← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း(၃)

အိမ်ရှေ့မင်းသားအသစ်သည် စိတ်ဝိညာဉ်သွေးကြော ခြောက်ခု ပိုင်ရှင်ဖြစ်သည်။

သူက ရှန်ချင်အင်ပါယာ၏ သမိုင်းတွင် ပါရမီအရှိဆုံး မင်းသား ဟူ၍ သတ်မှတ်ခြင်းခံထားရ၏။

သို့သော် လက်ရှိ အနေအထားအရ ချင်ယန်သည်သာ ပါရမီအရှိဆုံး ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ လက်ကောက်ဝတ် အတွင်း၌ စိတ်ဝိညာဉ်သွေးကြော ကိုးခုနှင့် အလားသဏ္ဍာန် တူညီသည့် ဆန်းကြယ်သော ပုလဲပုတီး ကိုးလုံးကို ပိုင်ဆိုင်ထားသောကြောင့်ပင်။

ချင်ယန် ကဲ့သို့သော ပါရမီရှင်သည် စိတ်ကူးယဉ်ပုံပြင်များထဲတွင်သာ ရှိပေလိမ့်မည်။

အဖြစ်မှန်ကို မသိသော လူများ၏ အမြင်တွင်မူ ချင်ယန်သည် စိတ်ဝိညာဉ်သွေးကြော ခြောက်ခု ပိုင်ဆိုင်သော ပါရမီရှင်မင်းသားနှင့် အလွန်တရာ အလှမ်း ကွာဝေးနေခဲ့သည်။

ချင်ယန်က ခြံဝင်းတံခါးကို ဖွင့်လိုက်လျှင် သုတ်သီးသုတ်ပြာ ဖြစ်နေသော လူတစ်စုကို တွေ့လိုက်ရသည်။

ထိုလူများသည် အိမ်ရှေ့မင်းသား၏ အခန်းသို့ အပြေးအလွှား သွားရောက်၍ လက်ဆောင်များကို ပေးပို့နေကြခြင်းပင်။

အိမ်ရှေ့စံမင်းသားသည် မိုးကောင်ကင် အထွတ်အထိပ်ကျောင်းသို့ ပညာသင်ကြားရန် သွားရောက်မည် ဖြစ်သည်။

စင်စစ် ထိုလူအားလုံးသည် အိမ်ရှေ့မင်းသားကို မျက်နှာလို မျက်နှာရလုပ်၍ ၎င်းတို့အတွက် အကျိုးကျေးဇူးကို ရှာဖွေနေကြခြင်းသာ။

တစ်ချိန်က ချင်ယန် အိမ်ရှေ့စံ အဖြစ်ရှိစဥ်တွင်လည်း ထိုလူအားလုံးသည် သူ့ကို အလွန်အမင်း ဖော်လံဖားကာ မြောက်ပင့်ခဲ့ကြသည်။

လွန်ခဲ့သော ငါးနှစ်ခန့်က အိမ်ရှေ့စံနေရာ ရုပ်သိမ်းခံခဲ့ရပြီးနောက်တွင်မူ ထိုလူများသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ယခင်နှင့် ခြားနားစွာ သူ့ကို လှောင်ပြောင်ခဲ့ကြသည်။

ထိုလူများသည် မိဖုရားကြီးဘက်သို့ ပြောင်းရွှေ့သွားကာ သူ့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့ကြသည်။

ချင်ယန်သည် နောက်ပိုင်းတွင် ထိုလူများနှင့် မတွေ့ရန် ရှောင်တိမ်းခဲ့သည်။

ထိုအောက်တန်းကျသောလူများသည် မိမိတစ်ဘို့တည်းသာ ကြည့်တတ်ကြသည့် တစ်ကိုယ်ကောင်း သမားများသာ ဖြစ်၏။

အင်အားကြီးမားသူများအတွက် ထိုလူများသည် ပုရွက်ဆိတ် တစ်ကောင်လောက်ပင် တန်ဖိုးမရှိချေ။

ထိုသို့သောလူများ၏ စိတ်ဓာတ်နှင့် အကျင့်စရိုက်များကို ကိုယ်တွေ့ကြုံခဲ့ရသည့် ချင်ယန်သည် ပိုမိုသန်မာလာအောင် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

"အိမ်ရှေ့စံနေရာ.. ဘုရင့်အာဏာ.. ထီးနန်း.. ရာဇပလ္လင်.. ဘာတစ်ခုမှ ငါမမက်မောဘူး.. ဂရုလည်းမစိုက်ဘူး"

ချင်ယန်သည် ခြံတံခါးကို ပိတ်လိုက်ပြီး သူ၏ သေးငယ်လှသော ခြံဝင်းအတွင်းသို့ ပြန်ဝင်လာခဲ့သည်။

ချင်ယန် အတွက် လတ်တလော လိုအပ်နေသည်မှာ ချီပေါက်ကွဲမှုပညာရပ် ဖြစ်သည်။

ထိုပညာရပ်သည် ချင်ယန်အတွက် အရေးအကြီးဆုံး အကာအကွယ် ဖြစ်လာမည့် တိုက်ခိုက်ရေးပညာရပ် ဆိုလည်းမမှားပေ။

ချင်ယန်သည် သူ၏ ချီစွမ်းအားများကို လှည့်လည်၍ လက်မောင်းသို့ ပို့လွှတ်လိုက်ပြီး မြေကြီးပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း..."

ချီစွမ်းအားများသည် လက်သီးမှတဆင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူ၏လက်သီးမှ စီးထွက်လာသော အားအရှိန်ကြောင့် လေထုသည်ပင် လှိုင်းထန်သွားခဲ့သည်။

မြေကြီးပေါ်မှ သစ်ရွက်ခြောက်များသည် ပြင်းထန်သော လေအရှိန်ကြောင့် လွင့်ထွက်သွားကြပြီး မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီး တစ်ခုပင် ပေါ်လာခဲ့သည်။

ချီစွမ်းအင်ပေါက်ကွဲမှုပညာရပ်သည် ကိုယ်ခံပညာမတတ်မြောက်လျှင်ပင် အသုံးချနိုင်စွမ်းရှိသော ပညာရပ် ဖြစ်၏။

ဤပညာရပ်သည် လူတစ်ဦးချင်းစီ၏ စွမ်းအားများကို အဆမတန် မြင့်မားသွားစေပြီး သူ၏ အားနည်းသော ဝိညာဉ်စွမ်းအင်ဖြင့်ပင် ချီပေါက်ကွဲမှုပညာရပ်ကို အသုံးချနိုင်စွမ်းရှိသည်။

"ငါ့ရဲ့ ချီစွမ်းအားတွေကို အခုထက် သိပ်သည်းစေနိုင်ခဲ့ရင် ပိုပြီး အားကောင်းလာမယ်... ချီစွမ်းအား သိပ်သည်းမှုကို အသက်ဆယ်ရှိုက်စာ အချိန်အထိရအောင် ငါကြိုးစားရမယ်"

ချင်ယန်က အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်ထဲကနေ အချိန်မှတ်လိုက်၏။

အသက်ဆယ်ရှိုက်စာခန့် ကြာလျှင် သူ၏ဒန်တျန် တုန်ခါလာခဲ့သည်။

ချင်ယန်သည် ကိုယ်တွင်းရှိ ချီစွမ်းအင်များကို ချီစွမ်းအင်ပေါက်ကွဲမှု ပညာရပ်အတိုင်း စနစ်တကျ ထုတ်လွှတ်လိုက်ပြီး သူ၏ လက်သီးကို ကျောက်တုံးကြီး တစ်တုံး ထံသို့ ဦးတည်စေလိုက်သည်။

"ဝုန်း"

ကြင်နာမှု ကင်းမဲ့သော လက်သီးချက်သည် ကျောက်တုံးကြီးကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့သည်။

ကျောက်တုံးကြီးမှ လွင့်ထွက်လာသည့် သေးငယ်သော ကျောက်တုံး အစအနများသည် လေထုအတွင်း နေရာအနှံ့ လွင့်စင်သွားခဲ့သည်။

ချင်ယန်က သက်ပြင်း လေးပင်းစွာ ချလိုက်မိသည်။

သူ၏ မျက်နှာက သွေးဆုတ်ဖြူဖျော့နေခဲ့ပြိး လက်မောင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

သို့သော် ချင်ယန်၏ နှလုံးသားတွင်မူ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

သူက အလွန်စွမ်းအားကြီးသော ချီစွမ်းအင်ပေါက်ကွဲမှုကို လုပ်ဆောင်နိုင်ခဲ့ချေပြီ။

သူ၏ လက်သီးတွင် အနည်းဆုံး ပေါင်တစ်ထောင်ပမာဏ ရှိသော ခွန်အားပါဝင်နေ၏။

"ဟုတ်သားပဲ... မနေ့ညက တတိယအဆင့် သိုင်းခန္ဓာနယ်ပယ်ကို ရောက်သွားပြီဆိုတော့ ဝိညာဉ်မျှော်စင်ကို သွားပြီး ဆေးလုံးတွေ သွားယူလို့ရပြီ"

ချင်ယန်က မေ့လျော့နေခဲ့သည့် ကိစ္စကို ရုတ်တရက် သတိရသွားခဲ့သည်။

ရှန်ချင်အင်ပါယာတွင် အဆင့်သုံး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိသွားသည့် မင်းသား မင်းသမီးများသည် ဝိညာဉ်မျှော်စင်သို့ သွားရောက်၍ ချီစွမ်းအင်ဆေး ငါးလုံးကို တစ်ကြိမ် ရယူနိုင်ခွင့် ရှိသည်။

ချင်ယန်က အနည်းငယ် အနားယူပြီးနောက် ဝိညာဉ်မျှော်စင်သို့ ဦးတည် ထွက်လာခဲ့သည်။

နန်းတော်၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ဆေးသစ်ပင်ဥယျာဉ်သည် မြေဧက ဒါဇင်ပေါင်းများစွာ ကျယ်ဝန်း၍ ပတ်ပတ်လည်တွင် တံတိုင်းများဖြင့် ကာရံထားသည်။

ဆေးဝါးပေါင်းစုံရှိသော ဝိညာဉ်မျှော်စင် အဆောက်အအုံသည် ဥယျာဉ်၏ အလယ်တွင် တည်ရှိသည်။

ထိုအဆောက်အအုံတွင် အထပ်သုံးခု ရှိ၏။

ညင်သာစွာ လျှောက်လှမ်းလာသည့် ချင်ယန်သည် ဝိညာဉ်မျှော်စင် အဆောက်အအုံ ဝင်ပေါက်သို့ ရောက်ရှိလာသည်။

ဆေးသစ်ပင်ဥယျာဉ်အတွင်း၌ အစောင့်များစွာ ရှိနေသကဲ့သို့ ဝိညာဉ်မျှော်စင် တစ်ခုလုံးတွင်လည်း အစောင့်များစွာ ရှိနေခဲ့၏။

ထိုအစောင့်များသည် တစ်နှစ်လျှင် တစ်ကြိမ် ဝိညာဉ်စွမ်းအင် ဆေးလုံး တစ်လုံးကို ထုတ်ယူခွင့် ရှိကြသည်။

ဝိညာဉ်မျှော်စင်မှ အစောင့်များသည် ချင်ယန် ရောက်ရှိလာသည်ကို သတိပြုမိကြသော်လည်း ကြိုဆိုရန် ဝေးစွ၊ အသိအမှတ်ပြုသည့်အနေဖြင့် ဦးညွှတ် အရိုအသေပေးခြင်းမျိုးပင် မရှိကြပေ။

လူအများ၏အမြင်တွင် ချင်ယန်သည် မျှော်လင့်ချက် ကုန်ဆုံးနေသူ တစ်ဦးမျှသာ ဖြစ်သည်။

ယင်းအပြင် ထိုမင်းသားသည် နောက်ဆယ်ရက် ကြာလျှင် ရှေ့တန်းသို့ သွား၍ အမှုထမ်းရတော့မည် ဖြစ်၏။

ထိုမင်းသားကို အင်ပါယာ မိသားစုမှ စွန့်ပစ်လိုက်ပြီ ဖြစ်ရာ ဘယ်သောအခါမှ ပြန်လည် တိုးတက်ရန် အခွင့်အရေး မရှိတော့ချေ။

ချင်ယန်သည် သူ့ကို အစောင့်များက မထီလေးစားပြုနေကြောင်း ခံစားမိလိုက်သည်။

သူက ဒေါသစိတ်များ ထောင်းကနဲ ဖြစ်ပေါ်လာသော်လည်း စကားတစ်ခွန်းမှ မပြောချေ။

ဤနှစ်များအတွင်း ယခုလို ဖြစ်ရပ်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့၍ သူ့အတွက် အရေထူနေခဲ့ချေပြီ။

သူက မင်းသားတစ်ပါး ဖြစ်သော်လည်း လူများစွာ စီတန်းကြိုဆိုခြင်းကို မခံယူခဲ့ရပေ။

ချင်ယန်က ပထမထပ်၏ ဝင်ပေါက်သို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

ဆေးဖြန့်ဖြူး ရောင်းချသည့် နေရာတွင် တာဝန်ယူထားသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။

ချင်ယန်ကို လှမ်းမြင်လိုက်ရလျှင် သူ၏ မျက်ဝန်း၌ အထင်သေးသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထို့နောက် လေသံ ခပ်ပြတ်ပြတ်ဖြင့် မေးလိုက်သည်။

"မင်းသားငါး.. ဒီနေရာကို ဘာလာလုပ်တာလဲ"

မျက်နှာဝိုင်းဝိုင်းနှင့် သက်လတ်ပိုင်း အရွယ်လူသည် မိဖုရားကြီး၏ လူယုံတစ်ယောက် ဖြစ်သည်။

ယခုအချိန်တွင် နန်းတော်အတွင်း၌ မိဖုရားကြီး၏ ဩဇာအာဏာသည် အလွန် ကြီးမားနေခဲ့ပြီး သူမ၏ ခွေးတစ်ကောင်ကဲ့သို့ သစ္စာရှိ ကျွန်ယုံများ နေရာအနှံ့တွင် ရှိနေခဲ့သည်။

ချင်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ချီစွမ်းအင်ဆေးလုံး ရယူဖို့အတွက် ငါဒီနေရာကို လာခဲ့တာပါ"

"မင်းသားက အဆင့်နှစ် သိုင်းခန္ဓာနယ်ပယ်မှာပဲ ရှိသေးတာ မဟုတ်လား.. ဒီကိုလာပြီး အာရုံလာမနောက်ပါနဲ့"

မျက်နှာဝိုင်းဝိုင်းနှင့်လူက လှောင်လိုက်သည်။

"လွန်ခဲ့တဲ့ ငါးနှစ်ကလို မင်းကိုယ်မင်း အိမ်ရှေ့မင်းသား ထင်နေတာလား... တကယ့် အိမ်ရှေ့မင်းသားက လူတွေ ကြားထဲက စစ်မှန်တဲ့နဂါးကွ.. မိုးကောင်းကင်ရဲ့ သားတော်ပဲ"

မျက်နှာဝိုင်းဝိုင်းနှင့်လူက ချင်ယန်ကို နှိမ့်ချ လှောင်ပြောင်လိုက်သည်။

သို့သော် ထိုလူသတိမပြုမိခင် အခိုက်အတန့်မှာပင် ချင်ယန်၏ သေးသွယ်သောလက်သည် အလွန်သန်မာစွာဖြင့် ထိုလူ၏ လည်ပင်းကို ဝံပုလွေတစ်ကောင် ကိုက်ခဲလိုက်သကဲ့သို့ ချုပ်ကိုင်ထားလိုက်ပြီ ဖြစ်သည်။

"ဘန်း"

ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ချင်ယန်က မျက်နှာဝိုင်းဝိုင်းနှင့်လူကို ကိုင်ပေါက်လိုက်သည်။

ထို့နောက် သူက ထိုလူ၏ ဖောင်းအစ်နေသော မျက်နှာပေါ်သို့ ခြေထောက်ဖြင့် ဖိနင်းထားရင်း သေဒဏ်ချမှတ်ခါနီး တရားသူကြီးတစ်ဦး၏ လေသံဖြင့် ကြုံးဝါးလိုက်သည်။

"မင်းလို ခွေးသာသာ ကျွန်တွေရဲ့ခေါင်းထဲမှာ မသေမချင်း မှတ်ထားလိုက်... ငါက အိမ်ရှေ့မင်းသား မဟုတ်တောင်မှ... နံပါတ်ငါးမင်းသား ဖြစ်နေဆဲပဲ.. မင်းလို ခွေးကျွန်တွေက ငါ့ကို လေးလေးစားစား ဆက်ဆံသင့်တယ်.. မင်းမှာ ဘာ အစွမ်းအစတွေ ရှိနေလို့ ငါ့ရှေ့မှာ မောက်မာပြနေတာလဲ"

"ဘယ်အရာရှိက မင်းလို ကျွန်စုတ်ကို မွေးထားတာလဲ... မြို့တော်အတွင်းမှာ အနိုင်ကျင့်တာကို တားမြစ်ထားပေမဲ့ ငါက မင်းလို ခွေးကျွန်တစ်ကောင်ကို သတ်လိုက်ရင်တောင်မှ ဘာအကျိုးဆက်မှ ဖြစ်လာမှာ မဟုတ်ဘူး"

ချင်ယန်၏ စွမ်းအားကို မြင်လိုက်ကြသော အစောင့်များအားလုံး အထိတ်တလန့် ဖြစ်သွားကြသည်။

သူတို့က ချင်ယန် ချီစွမ်းအင် အသုံးပြုလိုက်သည်ကို မြင်လိုက်ကြ၏။

အဆင့်သုံး သိုင်းခန္ဓာနယ်ပယ်မှသာ ချီစွမ်းအင်များကို အပြင်သို့ ထုတ်လွှတ်နိုင်သည်။

ယင်းကြောင့် ချင်ယန်က သိုင်းခန္ဓာ တတိယအဆင့်သို့ ရောက်ရှိခဲ့မှန်း ထင်ရှားနေခဲ့သည်။

မျက်နှာဝိုင်းဝိုင်းနှင့်လူအတွက် သင်ခန်းစာ ကြီးကြီးမားမား ရသွားခဲ့ချေပြီ။

ချင်ယန်သည် သိုင်းခန္ဓာ တတိယအဆင့်မှန်း သေချာနေပြီ ဖြစ်ရာ လျှင်မြန်စွာပင် မြေကြီးနှင့်ခေါင်း ထိကပ်လုမတတ် အရိုအသေ ပြုလိုက်တော့သည်။

"မင်းသားငါး အတွက် ချီစွမ်းအင်ဆေးလုံးတွေကို အခုချက်ချင်း ယူပေးပါ့မယ်"

ထိုလူက အခန်းတစ်ခုထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့သည်။

ယင်းနောက် ချင်ယန် ရှိရာသို့ ချီစွမ်းအင်ဆေးလုံး ငါးလုံကို ယူဆောင်လာပြီး လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်လိုက်သည်။

အခြားအစောင့်များသည်လည်း သူတို့၏ ဦးခေါင်းများကို ညွှတ်၍ ချင်ယန်အား အရိုအသေပေးလိုက်ကြ၏။

ချင်ယန်သည် အဆင့်သုံး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ၏ ကိုယ်မှ အားကောင်းသော ဆွဲဆောင်မှုအရှိန်တစ်ခု ထွက်ပေါ်နေခဲ့သည်။

စွမ်းအားကြီးမားသော ခွန်အားကို ပိုင်ဆိုင်မှသာ လူအများ၏ လေးစားခြင်းကို ရရှိပြီး အားနည်းခဲ့လျှင် လူယုတ်မာများ၏ မောက်မာစွာ ဆက်ဆံခြင်းကို ခံရမည်မှာ နိယာမပင်။

ချင်ယန်က ဆေးလုံးများကို ယူပြီးသည်နှင့် ဆေးဥယျာဉ်၏ အဝင်လမ်း အတိုင်း ပြန်လည် ထွက်ခွာလာခဲ့သည်။

ယင်းအချိန်တွင် သူ၏ရှေ့မှ လူငယ်စုံတွဲ တစ်တွဲ လျှောက်လှမ်းလာခဲ့သည်ကို မြင်လိုက်ရသည်။

ခန့်ညားသော လူငယ်တစ်ဦးနှင့် လှပချောမောသော မိန်းမပျိုလေးတစ်ဦးတို့သည် ချင်ယန်နှင့် မျက်နှာချင်းဆိုင်မှ လျှောက်လှမ်းလာခဲ့ကြသည်။

ထိုနှစ်ယောက်သည် တန်ဖိုးကြီးမားသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အပြုံးကိုယ်စီနှင့် လွန်စွာ ကြည်နူးနေကြ၏။

"ဝိုး.. ဘယ်လိုကြောင့် ချင်ယန် ဖြစ်နေတာလဲ... ဆယ်ရက်ပြည့်ရင် ရှေ့တန်းသွားရတော့မှာ ဆိုတော့ မင်းကိုယ်မင်း သတ်သေဖို့တောင် ပြင်ဆင်နေပြီလို့ ငါထင်နေတာ"

ထိုလူငယ်သည် အနီရောင်တွင် ရွှေရောင် အနားကွပ်များ ပါသည့် တောက်ပသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူက အထင်သေးသော အမူအရာဖြင့် ချင်ယန်ကို ပြုံး၍ ပြောလိုက်ခြင်း ဖြစ်သည်။

သူက စတုတ္ထမင်းသား ဖြစ်ပြီး အမည်မှာ ချင်ရှန်ယိ ဖြစ်သည်။

ထို့ပြင် လက်ရှိ အိမ်ရှေ့မင်းသား၏ ညီအရင်းလည်း ဖြစ်သည်။

သူက သိုင်းခန္ဓာ အဆင့်လေးကို မကြာသေးမီက ရောက်ရှိခဲ့၍ ဆေးလုံး ထုတ်ယူရန်အတွက် ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

မင်းသားလေး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်သော အစောင့်များသည် ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။

မျက်နှာဝိုင်းဝိုင်းနှင့်လူက အဆောက်အအုံ အတွင်းမှ ဒုန်းစိုင်းပြေးလာကာ ကြိုဆိုလိုက်၏။

ချင်ယန်သည် ချင်ရှန်ယိအား ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါက ကိုယ့်ကိုယ်ကိုယ် သတ်သေရလောက်အောင်အထိ သတ္တိမနည်းသေးဘူး... ငါက သိုင်းခန္ဓာ အဆင့်သုံးကို ရောက်သွားလို့ ဆေးလုံး လာထုတ်တာပဲ"

ထိုစကားကို ပြောပြီးနောက် သူက ချင်ရှန်ယိဘေးမှ မိန်းမပျိုလေးကို ကြည့်လိုက်သည်။

ထိုမိန်းမပျိုလေးသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နုပျိုလှပနေ၏။

ထို့ပြင် သူမ၏ ယဉ်ကျေးသိမ်မွေ့သော ဟန်အမူအရာလည်း ရှိသည်။

သူမ၏ အမည်မှာ ယုရန်ယွင်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးယု၏ သမီး ဖြစ်ပြီး ချင်ယန်၏ ကစားဖော် ဖြစ်ခဲ့ဖူးသည်။

ယခုအခါ သူမ၏အသက်က ၁၆ နှစ်ရှိနေပြီ ညှို့ယူနိုင်စွမ်းအပြည့်ရှိသည့် အလှပိုင်ရှင်တစ်ပါး ဖြစ်နေခဲ့ချေပြီ။

အခန်း(၃) ပြီး၏

All Chapters