အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း ၂၄၂ တစ္ဆေ မျိုးနွယ်စု ရွာ ဟုတ်လား
"အားလုံး ရပ်လိုက်ကြတော့... ဒီတစ္ဆေတွေက အရမ်းမြန်လွန်းတယ်... ငါတို့ ပြန်တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်"
အဖွဲ့ခေါင်းဆောင်က ချက်ချင်း အမိန့်ပေးလိုက်လေသည်။ ဆက်ပြေးနေလျှင် ခွန်အားများ ကုန်ခန်းသွားမည်သာမက လွတ်မြောက်နိုင်မည်လည်း မဟုတ်ပေ။ ပြန်လည်ခုခံရန် စဉ်းစားချိန်တွင် စွမ်းအင်များ ကျန်ရှိနေတော့မည် မဟုတ်ချေ။
"တောက်... အသေခံ တိုက်ကြမယ်ကွာ"
"လခွမ်း... တကယ်ကို မခံချိမခံသာ ဖြစ်ရတာပဲ"
လူအုပ်စုသည် အဆင့်နိမ့် တစ္ဆေဝိညာဉ် များကို ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြပြီး အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
"ဟွန့်... ကိုယ့်အင်အားကိုယ် မသိကြဘူး... တစ္ဆေဝိညာဉ် နယ်မြေ ထဲကို ရောက်လာကတည်းက မင်းတို့တွေက ငါတို့ တစ္ဆေမျိုးနွယ်စု ရဲ့ အစားအစာ ဖြစ်လာဖို့ ကံပါလာပြီးသားပဲ"
"သေမင်း မျိုချခြင်း"
"ဝိညာဉ် စုပ်ယူခြင်း ကျင့်စဉ်... မင်းတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေ အားလုံး ငါ့ဟာပဲ"
စွမ်းအားတိုးလာသော တစ္ဆေဝိညာဉ် များ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သာမန်မဟုတ်ပေ။ ကြမ်းတမ်းသော တိုက်ခိုက်မှုများအောက်တွင် ရှေ့တန်းမှ လူအချို့သည် နှစ်ကြိမ်ပင် မခုခံနိုင်ဘဲ အသတ်ခံလိုက်ရလေသည်။
လူတိုင်း၏ ရင်ထဲတွင် အေးစက်သွားလေသည်။
"မတိုက်နိုင်တော့ဘူး... ဘယ်လိုလုပ်ကြမလဲ"
"ဒီနေ့ တကယ်ပဲ ဒီမှာ သေရတော့မှာလား"
"တကယ်ကို မကျေနပ်နိုင်ဘူးကွာ"
လူတိုင်း၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ဖုံးလွှမ်းသွားလေသည်။ တိုက်၍လည်း မနိုင်၊ ပြေး၍လည်း မလွတ်နိုင်သဖြင့် တကယ်ကို မခံချိမခံသာ ဖြစ်ရလှပေသည်။
အန္တရာယ် ကြုံတွေ့နေရချိန်တွင် ကောင်းကင်ယံကို ထိုးဖောက်လာသော ဓားအလင်းတန်း တစ်ခုသည် အဆုံးအစမရှိသော မောက်မာမှုများနှင့်အတူ ရောက်ရှိလာလေသည်။ ထို့နောက် သူတို့ အံ့အားသင့်စွာ တွေ့လိုက်ရသည်မှာ အဆင့်နိမ့် တစ္ဆေဝိညာဉ် အုပ်စုကြီး တစ်ခုလုံး အပိုင်းပိုင်း ပြတ်တောက်သွားခြင်း ပင်ဖြစ်သည်။
"ဒါက... တကယ်ကို အစွမ်းထက်တဲ့ ဓားသိုင်းပဲ... သေချာပေါက် စီနီယာ တစ်ယောက် ဝင်ပါလိုက်တာပဲ"
"အရမ်းကောင်းတာပဲ... ငါတို့တော့ အသက်ချမ်းသာရာ ရပြီ"
လူမရောက်သေးမီ ဓားအလင်းတန်းက အရင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျိုးဟန် ၏ အချက်အလက် မျက်နှာပြင်ပေါ်တွင် အကျိုးအမြတ်များ အလျင်အမြန် ရွေ့လျားသွားလေသည်။ သူသည် တည်ငြိမ်စွာ လျှောက်လာပြီး လက်ရပစ္စည်းများကို ရေတွက်လိုက်လေသည်။
တစ်ယောက်တည်း နေရသည်မှာ လွတ်လပ်သော်လည်း အားနည်းချက် တစ်ခုရှိသည်မှာ စစ်မြေပြင်ကို ကိုယ်တိုင် ရှင်းလင်းရခြင်း ပင်ဖြစ်သည်။
လူအုပ်စုသည် ကျိုးဟန် ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ပို၍ အံ့အားသင့်သွားကြလေသည်။
"သူက ငါတို့ကို ကယ်လိုက်တာလား... အရမ်းကို ငယ်ရွယ်သေးတာပဲ"
"သူလည်း နဂါးနိုင်ငံ က ကစားသမားပဲလား... တူညီတဲ့ ကစားသမားတွေ ဖြစ်ပေမယ့် ဘာလို့ စွမ်းအား ကွာဟချက်က ဒီလောက်တောင် ကြီးမားနေရတာလဲ"
"ပြိုင်ဘက်ကင်း အစွမ်းထက်သူပဲ... ဒီဟန်ပန်... ဒီအရှိန်အဝါ..."
"ဒီကစားသမားက ဘယ်နယ်မြေကလဲ... အရမ်း ကြမ်းတာပဲ"
လူတိုင်းသည် အလွန်အမင်း အံ့အားသင့်သွားကြပြီး သေဘေးမှ လွတ်မြောက်လာခြင်း၏ ပျော်ရွှင်မှုကိုပင် မေ့လျော့သွားကာ ကျိုးဟန် ကိုသာ စိုက်ကြည့်နေကြလေသည်။ သူ၏ ပြိုင်ဘက်ကင်း အစွမ်းထက်သူ တစ်ယောက်၏ ဟန်ပန်ကို ငေးမောကြည့်နေကြလေသည်။
စွမ်းအားတိုးလာသော အဆင့်နိမ့် တစ္ဆေဝိညာဉ် များသည် သူတို့၏ ခန့်မှန်းချက်အရ ဘုရင်အဆင့် ၏ တိုက်ခိုက်ရေးစွမ်းအား အထိ ရောက်ရှိနိုင်လေသည်။
သူတို့အမြင်တွင် အလွန် ဝေးကွာလွန်းသော ဘုရင်အဆင့် သည် မျက်မှောက်ရှိ လူငယ်လေး၏ လက်ထဲတွင် အလွယ်တကူ သေဆုံးသွားခဲ့လေသည်။
ထို့အပြင် တစ်ကောင် နှစ်ကောင်ကို သတ်လိုက်ခြင်း မဟုတ်ဘဲ အနည်းဆုံး တစ်ရာကျော်ရှိသော အုပ်စုကြီး တစ်ခုလုံးကို တစ်ချက်တည်းဖြင့် သတ်လိုက်ခြင်း ဖြစ်ရာ သူတို့၏ အသိဉာဏ်ကို လုံးဝ ပြောင်းလဲသွားစေလောက်အောင် အလွန် အံ့မခန်း ဖြစ်နေလေသည်။
ဤသည်မှာ နားလည်ရန် လွယ်ကူလှသည်။ နယ်မြေတစ်ခုစီ၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား သည် ထိုနယ်မြေရှိ ကစားသမားများ အားလုံး၏ အမြင်နှင့် အသိဉာဏ်ကို ဆုံးဖြတ်ပေးလေသည်။
သူတို့အမြင်တွင် သူတို့နယ်မြေ၏ ခေါင်းဆောင်သည် အလွန် အစွမ်းထက်သော သူတစ်ယောက် ဖြစ်သည်။ သို့သော် မျက်မှောက်ရှိ ကျိုးဟန် နှင့် ယှဉ်လိုက်ပါက လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
ကျိုးဟန် ၏ ထင်ရှားသော နဂါးနိုင်ငံ ဝတ်စုံနှင့် ရုပ်ရည်သွင်ပြင်သာ မဟုတ်ပါက ကျိုးဟန် ကို ကစားသမား မဟုတ်ဘဲ ဤကမ္ဘာရှိ ဌာနေ အစွမ်းထက်သူ တစ်ယောက်ဟုပင် သူတို့ ထင်မှတ်မိကြပေမည်။
ကျိုးဟန် သည် တစ်ချက် ဝေ့ကြည့်လိုက်ရာ တစ်ဖက်လူများမှာလည်း နဂါးနိုင်ငံ မှ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ လက်ရပစ္စည်းများအတွက် သတ်ဖြတ်လိုက်ခြင်း ဖြစ်သော်လည်း သွယ်ဝိုက်သောနည်းဖြင့် သူတို့ကို ကယ်တင်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
"ဒီက မိတ်ဆွေ... မဟုတ်ဘူး... စီနီယာ... ခဏလောက် နေပါဦး"
ကျိုးဟန် ပစ္စည်းများ သိမ်းဆည်းပြီး ခြေလှမ်းနှစ်လှမ်းမျှ အလှမ်းတွင် အနောက်မှ အော်ခေါ်သံကို ကြားလိုက်ရလေသည်။ ထိုအသံမှာ သေချာပေါက် သူ့ကို ခေါ်ခြင်း ဖြစ်ပေသည်။
"ဘာကိစ္စ ရှိလို့လဲ... ကျေးဇူးတင်စကား ဆိုရင်တော့ ပြောစရာ မလိုပါဘူး"
ကျိုးဟန်က နောက်လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။
သူသည် ညအချိန် ဆုလာဘ်များ နှစ်ဆတိုးနေသော ဤအချိန်ကာလအတွင်း အကျိုးအမြတ် အများအပြား ရရှိနိုင်ရန် အစွမ်းကုန် ကြိုးစားရမည် ဖြစ်ရာ အရေးမကြီးသော ကိစ္စများတွင် အချိန်ဖြုန်းနေရန် အချိန်မရှိပေ။
"ဒီ..."
အဖွဲ့ခေါင်းဆောင် ကျူးဝမ် မှာ ပြောစရာ စကားပျောက်သွားလေသည်။ ပြိုင်ဘက်ကင်း အစွမ်းထက်သူများသည် အမြဲတမ်း ဤကဲ့သို့ အထီးကျန်ဆန်ပြီး မောက်မာသော စရိုက်ရှိကြသည်မှာ မှန်ပေသည်။
"စီနီယာ... ကျွန်တော်တို့က အရည်အသွေးမြင့် မှော်ဆေးပင် တွေ အများကြီးရှိတဲ့ နေရာတစ်ခုကို သိထားတယ်... ဒါပေမဲ့ အဲဒီမှာ အန္တရာယ်တွေ အပြည့်ပါပဲ"
"စီနီယာ့ရဲ့ အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အဲဒီသတင်းအချက်အလက်တွေ အကုန်လုံးကို စီနီယာ့ကို ပြောပြချင်ပါတယ်... စီနီယာ စိတ်ဝင်စားမှု ရှိမရှိတော့ မသိဘူး"
ကျိုးဟန် ထွက်သွားတော့မည်ကို မြင်သောအခါ ကျူးဝမ် က အလျင်အမြန် ပြောလိုက်လေသည်။
သေချာပေါက် ဤသို့ ပြုလုပ်ရခြင်းမှာ အသက်ကယ်တင်ပေးခဲ့ခြင်းကို ကျေးဇူးတင်၍ တစ်ကြောင်း၊ အခြားတစ်ကြောင်းမှာ ၎င်း မှော်ဆေးပင် များကို သူလည်း မျက်စိကျနေ၍ ဖြစ်သည်။
သို့သော် သူတို့၏ စွမ်းအားက အလွန် အားနည်းနေသဖြင့် ထိုသို့ ပြုလုပ်ရန် အခွင့်အရေး မရှိပေ။ သို့သော် ကျိုးဟန် ၏ အစွမ်းထက်သော စွမ်းအားက သူ့ကို မျှော်လင့်ချက် ရောင်ခြည် ပြသလိုက်လေသည်။
အဓိက အကျိုးအမြတ်များကို သူတို့ မရနိုင်လျှင်တောင် အနည်းငယ်မျှတော့ ရနိုင်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် သူ ဤကိစ္စကို ပြောပြလိုက်ခြင်း ဖြစ်သည်။
'မှော်ဆေးပင်...'
ကျိုးဟန် က တီးတိုးရေရွတ်လိုက်ပြီး ခေါင်းရမ်းလိုက်လေသည်။ ဤကစားသမားများ၏ စွမ်းအားမှာ အလွန် အားနည်းလှပြီး အများအားဖြင့် စိန်အဆင့်ခန့်သာ ရှိကြလေသည်။
သူတို့အမြင်တွင် အရည်အသွေးမြင့်သည်ဟု ထင်ရသော ပစ္စည်းများမှာ စိန်အဆင့် သို့မဟုတ် ကြယ်ရောင်အဆင့် လောက်သာ ရှိနိုင်ခြေ များလေသည်။ ထို့ကြောင့် ကျိုးဟန် လုံးဝ စိတ်မဝင်စားပေ။
"စီနီယာ... တကယ်ပဲ မစဉ်းစားတော့ဘူးလား..."
ကျူးဝမ် သည် တစ်ဖက်လူက ဤပစ္စည်းများကို စိတ်မဝင်စားကြောင်း ချက်ချင်း သိလိုက်သည်။ သို့သော် သူတို့အတွက်တော့ ထိုအရာများမှာ အလွန် အဖိုးတန်လှပေသည်။
သူ အလွယ်တကူ လက်မလွှတ်ချင်သဖြင့် မျှော်လင့်ချက် မကုန်သေးဘဲ စကားအနည်းငယ် ထပ်ဖြည့်ပြောလိုက်လေသည်။
"ကျွန်တော်တို့ အဲဒီနေရာကို တွေ့သွားလို့ အဆင့်နိမ့် တစ္ဆေဝိညာဉ် တွေရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံရတာပါ... ဒါကြောင့် အဲဒီနေရာက တစ္ဆေမျိုးနွယ်စု ရဲ့ ရွာတစ်ရွာ ဖြစ်ဖို့များတယ်... တခြား အဖိုးတန်ရတနာ တွေလည်း ရှိနိုင်ပါတယ်..."
"စီနီယာ... ခင်ဗျား..."
"အဲဒီနေရာကို ငါ့ကို လိုက်ပို့ပေး..."
ကျိုးဟန် က ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
ရွာ ဆိုသည့် စကားလုံးကို ကြားလိုက်ရသဖြင့် တစ္ဆေဝိညာဉ် များ အမြောက်အမြား စုဝေးနေမည်မှာ သေချာပေသည်။
ကျိုးဟန် သည် မရေမတွက်နိုင်သော အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် များက သူ့ကို လက်ယပ်ခေါ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ဤသို့ဆိုလျှင် နေရာအနှံ့ လိုက်ရှာနေရသည့် ဒုက္ခမှ ကင်းဝေးသွားပြီး အဆင်သင့် သွားရောက် တိုက်ခိုက်ရုံသာ ဖြစ်ပေသည်။
တည်ငြိမ်သော အသံ ထွက်ပေါ်လာပြီး သူ၏ စကားကို ဖြတ်ပြောလိုက်သဖြင့် ကျူးဝမ် ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လာလေသည်။ ဤကိစ္စ အောင်မြင်သွားပြီ ပင်ဖြစ်သည်။
"စီနီယာ... သဘောတူလိုက်ပြီလား"
"အရမ်းကောင်းတာပဲ..."
ကျူးဝမ် သည် အဖွဲ့ကို ခေါ်ဆောင်ကာ အပြေးအလွှား ရောက်လာပြီး အလွန် ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
"အရမ်းကို ချောတာပဲ... အရမ်းကို မိုက်တဲ့ အရှိန်အဝါပဲ"
"သူ့ရဲ့ ကောင်မလေး ဖြစ်ရရင် ကောင်းမှာပဲနော်"
"အိပ်မက် မက်မနေနဲ့... ဒီလို ပြီးပြည့်စုံတဲ့ ယောကျ်ားမျိုးက ငါတို့နဲ့ မတန်ပါဘူး"
"အင်း... ကံကြမ္မာက မျက်နှာမလိုက်ပါဘူး"
အဖွဲ့က နီးကပ်လာပြီး အနီးကပ် မြင်တွေ့ရသောအခါ အဖွဲ့ထဲရှိ မိန်းကလေး အချို့မှာ ချက်ချင်းပင် မျက်နှာများ နီရဲလာပြီး ရင်ခုန်လာကာ တိုးတိုးလေး ပြောဆိုနေကြလေသည်။
ဤကဲ့သို့ ချောမောပြီး အစွမ်းထက်သော ယောကျ်ားမျိုးက သူတို့၏ စိတ်ကူးထဲမှ မင်းသားလေး မဟုတ်ပါလား။
အာရုံခံနိုင်စွမ်း အလွန် ကောင်းမွန်သော ကျိုးဟန် သည် မကြားချင်ယောင်သာ ဆောင်နေလိုက်လေသည်။ သို့သော် သူ၏ အရည်အချင်းက အလွန် ထူးချွန်လွန်းနေသဖြင့် ဖုံးကွယ်၍ မရနိုင်သော ဆွဲဆောင်မှုများ ရှိနေလေသည်။
"အဲဒီက အခြေအနေ အတိအကျကို ငါ့ကို ရှင်းပြပြဦး..."
ဘေးမှ လမ်းပြနေသော ကျူးဝမ် ကို ကြည့်ကာ ကျိုးဟန် က ပြောလိုက်လေသည်။ ဤသို့ဖြင့် အခြေခံ အချက်အလက် အချို့ကို သိရှိနိုင်ရန်နှင့် တစ်ဖက်လူ၏ စကားများတွင် မရိုးသားမှုများ ပါဝင်နေခြင်း ရှိမရှိ စစ်ဆေးရန် ဖြစ်သည်။
ကျိုးဟန် အနေဖြင့် လှည့်ကွက်များကို မကြောက်သော်လည်း သတိထားခြင်းက အမြဲတမ်း ကောင်းမွန်ပေသည်။
ကျူးဝမ် က အလျင်အမြန်ပင် ရိုသေလေးစားစွာဖြင့် ပြောလိုက်လေသည်။
"စီနီယာ... ကိစ္စက ဒီလိုပါ... လွန်ခဲ့တဲ့ အချိန်လေးတင်က ကောင်းကင်ယံကို ထိုးတက်သွားတဲ့ အစိမ်းရောင် အလင်းတန်း တချို့ကို တွေ့လိုက်ရတယ်... အဲဒီအထဲမှာ ကြီးမားတဲ့ သက်ရှိ စွမ်းအင်တွေ ပါဝင်နေပြီး တော်တော်လေး ဆူညံသွားတယ်... ကျွန်တော်တို့က အဲဒီနားမှာ ရှိနေတော့ သွားရောက် စူးစမ်းဖို့ အခွင့်အရေးကို လက်မလွှတ်ခဲ့ဘူး..."
"ကျွန်တော်တို့ နားရောက်သွားတော့ အဲဒီမှာ အရည်အသွေးမြင့်ပြီး တစ်ခါမှ မမြင်ဖူးတဲ့ မှော်ဆေးပင် တွေ၊ သစ်သီးတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရတယ်... ကျွန်တော်တို့ နောက်ထပ် ဆက်ပြီး စူးစမ်းဖို့ လုပ်တဲ့အချိန်မှာ အဲဒီထဲကနေ အဆင့်နိမ့် တစ္ဆေဝိညာဉ် တွေ ထွက်လာပြီး ကျွန်တော်တို့ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့တာပဲ..."
သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်လေသည်။