← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း(၅)

"နင် လုပ်ရဲလား... သူက မိဖုရားကြီးရဲ့ သား.. အနာဂတ် ငါ့ခင်ပွန်းလောင်းပဲ"

ယုရန်ယွင်သည် ဘေးတွင် ရပ်နေရာမှ ကမန်းကတမ်း အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

သူမသည် ယခင်အချိန်များတွင် မိမိအား "အစ်ကိုယန်"ဟု ခေါ်ရာမှ ယခုအခါတွင်မူ ရိုင်းပြစွာ ပြောဆိုနေခဲ့သည်။

ချင်ယန်က သရော်သော လေသံဖြင့် ပြောလိုက်သည်။

"ငါက ဆယ်ရက် အတွင်း စစ်တပ်ထဲ ဝင်ရတော့မှာ.. ငါသွားတယ် ဆိုတာက သေဖို့သွားတာပဲ.. မင်းတို့ကိုလည်း သေရွာကို မခေါ်သွားရဲစရာ အကြောင်းမရှိဘူး"

ထိုစကားသည် သံသယဖြစ်ရန် မလိုသော စကား ဖြစ်သည်။

သူ့အား အတင်းအကျပ် ဖိအားပေးကာ စစ်တပ်ထဲတွင် အမှုထမ်းစေ၍ ရှေ့တန်း စစ်မျက်နှာသို့ ပို့ဆောင်ရန် ကြံစည်ထားခြင်းသည် သူ့ကို သေတွင်းထဲ ပို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့ဖြစ်ရာ ချင်ယန်အတွက် သေမထူးနေမထူး ဖြစ်နေ၍ မလုပ်ဝံ့သည့်အရာ မရှိကြောင်း သိနိုင်ပေသည်။

"ချင်... "

ပြန်လည်ချေပရန် ကြိုးစားလိုက်သော ယုရန်ယွင်၏ စကားလုံးများသည် ချင်ယန်၏ အေးစက်၍ ခံစားချက်ကင်းမဲ့သော အကြည့်ကြောင့် ရပ်တန့်သွားခဲ့ရသည်။

သူမ၏ မျက်နှာက သွေးဆုတ်ဖြူဖျော့သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားမိသည်။

ချင်ယန် ထံမှ လူသတ်ငွေ့ကို ခံစားလိုက်ရခြင်းကြောင့်ပင် ဖြစ်သည်။

ချင်ယန်က ချင်ရှန်ယိ၏ လည်ပင်းကို ခပ်တင်းတင်း ညှစ်လိုက်၏။

"ငါ့ကို ဝိညာဉ်စွမ်းအင်ဆေး ပေးစမ်း.. ဒါမင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ"

ချင်ရှန်ယိ၏ လည်ပင်းက အားအပြည့်ဖြင့် ခိုင်မာစွာ ဖျစ်ညှစ်ခြင်း ခံထားရသည်။

သူ၏ မျက်နှာတွင် နာကျင်မှုကို ခါးသီးစွာ ခံစားနေရဟန်များ ပေါ်လွင်နေခဲ့သည်။

ပတ်ဝန်းကျင်တွင် အစောင့် အများအပြား ရှိသော်လည်း မိုက်ရူးရဲဆန်ကာ ဝင်ရောက်ကယ်တင်ခြင်း မပြုရဲကြပေ။

ချင်ရှန်ယိသည် ခံနိုင်ရည် မရှိတော့သည့် အတွက် ခေါင်းညိတ် သဘောတူလိုက်ပြီး ဆေးဖြန့်ဖြူး ရောင်းချရေး တာဝန်ခံ ဖြစ်သည့် မျက်နှာဝိုင်းဝိုင်းနှင့် လူကို လှမ်းကြည့်လိုက်သည်။

သူက ခက်ခဲပင်ပန်းစွာဖြင့် ပြောလိုက်သည်။

"မြန်မြန် သူ့ကို ပေးလိုက်လေ"

မျက်နှာဝိုင်းဝိုင်းနှင့် လူသည် တုန်လှုပ်နေသည့် စိတ်ကို ထိန်းချုပ်ကာ ဝိညာဉ်စွမ်းအင် ဆေးလုံး ဆယ့်ငါးလုံးကို ချင်ယန် ထံသို့ ပေးအပ်လိုက်၏။

ချင်ရှန်ယိသည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိခဲ့သည့် အတွက် ဝိညာဉ်စွမ်းအင် ဆေးလုံး ဆယ့်ငါးလုံးကို ဆုချီးမြှင့် ခံခဲ့ရသည်။

သို့သော် ချင်ယန်သည် ထိုဆေး အားလုံးကို လုယူသွားခဲ့ချေပြီ။

ချင်ယန်သည် ဆေးလုံးများကို ရရှိပြီးနောက်တွင် ချင်ရှန်ယိ၏ လည်ပင်းကို ဖျစ်ညှစ်ထားရာမှ လွှတ်ပေးလိုက်သည်။

ထို့နောက် ယုရန်ယွင်ကို ကြည့်၍ ခနဲ့လိုက်၏။

"မင်းက ဒီလို တန်ဖိုးမရှိတဲ့ကောင်ရဲ့ ကြင်နာမှုကို လိုချင်နေတာပဲ.. နင့်လို ကျေးဇူးကန်း အတွက်တော့ ဘယ်လိုလူမျိုးဖြစ်ဖြစ် ချမ်းသာပြီး အာဏာရှိရင် ကုတင်ပေါ်ခုန်တက်မှာပဲ.. ဟက်.. တန်ရာတန်ရာ ပေါင်းဖက်ကြတာ မဆန်းပါဘူး"

ချင်ယန်သည် စိတ်ထဲရှိသမျှ ပြောပြီးလျှင် နောက်သို့ တစ်ချက်မျှ လှည့်မကြည့်ဘဲ ကျောခိုင်း ထွက်ခွာသွားခဲ့သည်။

ချင်ယန်၏ မည်သူ့ကိုမှ အရေးမစိုက်ဘဲ မာနကြီးစွာ ထွက်ခွာသွားသည့် မြင်ကွင်းသည် ထိုနေရာတွင် ရှိသော လူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အဆင့်သုံး သိုင်းခန္ဓာနယ်ပယ် ဖြစ်သော ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေသည့် ချင်ရှန်ယိအား သနားစရာကောင်းစွာ ရိုက်နှက်၍ အနိုင်ယူသွားမည်ဟု မည်သူကမှ မမျှော်လင့်မိချေ။

ယုရန်ယွင်က သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။

ထို့နောက် အနားမှ အစောင့်များ၏ အကူအညီဖြင့် ချင်ရှန်ယိကို ခေါ်ဆောင်သွားခဲ့၏။

ချင်ယန်သည် ဝိညာဉ်မျှော်စင် အဆောက်အအုံမှ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည်။

သူက ဝိညာဉ်စွမ်းအင် ဆေးလုံး ဆယ့်ငါးလုံးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ဆယ်ရက်အတွင်း ဟွာလင်းဝုကျောင်းရဲ့ ကျောင်းသားသစ် ရွေးချယ်လက်ခံမယ့်သူတွေ လာလိမ့်မယ်.. သူတို့က အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကိုပဲ ရွေးချယ်မှာ.. ငါက သိုင်းခန္ဓာ အဆင့်သုံးမှာပဲ ရှိသေးတယ်... ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် အမြန်ဆုံး လေ့ကျင့်မှဖြစ်မယ်"

"ဟွာလင်းဝုကျောင်းကို ဝင်ရောက်နိုင်ဖို့ အရေးကြီးတယ်... တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ရောက်မှ ငါ သိုင်းပညာကို ကြိုးစား လေ့လာသင်ယူနိုင်မယ်... ဒီဆေးလုံးတွေက ဝိညာဉ်စွမ်းအင်တွေ အများကြီး ပါဝင်နေတဲ့ ဝိညာဉ်စွမ်းအင် ဆေးလုံးတွေပဲ.. ဆေးလုံး အကူအညီယူပြီး ဒီအဆင့်ကို အမြန်ဆုံး ကျော်ဖြတ်နိုင်အောင် လုပ်ဆောင်ရမယ်"

သူက ဒန်တျန်အတွင်းရှိ ယွမ်စွမ်းအားများကို ကျစ်လစ်သိပ်သည်းစေရန် ပြုလုပ်၍ အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိအောင် အားထုတ်ရပေမည်။

ယွမ်စွမ်းအင် အတွင်း၌ ပမာဏကြီးမားသော ချီစွမ်းအား အမြောက်အများကို သိုလှောင်ထားနိုင်ပြီး တစ်ချိန်တည်းမှာပင် ချီစွမ်းအားများကို သန့်စင်စေရန် ပြုလုပ်နိုင်၏။

ချီစွမ်းအားများကို သိပ်သည်းစွာ ထားသိုနိုင်ရန်အတွက် ပထမဦးစွာ ခန္ဓာကိုယ်ထဲသို့ ပမာဏကြီးမားသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူရမည် ဖြစ်သည်။

ဆိုရလျှင် ဒန်တျန်အတွင်း၌ ပမာဏကြီးမားသော ဝိညာဉ်စွမ်းအင်များကို သိုလှောင်ထားပြီးမှ ချီစွမ်းအင်များကို သိပ်သည်းနိုင်မည် ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်သွေးကြော အများအပြား ပိုင်ဆိုင်သူများပင် ထိုသို့ ပြုလုပ်ရန် မလွယ်ကူပေ။

ချင်ယန်သည် ဆေးလုံးများကို အသုံးပြုပြီး ဝိညာဉ်စွမ်းအင် ကိုးမျိုးအား ကိုယ်တွင်း၌ စုဆောင်းရန် ကြိုးပမ်းခဲ့သည်။

သူ၏ ဆန်းကြယ်သော ပုလဲပုတီးစေ့ ကိုးလုံးကနေ နေကိုးစင်း၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ခဲ့၏။

ထို့ကြောင့် ဆေးလုံးတွင် ပါဝင်သော ဝိညာဉ်စွမ်းအင် ကိုးမျိုးကို အာရုံခံနိုင်သည့် အပြင် ထိုစွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။

စိတ်ဝိညာဉ်သွေးကြော ခြောက်ခုရှိသူသည် ချီစွမ်းအင်ဆေးလုံးမှ စွမ်းအင် ခြောက်မျိုးကို စုပ်ယူနိုင်မည် ဖြစ်သည်။

ချင်ယန်အတွက်မူ စွမ်းအင်ကိုးမျိုးလုံးကို စုပ်ယူနိုင်ခဲ့၏။

ဤနေရာတွင် စိတ်ဝိညာဉ်သွေးကြောများ၏ အရေးပါမှုသည် သိသိသာသာ ပေါ်လွင်နေခဲ့သည်။

စိတ်ဝိညာဥ်သွေးကြော တစ်ခု ပို၍ ပိုင်ဆိုင်သူသည် စွမ်းအင်တစ်မျိုး ပိုမို၍ စုပ်ယူနိုင်ပေရာ အချိန်ကြာလာသည်နှင့်အမျှ အစွမ်းအစ ပိုမို မြင့်မားလာမည် ဖြစ်သည်။

အချိန်များ ကုန်ဆုံးလာခဲ့သည်။

ချင်ယန်သည် နေ့စဉ်ရက်ဆက် ဆေးလုံးများကို အသုံးပြု၍ ဝိညာဉ်စွမ်းအင်များကို စုဆောင်းခဲ့သည်။

သူ၏ ကိုယ်တွင်းရှိ မူလစွမ်းအင်များနှင့် ပေါင်းစပ်ကာ ချီစွမ်းအင်များကို ဖြစ်ပေါ်စေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက် ကုန်ဆုံးသွားခဲ့၏။

ချင်ယန်၏ ဒန်တျန်အတွင်း၌ သန့်စင်၍ အားကောင်းသော ချီစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ချေပြီ။

ထိုအရာသည် ရွှေရောင်ဝင်းလက် တောက်ပနေသော လေမုန်တိုင်းကြီး တစ်ခုပမာ သူ၏ ဒန်တျန်အား ပြည့်ဝ ဖောင်းကားနေစေခဲ့သည်။

သေးငယ်သော ဝဲဂယက် တစ်ခုသည် သူ၏ ဒန်တျန် အတွင်းပိုင်းတွင် ဖြစ်ပေါ်လာကာ အဆက်မပြတ် လည်ပတ်နေပြီး ချီစွမ်းအင်များကို ထိန်းချုပ်နေခဲ့သည်။

တစ်ခဏအတွင်း ချင်ယန်၏ ဝမ်းဗိုက်အတွင်း၌ အလွန် ပူပြင်းလာခဲ့ပြီး နာကျင်သော ခံစားချက် တစ်ခုက ရုတ်တရက် ဖိစီးနှိပ်စက်လာခဲ့သည်။

သို့သော် ချင်ယန်သည် အလွန် ပူလောင်သော နာကျင်မှုကို ကြံ့ကြံ့ခံ၍ ဒန်တျန်အတွင်းရှိ ရွှေရောင် တောက်ပနေသော လေမုန်တိုင်းကြီး ထံသို့ အဆက်မပြတ် ပို့ဆောင်လိုက်သည်။

နာကျင်မှုက အဆက်မပြတ် ထိုးနှက်နေခဲ့၏။

နေမင်းကြီးသည် ကောင်းကင်ယံထက်တွင် ပေါ်ထွန်းလာခဲ့သည်။

ယနေ့သည် ချင်ယန်အဖို့ စစ်တပ်နှင့် ဆက်သွယ်ရမည့်နေ့ ဖြစ်သည်။

ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့လျှင် စစ်တပ်သို့ ဝင်ရောက်ရပေတော့မည်။

ထိုခဏဝယ် ချင်ယန်သည် ဝိညာဥ်စွမ်းအင် ကိုးမျိုးကို သူ၏ ကိုယ်တွင်းသို့ စုပ်ယူလိုက်သည်။

ရုတ်တရက် ချင်ယန်၏ ခန္ဓာကိုယ်တွင် မှေးမှိန်သော ရွှေရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးတွင် မွေးညှင်းပေါက်များမှ စိမ့်ထွက်လာသော ချွေးများဖြင့် ရွှဲရွှဲစိုသွားခဲ့သည်။

ထိုအချင်းအရာသည် ကိုယ်တွင်းရှိ သိပ်သည်းသော သဘာဝစွမ်းအင်များ တွန်းကန် ထွက်ပေါ်လာခြင်းပင်။

နံနက်စောစော နေရောင်ခြည်သည် ဖွင့်ထားသော ပြတင်းပေါက်မှ တစ်ဆင့် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ချင်ယန်၏ ကိုယ်မှ တဖျစ်ဖျစ် အသံများ မြည်နေပြီး ရွှေရောင် အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။

ထိုအခိုးအငွေ့များသည် စမ်းချောင်းငယ်လေး တစ်ခုပမာ စီးဆင်းသွားပြီး အခန်းအတွင်းရှိ လေထုအတွင်း ရောက်ရှိသွားကာ အခန်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

"နောက်ဆုံးတော့ ငါ့ရဲ့ ယွမ်စွမ်းအင်ကို သိပ်သည်းအောင် လုပ်နိုင်ခဲ့ပြီ.. ငါအခု အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီ"

ချင်ယန်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

သူက စစ်တပ်နှင့် မတွေ့ဆုံမီ အဆင့်ကျော်ဖြတ်နိုင်ခဲ့ပြီ ချေပြီ။

ချင်ယန်က ဝမ်းသာစွာဖြင့် ရယ်မောလိုက်သည်။

ထို့နောက် သူက နန်းတွင်းသို့ ထွက်ခွာလာခဲ့သည်။

-------------------

လွန်ခဲ့သော ရက်အနည်းငယ်က နန်းတွင်း အကြီးအကဲများသည် ချင်ယန်က ချင်ရှန်ယိကို ရိုက်နှက်၍ ချီစွမ်းအင်ဆေးလုံးများ လုယူသွားသည့်ကိစ္စနှင့် ပတ်သက်၍ အရေးယူရန် ဆွေးနွေးခဲ့ကြသည်။

လူအများ၏ ယူဆချက်အရ ချင်ယန်သည် ဆယ်ရက် ကုန်ဆုံးပြီးနောက် စစ်တပ်သို့ ဝင်ရောက် အမှုမထမ်းချင်၍ မိဖုရားကြီး စေလွှတ်ခြင်း မပြုရန် တမင် အကြောင်းရှာခြင်းဟု ယူဆကြသည်။

ထို့ပြင် ဧကရာဇ်သည် ချင်ယန်၏ နောက်ဆုံး ဆယ်ရက်၌ အင်ပါယာ အတွင်း ငြိမ်းချမ်းစွာ နေနိုင်ရန်အတွက် မည်သူမှ မနှောင့်ယှက်ရန် တားမြစ်ခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သည်။

နန်းတော်၏ တစ်နေရာရှိ ကျယ်ဝန်းသော မြေကွက်လပ် တစ်ခု၌ လူအများ ဆူညံစွာ လှုပ်ရှားနေကြသည်။

ယနေ့တွင် နန်းတော်အတွင်းသို့ အများပြည်သူများ ဝင်ထွက်နိုင်ရန် ခွင့်ပြုပေးထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စစ်တပ်သို့ ဝင်ရောက် အမှုထမ်းလိုသူများအတွက် ဤနေရာတွင် စာရင်းပေးရမည် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် အလိုက် ရာထူးများ ခန့်အပ်ပေးသွားမည် ဖြစ်သောကြောင့်ပင်။

မြေကွက်လပ်၏ တောင်ဘက်ခြမ်းတွင်မူ လူအရေအတွက် ပိုမိုများပြားနေခဲ့သည်။

အကြောင်းရင်းမှာ ဟွာလင်းဝုကျောင်း၏ ဆရာများသည် ဤနေရာတွင် ကျောင်းသားသစ်များ ရွေးချယ်ကြမည်ဟု သတင်းရထားခြင်းကြောင့် ဖြစ်သည်။

အမည်စာရင်းပေးရန်အတွက် လူအများသည် တန်းစီ စောင့်ဆိုင်းနေခဲ့ကြ၏။

မြေကွက်လပ်၏ အရှေ့ဘက်ပိုင်း။

ထိုနေရာတွင် ရှိသော လူများသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြ၏။

ဤနေရာသည် စစ်တပ်သို့ ဝင်ရောက် အမှုထမ်းရမည့် မင်းသား၏ အခမ်းအနားလည်း ဖြစ်၍ မည်ကဲ့သို့ ခုခံတွန်းလှန်မည်ကို စိတ်ဝင်စားနေကြသည်။

မြေကွက်လပ်၏ အရှေ့ဘက်တွင် ရပ်နေသော ချင်ယန်ကို ကော်ဇောနီ ပေါ်တွင် နေရာယူထားသော မူးမတ်အချို့က စိတ်ပျက်စွာ ကြည့်နေခဲ့ကြသည်။

သူတို့၏ အမြင်တွင် သနားစရာ ထိုသတ္တဝါလေးသည် အသက် ဆယ့်ငါးနှစ်ဖြင့် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ မည်သည့်နည်းနှင့်မှ မရောက်နိုင်ဟု ယူဆထားကြ၏။

မင်းသား၏ စစ်တပ်သို့ ဝင်ရောက် အမှုထမ်းမည့်ပွဲကို ခမ်းနားစွာ ပြင်ဆင်ထားသည်။

မည်သို့ပင်ဖြစ်စေ မင်းသားတစ်ပါး၏ ဂုဏ်သိက္ခာအရ ထိုက်သင့်သော အပြင်အဆင်နှင့် လျော်ညီစွာ ပြုလုပ်ရပေလိမ့်မည်။

သို့သော် မည်မျှ ခမ်းနားစွာ ပြင်ဆင်ထားစေကာမူ မင်းသားတစ်ပါး အနေဖြင့် ပျော်ရွှင်မည် မဟုတ်ချေ။

"စိတ်မပူကြနဲ့... အရင် အိမ်ရှေ့မင်းသား ချင်ယန်ကလည်း မင်းတို့နဲ့ တူတူ ရှေ့တန်းကို သွားရမှာ"

ဘေးနားရှိ လူအုပ်အတွင်းမှ လူတစ်ယောက်၏ ပြက်ရယ်ပြု၍ ပြောလိုက်သည်။

အိမ်ရှေ့မင်းသား ဖြစ်ခဲ့ဖူးသော ချင်ယန်၏ ပုံရိပ်သည် မြင့်မားခဲ့သော်လည်း အစွမ်းအစ အလွန်အားနည်းသည့်အတွက် ယခုအခါ စစ်တပ်သို့ ပို့ဆောင်ခြင်းခံရပေတော့မည်။

ဤသည်က တော်ဝင်မိသားစု၏ ကြင်နာမှု ကင်းမဲ့သော လုပ်ရပ်တစ်ခုပင်။

ချင်ယန်သည် ကော်ဇောနီ၏ ဘေးတွင်သာ မတ်တပ်ရပ်နေပြီး ကော်ဇောနီ၏ အလယ်သို့ ဝင်ရောက်ခြင်း မရှိချေ။

"သူဘာလုပ်နေတာလဲ"

ယင်းအခြေအနေက လူအများကို ပဟေဠိ ဖြစ်စေခဲ့၏။

လူအမြောက်အများ တင်ဆောင်လာသော ရွှေရောင်ရထားလုံး တစ်စင်း ရောက်ရှိလာခဲ့သည်။

ရထားလုံး ပေါ်ကနေ အမျိုးသမီးငယ်များ ဆင်းလာကာ ရှေ့နောက် တန်းစီ၍ ရပ်နေကြ၏။

ထိုသူများသည် မိဖုရားခေါင်ကြီး၏ အစေခံများ ဖြစ်ကြသည်။

အသက်အရွယ် ကြီးရင့်သော ဘဏ္ဍာထိန်း အိုကြီးတစ်ဦးသည် ဤအခမ်းအနားသို့ တက်ရောက်လာခဲ့သည်။

မိဖုရားကြီးက ထောက်ပံ့ငွေ အချို့ကို မင်းသားအတွက် ပေးဆောင်ရန် သူ့ကို ညွှန်ကြားထားခဲ့၏။

ချင်ယန်သည် ဧကရာဇ် နှင့် မတွေ့ဆုံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဧကရာဇ် သို့မဟုတ် ခမည်းတော် ဖြစ်သူသည် သူ့ကို နောက်ကွယ်ကနေ တိတ်တဆိတ် အကူအညီပေးနေသည်ဟု ခံစားနေခဲ့ရသည်။

ထိုအချက်ကို လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း သူ၏ နောက်ကွယ်တွင် ရှိနေသည် ဟူ၍ ယုံကြည်နေမိသည်။

အစေခံများသည် အဖိုးတန် ပစ္စည်းများဖြင့် အလျင်အမြန် ပြင်ဆင်နေကြသည်။

ထိုအချိန်အတွင်း ဖီးနစ်ငှက်တစ်ကောင်၏ ရုပ်ပုံပါသော တောက်ပသည့် ဝတ်ရုံပိုင်ရှင် အမျိုးသမီး တစ်ဦး ရောက်ရှိလာခဲ့သည်။

သူမက ရှန်ချင်အင်ပါယာ၏ မိဖုရားကြီးပင် ဖြစ်သည်။

သူမ ဝတ်ဆင်ထားသော ဖီးနစ်ငှက်ဝတ်ရုံကနေ တောက်ပသော သလင်းရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ဝိညာဉ်စွမ်းအင်များသည် ဝတ်ရုံအနီးတွင် ရစ်သိုင်းနေခဲ့၏။

ဤဝတ်ရုံသည် တိုက်ခိုက်မှုများကိုပင် ကာကွယ်နိုင်စွမ်းရှိသော အလွန်တန်ဖိုးကြီးသည့် ဝတ်ရုံလည်း ဖြစ်သည်။

"သက်သောင့်သက်သာ နေကြပါ"

စကားသံနှင့် ဆန့်ကျင်စွာ သူမ၏ အကြည့်က စူးရှ အေးစက်နေခဲ့သည်။

မိဖုရားကြီးက ခပ်လှမ်းလှမ်းတွင် ရပ်နေသော ချင်ယန်ကို လှမ်းကြည့်လိုက်သည်။

တလက်လက် တောက်ပနေသော မျက်ဝန်းအစုံတွင် ကောက်ကျစ် ယုတ်မာသည့် အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။

သူမ၏ သားငယ် ချင်ရှန်ယိသည် လွန်ခဲ့သော ဆယ်ရက်တွင် ချင်ယန်၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရခဲ့သည်။

ထို့ပြင် ချီစွမ်းအင် ဆေးလုံး ဆယ့်ငါးလုံးလည်း လုယူခံခဲ့ရသည်။

အကယ်၍ ဧကရာဇ်၏ ဟန့်တားခြင်းသာ မရှိခဲ့လျှင် သူမသည် ထိုအချိန်ကပင် ချင်ယန်အား ပြန်လည် လက်စားချေမိမည် ဖြစ်သည်။

ယခုအခါတွင် ချင်ယန်က အသက်သေဆုံးရန် သေချာနေသော စစ်တပ်သို့ ဝင်ရောက်ရတော့မည် ဖြစ်ရာ သူမက အောင်ပွဲအနေဖြင့် ကြည့်ရှုရန် ရောက်လာခြင်း ဖြစ်သည်။

တစ်ဖက်တွင် ရပ်နေသော ချင်ယန်၏ အကြည့်တွင်လည်း မိဖုရားကြီးအား သတ်ချင်ကြောင်း သိသာနေသည့် မုန်းတီးမှုများ ပေါ်လွင်နေခဲ့၏။

သူ၏ မွေးရာပါ စိတ်ဝိညာဉ်သွေးကြောများ ဖျက်ဆီးခံရခြင်း၏ အဓိက လက်သည်တရားခံမှာ မိဖုရားကြီးပင်ဖြစ်သည်။

ထို့ပြင် ချင်ယန်၌ စိတ်ဝိညာဉ်သွေးကြော တစ်ခုသာ ကျန်ရှိတော့၍ သူမ၏ သားအကြီး ဖြစ်သူ ချင်ဇောင်ဖန် အတွက် အိမ်ရှေ့စံ နေရာကို အလွယ်တကူ ရယူနိုင်ခဲ့သည်။

အခန်း(၅) ပြီး၏

All Chapters