အခန်း ၇
Vol. 1 Ch. 7
အခန်း(၇)
"ချင်ယန်... မင်းက အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို အမှန်တကယ် ရောက်ရှိခဲ့ရင် ဟွာလင်းဝုကျောင်းရဲ့ ကျောင်းသား တစ်ယောက် ဖြစ်လာမှာပါ"
ရန်ရှီးယူ၏ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သော စကားသံက ချင်ယန်၏ နားအတွင်းသို့ သာယာစွာ ဝင်ရောက်လာခဲ့သည်။
"မင်းရဲ့ ချီစွမ်းအင်ကို ထုတ်ဖော်လိုက်လို့ အလင်းရောင်တွေ ထွက်ပေါ်လာရင် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်ရှိနေလို့ပဲ.. ကဲ စလို့ရပြီ"
ချင်ယန်က ခေါင်းညိတ်ပြလိုက်ပြီး အသက်ခပ်ပြင်းပြင်းရှူ၍ သူ၏ ချီစွမ်းအင်များကို စုစည်းကာ ချီစွမ်းအင်များကို သိုဝှက်ထားခြင်း မပြုဘဲ ထုတ်ဖော်လိုက်သည်။
ချီစွမ်းအင်များကို စုစည်းလိုက်သည်နှင့် သူ၏ ကိုယ်ကနေ ကြည်လင်သော အခိုးအငွေ့များ ထွက်ပေါ်လာပြီး သေးငယ်သော စွမ်းအင် အမျှင်တန်းလေးသည် မြက်ပင်ငယ်လေး တစ်ပင် ပေါက်ရောက်လာသကဲ့သို့ တဖြည်းဖြည်းနှင့် ပေါ်ထွက်လာခဲ့သည်။
လူအားလုံးသည် ချင်ယန်၏ ချီစွမ်းအင်က ပိုးစုန်းကြူးသာသာခန့် အလင်းရောင်သာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ကြလျှင် အတောမသတ် ရယ်မောခဲ့ကြသည်။
"ဒါကဘာလဲဟ.. ငါ လေလည်တာကမှ ဒီချီစွမ်းအင်ထက် အားကောင်းဦးမယ်"
"ဟားဟား.. ဒီလိုကြီးမားတဲ့ ချီစွမ်းအင်မျိုးကို ရဖို့ ငါအိမ်ပြန်ပြီး နောက်ဆယ်နှစ်လောက် လေ့ကျင့်ရမယ် ထင်တယ်"
"သူက သိုင်းခန္ဓာ အဆင့်လေးကို ရောက်တာမှ ဟုတ်ရဲ့လား.. သူ့မှာ ချီစွမ်းအင်ရော ရှိလို့လား"
ပတ်ဝန်းကျင်ကနေ လှောင်ပြောင်သံများ၊ ရယ်သံများ၊ ကဲ့ရဲ့ ပြစ်တင်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
ချင်ယန်သည် ထိုသူများ၏ လှောင်ပြောင်သံများကို မကြားသကဲ့သို့ ဟန်မပျက် ရပ်နေခဲ၏။
သူ၏ အကြည့်သည် ရန်ရှီးယူထံတွင်သာ ရှိနေခဲ့ပြီး ရိုးသားစွာ ပြောလိုက်သည်။
"ဆရာမ... ကျွန်တော်က သဘာဝစွမ်းအင်ပုံစံ တည်ဆောက်မှုကို ဒီမနက်မှ ပြုလုပ်နိုင်ခဲ့တာပါ.. ဒါကြောင့် ချီစွမ်းအင်ကို ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်သေးပါဘူး"
လူအုပ်ကြီးထံမှ ထွက်ပေါ်လာသော လှောင်ပြောင် သရော်သံများကြောင့် မိဖုရားကြီးက စိတ်သက်သာရာရသွားကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ဒါ အရမ်းကို သေးငယ်တဲ့ ချီစွမ်းအင်ပဲ... မင်းက အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို တကယ် မရောက်သေးသလို စွမ်းအင်မျိုးစေ့ကိုလည်း ပုံမဖော်နိုင်သေးဘူး... မင်းကိုယ်မင်း မရှက်ဘူးလား"
"ဆရာမရန်တောင် ဘာမှ မပြောရသေးဘူး... ခင်ဗျားက ဘာတွေ လောနေတာလဲ.. ဆရာမရန်က အသက်ငယ်ပေမဲ့ အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေတဲ့ သိုင်းပညာရှင်ပဲ.. ကျွန်တော့်ကိစ္စကို သူဆုံးဖြတ်လိမ့်မယ်.. ဘာလဲ ခင်ဗျားက အဆုံးအဖြတ်ပေးနေရအောင် ဆရာမရန်ထက် ပိုအားကောင်းနေလို့လား ဒါမှမဟုတ် ဆရာမရန်ထက် ပိုချောမောနေလို့လား"
ထိုခဏဝယ် ဆရာမရန်သည် တစ်စုံတစ်ရာကို ရိပ်မိလိုက်ဟန်ဖြင့် လူတစ်ဦးချင်းစီကို အကဲခတ်လိုက်သည်။
ချင်ယန်သည် အမှန်တကယ်ပင် အကြောက်အလန့်မရှိချေ။
မိဖုရားကြီးကိုပင် ဂရုမစိုက်ဟန်ဖြင့် ပျက်ရယ် ပြုနေခဲ့သည်။
အမျိုးသမီးများသည် အခြားမိန်းကလေးများ၏ အလှတရားနှင့် နှိုင်းယှဉ် ပြောကြားခံရခြင်းမျိုးကို မနှစ်မြို့ကြပေ။
သို့သော် ချင်ယန်ကမူ မိဖုရားကြီး၏ ရှေ့တွင်ပင် အခြားမိန်းကလေး တစ်ဦးလောက် မလှကြောင်း ပြောဆိုနေခဲ့၏။
မမျှော်လင့်ထားသော ထိုစကားကြောင့် မိဖုရားကြီး၏ မျက်လုံးများတွင် ဒေါသ အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး ခန္ဓာကိုယ် တဆတ်ဆတ် တုန်ယင်လာခဲ့သည်။
မိဖုရားကြီး အံကြိတ်လိုက်မိသည်။
သူမ၏ မျက်ဝန်းများဖြင့် ချင်ယန်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
သူမ၏ ရင်ထဲတွင် ကျိတ်၍ ချင်ယန်၏ ဘဝကို သေသည်ထက် အဖြစ်ဆိုးစေရန် ပြုလုပ်မည်ဟု ကျိန်ဆိုလိုက်၏။
ဤတစ်ကြိမ်တွင်မူ လူအုပ်ကြီးသည် ချင်ယန်၏ စကားကို မှန်သည်ဟု လက်ခံကြသည်။
မိဖုရားကြီးထက် ဆရာမရန်သည် အမှန်တကယ် ပိုမိုလှပသည်ကို သူတို့၏ ရင်ထဲတွင် သိရှိပြီးပြီ ဖြစ်သည်။
ချင်ယန်က ငြိမ်သက်နေသော လူအုပ်ကြီးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ခင်ဗျား မြင်တယ်မလား.. ဆရာမရန်က ခင်ဗျားထက် ပိုလှတယ် ဆိုတာ လူတိုင်း လက်ခံတယ်"
လူတိုင်း၏ ရင်ထဲတွင် ချင်ယန်အား တိတ်တဆိတ် ကျိန်ဆဲနေကြသည်။
သူတို့သည် ထိုအမှန်တရားအား ဖွင့်မပြောရဲကြချေ။
ရန်ရှီးယူက ကြည်လင်နေသော မျက်ဝန်းအစုံဖြင့် မျက်မှောင်ကြုတ်ကာ ချင်ယန်ကို ကြည့်လိုက်မိသည်။
ချင်ယန်၏ ချီစွမ်းအင်ကိုကြည့်ကာ မည်သည့်အဆင့်ဖြစ်သည်ကို သူမ ပြောခဲ့သည်။
ယင်းက သိုင်းခန္ဓာအဆင့်လေး အမှန်တကယ်ပင် ဖြစ်သော်လည်း ပိုမိုသေချာစွာ စစ်ဆေးရန် လိုအပ်၏။
လူတစ်ဦး၏ ပြောပြချက်အရ ချင်ယန်သည် စိတ်ဝိညာဉ်သွေးကြော တစ်ခုသာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူမ သိသလောက် ထိုအခြေအနေဖြင့် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်သို့ အချိန်တိုအတွင်း ရောက်ရှိရန်မှာ အလွန်တရာ ခက်ခဲ၏။
"မင်းရဲ့လက်ကို ပေးပါ"
ရန်ရှီးယူက ညင်သာစွာ ပြောလိုက်သည်။
ချင်ယန်က သူ၏လက်ကို လှမ်းပေးလိုက်၏။
ရန်ရှီးယူက နူးညံ့သော လက်ချောင်းလေး နှစ်ချောင်းကို အသုံးပြု၍ ချင်ယန်၏ သွေးကြောများကို စမ်းသပ်လိုက်သည်။
သူမက ချင်ယန်၏ သွေးကြောများမှတစ်ဆင့် သဘာဝစွမ်းအင် အစုအဝေးကို အာရုံခံ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။
ချင်ယန်၏ ချီစွမ်းအင်များကို အာရုံခံပြီးနောက်တွင် ရန်ရှီးယူသည် အံ့အားသင့်စွာ ရေရွတ်လိုက်၏။
"မင်းရဲ့ ဒန်တျန်အတွင်းမှာ ချီစွမ်းအင်တွေ အပြည့်အဝ ရှိနေတာပဲ.. မင်းက စိတ်ဝိညာဉ်သွေးကြောတစ်ခုတည်း ရှိပေမဲ့ ယွမ်မျိုးစေ့ကို ပျိုးထောင်နိုင်ခဲ့တယ်လား.. ဒါက တကယ်ကို ရှားပါးတဲ့ ဖြစ်ရပ်ပဲ"
"မင်းက အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို အမှန်တကယ် ချိုးဖျက် ရောက်ရှိသွားခဲ့ပါပြီ"
ရန်ရှီးယူ၏ စကားကို ကြားလိုက်ရပြီးနောက်တွင် လူအများသည် အံ့အားသင့်သွားကြပြီး အုတ်အုတ်ကျက်ကျတ်ဖြင့် ဆူညံသွားကြတော့သည်။
ဤလူငယ်လေး၏ ရလဒ်သည် အစောပိုင်းက လှောင်ပြောင်ခဲ့သူများကို မျက်နှာ ဖြတ်ရိုက် ခံလိုက်ရသကဲ့သို့ ခံရခက်စေခဲ့၏။
မိဖုရားကြီး၏ မျက်နှာတွင် လွန်စွာ အကျည်းတန်သော အမူအရာများ ပေါ်လာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ချင်ယန်သည် ဟွာလင်းဝုကျောင်းသို့ တက်ရောက်ခွင့် ရရှိသွားခဲ့သလို သူမ၏ အာဏာ မသက်ရောက်နိုင်သော အင်ပါယာ နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိသွားသောကြောင့်ပင်။
"ဆရာမရန်... သေချာစစ်ဆေးပြီးပြီလား.. နတ်ဆိုးပညာရပ်ကို တတ်ကျွမ်းခဲ့သူ တစ်ဦးက ချင်ယန်ရဲ့ သက်တော်စောင့် ဖြစ်ခဲ့ဖူးတယ်... သူမက ချင်ယန်ကို နတ်ဆိုးပညာတွေ လျှို့ဝှက်စွာ သင်ကြားပေးခဲ့တယ်... ဒါကြောင့် အချိန်တိုအတွင်းမှာ ချင်ယန်က ဒီအဆင့်ကို ရောက်သွားတာပဲ ဖြစ်မယ်"
"ဟွာလင်းဝု ကျောင်းတော်ကြီးက နာမည် ဂုဏ်သတင်း ထင်ရှားကျော်ကြားပြီး အစဉ်အလာကြီးမားတဲ့ သိုင်းပညာ သင်ကြားရေး ကျောင်းတော်ကြီးပါ... လူတိုင်းရဲ့ ချီးကျူး ဂုဏ်ပြုခြင်းကို ရရှိထားတဲ့ ကျောင်းတော်ပါ... ဆရာမရန် အနေနဲ့ ဒီဂုဏ်ကျက်သရေတွေကို မဖျက်ဆီးသင့်ဘူးလို့ ထင်ပါတယ်"
"ဆရာမရန်.. ကျေးဇူးပြုပြီး ချင်ယန် ဆိုတဲ့ အကျင့်မကောင်းတဲ့ကောင်ကို စွန့်ပစ်လိုက်ပါ... သူ့ရဲ့ အသက်ကို ထိခိုက်နစ်နာအောင် မလုပ်ဘူးလို့ ကျွန်တော်တို့ ကတိပေးနိုင်ပါတယ်... ကျွန်တော်တို့က သူ့ရဲ့ သဘာဝစွမ်းအင်နဲ့ စိတ်ဝိညာဉ်သွေးကြောကိုပဲ ဖျက်ဆီးပစ်မှာပါ"
အရာရှိအိုကြီးများမှ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုနေကြသည်။
စိုးရိမ်ပူပန်နေသော သူတို့၏ မျက်နှာထက်တွင် ချင်ယန်၏ အဖြစ်အပျက်ကို လက်မခံနိုင်ကြောင်း ထင်ရှားနေခဲ့၏။
ချင်ယန်သည် အရာရှိအိုကြီးများ၏ မိမိအပေါ် ပြုလုပ်နေသော အရာများကို မြင်လျှင် ဒေါသအိုး ပေါက်ကွဲလာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ကျုပ်ကို ဒုက္ခတွေ ပေးခဲ့ပြီးပြီ.. ခင်ဗျားတို့က ကျုပ်ကို သေစေချင်နေတဲ့ ယုတ်မာတဲ့ ခွေးအိုကြီးတွေပဲ... ကျုပ်ရဲ့ သဘာဝစွမ်းအင်နဲ့ စိတ်ဝိညာဉ်သွေးကြောကို ဖျက်ဆီးပစ်တာက မှန်ကန်တဲ့ လုပ်ရပ်လား မျိုးမစစ်တဲ့ ခွေးအိုကြီးတွေရဲ့"
"မင်း... ငါတို့ကို ကျွန်တစ်ယောက်လို ဆူဝံ့တယ်ပေါ့လေ... ငါတို့က ဘဝတွေကို ပေးဆပ်ပြီး နိုင်ငံတော် အတွက် ထမ်းဆောင်ခဲ့တာ... မင်းက ဘယ်လို သတ္တိတွေရှိလို့ ဒီလိုမျိုး စော်ကားရဲရတာလဲ"
အရာရှိအိုကြီးများက ဒေါသများ ပေါက်ကွဲကုန်ကြသည်။
ထိုအခိုက်အတန့်တွင် သံချပ်ကာဝတ် ရဲမက်များက ရှေ့သို့ တက်လာခဲ့ရာ ရန်ရှီးယူသည် အလျင်အမြန်ပင် ချင်ယန်၏ ဘေးတွင် ရပ်လိုက်သည်။
"ငါ့အနေနဲ့ အရိုးသားဆုံး ပြောရရင် ချင်ယန်ဆီမှာ ဘာနတ်ဆိုးပညာကိုမှ မတွေ့ဘူး... သူက ငါ့စစ်ဆေးမှုကို အောင်မြင်ခဲ့ပြီး ဟွာလင်းဝုကျောင်းရဲ့ ကျောင်းသား တစ်ယောက် ဖြစ်သွားခဲ့ပြီ"
ရန်ရှီးယူ၏ ဩဇာအာဏာ အပြည့်ပါသည့် အေးစက်သော စကားသံက ပေါ်ထွက်လာခဲ့သည်။
မိဖုရားကြီးက ချင်ယန်အား ကာကွယ်ပေးနေသော ရန်ရှီးယူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ချင်ယန်က စိတ်ဝိညာဉ်သွေးကြော တစ်ခုပဲ ပိုင်ဆိုင်ထားပေမဲ့ သဘာဝစွမ်းအင် စုစည်းခြင်းကို ပြုလုပ်နိုင်ခဲ့တယ်... သူက တားမြစ် နတ်ဆိုးပညာရပ်တွေကို အသုံးပြုတာက လွဲလို့ အခြား အကြောင်းရင်း မရှိနိုင်ဘူး"
ချင်ယန်သည် နတ်ဆိုးပညာရပ်ကို အသုံးပြုခဲ့သည်ဟုသာ သူမသည် ဇွတ်အတင်း စွပ်စွဲ ပြောဆိုနေခဲ့၏။
"ခွေးဝဲစားမကြီး... ပါးစပ်ပိတ်စမ်း.. ကျုပ်က မွေးရာပါ စိတ်ဝိညာဉ်သွေးကြော ငါးခုကို ပိုင်ဆိုင်ခဲ့ပေမဲ့ ခင်ဗျားနဲ့ ခွေးအိုကြီး တစ်သိုက်က ကျုပ်ရဲ့ စိတ်ဝိညာဉ်သွေးကြော လေးခုကို ဖျက်ဆီးခဲ့တယ်.. အခု ကျုပ်က စိတ်ဝိညာဥ်သွေးကြော တစ်ခုတည်းနဲ့တောင် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို တက်ရောက်နိုင်ခဲ့ပြီ"
"စိတ်ဝိညာဉ်သွေးကြောဆိုတာ မိုးကောင်းကင်က ပေးတဲ့ လက်ဆောင်ပဲ.. ဒါကို ခင်ဗျားတို့ အင်အားသုံးပြီး ဖျက်ဆီးခဲ့ကြတယ်... နတ်ဆိုး လမ်းစဥ် ကျင့်ကြံသူတွေတောင်မှ ဒါမျိုး အပြစ်ကို မကျူးလွန်ကြဘူး... ဒါက ခင်ဗျားတို့ ပြောတဲ့ တရားမျှတမှုနဲ့ စာရိတ္တ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေလား မျိုးမစစ်တဲ့ ခွေးဝဲစားမကြီးနဲ့ ခွေးအိုကြီးတွေရဲ့"
ချင်ယန်က မိဖုရားကြီးနှင့် နန်းတွင်း အရာရှိအိုကြီးများကို လက်ညှိုးထိုးကာ အားမာန်အပြည့်နှင့် အော်ဟစ် ပြောဆိုလိုက်သည်။
ဒေါသကြောင့် သူ၏ အသံများပင် တုန်ခါနေခဲ့၏။
မိဖုရားကြီးနှင့် နန်းတွင်း အရာရှိအိုကြီးများသည် သူတို့ ကျူးလွန်ခဲ့သော အရာများကို ထုတ်ဖော် ပြောကြားခံလိုက်ရသောကြောင့် မခံချိမခံသာ ဖြစ်သွားကြသည်။
သူတို့၏ မျက်ဝန်းများတွင် ချင်ယန်အား သတ်ဖြတ်ချင်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် နံပါတ်လေး မင်းသား ချင်ရှန်ယိသည် ရှေ့သို့ထွက်လာကာ ချင်ယန်အား အော်ဟစ် ပြောဆိုလိုက်သည်။
"မင်းရဲ့ စိတ်ဝိညာဉ်သွေးကြောလောက်နဲ့ ငါ့အစ်ကိုရဲ့ စိတ်ဝိညာဉ်သွေးကြော ခြောက်ခုကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား... မင်းရဲ့ နှလုံးသားထဲမှာ မနာလိုစိတ်တွေနဲ့ ပြည့်နေတာပဲ"
အရာရှိအိုကြီးများသည် ချင်ရှန်ယိ၏ စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဟားဟား... သူခိုးက လူဟစ်တယ် ဆိုတာ တကယ်မှန်တာပဲ... မင်းက ဒီလို စကားပြောတယ် ဆိုကတည်းက ဘယ်လောက် အရှက်မရှိလဲ သိသာနေပြီ...ငါ့ရဲ့ သွေးကြောတွေ အဖျက်ဆီးမခံရခင်က ဘာလို့ ဒီလို စကား မပြောကြတာလဲ"
ချင်ယန်သည် ဒေါသထွက်စွာဖြင့် ပြန်ပြောလိုက်၏။
"ငါ့သွေးကြောတွေကို ဖျက်ဆီးခဲ့တဲ့ မင်းတို့ မျိုးမစစ်တွေ အကုန်လုံး တစ်ယောက်မှ မလွတ်စေရဘူး.. ငါ သေချာပေါက် လက်စားချေမှာကို စောင့်နေလိုက်"
ချင်ရှန်ယိက မထီမဲ့မြင်အမူအရာဖြင့် ခနဲ့လိုက်သည်။
"ကံကောင်းလို့ အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်ရုံလေးနဲ့များ ဘာများတတ်နိုင်မှာမို့လို့လဲ.. မင်းက စိတ်ဝိညာဉ်ယန်သွေးကြော တစ်ခုတည်းနဲ့ သိုင်းပညာလမ်းစဥ်ကို ချဉ်းကပ်နိုင်မယ်လို့ ထင်နေတာလား.. ဟက်.. ငါ့အစ်ကိုလို စိတ်ဝိညာဉ်သွေးကြော ခြောက်ခု ပိုင်ဆိုင်တဲ့ အိမ်ရှေ့မင်းသား တစ်ယောက်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား... အိပ်မက်သာမက်နေလိုက်"
"မင်းက ရယ်စရာပဲ... မင်းရဲ့ ချီစွမ်းအင် ဆေးလုံးတွေ ငါ့ကို ပေးလိုက်ရတဲ့အပြင် မင်းကိုလည်း ခွေးတစ်ကောင်လို ငါရိုက်ခဲ့တာ မမေ့လောက်သေးဘူး ထင်တယ်... ဘာလဲ မင်း ပေါ့ဆမိလို့ ခံလိုက်ရတယ်လို့ အကြောင်းပြချင်နေတာလား"
ချင်ရှန်ယိ၏ မျက်နှာက ရှုံ့မဲ့သွားခဲ့ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။
"ဒီနေ့ မင်းနဲ့ငါ သူသေကိုယ်သေ တိုက်ကြတာပေါ့.. မင်းရဲ့ အိပ်မက်တွေကို ငါ အဆုံးသတ်ပေးမယ်.. ဒီနေ့မင်းကို ငါဘယ်လို ရိုက်နှက်မလဲ ဆိုတာ သေချာကြည့်ထား"
ချင်ယန်သည် လက်သီးနှစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ.. တိုက်ကြတာပေါ့... ငါက ဘာကို ကြောက်ရမှာလဲ"
အခန်း(၇) ပြီး၏