အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း ၁၃၁
အရပ်ရှည်ရှည်နှင့် လူအိုကြီး လောင်ယန် သေဆုံးသွားသည်နှင့် သူ၏ စိတ်စွမ်းအင်များသည် ဆည်ကျိုးသွားသော ရေများကဲ့သို့ ထိုသားရဲအမြုတေဆီသို့ အရှိန်အဟုန်ဖြင့် ဆက်လက်စီးဝင်သွားတော့သည်။ တစ်ဖက်တွင်မူ မုတ်ဆိတ် ဗရပွနှင့်လူ၏ စိတ်စွမ်းအင်လှိုင်း လှုပ်ခတ်မှုများမှာ တရိပ်ရိပ် မြင့်တက်လာနေသည်။
သူ၏ အကြားစွမ်းအား ကျင့်စဉ်က ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏စိတ်ထဲတွင် အကြားအာရုံ စိတ်ဝိဉာည်အမြုတေ နှစ်ခုသည် အမြဲတမ်းအတွက် စတင်ဖြစ်ပေါ်လာတော့မည်။ ထိုအချိန်မှစ၍ သူ၏ စိတ်စွမ်းအင်သည် လမ်းညွှန်မှု ပြုလုပ်ပေးရန် မလိုတော့ဘဲ ထိုနေရာကို အလိုအလျောက် ဖြတ်သန်းသွားကာ ထူးခြားဆန်းကြယ်သော စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လျှပ်စစ်သံလိုက်သားရဲမှာ ဟုတ်ဟုတ်နှင့် အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ကျန်းဟန်သည် လှမ်းမြင်နေရသော နေရာမှနေ၍ စောစောက ဖြစ်ပျက်သွားသည်များကို စောင့်ကြည့်နေပြီး မုတ်ဆိတ်ဗရပွနှင့်လူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ဤလူသည် သူ့ကို အတိုင်းအတာတစ်ခုအထိ စိုးရိမ်ထိတ်လန့်စေခဲ့သည်။ ထိုလူသည် အဆင့်တက်လှမ်းနိုင်ရန်အတွက်ဆိုလျှင် မည်သည့်အရာကိုမဆို မိုက်မိုက်ကန်းကန်း လုပ်ဝံ့သူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ်လည်း ကိုယ်ချင်းစာမိသွားခဲ့သည်။ အကယ်၍သာ သူကိုယ်တိုင် ထိုနေရာတွင် ရှိနေခဲ့လျှင်လည်း မိမိ၏ ရည်မှန်းချက်များအတွက် ဤအတိုင်းပင် လုပ်မိလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကိုယ်ချင်းစာမိသည်ဆိုခြင်းမှာ တစ်ပိုင်းဖြစ်ပြီး မုတ်ဆိတ်ဗရပွနှင့်လူ၏ အစီအစဉ် အောင်မြင်သွားအောင်တော့ သူ လုံးဝ အဖြစ်ခံ၍မရပေ။ အကယ်၍ ထိုသို့ဖြစ်သွားပါက သူ့အတွက် သေခြင်းတရားတစ်ခုသာ စောင့်ကြိုနေလိမ့်မည် ဖြစ်သည်။ မုတ်ဆိတ်ဗရပွနှင့်လူသည် သူ့အပေါ် အနည်းငယ်မျှပင် ညှာတာပြမည် မဟုတ်ချေ။
“ကောင်းပြီ... ပိုင်လင်း မင်း တိုက်ပွဲထဲဝင်ဖို့ အချိန်တန်ပြီ။”
ကျန်းဟန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ကူးလိုက်သည်နှင့် ကောင်းကင်တွင် ကြီးမားသော အစီအရင်စက်ဝိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ပိုင်လင်းတစ်ယောက် နဂါးအဖြစ် အသွင်ပြောင်းလဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲဝင်ခြင်း ဖြစ်သည်။
“အလဟဿ ရုန်းကန်နေတာပဲ။”
မုတ်ဆိတ်ဗရပွနှင့်လူသည် ထိုလှုပ်ရှားမှုကို သတိပြုမိသွားပြီး အထင်သေးသော အပြုံးတစ်ခုကို ပြသလိုက်သည်။ ကျန်းဟန်ထံတွင် သားရဲတစ်ကောင် ကျန်ရှိနေသေးသည်ကို သူသိသည်။ ၎င်းမှာ အများဆုံးရှိလှ အဆင့် ၂ လက်ရွေးစင်အဆင့် သို့မဟုတ် အဆင့် ၃ ခေါင်းဆောင်အဆင့်မျှသာ ဖြစ်လိမ့်မည်။
ယင်းတို့အနက် မည်သည့်အရာကမျှ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ သူသည် အဆင့် ၃ လက်ရွေးစင်အဆင့် သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ လျှပ်စစ်သံလိုက်သားရဲသည် အဆင့် ၄ သို့ အဆင့်မတက်နိုင်ခဲ့လျှင်တောင်မှ ကျန်းဟန်ကို သူ အနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။ တောရိုင်းထဲတွင် အနှစ်နှစ်ဆယ်ကျော်ကြာ တိုက်ပွဲအတွေ့အကြုံရှိခဲ့သော သူ့ကို ယခုမှ စတင်ခြေလှမ်းပြင်ခါစ လူသစ်တစ်ယောက်က မည်သို့ ယှဉ်နိုင်ပါမည်နည်း။
“ဝေါင်းးးးး”
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ခန့်ညားထည်ဝါမှုများနှင့် ပြည့်နှက်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ ကောင်းကင်ထက်တွင် သွယ်လျသော ခရမ်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဟိန်းဟောက်သံနှင့်အတူ ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများသည် ရှင်ဘုရင်တစ်ပါး ကြွချီလာသည်ကို ခစား ဝပ်တွားနေကြသည့်အလား အလိုအလျောက် စုဝေးလာကြတော့သည်။
“သေစမ်း... ဒါ...ဒါက နဂါးတစ်ကောင်လား။”
မုတ်ဆိတ်ဗရပွနှင့်လူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ ဤနဂါး၏ ပေါ်ထွက်လာမှုကြောင့် သူ၏ စိတ်ဝိဉာဉ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး စိတ်စွမ်းအင်များ ပရမ်းပတာ ဖြစ်သွားကာ စိတ်စွမ်းအင် စုပ်ယူနေမှုကိုပင် ရပ်တန့်သွားလုနီးပါး ဖြစ်ခဲ့ရသည်။
သူသည် အဝေးရှိ ကောင်းကင်မှ ပုံရိပ်ကို လှမ်းကြည့်လိုက်၏။ ဤအရာမတိုင်မီက သူ၏စိတ်ထဲတွင် ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးတောခဲ့ဖူးသော်လည်း ကျန်းဟန် ထုတ်လွှတ်လိုက်မည့် သားရဲမှာ နဂါးတစ်ကောင် ဖြစ်နေလိမ့်မည်ဟုတော့ သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ။
လွန်ခဲ့သော ခဏလေးကတင် သူသည် ကျန်းဟန်ကို နဂါးတစ်ကောင်နှင့် ကြုံတွေ့ချင်နေသည်မှာ လက်တွေ့မကျဟု လှောင်ပြောင်ခဲ့သေး၏။ ယခုမူ ဤကလေးထံတွင် နဂါးတစ်ကောင် အမှန်တကယ်ရှိနေမည်ကို မည်သူ သိနိုင်ပါမည်နည်း။ ၎င်းမှာ အသက်ရှင် လှုပ်ရှားနေသော နဂါးစစ်စစ်တစ်ကောင်ဖြစ်သည်။
၎င်းသည် နဂါးတစ်ကောင် မည်သို့ ဖြစ်နေရသနည်း။ သူ လုံးဝ နားမလည်နိုင်တော့ပေ။ နဂါးတစ်ကောင်ကို ပိုင်ဆိုင်ထားသော မည်သည့် သားရဲထိန်းချုပ်သူမဆို ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသည့် ပါရမီရှင်များဖြစ်ပြီး အခြားသူများထက် မြင့်မားသောနေရာတွင် ရပ်တည်နေကြသူများ မဟုတ်ပါလော။ ထိုကဲ့သို့သောသူမျိုးက ဤလိုနေရာမျိုးတွင် မည်သို့ ပေါ်လာနိုင်မည်နည်း။ ၎င်းသည် အမည်မသိ ကလေးတစ်ယောက်၏ လက်ထဲသို့ မည်သို့ ရောက်ရှိနေရသနည်း။ နဂါးများကို အထက်တန်းလွှာများက ရာသက်ပန် သိမ်းပိုက်ထားကြသည် မဟုတ်လော။
သူ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသော်လည်း နဂါးမှာ ပျောက်ကွယ်မသွားသည့်အပြင် လျှပ်စစ်သံလိုက်သားရဲ၏ အထက် ကောင်းကင်ယံသို့ ပျံသန်းရောက်ရှိသွားကာ ၎င်း၏ မေးရိုးကို ဖွင့်ဟ၍ ‘မိုးကြိုးနဂါးအသက်ရှူသံကို ထုတ်ဖော်လိုက်ပြီဖြစ်သည်။
ဤ မိုးကြိုးနဂါးအသက်ရှူသံသည် အစပိုင်းတွင် သိပ်မပြင်းထန်ဘဲ အဆင့် ၃ အဆင့်မျှသာ ရှိသော်လည်း မကြာမီမှာပင် ရူးသွပ်ဖွယ်ကောင်းလောက်အောင် ပြန့်ကားလာပြီး လက်ဆေးကန်တစ်ခုစာမျှ ထူထဲသိပ်သည်းသွားခဲ့သည်။ နှစ်စက္ကန့်အတွင်းမှာပင် ၎င်း၏ စွမ်းပကားသည် အဆင့် ၃ အထွတ်အထိပ်အထိ မြင့်တက်သွားပြီး ပတ်ဝန်းကျင်ရှိ လျှပ်စီးဒြပ်စင်များသည်လည်း ၎င်းထဲသို့ အဆက်မပြတ် ပေါင်းစပ်ဝင်ရောက်သွားကြသည်။
ဤသည်မှာ မိုးကြိုးဘုရင်တစ်ပါး၏ ခံစားချက်မျိုးပင် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လျှပ်စီးဒြပ်စင်များကို ဆွဲဆောင်ရန် သို့မဟုတ် လှုံ့ဆော်ရန် မလိုအပ်ဘဲ ၎င်းတို့သည် နဂါး၏ စွမ်းရည်ထဲသို့ အလိုအလျောက် ပေါင်းစပ်သွားကြခြင်း ဖြစ်သည်။
“မြန်မြန် ရှောင်စမ်း။”
မုတ်ဆိတ်ဗရပွနှင့်လူသည် ရင်ထဲတွင် ဖော်ပြမတတ်အောင် ခါးသီးစွာ အော်ဟစ်လိုက်၏။ သူသည် တစ်သက်နှင့်တစ်ကိုယ် နဂါးတစ်ကောင်နှင့် တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူ၏ ပထမဆုံး အကြိမ် ကြုံတွေ့မှုမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။
လျှပ်စစ်သံလိုက်သားရဲသည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ဟုတ်ဟုတ်၏ မြဲမြံစွာ ရစ်ပတ်ချုပ်နှောင်ထားခြင်းကို ခံလိုက်ရ၏။ အခြားရွေးချယ်စရာမရှိတော့သဖြင့် ၎င်းသည် မိမိ၏ အားအပြင်းဆုံး တိုက်ကွက်ဖြစ်သော ကြက်ခြေခတ် လျှပ်စီးရိုက်ချက်ကို ထုတ်ဖော်လိုက်ရတော့သည်။ ထိုတိုက်ကွက်သည် ၎င်း၏ လက်မောင်းများပေါ်ရှိ လျှပ်စီးအလင်းဓားသွားများဖြင့် ဖွဲ့စည်းထားပြီး ၎င်း၏ ပါးစပ်မှ မှုတ်ထုတ်လိုက်သော လျှပ်စီးလုံးဖြင့် စွမ်းအင်ဖြည့်တင်းကာ အဆင့် ၄ နီးပါး စွမ်းအားရှိသော အလွန်ပြင်းထန်သည့် တိုက်ကွက်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြက်ခြေခတ် လျှပ်စီးရိုက်ချက်သည် ဆယ်မီတာကျော်အထိ ရှည်လျားကြီးထွားလာပြီး ပူပြင်းတောက်ပစွာဖြင့် ပိုင်လင်း၏ နဂါးအသက်ရှူသံဆီသို့ တည့်တည့်မတ်မတ် ဝင်ဆောင့်လိုက်တော့သည်။ ထူးခြားဆန်းကြယ်သော ပေါက်ကွဲသံကြီးနှင့်အတူ စူးရှတောက်ပသော အလင်းတန်းများ ပွင့်ထွက်သွားခဲ့သည်။ နဂါးအသက်ရှူသံနှင့် ကြက်ခြေခတ် လျှပ်စီးရိုက်ချက်တို့ ထိပ်တိုက်တွေ့ဆုံရာနေရာသည် လျင်မြန်စွာ ပေါက်ကွဲသွားပြီး ပြင်းထန်လှသော ဝိဉာဉ်စွမ်းအားများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည့် အလင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
မိုးကြိုးနဂါးအသက်ရှူသံ၏ အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်ပြီးနောက် ကြက်ခြေခတ် လျှပ်စီးရိုက်ချက်သည် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ လုံးဝ ပေါက်ကွဲသွားခဲ့သည်။ နဂါးအသက်ရှူသံသည်လည်း ပြင်ပမှ ပိုင်ရှင်မဲ့ ဝိဉာဉ်စွမ်းအားများဖုင့် အလွန်အကျွံ ပေါင်းစပ်မိသွားရာ စွမ်းအင်သိပ်သည်းမှု မလုံလောက်တော့ဘဲ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲမှု၏ ဗဟိုချက်သည် အလွန်အမင်း လင်းထိန်သွားပြီး ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားကို အဆင့် ၄ မိုးကြိုးသားရဲတစ်ကောင်ပင်လျှင် ရန်စရဲမည်မဟုတ်ပေ။
မုတ်ဆိတ်ဗရပွနှင့်လူသည် ထိုမြင်ကွင်းကို မြင်သောအခါ သက်ပြင်းတစ်ချက် ချနိုင်သွားခဲ့သည်။ ဤနဂါးက အလွန်အမင်း မသန်မာသေးချေ။ အနည်းဆုံးတော့ ၎င်းသည် အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးသဖြင့် သူ့အတွက် မျှော်လင့်ချက် ရှိနေသေးသည်။
“ဝေါင်းးးးး”
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ပူပြင်းလှသော မိုးကြိုးဝိဉာဉ်စွမ်းအား ပေါက်ကွဲမှု၏ ဗဟိုတည့်တည့်မှ ခရမ်းရောင်ပုံရိပ်တစ်ခုသည် အပြင်သို့ အမှန်တကယ်ပင် ပြေးထွက်လာခဲ့သည်။ ၎င်းသည် ပါးစပ်ကို ဟကာ မှုတ်ထုတ်လိုက်ပြီး မိုးကြိုးနဂါးအသက်ရှူသံကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။
ထို့ပြင် ပတ်ဝန်းကျင်ရှိ မိုးကြိုးဒြပ်စင်များသည် အလွန်အမင်း သိပ်သည်းနေသောကြောင့် ယခုတစ်ကြိမ် မိုးကြိုးနဂါးအသက်ရှူသံမှာ ပိုမိုမြန်ဆန်စွာ ကြီးထွားလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ယခင်စွမ်းအားထက် သာလွန်သွားပြီး အဆင့် ၄ စွမ်းအားသို့ ရောက်ရှိသွားခဲ့သည်။
“မဖြစ်ဘူး...မလုပ်နဲ့...။”
မုတ်ဆိတ်ဗရပွနှင့်လူသည် အော်ဟစ်လိုက်သော်လည်း သူ၏ စိတ်ဖောက်ပြန်လုနီးပါး အော်သံသည် ပိုမိုကျယ်လောင်သော အသံကြီးအောက်တွင် လျင်မြန်စွာ နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။
ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ဤစွမ်းအားကြီးမားလှသော နဂါးအသက်ရှူသံသည် လျှပ်စစ်သံလိုက်သားရဲဆီသို့ တည့်တည့်မတ်မတ် ထိမှန်သွားခဲ့၏။ ငွေဖြူရောင် မိုးကြိုးတိုင်လုံးကြီးက အရာအားလုံးကို ဝါးမြိုသွားတော့သည်။ မိုးကြိုးတိုင်လုံးကြီး၏ အောက်တွင် ကမ္ဘာမြေကြီးမှာ အဆက်မပြတ် ပျက်စီးသွားခဲ့ရသည်။ မိုးကြိုးနဂါးအသက်ရှူသံ ပျောက်ကွယ်သွားချိန်တွင် မြေပြင်သည် တွင်းနက်ကြီးတစ်ခုအလား မီတာနှစ်ဆယ်ခန့်အထိ နက်ရှိုင်းစွာ နိမ့်ဆင်းသွားခဲ့လေသည်။
ထိုတွင်းနက်ကြီး၏ အောက်ခြေတွင်မူ စွမ်းအားကြီးမားလှသော လျှပ်စစ်သံလိုက်သားရဲက သေလုမြောပါး ဖြစ်နေပြီဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်အစိတ် အပိုင်းအများစုကို ဖွဲ့စည်းထားသော သတ္တုများသည် လုံးဝ အရည်ပျော်သွားပြီး မီးလျှံကဲ့သို့ ရဲရဲနီနေသော သတ္တုရည်များအဖြစ် မြေပြင်အနှံ့ ပျံ့ကြဲနေတော့သည်။
“မိုးကြိုးဒဏ်ခံနိုင်စွမ်း... မိုးကြိုးဘုရင်။ ဒါ နဂါးတစ်ကောင်ရဲ့ စွမ်းအားလား။ ငယ်ငယ်လေးပဲ ရှိသေးတာတောင် ဒီလောက် ကြောက်ဖို့ကောင်းနေပြီ...။ အထက်တန်းလွှာတွေက ဘာလို့ နည်းလမ်းပေါင်းစုံ သုံးပြီး နဂါးတွေကို သိမ်းပိုက်ထားကြလဲဆိုတာ မဆန်းတော့ဘူး။”
မုတ်ဆိတ်ဗရပွနှင့်လူသည် မြေပြင်ပေါ်ရှိ နက်ရှိုင်းသော ကျင်းကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။ သားရဲလောကတွင် နဂါးတစ်ကောင်၏ တည်ရှိမှုသည် အတိတ်ကာလက နျူကလီးယားလက်နက်များနှင့် လုံးဝ နှိုင်းယှဉ်နိုင်သည်။ ယနေ့တွင် သူသည် ဤနှိုင်းယှဉ်ချက်၏ အဓိပ္ပာယ်ကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် နားလည်သွားခဲ့ရသည်။
၎င်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤအရာသည် အဆင့် ၂ လက်ရွေးစင်အဆင့် နှောင်းပိုင်းမျှသာရှိသေးသော နဂါးတစ်ကောင် ဖြစ်သော်လည်း အဆင့် ၃ ခေါင်းဆောင်အဆင့် အထွတ်အထိပ်တွင်ရှိသည့် လျှပ်စစ်သံလိုက်သားရဲကို ဒဏ်ရာအနည်းငယ်မျှပင် မရရှိဘဲ လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည်။
“အဲဒီသားရဲနှစ်ကောင်လုံးကို သတ်ပစ်လိုက်။”
ကျန်းဟန်သည် သူ၏ နောက်ထပ် အမိန့်ကို စောင့်ဆိုင်းနေသော ပိုင်လင်းကို လှမ်းကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
ပိုင်လင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် မိုးကြိုးတောင်ပေါ်တွင် အဆပေါင်းများစွာ မြင့်တက်နေခြင်း ဖြစ်၏။ သို့သော်လည်း အဓိကအကြောင်းအရင်းမှာ မုတ်ဆိတ်ဗရပွနှင့်လူက ပိုင်လင်း၏အကြောင်းကို ဘာမှမသိခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ပိုင်လင်းသည် မိုးကြိုးတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသည်ကိုသာ သူသိခဲ့လျှင် လျှပ်စစ်သံလိုက်သားရဲကို ထိုနေရာတွင် သည်အတိုင်း အပိတ်ခံထားမည် မဟုတ်ပေ။
ကျန်းဟန်၏ အမိန့်ကို ရရှိသည်နှင့် ပိုင်လင်းသည် မုတ်ဆိတ်ဗရပွနှင့်လူထံသို့ ချက်ချင်း ပျံသန်းသွားပြီး သူ၏ ကျန်ရှိနေသေးသော သားရဲဖြစ်သည့် ဆူးသစ်ပင်မိစ္ဆာကို သတ်ရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဟုတ်ဟုတ်သည်လည်း အရိပ်အလင်းဓားတစ်လက်ကို စုစည်းလိုက်ပြီး အသက်ငင်နေသော လျှပ်စစ်သံလိုက်သားရဲကို အဆုံးစီရင်ရန် ပြင်လိုက်၏။ ၎င်းသည် နောက်ဆုံးပိတ် အသက်အဆုံးစီရင်ခြင်းကို မိမိကိုယ်တိုင် လုပ်ဆောင်ရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။
“မလုပ်နဲ့... မလုပ်ပါနဲ့... ရပ်လိုက်စမ်း။ ငါတို့ကြားထဲမှာ ဘာရန်ငြိုးမှ ကြီးကြီးမားမား မရှိပါဘူး။ ကျန်းဟန်... ငါ မင်းနောက်ကို လိုက်ဖို့ အသင့်ပဲ။ မင်း ငါ့ကို ကတိသစ္စာပြုခိုင်းဖို့အတွက် သစ္စာပြုခြင်း သားရဲတစ်ကောင် မတွေ့မချင်း ငါ့ရဲ့ အသက်ကို မင်းလက်ထဲ အပ်ထားပါ့မယ်။”
မုတ်ဆိတ်ဗရပွနှင့်လူသည် ကျန်းဟန်၏ ပြတ်သားမှုကို မြင်သောအခါ ထိတ်လန့်မှုမှ ချက်ချင်း နိုးထလာပြီး အလောတကြီး အော်ဟစ်တောင်းပန်တော့သည်။
ကျန်းဟန်သည် မုတ်ဆိတ်ဗရပွနှင့်လူကို တစ်ချက်ကြည့်လိုက်၏။
“သူ့ကို ဂရုစိုက်မနေနဲ့... တိုက်ရိုက်သာ သတ်ပစ်လိုက်။”
အကယ်၍သာ သူသည် ယခုထက် ပိုမိုသန်မာပြီး ဧကရာဇ်အဆင့် သားရဲတစ်ကောင် ရှိနေခဲ့ပါက မုတ်ဆိတ်ဗရပွနှင့်လူကို ထိန်းချုပ်ကာ အသက်ရှင်လျက် ချန်ထားရန် စဉ်းစားမိပေလိမ့်မည်။ ဤလူသည် အရည်အချင်းရှိပြီး အသုံးချ၍ရနိုင်သည်။
သို့သော်လည်း လက်ရှိတွင် သူသည် အဆင့် ၂ အခြေခံအဆင့် သားရဲထိန်းချုပ်သူမျှသာ ရှိသေးသည်။ ပိုင်လင်းသည် သန်မာသော်လည်း မိုးကြိုးတောင်ပေါ်တွင်သာ ဖြစ်သည်။ မိုးကြိုးတောင်မှ ထွက်ခွာသွားသည်နှင့် ၎င်း၏ စွမ်းအားမှာ သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို အသက်ရှင်လျက် ချန်ထားခဲ့ခြင်းက မိမိကိုယ်ကိုယ် ဒုက္ခရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျယ်လောင်ပြင်းထန်သော အသံတစ်ခုနှင့်အတူ လျှပ်စစ်သံလိုက်သားရဲသည် ဟုတ်ဟုတ်၏ အရိပ်အလင်းဓားအောက်တွင် လုံးဝ သေဆုံးသွားခဲ့ရသည်။ ပိုင်လင်းသည်လည်း ၎င်း၏ နဂါးအသက်ရှူသံကို ထပ်မံစုစည်းကာ မုတ်ဆိတ်ဗရပွနှင့်လူဆီသို့ ဦးတည်ချိန်ရွယ်လိုက်တော့သည်။