အခန်း ၉
Vol. 1 Ch. 9
အခန်း(၉)
"ဆရာမရန်... ချင်ယန်ရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုက ပုံမှန်မဟုတ်ဘူး... ဒီလို မကောင်းဆိုးဝါးကို တပည့်အဖြစ် လက်ခံတာက ဒုက္ခကို လက်ယပ်ခေါ်သလိုပဲ... ကျေးဇူးပြုပြီး ဒီမကောင်းဆိုးဝါးကို ကျွန်တော့်လက်ထဲပဲ အပ်လိုက်ပါ.. သူ့ရဲ့ မူလစွမ်းအင်နဲ့ စိတ်ဝိညာဉ်သွေးကြောကိုပဲ ဖျက်ဆီးမှာပါ.. သူ့အသက်ကို မထိခိုက်စေရပါဘူး"
အနီရောင်ဝတ်စုံဝတ် အဘိုးအိုသည် အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်၏ အခြေခံအဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပြီး သိုင်းပညာ လမ်းစဥ်ကို လျှောက်လှမ်းခဲ့သည်မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ခန့် ရှိပြီ ဖြစ်သည်။
သို့သော် ရန်ရှီးယု၏ အခြေခံက အဘိုးအိုထက် နက်ရှိုင်းနေခဲ့၏။
"ချင်ယန် ဆီမှာ ဘာနတ်ဆိုးပညာကိုမှ မတွေ့ရဘူးလို့ ကျွန်မ အတည်ပြုပြီးပြီ.. သူ့ကို ခေါ်ဆောင်သွားလို့ ဖြစ်လာသမျှ အရာအားလုံးကို ကျွန်မ တာဝန်ယူတယ်"
ရန်ရှီးယုသည် ချင်ယန်၏ ရှေ့မှ ရပ်ကာ အနီရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကို ငြင်းဆန် ပြောဆိုလိုက်သည်။
သူမ၏ ပတ်ပတ်လည်ရှိ လေထု အတွင်း၌ ချီစွမ်းအင်ဖြင့် ပြုလုပ်ထားသော အကာအကွယ် အလွှာတစ်ခု ပေါ်လာခဲ့သည်။
ချင်ယန်သည် ရက်စက်သော ကျားသစ်တစ်ကောင် အလား လျင်မြန်စွာဖြင့် ဝတ်စုံနီဝတ် အဘိုးအိုထံ လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။
"မိစ္ဆာအိုကြီး"
ဝတ်စုံနီဝတ် အဘိုးကြီးသည် ချင်ယန်၏ လှုပ်ရှားမှုကို သတိထားခဲ့သည် ဖြစ်ရာ ချီစွမ်းအင်များကို ကြိုတင် စုစည်းထားခဲ့သည်။
ချင်ယန် လှုပ်ရှားလိုက်သည်နှင့် သူသည်လည်း တစ်ချိန်တည်း လှုပ်ရှားလိုက်၏။
အဘိုးအိုက အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် ဖြစ်ပြီး ဂုဏ်အရှိန်အဝါ ကြီးမြင့်သူ တစ်ဦး ဖြစ်၍ လူအများရှေ့တွင် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုမျိုး မပြုလုပ်ချေ။
ထိုတခဏဝယ် ချင်ယန်၏ အဆက်မပြတ် ဖိနှိပ်လာသော အားအရှိန်ကြောင့် မျက်နှာပျက်ကာ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ပြင်းထန်သော ဖိအားသည် သူ၏ ဒန်တျန်တစ်ခုလုံးကိုပင် ဖရိုဖရဲ ဖြစ်သွားစေခဲ့၏။
ရွေးချယ်စရာမရှိသည့် အနေအထားကြောင့် နောက်သို့ ခုန်ဆုတ်ကာ သူ၏ ဒဏ်ရာကို သက်သာစေရန် ကြိုးစားလိုက်ရတော့သည်။
လူအားလုံးက စိတ်နှလုံး တုန်လှုပ်သွားခဲ့ပြီး ချင်ယန်၏ သတ္တိကိုလည်း ကျိတ်ကာ ချီးကျူးမိလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ချင်ယန်သည် သူ့ထက် အဆင့်များစွာ မြင့်မားသော အဘိုးအိုအား နောက်သို့ ဆုတ်ခွာသွားစေရန် ပြုလုပ်လိုက်ခြင်းကို မြင်လိုက်ရသောကြောင့်ပင်။
မည်သူမှ ထုတ်ဖော်ချီးကျူးခြင်း မရှိသော်လည်း အဘိုးအို၏ သိက္ခာကို နင်းချေပစ်လိုက်သော ချင်ယန်သည် အထင်ကြီးဖွယ်ကောင်းနေခဲ့၏။
ဝတ်စုံနီဝတ် အဘိုးအိုသည် သူ၏ ချီစွမ်းအင်များကို လှည့်လည်၍ ဒန်တျန်ကို ပြန်လည် တည်ငြိမ်စေရန် ကြိုးစားလိုက်သော်လည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
သူက မထင်မှတ်ဘဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ချေပြီ။
"တော်လောက်ပြီ ချင်ယန်"
ရန်ရှီးယုက သတိပေး တားမြစ်လိုက်သည်။
သူမက ချင်ယန်ကို ဤနေရာမှ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထား၏။
"လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ငါချင်ယန်က အသက်ဆယ်နှစ်ပဲ ရှိပြီး ဘာစွမ်းအားမှမရှိတဲ့ အားနည်းတဲ့ ကလေးတစ်ဦး ဖြစ်လို့ မင်းတို့ကို မခုခံနိုင်ခဲ့ဘူး... ဒါပေမဲ့ အခု လုံးဝကို ခြားနားသွားပြီး အဆင့်လေး သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေတဲ့ သိုင်းပညာရှင် တစ်ဦး ဖြစ်နေပြီ... မင်းတို့လို မိစ္ဆာတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းအား ငါ့မှာ ရှိနေပြီ... ငါမင်းတို့ကို ဘယ်တော့မှ အရှုံးမပေးဘူး"
မောက်မာစွာ ပြောလိုက်သော ချင်ယန်၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး တုန်လှုပ်သွားခဲ့သည်။
အရာရှိအိုကြီး အချို့သည် မိဖုရားကြီးနှင့် ဆွေးနွေးနေကြ၏။
မိဖုရားကြီးက သိသိသာသာပင် အမူအရာ ပျက်ယွင်းနေခဲ့သည်။
သူတို့က ရန်ရှီးယုနှင့် အတိုက်အခံ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ယခုအတိုင်း ရှေ့ဆက်သွားခဲ့လျှင် သဘောထားကွဲလွဲမှုကြောင့် ဟွာလင်းဝုကျောင်းနှင့် ရန်သူ ဖြစ်ရပေတော့မည်။
နူးညံ့သိမ်မွေ့သော ရန်ရှီးယုသည် ချင်ယန်၏ ရှေ့၌ တောင်ကြီးတစ်လုံး ပမာ မားမားရပ်၍ ကာကွယ်ထားပေး၏။
ရန်ရှီးယုသည် မိဖုရားကြီးနှင့် အခြားလူများကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ချင်ရှန်ယိကို ချင်ယန်က အင်အားအသာနဲ့ အနိုင်ယူသွားတာကို လက်မခံတဲ့သူ ရှိလား"
ချင်ယန်က ရင်ဘတ်ကိုကော့၍ ပြောလိုက်သည်။
"သူတို့တွေ ဆယ်နှစ်အရွယ် ကလေးကို မညှာမတာ ရက်စက်ခဲ့ကြတယ်.. အခု ထပ်တူညီ ပြန်ခံစားနေရပြီ"
မိဖုရားကြီးက အလျှံညီးညီး တောက်ပနေသည့် မျက်ဝန်းများဖြင့် ချင်ယန်ကို ကြည့်လိုက်သည်။
"ဒီနေ့ ဖြစ်ပျက်သမျှကို ငါမှတ်ထားမယ်... ဟွာလင်းဝုကျောင်းက မင်းကို တစ်သက်လုံး စောင့်ရှောက်နိုင်မယ်လို့ ထင်နေလား... ယိအာရဲ့ တက်လမ်းကို မင်းဖျက်ဆီးလိုက်တာ ငါဘယ်တော့မှ မမေ့ဘူး"
ရန်ရှီးယု အနေဖြင့် ချင်ယန်အား စောင့်ရှောက်နေသမျှ မိဖုရားကြီးသည် သူ၏ ရန်ငြိုးများကို ဘေးဖယ်ထားပေလိမ့်မည်။
ထိုသို့မဟုတ်လျှင် ချင်အင်ပါယာသည် ဩဇာအာဏာ ကြီးမားသည့် ဟွာလင်းဝုကျောင်းတော်ကြီးနှင့် စစ်ခင်းရပေလိမ့်မည် မဟုတ်ပါလော။
"ဒီနေ့ ရှန်ချင်အင်ပါယာရဲ့ မိသားစုကြီးတွေ အားလုံး ဒီနေရာမှာ ရှိနေကြတော့ အရေးကြီး ကိစ္စအချို့ ငါအသိပေးစရာ ရှိနေတယ်"
အသက်ကြီးကြီး အရာရှိကြီးတစ်ဦးက ပြောလိုက်သည်။
[အရေးကြီးကိစ္စလား.. ဘာကိစ္စများပါလိမ့်]
လူအားလုံးက အရာရှိအိုကြီး၏ စကားကြောင့် သိချင်စိတ် ပြင်းပြစွာဖြင့် နားထောင်ခဲ့ကြသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်က ရှန်ရှို့အင်ပါယာနဲ့ ရှန်ချင် အင်ပါယာ တို့က မင်းသမီးလေး ယုလင်နဲ့ ချင်ယန် တို့ကို လက်ထပ်ပေးဖို့ လျှို့ဝှက် စီစဉ်ခဲ့တယ်... အခု နိုင်ငံနှစ်ခုလုံးက သဘောတူထားတဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြပြီ"
"လက်ထပ်ပွဲကို ဖျက်သိမ်းခဲ့ပေမဲ့ ရွှေလမ်းငွေလမ်းခင်းမှုက မပျက်စီးခဲ့ပါဘူး... မင်းသမီးလေး ယုလင်နဲ့ ကျုပ်တို့ရဲ့ အိမ်ရှေ့မင်းသား အသစ်ကို လက်ထပ်ဖို့ ရှန်ရှို့ အင်ပါယာက သဘောတူခဲ့တယ်... ဒါက ကြီးမားတဲ့ ကံကောင်းခြင်း တစ်ခုပါပဲ"
ရှို့ယုယန်သည် ရှန်ရှို့ အင်ပါယာ၏ မင်းသမီးတစ်ဦး ဖြစ်ကာ ပြိုင်ဘက်ကင်း အလှပိုင်ရှင်လည်း ဖြစ်သည်။
ယင်းအပြင် သိုင်းပညာ လမ်းစဥ်တွင်လည်း အံ့အားသင့်ဖွယ် ပါရမီ ထူးချွန်၏။
သူမက စိတ်ဝိညာဉ်သွေးကြော ခုနစ်ခု ပိုင်ဆိုင်ထားကာ မိုးကောင်းကင် အထွတ်ထိပ်ကျောင်းတွင် သင်ကြားနေပြီး အသက်ဆယ့်ခြောက်နှစ် အရွယ်သာ ရှိသေးသူ ဖြစ်သည်။
သူမ၏ အမည်သည် နေရာအနှံ့ ကျော်ကြား၏။
မိဖုရားကြီးက အေးစက်စွာ ပြုံးလိုက်သည်။
"နောက်တစ်နှစ်အကြာမှာ အိမ်ရှေ့စံနဲ့ မင်းသမီးလေး ယုလင် တို့ရဲ့ လက်ထပ်ပွဲကို ကျင်းပမယ်.. ချင်ယန် အဲဒီပွဲကို တက်ရောက်ဖို့ ပြန်လာခဲ့ပါ"
ချင်ယန်သည် အံကြိတ်၍ ပြောလိုက်သည်။
"ကျွန်တော် သေချာပေါက် တက်ရောက်မှာပါ"
ရန်ရှီးယုသည် ဤနေရာတွင် ရှိသောလူများကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသည့် အတွက် ချင်ယန်ကို လေသံတိုးတိုး ပြောဆိုလိုက်၏။
"ငါမင်းကိုခေါ်ပြီး ဟွာလင်းဝုကျောင်းကို ပြန်တော့မယ်... အခု မင်းရဲ့ သိုင်းဝိညာဉ်က အရမ်း အားနည်းနေတယ်... အမြန်ပျောက်အောင် ငါကုသပေးမယ်"
ရန်ရှီးယုသည် ကျောင်းသားသစ် လက်ခံခြင်းကို ရပ်ဆိုင်းလိုက်ပြီး ချင်ယန်၏ ဒဏ်ရာကို ကုသပေးလိုက်သည်။
သူမ အတွက် ချင်ယန်ကို ရရှိခြင်းသည် အလွန် အဖိုးတန်သော ကျောက်ရိုင်းတစ်ပွင့်အား ရရှိလိုက်သကဲ့သို့ပင်။
အခန်း(၉) ပြီး၏