← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း(၁၀)

တိမ်နဂါးတောင်တန်းကြီးသည် ရှန်ချင်အင်ပါယာ မြို့တော်မှ ကီလိုမီတာ နှစ်ရာအကွာတွင် တည်ရှိနေသည်။

ထိုတောင်တန်းကြီးတစ်လျှောက် ထူးခြားဆန်းကြယ်သော တောအုပ်ကြီးများ ပေါက်ရောက်နေသကဲ့သို့ ရှည်လျားသော တောင်တန်းကြီး၏ ဘေးတစ်ဖက်တွင် ရေခိုးရေငွေ့များ ထုတ်လွှတ်နေသော ပင်လယ်ကြီးတစ်ခု တည်ရှိနေ၏။

ရေစီးသန်သော မြစ်ကြီးတစ်စင်းသည် တောင်တန်းကြီးတွင် မြစ်ဖျားခံ၍ ကြမ်းတမ်းသော နဂါးကြီးတစ်ကောင်ပမာ စီးဆင်းနေခဲ့သည်။

ဟွာလင်းဝု ကျောင်းတော်ကြီးသည် တိမ်နဂါးတောင်တန်းကြီး၏ အပြင်ဘက် တိမ်နဂါးမြစ်၏ ဘေးတွင် တည်ရှိ၏။

ပတ်ပတ်လည်တွင် ကြီးမားသော ကျောက်တုံးကြီးများက နံရံများ သဖွယ် ကာဆီးထားကာ ကျောင်းတော်နယ်မြေ တစ်ခုလုံးသည် မြင့်မြတ်သော ရှေးဟောင်းအငွေ့အသက်များဖြင့် လွှမ်းခြုံနေခဲ့သည်။

အဝေးမှကြည့်လျှင် တိမ်နဂါးမြစ်ကြီး၏ ဘေးတွင် ကြမ်းကြုတ်ရက်စက်သော ကျားဆိုးကြီး တစ်ကောင် လဲလျောင်းနေသကဲ့သို့ပင် ထင်မှတ်ရ၏။

မြင်းလှည်းတစ်စီးသည် ဟွာလင်းဝု ကျောင်းတော်ကြီး၏ အဓိက ဝင်ပေါက်သို့ ဦးတည် မောင်းနှင်လာခဲ့သည်။

ခမ်းနားသော အဆောက်အအုံများကို နေရာအနှံ့ မြင်တွေ့နေရသည်။

အဆောက်အအုံများ၏ အနီးတွင် သစ်တောများ၊ ဥယျာဉ်များ တည်ရှိနေကာ တစ်ခုချင်းစီသည် သာမန်အင်ပါယာ နန်းတော် တစ်ခုစီခန့် ကျယ်ဝန်းနေ၏။

မြင်းလှည်းသည် ဟွာလင်းဝုကျောင်း၏ အနောက်ဘက်ဘေးသို့ ရောက်လာခဲ့သည်။

ရန်ရှီးယုက ချင်ယန်ကို ပြောလိုက်သည်။

"မင်း လမ်းလျှောက်လို့ အဆင်ပြေရဲ့လား"

"ပြေပါတယ် ဆရာမ"

ယန်စွမ်းအင်ကိုးမျိုးအား စုပ်ယူနိုင်သည့် ပုတီးစေ့အရွယ် ပုလဲကိုးလုံးသည် သူ၏ ကိုယ်တွင်းရှိ ဒဏ်ရာများကို သက်သာစေသည့် အပြင် ပြန်လည် အားဖြည့်ပေးရာတွင်လည်း သက်ရောက်မှု ကောင်းစွာ ရှိနေခဲ့၏။

ထိုအရာကြောင့် ပြန်လည် ကောင်းမွန်လာသည့်တိုင် သူ၏ မျက်နှာက ဖြူဖျော့နေဆဲပင်။

ရန်ရှီးယုသည် အပြန်လမ်းခရီးတွင် ချင်ယန်ကို မကုသခဲ့သော်လည်း ချင်ယန်၏ ဒဏ်ရာများက အလွန်လျင်မြန်စွာပင် သက်သာလာခဲ့သည်။

ချင်ယန်က စိတ်မသက်မသာ အမူအရာဖြင့် ပြောလိုက်သည်။

"ဆရာမကို ကျွန်တော် ဒုက္ခပေးမိပြီ.. ပထမစာသင်နှစ်အတွက် သင်ကြားစရိတ် သလင်းကျောက် နှစ်သောင်းကို ပေးဖို့ ကျွန်တော့်မှာ ပါမလာဘူး... ကျွန်တော့်အတွက် ဆရာမ ယာယီစိုက်ထားပေးနိုင်မလား.. အဲဒီ သလင်းကျောက်ပြား နှစ်သောင်းကို ကျွန်တော် ပြန်ပေးပါ့မယ်"

ရန်ရှီးယုသည် အေးစက်စက် အမူအရာဖြင့် ချင်ယန်ကို လှည့်ကြည့်လိုက်သည်။

သလင်းကျောက်ပြား နှစ်သောင်းသည် နည်းပါးသော ငွေပမာဏ မဟုတ်ချေ။

သို့သော် ပထမစာသင်နှစ် အတွက် လုံလောက်ရုံမျှသာ ဖြစ်၏။

"ငါ အရင်ဆုံး မင်းကို အနားယူရမယ့် အခန်းဆီခေါ်သွားပေးမယ်.. အဲဒီမှာ တခြားကျောင်းသားတွေလည်း ရှိတယ်.. မင်းရဲ့ သိုင်းဝိညာဉ်ကို နိုးထအောင် လေ့ကျင့်ထားပါ"

ရန်ရှီးယုသည် အခန်းများစွာကို ဖြတ်ကျော်၍ ခေါ်ဆောင်သွားခဲ့သည်။

အချို့အခန်းများသည် သော့များခတ်၍ ပိတ်ထား၏။

အင်ပါယာ နိုင်ငံအသီးသီးမှ အရာရှိကြီးများ၊ ဗိုလ်ချုပ်ကြီးများ၊ သိုင်းမိသားစုကြီးများ၏ သားသမီးများသည် အခန်းအတွင်း၌ ရှိနေကြသည်။

ထိုကျောင်းသားများကို ရန်ရှီးယုက ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။

ကျောင်းသား အများအပြားကို မြင်လိုက်ရသော ချင်ယန်က အလွန်အမင်း အံ့အားသင့်နေမိသည်။

၎င်းတို့က အခန်းအတွင်းသို့ ဝင်ရောက်လာသော ချင်ယန်အား ပြက်ရယ်ပြုခြင်း၊ သံသယဖြစ်ခြင်း၊ အထင်သေးခြင်း၊ အံ့အားသင့်ခြင်း စသည့် ခံစားချက် အမျိုးမျိုးဖြင့် ကြည့်နေကြသည်။

သို့သော် ချင်ယန်သည် ထိုအရာအားလုံးကို မသိကျိုးကျွံသာ ပြုထားခဲ့၏။

"ဒီမနက်မှာ မင်းတို့ရဲ့ သိုင်းဝိညာဉ်နိုးထဖို့ ငါကူညီပေးမယ်... မင်းတို့အားလုံး ငါပြန်လာတာကို ဒီအခန်းထဲကနေ စောင့်နေကြပါ... မင်းတို့ သိထားရမှာက ဒီမှာ ဘာပြဿနာမှ ရှာလို့မရဘူး ဆိုတာပဲ... မင်းတို့ ပညာသင်ဖို့ အတွက် ငွေအများကြီး အကုန်အကျ ခံထားရတာကို မမေ့ပါနဲ့"

ရန်ရှီးယု၏ အေးစက်တင်းမာသော စကားသံက ကျောင်းသားသစ်အားလုံးကို ငြိမ်ကျသွားစေခဲ့သည်။

သူမ၏ သေးသွယ်သော ပုံရိပ်သည် ကျောင်းသားသစ်များအားလုံးကို ကြောက်လန့်စေနိုင်၏။

ဟွာလင်းဝုကျောင်း၏ အရှိန်အဝါက အလွန်ကြီးမားသည်။

ရှန်ချင်အင်ပါယာပင် ဟွာလင်းဝုကျောင်းတော်ကို အပြစ်မပြုဝံ့ချေ။

နိုင်ငံအသီးသီးမှ ငယ်ရွယ်သော မျိုးဆက်သစ်များသည် စိတ်ကြီးဝင်ကာ မာနကြီးသူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ သူတို့၏ ခုံများတွင် ငြိမ်သက်စွာ ထိုင်ကာ ရန်ရှီးယု အလာကို စောင့်နေကြသည်။

ယနေ့ မနက်တွင် ကျောင်းသားသစ်လက်ခံခြင်းအား ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

အခန်းအတွင်း၌ ရန်ရှီးယု ရွေးချယ်ထားသော ကျောင်းသားစုစုပေါင်း အယောက် နှစ်ဆယ် ရှိနေခဲ့သည်။

"ငါ အခု မင်းတို့ရဲ့ သိုင်းဝိညာဉ် နိုးထဖို့အတွက် စတင် ပြုလုပ်ပေးမယ်"

ရန်ရှီးယုမှ အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ပြောလိုက်သည်။

ကျောင်းသားအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။

သူမ၏ တည်ကြည်လေးနက်သော ဟန်အမူအရာသည် ကျောင်းသားများကို ကြောက်ရွံ့စေ၏။

သိုင်းဝိညာဉ် နိုးထခြင်းသည် သိုင်းသမားများအတွက် အလွန် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။

ထိုအရာသည် အနာဂတ်ကာလတွင် ကျောင်းသားများ အတွက် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဖော်ပြပေးနိုင်၏။

ကျောင်းသားအားလုံး၏ မျက်နှာထက်တွင် အနည်းငယ် စိုးရွံ့သော အမူအရာများ ထင်ဟပ်နေကြသည်။

"ထိုင်ကြပါ"

သူမက အာဏာအပြည့်ပါသော လေသံဖြင့် ပြောလိုက်သည်။

ထို့နောက် အပြင်မှ ယူဆောင်လာသော ကြည်လင်သည့် အရာဝတ္ထု တစ်ခုဖြင့် ပြုလုပ်ထားဟန်တူသည့် ဘုံအဆင့်ဆင့်ပါသော ပြသာဒ်ငယ်လေး တစ်ခုကို ထုတ်ယူကာ စင်မြင့်ပေါ်ရှိ ခုံပေါ်တွင် ဂရုတစိုက် တင်လိုက်သည်။

ယင်းနောက် သူမ၏ လက်ကို ဘုံအဆင့်ဆင့် ပါသည့် ပြာသာဒ်ငယ်လေးပေါ်သို့ တင်၍ ပြောလိုက်သည်။

"ဒါက စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်ပဲ.. ဒါက မင်းတို့ရဲ့ သိုင်းဝိညာဉ်ကို နိုးထစေပြီး မင်းတို့အသီးသီးမှာရှိတဲ့ သိုင်းဝိညာဉ် အမျိုးအစားကို အလင်းရောင်တွေနဲ့ ခွဲခြားပေးလိမ့်မယ်"

"အဆင့်မြင့် သိုင်းဝိညာဉ်တွေရဲ့ အရောင်ကို စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်က ကွဲပြားခြားနားစွာ ဖော်ပြပေးလိမ့်မယ်.. သိုင်းဝိညာဉ်တွေမှာ စုစုပေါင်း အရောင်ငါးမျိုးရှိတယ်... အဲဒီအရောင်တွေက ကြေးဝါရောင်၊ ငွေရောင်၊ ရွှေရောင်၊ ရွှေဖြူရောင်နဲ့ ခရမ်းရွှေရောင်တို့ပဲ"

"ဘယ်အဆင့်ကို အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ထားလဲ ဆရာမ"

ကျောင်းသားတစ်ဦးက မေးလိုက်သည်။

ရန်ရှီးယုသည် ခေါင်းညိတ်လိုက်သည်။

"ငွေအဆင့် သိုင်းဝိညာဉ်ကို အရည်အချင်းမီတယ်လို့ သတ်မှတ်ထားတယ်... ရွှေအဆင့်ဆို ပိုကောင်းပြီး ရွှေဖြူအဆင့်ကတော့ အကောင်းဆုံးပဲ... ခရမ်းရွှေရောင် သိုင်းဝိညာဉ် ပိုင်ရှင်ကတော့ လူပေါင်းများစွာထဲမှာမှ ရှားပါးတဲ့ ဒဏ္ဍာရီလာ ဖီးနစ်ငှက်တစ်ကောင်လို့တောင် တင်စားလို့ရတယ်"

"ဆရာမရဲ့ သိုင်းဝိညာဉ်ကရော ဘယ်အဆင့်လဲ"

ကျောင်းသူလေး တစ်ဦးက စူးစမ်းသော လေသံဖြင့် မေးလိုက်သည်။

ရန်ရှီးယု၏ ကျောက်စိမ်း ကဲ့သို့ ကြည်လင်နေသော မျက်နှာထက်တွင် စိတ်ကြီးဝင်ဟန် အချို့ ပေါ်လာခဲ့၏။

သူမက သူမ၏ လက်ကို စိတ်ဝိညာဉ်ခွဲခြားခြင်း မျှော်စင်ပေါ်သို့ တင်လိုက်ရာ မူလက ကြည်လင်နေသော ပြာသာဒ်ဘုံအဆင့်ဆင့်ကနေ အားကောင်းသော ရွှေဖြူရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဒါ ရွှေဖြူရောင် သိုင်းဝိညာဉ်ပဲ"

ရန်ရှီးယုက သူမ၏ လက်ကို စိတ်ဝိညာဉ်ခွဲခြားခြင်း မျှော်စင်ပေါ်မှ ဖယ်ရှားလိုက်လျှင် ရွှေဖြူရောင် အလင်းတန်းများသည် မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့သည်။

ရှားပါးသော ရွှေဖြူရောင် သိုင်းဝိညာဉ်ကို မြင်လိုက်သူတိုင်းသည် သူတို့၏ သိုင်းဝိညာဉ်များကိုလည်း ထိုကဲ့သို့ အဆင့်မြင့်သိုင်းဝိညာဥ် ဖြစ်ချင်စိတ်များ ဖြစ်ပေါ်နေကြ၏။

"အခု သိုင်းဝိညာဉ် နိုးထခြင်းကို စတင်တော့မယ်"

ရန်ရှီးယုသည် သူမ၏ လက်အတွင်း၌ ကိုင်ထားသော စာအုပ်တစ်အုပ်ကို ဖွင့်၍ နာမည်ခေါ်လိုက်သည်။

"ဝမ်ရှို့ဂန်"

အသားအရေ ကြည်လင်သော လူငယ်လေး တစ်ဦးသည် သူ့ကိုယ်သူ ယုံကြည်မှုရှိဟန်ဖြင့် ခေါင်းကိုမော့ကာ လျှောက်လှမ်းသွားခဲ့သည်။

ဝမ်ရှို့ဂန်သည် သူ၏ လက်ကို မျှော်စင်ပေါ်သို့ တင်လိုက်ပြီး ရန်ရှီးယုကို မေးလိုက်သည်။

"ဘာဆက်လုပ်ရမလဲ"

"မျက်လုံးတွေကို မှိတ်ပြီး အကြောတွေကို လျှော့ထားပါ...ပြီးရင် မင်းတစ်ကိုယ်လုံးကို အာရုံခံနေရမယ်"

ရန်ရှီးယုက ညွန်ကြားလိုက်သည်။

ဝမ်ရှို့ဂန်သည် ချက်ချင်းပင် သူ၏ မျက်စိကို မှိတ်လိုက်ပြီး အကြောများကို လျှော့၍ ခန္ဓာကိုယ်ကို အာရုံခံလိုက်သည်။

တခဏအကြာတွင် အေးစက်သော အရာ တစ်ခုအား သူ၏ ကိုယ်မှ စတင် ခံစားလိုက်ရသည်။

အေးစက်သော လေများသည် ပြတင်းပေါက်မှ တစ်ဆင့် ဝင်ရောက်လာပြီး စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်၏ အပေါ်တွင် စုစည်းလာခဲ့သည်။

မျှော်စင်မှ ငွေရောင်အလင်းတန်းများ တောက်ပလာသည်ကို မြင်ရလျှင် ရန်ရှီးယုက မှတ်ချက်ချကာ ဝမ်ရှို့ဂန်၏ သိုင်းဝိညာဥ်ကို မှတ်သားထားလိုက်သည်။

"ဒါက ငွေရောင်အဆင့် လေဓာတ်သိုင်းဝိညာဉ်ပဲ.. မဆိုးဘူး"

ဆရာမ၏ မှတ်ချက်ကို ကြားပြီးနောက် ဝမ်ရှို့ဂန်သည် သူ၏ ထိုင်ခုံ ရှိရာသို့ ဝင့်ကြွားစွာ ပြန်လာခဲ့သည်။

နောက်တစ်ဦးမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ဖြစ်ပြီး သူမ၏ မျက်လုံးများတွင် မာနကြီးသော အရိပ်အယောင်များ ထွက်ပေါ်နေခဲ့၏။

"တန်ချင်ဂူ စမ်းသပ်မယ်"

တန်ချင်ဂူ၏ စမ်းသပ်မှု အဖြေသည် မြန်ဆန်စွာပင် ထွက်ပေါ်လာခဲ့သည်။

မျှော်စင်၏ အပေါ်တွင် ငွေရောင်တောက်ပနေသော ရေများ စုစည်းလာခဲ့သည်။

"ဒါက ငွေရောင်အဆင့် ရေဓာတ်သိုင်းဝိညာဉ်ပဲ.. ဒါလည်း မဆိုးဘူး"

ရန်ရှီးယုက မှတ်ချက်ပြုလိုက်သည်။

ရန်ရှီးယု ရွေးချယ်ထားသော ကျောင်းသားများမှ ငွေရောင်အဆင့်ရှိသော သိုင်းဝိညာဉ် ပိုင်ဆိုင်သူ နှစ်ဦး ထွက်ပေါ်လာပြီ ဖြစ်သည်။

တတိယမြောက် ကျောင်းသား၏ စစ်ဆေးချက်သည် ရွှေရောင်အဆင့် မီးဓာတ်သိုင်းဝိညာဉ် ဖြစ်၏။

"ယန်ကျုံးမင်.. ရွှေရောင်မီးဓာတ်သိုင်းဝိညာဉ်.. အရမ်းကောင်းတာပဲ"

အမြဲလိုလို အေးစက်တင်းမာနေသော ရန်ရှီးယု၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ဝေဆာနေခဲ့သည်။

ယန်ကျုံးမင်၏ ရွှေရောင်မီးဓာတ် သိုင်းဝိညာဉ်သည် အကောင်းဆုံးသော သိုင်းဝိညာဉ်နိုးထခြင်း တစ်ခု ဖြစ်ရာ သူမ ပျော်ရွှင်နေသည်မှာ မဆန်းပေ။

"လုချင်ဟို...ငွေရောင်မီးဓာတ် သိုင်းဝိညာဉ်"

"မန်ဟိုမင်.. ငွေအဆင့် ရေခဲသိုင်းဝိညာဉ်"

သူမ ရွေးချယ်ထားသော ကျောင်းသားများမှ ငွေအဆင့်နှင့် ရွှေအဆင့် သိုင်းဝိညာဉ်များသာ ထွက်ပေါ်နေခဲ့သည်။

ရွှေဖြူအဆင့် သိုင်းဝိညာဉ်ပိုင်ရှင် တစ်ဦးမျှ မထွက်ပေါ်ခဲ့ချေ။

ထိုအဆင့်သည် အမှန်တကယ်ပင် ရှားပါးလွန်း၏။

"ယီဝေရှန်း"

ရန်ရှီးယု၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပေါ်ပေါက်နေသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့နေရသည်။

"ယီဝေရှန်း.. အိုး.. ယီမိသားစုကပဲ.. ယီမိသားစုက မိုးကြိုးသိုင်းဝိညာဉ်ကို မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ကြသူတွေပဲ... တကယ်ကို ခမ်းနားကြီးကျယ်တဲ့ သူတွေပေါ့"

မိုးကြိုးသိုင်းဝိညာဉ်သည် ဤနေရာတစ်ခုလုံး၌ အမှန်တကယ် စွမ်းအားအကြီးမားဆုံး ဖြစ်၏။

ယခု သိုင်းဝိညာဉ်နိုးထခြင်း အခမ်းအနား၌ ရေခဲ၊ လေ၊ ရေ၊ မီး၊ မြေကြီး သိုင်းဝိညာဉ်များသာ ပေါ်ထွက်ခဲ့သည်။

"ရွှေအဆင့် မိုးကြိုးသိုင်းဝိညာဉ်"

မျှော်လင့်ထားပြီ ဖြစ်သော်လည်း ရန်ရှီးယု၏ ဝမ်းမြောက်ဝမ်းသာ ရေရွတ်သံ ပေါ်ထွက်လာခဲ့သည်။

ဆက်လက်၍ သူမက ချီးကျူးလိုက်သည်။

"ယီမိသားစုရဲ့ ပါရမီရှင် ပီသပါပေတယ်"

"ဆရာမရဲ့ ချီးကျူးမှုအတွက် အရမ်း ကျေးဇူးတင်ပါတယ်... ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်ကို အကောင်းဆုံး အသုံးချပါ့မယ်"

ယီဝေရှန်း၏ မျက်နှာထက်တွင် ဂုဏ်ယူဝံ့ကြွားသော အပြုံးများ ဝေဆာနေခဲ့၏။

"ချင်ယန်... မင်းအလှည့်ပဲ"

ရန်ရှီးယုက ချင်ယန်ကို ကြည့်ကာ ပြောလိုက်သည်။

အခန်း(၁၀) ပြီး၏

All Chapters