နေတစ်စင်း၏ ဝိညာဉ်စွမ်းအင် တစ်မျိုးကိုသာ စုပ်ယူနိုင်ခဲ့သည်။

ယခုအခါ ချင်ယန်သည် လက်ကောက်ဝတ်ရှိ ပုလဲပုတီး ကိုးလုံးဖြင့် နေကိုးစင်း၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ခဲ့ချေပြီ။

ဝိညာဉ်စွမ်းအင် ကိုးမျိုးသည် သူ၏ ခန္ဓာကိုယ် အတွင်းသို့ လျှင်မြန်စွာ စီးဝင်လာပြီး အရေပြားနှင့် သွေးများအတွင်း ပျော်ဝင်သွားခဲ့ကာ သူ၏ ကြွက်သားများနှင့် အရိုးများကို မြန်ဆန်စွာ ကြီးထွား သန်မာသွားစေခဲ့၏။

မနက်စောစောအချိန်တွင် နေကိုးစင်းသည် မိုးကုပ်စက်ဝိုင်းမှ ဖြောင့်တန်းစွာ ထွက်ပေါ်လာခဲ့သည်။

၎င်းတို့၏ အပူရှိန်နှင့် အလင်းတန်းများသည် နေကိုးစင်းကမ္ဘာကြီး၏ မှောင်မိုက်ခြင်းနှင့် အေးခဲမှုများကို လွင့်ပျောက်သွားစေခဲ့သည်။

ပုလဲကိုးလုံးကို ဖြတ်၍ စွမ်းအင်စုဆောင်းခြင်းကို တစ်ညလုံး ပြုလုပ်ခဲ့ပြီးနောက် ချင်ယန် လှုပ်ရှားလာခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများ ဖွင့်လိုက်သည်။

ပုလဲကိုးလုံးသည် တံလျှပ်များကဲ့သို့ တလက်လက် တောက်ပနေ၏။

ထိုစွမ်းအင်များသည် ပြိုင်ဘက်ကင်း စွမ်းအင်များ ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေခဲ့သည်။

ချင်ယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအင်များသည် လက်မောင်း တစ်လျှောက် စီးဆင်းသွားခဲ့သည်။

သူက လေထုအတွင်းသို့ လက်သီးတစ်ချက် ပစ်ခွင်းလိုက်ရာ လေပြင်း အသေးစားလေး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ငါ အောင်မြင်သွားပြီ"

အဆုံးသတ်တွင် ချီစွမ်းအင် စုဆောင်းမှုသည် ချင်ယန်ကို သိုင်းခန္ဓာ တတိယ အဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။

ချင်ယန်၏ မျက်လုံးနှစ်ဖက်တွင် မျက်ရည်များပင် စိုစွတ်လာခဲ့၏။

အဆင့်တစ်ခုကို တစ်ညအတွင်း ချိုးဖျက်နိုင်ခဲ့သည့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီအဆင့် ပါရမီကို လျှို့ဝှက်ထားရပေမည်။

အနာဂတ်တွင် သန်မာသူတစ်ယောက် ဖြစ်လာသည်နှင့် မိဖုရားကြီး တို့ကို သေချာပေါက် လက်စားချေမည် ဖြစ်သည်။

သူ၏ ရှေ့ရေးကိုလည်း သေချာစဉ်းစားရန် လိုအပ်သည်။

မိဖုရားကြီးသည် သူ့ကို မျက်လုံးဒေါင့်ထောက် စောင့်ကြည့်ခိုင်းထားသည်။

"ငါ အခုကိစ္စကို ဖုံးကွယ်ထားရမယ်... ဒီနန်းတော်ကနေ ထွက်ခွာပြီး ငါ့ကိုယ်ငါ စောင့်ရှောက်ရမယ်... ပြီးရင် မိဖုရားကြီးတို့ အပေါင်းအပါတွေကို ငါ့လက်နဲ့ လက်စားချေမယ်"

အခန်း(၂) ပြီး၏

All Chapters