အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း ၁၃၇
ကျန်းဟန်၏ စကားကြောင့် တစ်ဖက်ရှိ လူခြောက်ယောက်လုံး မှင်တက်သွားကြပြီး ၎င်းတို့ နားကြားမှားလေသလားဟုဆိုကာ နားကိုပင် ပြန်ကုတ်မိလိုက်ကြသည်။
ဒီကောင်လေးက တကယ်ကြီး သူတို့ကို အရင်လာပြီး ရန်စရဲတာလား။
၎င်းတို့သည် ဘေးဘယ်ညာသို့ လှည့်ကြည့်လိုက်ရာ မိမိတို့၏ အပေါင်းအဖော်များသည်လည်း ထပ်တူထူးဆန်းသည့် မျက်နှာပေးမျိုး ဖြစ်နေကြသဖြင့် နားကြားမှားခြင်းမဟုတ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သူတို့ရှေ့က ကောင်လေးသည် အမှန်တကယ်ပင် သူတို့ကို သတ်ချင်နေပြီး လူခြောက်ယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်တိုက်ခိုက်ရဲနေခြင်း ဖြစ်သည်။
“ကောင်လေး... နင် အိပ်မက်မက်နေတုန်းပဲလား။ နင် အဲလောက်တောင် သေချင်နေတာလား။”
ဒုခေါင်းဆောင် ပိုင်ပင်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သော်လည်း သူမ စကားပင်မဆုံးသေးမီ ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့၏ တိုက်ကွက်များက အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က ကျန်းဟန် အမှန်တကယ် လုပ်ရဲမလုပ်ရဲကို လက်တွေ့လုပ်ရပ်ဖြင့် သက်သေပြလိုက်ခြင်းပင်။
ပိုင်လင်း ထုတ်လွှတ်လိုက်သော စွမ်းရည်မှာ မိုးကြိုးနဂါးအသက်ရှူသံဖြစ်ပြီး ၎င်းသည် လက်ရှိအချိန်တွင် သူ၏ အသန်မာဆုံး တိုက်ကွက်ဖြစ်သည်။ ဤမိုးကြိုးအလင်းတန်း တိုင်လုံးကြီး စတင်ထွက်ပေါ်လာစဥ်က ကိုကာကိုလာပုလင်းတစ်လုံးခန့်သာ အထူရှိသည်။
သို့သော်လည်း ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအင်များကို ဆွဲငင်ပေါင်းစပ်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အချင်း တစ်မီတာထက်မက ကျယ်ပြန့်သော စူပါမိုးကြိုးနဂါးအသက်ရှူသံအဖြစ်သို့ ကူးပြောင်းသွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် ဟုတ်ဟုတ်သည်လည်း ၎င်း၏ စွမ်းအားအားလုံးကို ပေါက်ကွဲထုတ်လိုက်သည်။ သွေးနတ်ဆိုးပါရမီကို အသက်သွင်းကာ ပထမဦးစွာ တစ်ဖက်အဖွဲ့ရှိ လူသားများနှင့် သားရဲများအားလုံး၏ ကိုယ်တွင်းသွေးလှည့်ပတ်မှုကို အဝေးမှ ထိန်းချုပ်ပြီး လှုပ်ရှားမှုများကို နှောင့်နှေးစေခဲ့သည်။ ထို့နောက် သွေးအရိပ်ဆယ်ခုကို စုစည်းကာ မိုးကြိုးနဂါးအသက်ရှူသံ၏ နောက်ကွယ်မှနေ၍ ကပ်လျက်လိုက်ပါ တိုက်ခိုက်စေခဲ့သည်။
“သေစမ်း... ဒါက ဘယ်လို တိုက်ကွက်ကြီးလဲ။”
မိုးကြိုးနဂါးအသက်ရှူသံကြီး ရူးသွပ်စွာ ပိုမိုကြီးထွားလာသည်ကို မြင်တွေ့လိုက်ရသောအခါ တစ်ဖက်မှ လူခြောက်ယောက်စလုံး ဆွံ့အသွားခဲ့ကြသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။
သဘာဝပတ်ဝန်းကျင်ရှိ ဝိဉာဉ်စွမ်းအင် အမြောက်အမြားကို မိမိ၏တိုက်ကွက်ထဲသို့ ဤမျှအထိ ပေါင်းစပ်ဝင်ရောက်စေနိုင်သော သားရဲမျိုးကို ၎င်းတို့ တစ်ခါမျှ မမြင်ဖူးချေ။ ဤအရာက လက်ရွေးစင်အဆင့် စွမ်းရည်တစ်ခုကို အရှင်သခင်အဆင့်အဆင့်နီးပါးအထိ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ရာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
“မကောင်းတော့ဘူး။ မြန်မြန် ပြန်တိုက်ကြ။ ငါတို့ ရန်သူ့အစွမ်းကို ခန့်မှန်းမှားသွားပြီ။”
ခေါင်းဆောင် ပိုင်ရှန်းက ပထမဆုံး အသိပြန်ဝင်လာပြီး သူ၏ သားရဲများအားလုံးကို ခုခံရန်အတွက် အလျင်အမြန် ထုတ်ယူလိုက်သည်။ သူ၏ ခေါင်းဆောင်အဆင့် အနှောင်းပိုင်း လေမိုးကြိုးမြွေပါကို အရှေ့ဆုံးတွင် ထားရှိလိုက်သည်။
“တောက်... ဒါက ရူးနေတဲ့ကောင်ပဲ။ ဒီလောက်နီးကပ်တဲ့ အကွာအဝေးကနေတောင် တိုက်ခိုက်တယ်။ သူကိုယ်တိုင် တိုက်ပွဲရဲ့ နောက်ဆက်တွဲဒဏ်ကြောင့် သေသွားမှာကို မကြောက်ဘူးလား။”
အခြားသူများကလည်း အမြန်ဆုံးနှုန်းဖြင့် ပြန်လည်တိုက်ခိုက်ရင်း ကျိန်ဆဲလိုက်ကြသည်။ ၎င်းတို့သည် ကျန်းဟန်နှင့် အလွန်နီးကပ်နေသဖြင့် လှည့်ပြေးချင်လျှင်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သားရဲများအနေဖြင့် ရှေ့တန်းမှ ခံစစ်ကို ထိန်းထားရမည်ဖြစ်ကာ အကယ်၍ ရှောင်ဖယ်လိုက်ပါက ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတိုင်လုံးကြီးက ၎င်းတို့ထံသို့ တိုက်ရိုက်ကျရောက်လာမည် ဖြစ်သည်။
၎င်းတို့ တိုက်ခိုက်နေစဥ်မှာပင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် သားရဲတစ်ကောင်စီကို အနားတွင် ချန်ထားရသေးသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းဟန်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးမှ သားရဲထိန်းချုပ်သူများသည် တိုက်ပွဲ၏ ဗဟိုချက်နှင့် အလွန်နီးကပ်နေသဖြင့် တိုက်ပွဲ၏ ပြင်းထန်သော နောက်ဆက်တွဲဒဏ်ကို မခံနိုင်ကြသောကြောင့် ဖြစ်သည်။
ဤသည်မှာလည်း ၎င်းတို့ အလွန်ဇဝေဇဝါ ဖြစ်ရသည့် အချက်ပင် ဖြစ်သည်။ ကျန်းဟန်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် လုံးဝ စဉ်းစားမထားချေ။
သူက သေရမှာကို မကြောက်ဘူးလား။ အရူးပဲ။
၎င်းတို့အားလုံးသည် ဤကောင်ကို အရူး၊ အဆင်အခြင်မဲ့သူဟု ခံစားနေကြရ၏။ အထူးသဖြင့် လျူလဲ့ဖြစ်ပြီး သူသာ ဤကဲ့သို့သော အရူးတစ်ယောက်နှင့် တိုးမည်ကို ကြိုသိနေခဲ့ပါက ဤတာဝန်ကို ဘယ်သောအခါမှ လက်ခံခဲ့မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ထိုအရာများကို ပြောနေရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတိုင်တုံးကြီးကို ရင်ဆိုင်ရင်း ၎င်းတို့အနေဖြင့် ထိုအရာကို ဖြိုခွဲရန် အစွမ်းကုန် ကြိုးစားရုံသာ ရှိတော့သည်။
ပိုင်ရှန်း၏ လေမိုးကြိုးမြွေပါ၊ ဒုတိယခေါင်းဆောင် ပိုင်ပင်း၏ မိုးကြိုးဒိုင်းလိပ်နှင့် လျူလဲ့၏ အပြာရောက် အလင်းကျောက်မြေခွေးတို့က ဦးဆောင်ကာ အခြားသော ခေါင်းဆောင်အဆင့်နှင့် လက်ရွေးစင်အဆင့် သားရဲများ၏ ပံ့ပိုးမှုဖြင့် အင်တိုက်အားတိုက် ပြန်လည်ခုခံ တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့သည် မိုးကြိုးလေလှိုင်းပူဖောင်းများ၊ လျှပ်စီးလုံးများနှင့် အမျိုးမျိုးသော အသက်ရှူသံ၊ စွမ်းအင်လုံး စွမ်းရည်များ မည်သည့်အရာမျှ ချန်မထားဘဲ ထုတ်ဖော်လိုက်ကြသည်။
ထိုမျှလောက်များပြားသော သားရဲများ၏ စုပေါင်းအားထုတ်မှုအောက်တွင် တောက်ပသော ဝိဉာဉ်စွမ်းအင်များသည် ချိုင့်ဝှမ်းတစ်ခုလုံးရှိ တိမ်မြူများကို လှုပ်ခတ်သွားစေခဲ့သည်။ ဝိဉာဉ်စွမ်းအင် လေပြင်းမုန်တိုင်းများ ရူးသွပ်စွာ တိုက်ခတ်နေခဲ့သည်။ ထိုသားရဲများ ပေါင်းစပ်တိုက်ခိုက်လိုက်သော စွမ်းအားသည် ပိုင်လင်း၏ မိုးကြိုးနဂါးအသက်ရှူသံနှင့် တူညီသောအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး အနည်းငယ်ပင် သာလွန်လိုနေသေးသည်။
ကျယ်လောင်စူးရှသော ပေါက်ကွဲသံကြီးနှင့်အတူ တောင်ထွတ်တစ်ခု ပြိုကျပျက်စီးသွားသည့်အလား ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဉ်အလင်းတန်းများသည် ကျန်ရှိနေသော ဝိဉာဉ်စွမ်းအင် တိုက်ကွက်များနှင့် ဖုန်မှုန့်အမြောက်အမြားကို သယ်ဆောင်လျက် အရပ်မျက်နှာအနှံ့သို့ ဝါးမြိုသွားခဲ့သည်။ ဝိဉာဉ်စွမ်းအင်များ၏ တိုက်ခိုက်မှု နောက်ဆက်တွဲလှိုင်း ဖြတ်သန်းသွားသောအခါ မြေပြင်တစ်ခုလုံးသည် နှစ်မီတာခန့်အထိ အောက်သို့ နိမ့်ဆင်းသွားခဲ့ရသည်။ ဧရာမ သစ်ပင်ကြီးများ၊ တောရိုင်းမြက်ပင်များ၊ ကျောက်ဆောင်များ သို့မဟုတ် အပြစ်မဲ့သော အခြားမိစ္ဆာသားရဲများ ဖြစ်ပါစေ၊ အရာအားလုံး ပျောက်ကွယ်းသွားခဲ့ရတော့သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရယ်မောသံများ ပျံ့လွင့်လာ၏။
“ဟားဟားဟားဟား... ငါတို့ နိုင်ပြီကွ။ ငါတို့ ဒီတိုက်ကွက်ကို ခုခံနိုင်ခဲ့ပြီ။ အဲဒီကောင်လေးရဲ့ ဘေးမှာ ကာကွယ်ပေးမဲ့ သားရဲတစ်ကောင်မှ မရှိဘူး။ ဒီလောက်နီးကပ်တဲ့ အကွာအဝေးမှာ သူ သေချာပေါက် အစိမ်းလိုက် စုတ်ဖြဲခံလိုက်ရလောက်ပြီ။ ကျန်ခဲ့တဲ့ ခေါင်းဆောင်မဲ့ သားရဲတွေကတော့ ကြောက်နေစရာ မလိုတော့ဘူး။”
ဝိဉာဉ်စွမ်းအင် နောက်ဆက်တွဲလှိုင်းများ အနည်းငယ် လွင့်ပြယ်သွားသည်နှင့် ဒုခေါင်းဆောင် ပိုင်ပင်းက အားရပါးရ အော်ဟစ်ရယ်မောလိုက်၏။
ဤသည်မှာ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ရာမှ အသက်ဘေးလွတ်မြောက်သွားပြီးနောက် ဖြစ်ပေါ်လာသည့် မသိစိတ်၏ တုံ့ပြန်မှုတစ်ခုပင်။ ကျန်းဟန်၏ သားရဲနှစ်ကောင်ထံမှ တိုက်ကွက်များက သူမအား မျှော်လင့်ချက်ကင်းမဲ့စေခဲ့ပြီး နှလုံးသားထဲတွင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
သို့သော် ယခုအချိန်တွင် ထိုအရာအားလုံးသည် အရိပ်အယောင်မျှပင်မကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရူးကတော့ သေချာပေါက် သေဆုံးသွားခဲ့ချေပြီ။ သူ့မှာ သားရဲနှစ်ကောင်သာ ရှိပြီး နှစ်ကောင်လုံးကို တိုက်စစ်အတွက်သာ သုံးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသည့် နောက်ဆက်တွဲလှိုင်းအောက်တွင် အဆင့် ၂ အခြေခံသားရဲထိန်းချုပ်သူတစ်ယောက်အနေဖြင့် အသက်ရှင်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
သူ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေပေလိမ့်မည်။ ၎င်းတို့သည် အသည်းထိတ်စရာအကောင်းဆုံး ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီးဖြစ်ရာ လူအင်အားအသာစီးရမှုကို အသုံးချ၍ အလွယ်တကူ အနိုင်ရရှိနိုင်သည်။ စောစောက ကြောက်စရာကောင်းလှသော တိုက်ကွက်ကြီးကိုလည်း ဒုတိယအကြိမ် ထပ်မံအသုံးပြုနိုင်ရန် မလွယ်ကူလောက်ပေ။
နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများက ကျန်းဟန်တွင် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝမရှိကြောင်း သူမကို ပြောပြနေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ဤအခိုက်အတန့်တွင် ကျန်းဟန် အသက်ရှင်နေပါစေဟုပင် သူမ ပြင်းပြစွာ မျှော်လင့်နေမိသည်။ လုံးဝမဖြစ်နိုင်မှန်း သိနေသော်လည်း...သို့မှသာ သူ့ကို ကောင်းကောင်းကြီး နှိပ်စက်ညှဉ်းပန်းပြီး ကျန်းဟန် သူမအား ပေးခဲ့သော ကြောက်ရွံ့မှုအားလုံးကို ပြန်လည်ပေးဆပ်နိုင်မည် ဖြစ်သည်။
“တော်သေးတာပေါ့... တော်သေးတာပေါ့။ အဲဒီတိုက်ကွက်က ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ လက်တွေ့မှာ အရှင်သခင်အဆင့် နီးပါးလောက်ပဲ ရှိတယ်။”
ဒခေါင်းဆောင် ပိုင်ပင်းသာမက အခြားသူများလည်း သက်ပြင်းအရှည်ကြီး ချလိုက်မိကြသည်။ စောစောက ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတိုက်ကွက်က သူတို့ကို သေတော့မည်ဟု ခံစားရစေခဲ့သော်လည်း ယခုမူ ၎င်းတို့သည် ထိုအရှိန်အဝါကြောင့် ခဏမျှ ထိတ်လန့်သွားခဲ့ခြင်းသာ ဖြစ်ပုံရသည်။ ၎င်းတို့ဘက်တွင် လူအများကြီး ရှိနေသည်ဖြစ်ရာ ဤကဲ့သို့သော ဒုတိယအဆင့် ကောင်လေးတစ်ယောက်ကို မည်သို့ မနိုင်ဘဲ နေပါမည်နည်း။
“မကောင်းတော့ဘူး။ ဘာလို့ ဝိဉာဉ်စွမ်းအင် တိုက်ကွက်တွေ ကျန်နေသေးတာလဲ။ မြန်မြန် ခုခံကြဦး။”
၎င်းတို့ စိတ်အေးလက်အေး ရှိတော့မည့်အချိန်မှာပင် တစ်စုံတစ်ဦးသည် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော ဖုန်မှုန့်များကြားမှ မှိန်ဖျော့ဖျော့ သွေးနီရောင် သွေးအရိပ်ဆယ်ခု ပျံသန်းထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။ ၎င်းတို့သည် သူတို့၏ သားရဲများနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ထိုဆန်းကြယ်သော တိုက်ကွက်သည် အလွန်ပြင်းထန်သော ဖုံးကွယ်ခြင်းစွမ်းအား ရှိလှရာ ပြင်းထန်သော ဝိဉာဉ်စွမ်းအင် နောက်ဆက်တွဲလှိုင်းများအောက်တွင် မည်သူမျှ သတိမပြုမိခဲ့ကြချေ။
သို့သော်လည်း ၎င်းတို့ သိပ်ပြီး ဂရုမစိုက်ကြသေးပေ။ ထိုတိုက်ကွက်က မည်မျှပင် သန်မာပါစေ စောစောကကဲ့သို့သော ဝိဉာဉ်စွမ်းအင် ပေါက်ကွဲမှုအောက်တွင် ၎င်း၏ စွမ်းအားမှာ စာဖွဲ့လောက်စရာ ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့၏ သားရဲများအနေဖြင့် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်သည်။
“မကောင်းတော့ဘူး။ ခုနက မိုးကြိုးတိုက်ကွက်မှာ ထုံကျင်စေတဲ့ အာနိသင် ပါနေတယ်။ သားရဲတွေရဲ့ လှုပ်ရှားနိုင်စွမ်းက အများကြီး လျော့ကျသွားပြီး လောလောဆယ် ဝိဉာဉ်စွမ်းအင်ကို စုစည်းလို့ မရတော့ဘူး။”
မကြာမီမှာပင် ၎င်းတို့၏ သားရဲများမှာ ခန္ဓာကိုယ် ထုံကျင်နေရုံသာမက ကိုယ်တွင်းရှိ သွေးလှည့်ပတ်မှုများပါ ထိန်းချုပ်မှု ကင်းမဲ့နေကြောင်း ရှာဖွေတွေ့ရှိလိုက်ကြသည်။ ၎င်းတို့သည် ထိုသွေးအရိပ်များ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ဆွံ့အစွာ ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ကြတော့ပေ။
လူတိုင်း၏ နှလုံးသားထဲတွင် တစ်ပြိုင်နက်တည်း မကောင်းသော အတိတ်နိမိတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဧရာမ အရိပ်မည်းကြီးတစ်ခုက ၎င်းတို့ကို လွှမ်းမိုးထားသည့်အလား ခံစားလိုက်ရပြီး ၎င်းတို့၏ နှလုံးသားများကို ချက်ချင်း အေးစက်သွားစေခဲ့သည်။
ခုနက ကြောက်စရာကောင်းတဲ့ မိုးကြိုးတိုက်ကွက်ကြီးက အမြည်းသက်သက်ပဲလား။
၎င်းတို့သည် ခေါင်းကို ရူးသွပ်စွာ ခါယမ်းလိုက်ကြသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ဤအရာမှာ မဖြစ်နိုင်ကြောင်း ပြောပြနေသော်လည်း ၎င်းတို့၏ သားရဲများတွင် ဖြစ်ပေါ်နေသော အခြေအနေများကမူ ၎င်းတို့ကို ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေခဲ့သည်။
ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သည့်စွမ်းအားမျှ ရှိမပုံရသော ထိုသွေးအရိပ်များသည် အမှန်တကယ်တော့ အရိုးထဲအထိ စွဲကပ်သွားသော လောက်ကောင်များထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်။ သားရဲများ၏ သွေးများသည် ရူးသွပ်စွာ ပြောင်းပြန်စီးဆင်းပြီး ဒဏ်ရာများမှတစ်ဆင့် ပန်းထွက်လာရုံသာမက ၎င်းတို့၏ သားရဲအမြုတေများကိုပါ နက်မှောင်သော ဝိဉာဉ်စွမ်းအင်ထုကြီးတစ်ခုက လွှမ်းခြုံထားသဖြင့် ဝိဉာဉ်စွမ်းအင် လှည့်ပတ်မှုမှာ အလွန်တရာ နှေးကွေးသွားခဲ့ရသည်။
“သွားပြီ...ရန်သူ့မှာ နောက်ထပ် အစီအစဉ် ရှိသေးတယ်။”
ဤအခိုက်အတန့်တွင် ကောင်းကင်၌ ဖုံးလွှမ်းနေသော ဖုန်မှုန့်များကြားမှ ငွေရောင်ရိပ်တစ်ခု ဖျတ်ကနဲ ဖြတ်သန်းသွားသည်ကို တစ်စုံတစ်ဦးက မြင်လိုက်ရ၏။ လူတိုင်း၏ နှလုံးခုန်သံများ တုန်ခါသွားခဲ့ရသည်။ ဤရိပ်ခြေမှာ အလွန်အမင်း မြန်ဆန်လွန်းလှသည်။ ခုနက အရာအားလုံးမှာ ထောင်ချောက်ဆင်ထားခြင်း သာဖြစ်ပြီး ဤအရာကမှ အစစ်အမှန် လက်နက်ဖြစ်ကြောင်း ၎င်းတို့ အကြွင်းမဲ့ သေချာသွားခဲ့ကြပြီ ဖြစ်သည်။
“ဝေါင်းးးးးး”
ဝမ်းနည်းပူဆွေးဖွယ် ဟိန်းဟောက်သံကြီး တစ်ချက် ထွက်ပေါ်လာ၏။ လေမိုးကြိုးမြွေပါသည် ဂျိန်းကနဲ အသံနှင့်အတူ လဲကျသွားခဲ့ပြီး ၎င်း၏ လည်ပင်းနှင့် ခန္ဓာကိုယ်မှာ သီးခြားစီ ကွဲထွက်သွားကာ သွေးများမှာ ရေပန်းပမာ ပန်းထွက်လာခဲ့တော့သည်။
ထို့နောက်တွင် ထိုကဲ့သို့သော အသံများသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သွေးအရိပ်များ၏ ထိမှန်ခြင်းကို ခံခဲ့ရသော အဓိက တိုက်ပွဲဝင် သားရဲများအားလုံးသည် တိုတောင်းလှသော စက္ကန့်သုံးဆယ်အတွင်းမှာပင် တစ်ကောင်မကျန် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး အသက်ပျောက်သွားခဲ့ကြရတော့သည်။
“မလုပ်နဲ့...။”
“ရပ်လိုက်... ငါတို့ သေသေချာချာ စကားပြောကြရအောင်။”
ထိုလူများသည် မျက်လုံးများ သွေးဆုတ်မတတ် နီရဲလာပြီး နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာရင်း အော်ဟစ်လိုက်ကြသည်။ မိမိတို့ သားရဲများ၏ သေဆုံးမှုကြောင့် ၎င်းတို့ အလွန်အမင်း ဝမ်းနည်းပူဆွေးသွားကြသော်လည်း ထိုအရာထက် မိမိတို့ ဆက်လက်ရင်ဆိုင်ရတော့မည့် ကံကြမ္မာကို ပိုမို၍ ထိတ်လန့်ခြောက်ခြားနေကြပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်၌ ဖုံးလွှမ်းနေသော ဖုန်မှုန့်များမှာ နောက်ဆုံးတွင် လွင့်ပြယ်သွားခဲ့ပြီး ၎င်းတို့လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတော့သည်။
ကျန်းဟန်သည် မည်သည့်ထိခိုက်ဒဏ်ရာမျှမရဘဲ ထိုနေရာတွင် တည်ငြိမ်စွာ မတ်တပ်ရပ်နေဆဲဖြစ်ပြီး ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ကမူ ၎င်းတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသည်။
“မလုပ်ပါနဲ့... ငါတို့ အေးအေးဆေးဆေး စကားပြောလို့ရပါတယ်။”
ပိုင်ရှန်းက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။ သူသည် ပိုင်လင်းကို ကြည့်ရင်း ဤငွေဖြူရောင် ငှက်ကြီးမှာ ဘယ်လို သားရဲအမျိုးအစားလဲ၊ ဘာကြောင့် ဤမျှအထိ အစွမ်းထက်နေရသလဲဆိုသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။
“ငါ့ကိုမသတ်ပါနဲ့...။ ငါ မင်းကို ပိုက်ဆံပေးမယ်။ ငါ့မှာရှိတဲ့ အရင်းအမြစ်တွေ အားလုံးကိုလည်း မင်းကို ပေးပါ့မယ်။”
“ငါ့ကိုမသတ်ပါနဲ့...။ ငါ မင်းရဲ့ ကျွန်အဖြစ် ခစားပါ့မယ်။ တောင်းပန်ပါတယ်။”
ထိုလူများသည် သေမင်း၏ အငွေ့အသက် ရောက်ရှိလာသည်ကို ခံစားလိုက်ရသဖြင့် ကျန်းဟန် မိမိတို့ကို အသက်ချမ်းသာပေးရန် အဆက်မပြတ် ငိုယိုတောင်းပန်ကြတော့သည်။
“သေစမ်း... မင်းလည်း ကောင်းကောင်းသေရမှာ မဟုတ်ဘူးကွ။ စောင့်နေလိုက်စမ်း...။ ငါ သေချာပေါက် သားရဲထိန်းချုပ်ရေး စီမံခန့်ခွဲမှုဌာနမှာ တိုင်ချက်ဖွင့်ပြီး မင်းကို အရေးယူခိုင်းမယ်။”
ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့၏ ပုံရိပ်များသည် အရှိန်လျော့သွားမည့် အရိပ်အယောင် လုံးဝမရှိသည်ကို မြင်လိုက်ရပြီးနောက် ၎င်းတို့သည် လှည့်ပြေးရင်း ရူးသွပ်စွာ ကျိန်ဆဲကြတော့သည်။
သို့သော် ၎င်းတို့ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။ ကျန်ရှိနေသော သားရဲအနည်းငယ်သည်လည်း ထုံကျင်ခြင်းအာနိသင်၏ သက်ရောက်မှုကို ခံထားရသဖြင့် ပိုင်လင်းနှင့် ဟုတ်ဟုတ်တို့၏ လက်ချက်ဖြင့် အလွယ်တကူပင် ရှင်းပစ်ခြင်း ခံလိုက်ရသည်။
နောက်ဆုံးတွင်မူ အော်ဟစ်သံများနှင့်အတူ စောစောက စိတ်ဓာတ်တက်ကြွစွာ ထောင်လွှားနေခဲ့သော ထိုလူစုမှာ အားလုံး အသက်ပျောက်သွားခဲ့ကြရတော့သည်။
ကျန်းဟန်သည် ထိုအရာအားလုံးကို မည်သည့်ခံစားချက်မျှမရှိသော မျက်နှာပေးဖြင့် အေးစက်စွာ ကြည့်နေခဲ့သည်။ ထိုလူများ စပေါ်လာသည့် ပထမဆုံး အခိုက်အတန့်ကတည်းက ၎င်းတို့တွင် မကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်းနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းရန် မဖြစ်နိုင်ကြောင်း သူ သိရှိခဲ့သည်။ ထိုသို့ဖြစ်ခြင်းကြောင့် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ လက်ဦးမှုရယူ တိုက်ခိုက်ရန်သာ ဖြစ်သည်။ အကယ်၍ သူသာ ထိုလူများကို လူစုခွဲခွင့်ပေးလိုက်ပါက နောက်ဆုံးတွင် သေရမည့်သူမှာ သူကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။
တောရိုင်းကမ္ဘာထဲတွင် ကရုဏာတရား သို့မဟုတ် ကိုယ်ကျင့်တရားများအကြောင်း တွေးမနေသင့်ပေ။ မိမိကို ရန်ငြိုးဖွဲ့ထားပြီးသား ပြိုင်ဘက်များအတွက် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို သေမင်းထံသို့ ပို့ဆောင်ပေးလိုက်ခြင်းသာ ဖြစ်သည်။