← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း(၆)

"ဘယ်မင်းသားမဆို အသက်ဆယ့်ငါးနှစ်မှာ အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို မရောက်ခဲ့ရင် စစ်တပ်ထဲ ဝင်ရောက်ရမဲ့အပြင် ရှေ့တန်းစစ်မျက်နှာကို သွားရောက် အမှုထမ်းရမယ်"

မိဖုရားကြီးက အေးစက် တင်းမာသော မျက်နှာဖြင့် ချင်ယန်ကို စိမ်းကားစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

ထို့နောက် သူမ၏ လေသံက ပိုမို ခက်ထန်လာခဲ့၏။

"ချင်ယန်... မင်း ဘာပြောစရာရှိသေးလဲ"

ချင်ယန်သည် ကော်ဇောနီခင်းထားသည့် ဘေးတွင် တည်ငြိမ်စွာ မတ်တပ်ရပ်နေရာမှ ခပ်တည်တည်ဖြင့် ပြန်ကြည့်လိုက်၏။

မိဖုရားကြီး၏ မေးခွန်းကို ကြားလျှင် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ကျွန်တော်က အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်သွားပြီ.. ဒါကြောင့် ဘယ်မှ သွားစရာမလိုတော့ဘူး.. ရှေ့တန်းကိုအဲဒီလောက်ထိ ပို့ချင်နေတာလား.. မလောပါနဲ့.. ဖြည်းဖြည်းပေါ့"

ထိုစကားသည် လူအများကို အံ့အားသင့်သွားစေခဲ့သည်။

လွန်ခဲ့သော ငါးနှစ်က ချင်ယန် ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းကို လူအားလုံး သိရှိခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ချင်ယန်သည် အဆင့်သုံး သိုင်းခန္ဓာနယ်ပယ်ကို ရောက်ရှိခဲ့ပြီး ချင်ရှန်ယိကိုပင် ထိခိုက်ဒဏ်ရာ ရစေခဲ့သည်။

ထိုသတင်း ပျံ့နှံ့သွားချိန်တွင် နန်းမြို့တော် တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

ယခုအခါ ဆယ်ရက်အတွင်း အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိသွားပြန်သည်။

ယင်းမှာ မယုံကြည်နိုင်စရာ အမြန်နှုန်းပင်တည်း။

"စစ်တပ်မှာ တာဝန် မထမ်းဆောင်ချင်လို့ လိမ်ပြောရင် ပြစ်မှုမြောက်တယ် ဆိုတာမမေ့နဲ့"

မိဖုရားကြီးသည် ချင်ယန်၏ စကားကို လုံးဝ မယုံပေ။

သူမ၏ အေးစက်စက် မျက်ဝန်းကနေ သတ်ဖြတ်ချင်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

"ဒါဆို ငါ့ကို သက်သေပြစမ်း"

"ကျုပ်ရဲ့ ကိုယ်တွင်းမှာ ယွမ်စုစည်းမှု လုပ်ထားခဲ့ပြီးပြီ.. အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေတဲ့ ကျုပ်အတွက် သိုင်းပညာရှင်တစ်ယောက် ဘဝကို အချိန်မရွေး ရောက်သွားတော့မယ်"

ချင်ယန်က ကွယ်ဝှက်ထားသော အားလှိုင်းများကို ထုတ်ဖော်လိုက်သည်နှင့် ဝင်းလက်တောက်ပသော အခိုးအငွေ့များသည် လေထုအတွင်း ထွက်ပေါ်လာခဲ့သည်။

ချင်ယန်၏ ကိုယ်မှ ချီစွမ်းအင်များ လျှံတက်လာကာ လေထုအတွင်း ဝင်းလက် တောက်ပနေ၏။

သို့သော် ထိုချီစွမ်းအင်များသည် ပါးလွှာကာ အားနည်းနေခဲ့သည်။

ချင်ယန်က စိတ်ဝိညာဉ်သွေးကြော တစ်ခုသာ ပိုင်ဆိုင်သော်လည်း အသက်ဆယ့်ငါးနှစ်ဖြင့် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိခဲ့သည်။

လူအားလုံးသည် အထိတ်တလန့် ဖြစ်သွားကာ သံသယဖြစ်ဟန်ဖြင့် ပြောဆိုနေကြ၏။

မိဖုရားကြီး၏ မျက်နှာတွင် စိုးရိမ်စိတ်များ အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

"စစ်တပ်ကို မသွားချင်တာနဲ့ တားမြစ် နည်းလမ်းတွေကို မင်း အသုံးပြုခဲ့တာ မဟုတ်လား.."

"မြေကွက်လပ်ရဲ့ တောင်ဘက်ပိုင်းမှာ ရှိတဲ့ ဟွာလင်းဝုကျောင်းက ဆရာတွေကို အကူအညီ သွားတောင်းကြစမ်း"

ချင်ယန်အား စစ်တပ်သို့ ပို့ဆောင်ရန်မှာ သူမအတွက် အရေးကြီးသော အလုပ်တစ်ခု ဖြစ်သည်။

လွန်ခဲ့သော ရက်ပေါင်းများစွာကပင် ချင်ယန်ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် စစ်တပ်မှ လူတချို့နှင့် လက်ဝါးခြင်း ရိုက်ထားပြီးပြီ ဖြစ်သည်။

သို့သော် ယခုအခြေအနေအရ သူမ၏ အကြံအစည်သည် အောင်မြင်ရန် မဖြစ်နိုင်တော့ချေ။

အစောင့်ရဲမက်တစ်ဦးသည် အလျင်အမြန်ပင် မြေကွက်လပ် တောင်ပိုင်းရှိ ဟွာလင်းဝုကျောင်းမှ ဆရာတစ်ဦးကို သွားရောက် ဖိတ်ခေါ်ခဲ့သည်။

ချင်ယန်က တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။

သူက အတွင်းစွမ်းအင်အရင်းအမြစ်ကို သိပ်သည်းကျစ်လစ်စေခဲ့ပြီး အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိခဲ့ပြီ ဖြစ်ရာ မည်သို့မှ စိတ်လှုပ်ရှားခြင်း မရှိချေ။

"မြင့်မြတ်သော မိဖုရားကြီးခင်ဗျာ... ဟွာလင်းဝုကျောင်းက ဆရာတွေက အရမ်းအလုပ်များနေလို့ မလာနိုင်သေးဘူးလို့ အကြောင်းပြန်လိုက်ပါတယ်"

ဆရာများ ထံသို့ သွားရောက် အကူအညီတောင်းသော ရဲမက်က လျှောက်တင်လိုက်ခြင်း ဖြစ်သည်။

မိဖုရားကြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

သူမက ဒေါသများ ထွက်နေသော်လည်း မျိုသိပ်ထားလိုက်၏။

ဟွာလင်းဝုကျောင်း၏ အင်အားသည် အလွန်ကြီးမားသည်။

၎င်းတို့အနေဖြင့် ရှန်ချင်အင်ပါယာ၏ အာဏာကို ကြောက်နေမည် မဟုတ်ချေ။

"ကောင်းပြီလေ... စောင့်ကြတာပေါ့"

"ကောင်းတာပေါ့.. ကျွန်တော်လည်း ဟွာလင်းဝုကျောင်းကို ဝင်ခွင့်ရဖို့ စာရင်းပေးလိုက်ဦးမယ်"

ချင်ယန်သည် ပြုံးလိုက်ပြီး ခပ်လှမ်းလှမ်းတွင်ရှိသော ဟွာလင်းဝုကျောင်း၏ ဝင်ခွင့်စစ်ဆေးသော နေရာကို ကြည့်ကာ ပြောလိုက်သည်။

ထိုခဏဝယ် မိဖုရားကြီး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အမူအရာများ ပေါ်လာခဲ့၏။

ချင်ယန်သာ ဟွာလင်းဝုကျောင်းသို့ ဝင်ရောက်ခွင့် ရရှိသွားခဲ့လျှင် ထိုကျောင်း၏ အကာအကွယ်ဖြင့် အနာဂတ် ဖြောင့်ဖြူး သာယာသွားမည် ဖြစ်သော်လည်း သူမတို့ အတွက်မူ အန္တရာယ် ကြီးမားလာပေလိမ့်မည်။

မြေကွက်လပ် တောင်ဘက်ပိုင်းတွင် ရှိသော လူတန်းကြီးသည် လွန်စွာ ရှည်လျား၏။

စာရင်းပေးသွင်းရန် စောင့်ဆိုင်းနေကြသူများသည် ကျော်ကြားသော မိသားစုဝင်များမှ ခန့်ညားသော လူငယ်လေးများနှင့် လှပချောမောသော မိန်းမပျိုလေးများ ဖြစ်ကြသည်။

တန်ဖိုးကြီးမားသော ဝတ်စုံများကို ဝတ်ဆင်ကာ မြင့်မြတ်သော မျိုးနွယ်စုများမှ သခင်လေး၊သခင်မလေးများက တန်းစီ စောင့်ဆိုင်းနေကြသည်။

ချင်ယန်၏ အကြည့်က ဝက်တစ်ကောင်၏ မျက်နှာကဲ့သို့ ဖြစ်နေသော ချင်ရှန်ယိ ထံသို့ ရောက်ရှိသွားခဲ့သည်။

ချင်ရှန်ယိ၏ အဖြစ်ကို မြင်သော မိဖုရားကြီးသည် ဒေါသစိတ်များ ဖြစ်ပေါ်လာပြန်သည်။

သူမ၏ သား ချင်ရှန်ယိသည် အတန်အသင့် ပါရမီ ရှိသည်။

သို့သော် အမှိုက်ကောင် ချင်ယန်၏ ရိုက်နှက်ခြင်းကို ခံရပြီး မျက်နှာတစ်ခုလုံး ဖူးယောင်သွားသည့် အပြင် ချီစွမ်းအင်ဆေးလုံး ဆယ့်ငါးလုံးကိုပါ ဆုံးရှုံးခဲ့ရသည်။

ဤဖြစ်ရပ်ကြောင့် ချင်ရှန်ယိသည် လက်တလောတွင် နန်းတွင်း၌ လူတကာ၏ ရယ်စရာ ဖြစ်နေခဲ့ရသည်။

ချင်ယန် တစ်ယောက် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိသွားခြင်းနှင့် ပတ်သက်၍ မိဖုရားကြီးသည် စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်နေခဲ့၏။

ချင်ယန်က တန်ဖိုးကြီး ချီစွမ်းအင် ဆေးလုံးများကို အသုံးပြုကာ ယခုအနေအထားသို့ ရောက်ရှိသွားခြင်း ဖြစ်မည်ဟု သူမ တွေးမိခဲ့သည်။

သားဖြစ်သူ ချင်ရှန်ယိ၏ ဆေးလုံး ဆယ့်ငါးလုံးကို လုယူသွားနိုင်ခဲ့ခြင်းသည် ချင်ယန်အတွက် သိသိသာသာ အကျိုးအမြတ် ရရှိသွားစေခဲ့ပုံရ ၏။

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယုရန်ယွင်သည် လှပသော ပန်းလေးတစ်ပွင့် ပမာ နူးညံ့နေပေ၏။

သို့သော် သူမသည် သူမ၏ အလှတရား နှင့် ဆန့်ကျင်စွာ မနာလိုဖြစ်နေသော မျက်နှာဖြင့် ချင်ယန်ကို စိုက်ကြည့်နေခဲ့သည်။

လွန်ခဲ့သော ဆယ်ရက်က ချင်ယန်ကို အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ မရောက်နိုင်ဟု သူမက နှိမ်ပြောကာ ချင်ယန်၏ ချီစွမ်းအင် ဆေးလုံးများကို ချင်ရှန်ယိအား ပေးရန် ပြောခဲ့သည်။

ယခုအခါ ချင်ယန်သည် သူမ ပြောခဲ့သည့် စကားများ မှားယွင်းကြောင်း သက်သေပြနေခဲ့ချေပြီ။

ထိုအခိုက် အစောင့်ရဲမက်တစ်ဦးသည် မိဖုရားကြီး၏ ရှေ့သို့ ရောက်ရှိလာကာ ဂါရဝပြုလိုက်သည်။

"ကျောင်းသားသစ် ရွေးချယ်ရေးဆရာတွေက နံပါတ်ငါးမင်းသား ချင်ယန်ကို အခြားလူတွေ နည်းတူ လာတန်းစီပေးပါလို့မှာလိုက်တယ်... သူ့ကို စစ်ဆေးကြည့်လို့ အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေခဲ့ရင် ဟွာလင်းဝုကျောင်းရဲ့ ကျောင်းသား အဖြစ် ရွေးချယ်ခံနိုင်ပါတယ်တဲ့"

ထိုစကားကို ကြားလိုက်ရသော ချင်ယန်သည် တန်းစီနေသော လူတန်းကြီး ရှိရာသို့ အပြေးအလွှား သွားခဲ့သည်။

ဟွာလင်းဝုကျောင်းမှ ဆရာ ဆယ်ယောက်သည် ကျောင်းသားသစ် ရွေးချယ်ရေး အတွက် အလုပ်ရှုပ်နေကြ၏။

လူအားလုံး၏ အကြည့်သည် ထိုဆရာများထဲမှ ဆံပင်ရှည်ရှည်နှင့် ချောမောလှပသော ဆရာမတစ်ဦး ထံတွင် ကျရောက်နေခဲ့သည်။

ထိုဆရာမသည် အလွန်လှပသော်လည်း မျက်နှာက ရေခဲကဲ့သို့ အေးစက်နေခဲ့၏။

ထို့ပြင် သူမက အလွန် စည်းကမ်း တင်းကျပ်ကြောင်းကိုလည်း သတိထားမိကြသည်။

တော်ဝင် အစောင့်အရှောက် အချို့သည် ထိုဆရာမ အနီးတွင် ကူညီ လုပ်ကိုင်ပေးနေကြသည်။

ချင်ယန်သည် ထိုဆရာမ စစ်ဆေးရာနေရာရှိ လူတန်းကြီးထံသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

ယခုအခါတွင် နန်းတွင်း အရာရှိကြီးများသည် တုန်လှုပ်နေကြ၏။

သူတို့က နံပါတ်ငါး မင်းသား ချင်ယန်၏ ကိုယ်တွင်းစွမ်းအင်အရင်းအမြစ်များ နိုးထလာခဲ့မှု အပေါ်တွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်နေခဲ့ကြသည်။

ချင်ယန်နှင့် သူတို့ကြားတွင် အမုန်းတရားများ ရှိနေသည် မဟုတ်ပါလား။

အနာဂတ်တွင် အင်အားကြီးမားလာလျှင် သူတို့ကို လက်စားချေမည်ဟု ချင်ယန်၏ နှုတ်မှ ကျိန်ဆို ပြောကြားဖူးသည်ကို သူတို့ အမှတ်ရမိကြသည်။

မိဖုရားကြီးနှင့် အရာရှိကြီးများသည် ကျောင်းဝင်ခွင့် စစ်ဆေးရေး ဆရာမ၏ နံဘေးသို့ အပြေးအလွှား သွားရောက်ကာ ချင်ယန်၏ ထွက်ပေါ်လာမည့် အဖြေကို စောင့်ဆိုင်းနေကြသည်။

ကျောင်းဝင်ခွင့် ရရှိရန် ဖြေဆိုသော ကျောင်းသားများကို ဆရာမ၏ စစ်ဆေးမှုမှာ အလွန် ရိုးရှင်း၏။

သူမက ပါရမီ မပါသော ကျောင်းသားများကိုလည်း အားနာခြင်း၊ ဟန်ဆောင်ခြင်းမရှိ ပယ်ထုတ်ခဲ့သည်။

အာဏာရှိသော နန်းတွင်း အရာရှိကြီးများ၏ ကလေးများကိုလည်း အခြားသာမန် ကျောင်းသားများနှင့် တန်းတူသာ စစ်ဆေးခဲ့သည်။

သူမ၏ မျက်နှာက ကြည်လင်ဝင်းပနေပြီး အသားအရေသည် အရည်အသွေးကောင်းသော ကျောက်စိမ်းအလား ပကတိ အလှတရားများဖြင့် ကျက်သရေရှိစွာ တင့်တယ်လှပနေ၏။

သို့သော် ကျောင်းသားများ၏ အရည်အချင်းကို အကဲဖြတ်ရာတွင် တည်ငြိမ်ကာ လေးနက် တည်ကြည်နေခဲ့သည်။

ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော ဆရာမ၏ အလှသည် အေးစက်ခြင်း၊ မာနကြီးခြင်း၊ လျှပ်ပေါ်လော်လီမှု မရှိခြင်းတို့ဖြင့် ရှန်ချင်အင်ပါယာ နန်းတွင်း တစ်ခုလုံးတွင် အလှဆုံးဖြစ်နေခဲ့သည်။

ချင်ယန်က ဆရာမကို အကဲခတ်လိုက်သည်။

အလှတရား မှန်သမျှ သူမတွင် ရှိသည်ဟု ကောက်ချက်ချလိုက်ပြီးနောက် မှားနေပြီဟု ပြန်တွေးကာ သူမတွင် ရှိနေသမျှ အရာအားလုံးသည်သာ အလှတရား ဖြစ်ရမည်ဟု မှတ်ချက်ပြုလိုက်သည်။

သူမ ထိုင်နေရာ ရှေ့ရှိ စားပွဲခုံပေါ်တွင် သူမ၏ အမည်နှင့် မိတ်ဆက် အကြောင်းအရာများကို ရေးထိုးထားသည်။

-ရန်ရှီးယူ

-အသက်နှစ်ဆယ့်သုံးနှစ်

-မွေးရာပါ စိတ်ဝိညာဥ်သွေးကြော ခြောက်ခု

-အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်

ထိုမိတ်ဆက် စာတမ်းကို မြင်လိုက်ရလျှင် ချင်ယန် အံ့အားသင့်သွားသည်။

သူမသည် အသက်နှစ်ဆယ်ကျော်မျှနှင့်ပင် အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အသက်အရွယ် ရင့်ကျက်လာသည်နှင့်အမျှ အခြား နယ်ပယ်များ၏ ထိပ်ဆုံးအဆင့် သို့မဟုတ် သိုင်းတာအို နယ်ပယ်ကို ရောက်ရှိမည်မှာ သေချာနေခဲ့သည်။

ယခုအချိန်တွင် သူမသည် စစ်မှန်သော သိုင်းလမ်းစဥ်ပေါ်တွင် လျှောက်လှမ်းနေသူ ဖြစ်သည်။

အင်ပါယာ နန်းတွင်းမှ အရာရှိကြီးများနှင့် ဗိုလ်ချုပ်ကြီးများပင် အသက်ခုနှစ်ဆယ်ကျော် ရှစ်ဆယ်ဝန်းကျင် ရှိကြသော်လည်း သိုင်းခန္ဓာနယ်ပယ် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသာ ရှိကြရာ ဆရာမ ရန်ရှီးယူ၏ ပါရမီကို သိနိုင်ပေသည်။

ထိုအရာရှိများ အနက်မှ အချို့သည် ဟွာလင်းဝုကျောင်းထက် ပိုမို သာလွန်သည့် မိုးကောင်းကင် အထွတ်အထိပ်ကျောင်းတွင် ပညာသင်ယူခဲ့သူများ ဖြစ်ကြသည်။

ထိုလူများသည် ပါရမီရှိသူများ ဖြစ်သော်လည်း ငယ်ရွယ်သော ရန်ရှီးယူနှင့် အဆင့်တူခန့်သာ ရှိ၍ သူမ၏ အံ့မခန်း ပါရမီကို ပေါ်လွင်စေခဲ့သည်။

"နောက်တစ်ယောက်"

အဆုံးသတ်တွင် ချင်ယန် အစစ်ဆေးခံရမည့် အလှည့်သို့ ရောက်လာခဲ့သည်။

မိဖုရားကြီး အပါအဝင် နန်းတွင်း အရာရှိကြီးများနှင့် တော်ဝင်မိသားစုဝင်များ အားလုံးသည် ချင်ယန်၏ အဖြေရလဒ်ကို စိတ်ဝင်တစား စောင့်မျှော်နေခဲ့ကြသည်။

ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို အမှန်တကယ် ရောက်ရှိနေပြီလော သို့မဟုတ် လှည့်စားမှုပေလော။

ရန်ရှီးယူမှ လေသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ"

ချင်ယန်သည် ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်နာမည် ချင်ယန်ပါ... ကျွန်တော်က ယွမ်မျိုးစေ့ကို ပျိုးထောင်ပြီး အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်ရှိနေပါပြီ.. ကျွန်တော်က ဟွာလင်းဝုကျောင်းမှာ ပညာသင်ကြားချင်ပါတယ်.. ဆရာမရန် အနေနဲ့ ကျွန်တော့်ကို ညွှန်ကြားပြသပေးပါ"

ရန်ရှီးယူသည် သက်ပြင်းတစ်ချက်ကို ကျိတ်၍ ချလိုက်မိသည်။

အကြောင်းရင်းမှာ ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိနေကြောင်း တစ်ချက် ကြည့်ရုံဖြင့်ပင် သူမ သိရှိနေသောကြောင့် ဖြစ်သည်။

အခန်း(၆) ပြီး၏

All Chapters