အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း ၂၄၃ သွေးဝိညာဉ် ယဇ်ပလ္လင်
"အခုဆက်ဖြစ်တဲ့ကိစ္စကို ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... အင်အားတိုးလာတဲ့ တစ္ဆေဝိညာဉ်တွေက ကျွန်တော်တို့ကို အသေအလဲ လိုက်တိုက်တော့တာပဲ"
"စီနီယာသာ ဝင်မကယ်ရင် ကျွန်တော်တို့ တစ်ဖွဲ့လုံး သေသွားလောက်ပြီဗျ"
ကျူးဝမ်က ထိတ်လန့်နေဆဲအသံဖြင့် ပြောလိုက်လေသည်။
"မင်းပြောချင်တာက ဒီတစ္ဆေတွေအကုန်လုံး အဲဒီထဲကနေ ထွက်လာတာလား"
ကျိုးဟန်က ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။
"ဟုတ်တယ်... ကျွန်တော် သေချာပေါက် ပြောရဲတယ်... အထဲမှာ လွင့်မျောနေတဲ့ အရိပ်တွေ အများကြီး ရှိသေးတယ်"
"ဒါကြောင့် အဲဒီနေရာက တစ္ဆေမျိုးနွယ်စုရဲ့ ရွာတစ်ရွာ ဖြစ်မယ်လို့ ကျွန်တော် သံသယရှိမိတယ်"
ကျူးဝမ်က သူ၏ခန့်မှန်းချက်ကို ထုတ်ပြောလိုက်လေသည်။
ကျိုးဟန်က ခေါင်းညိတ်လိုက်လေသည်။ ကြားရသည်မှာ ဟုတ်တန်ရာသော်လည်း အခြေအနေ အတိအကျကိုမူ ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးမှသာ သိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤမျှကြီးမားသော လှုပ်ရှားမှုကြီးသည် အခြားသော ကစားသမားများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ဤလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော ကစားသမား အရေအတွက်မှာ စုစုပေါင်း သိန်းနှင့်ချီ၍ ရှိနေသည် မဟုတ်ပါလား။ ကျိုးဟန်အနေဖြင့် တစ်ပါးသူ လုယက်သွားပြီး ရေခပ်သော်လည်း ခြင်းတောင်းပေါက်နေသကဲ့သို့ အလကားဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။
"မင်းရဲ့ အမြန်နှုန်းက အရမ်းနှေးလွန်းတယ်"
ကျိုးဟန်သည် ကျူးဝမ်၏ အင်္ကျီကော်လာကို ဆွဲမလိုက်ပြီး လေစီးပျံသန်းခြင်း ကျွမ်းကျင်မှုစွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်ရာ အမြန်နှုန်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားလေတော့သည်။
"ချီးတဲ့မှပဲ... ပျံ... ပျံတက်သွားတာလား"
"မိုက်လိုက်တာကွာ... အစွမ်းထက်သူဆိုတာ တကယ့်ကို အစွမ်းထက်သူပဲ... ငါတို့ စိတ်ကူးထားတာထက်တောင် ကျော်လွန်နေသေးတယ်"
"ဘုရားရေ... အရမ်း ကြမ်းတာပဲ"
ကျိုးဟန်တစ်ယောက် ကျူးဝမ်ကိုခေါ်ကာ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး လူတိုင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်လုံးများထဲတွင် မယုံနိုင်မှုများ ထွက်ပေါ်လာကြလေသည်။
"စီနီယာ... တပည့် လက်ခံသေးလားဗျ... အစ်ကိုကြီးရဲ့ ခြေသလုံးကို ဖက်ထားမယ့် တပည့်မျိုးလေ"
ကနဦး ထိတ်လန့်မှုကို ကျော်လွန်ပြီးနောက် ကျူးဝမ်က အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ စီနီယာ၏ စွမ်းအားမှာ တွေးထားသည်ထက်ပင် ပိုမို အစွမ်းထက်နေသေးရာ သူ၏တပည့်သာ ဖြစ်ခွင့်ရမည်ဆိုပါက ဘဝကြီးက ဇိမ်ကျနေမည် မဟုတ်ပါလား။
သို့သော် ဝမ်းနည်းစရာမှာ ကျိုးဟန်တွင် တပည့်လက်ခံရန် စိတ်ကူး လုံးဝမရှိသဖြင့် တိုက်ရိုက်ပင် ငြင်းပယ်လိုက်လေသည်။ နယ်မြေ ၆၆၆ တွင် နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော် သို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ကစားသမားများ အများအပြား ရှိနေသေးရာ လောလောဆယ်တွင် အခြားသူများအတွက် ပိုလျှံနေသော နေရာလွတ် မရှိသေးပေ။
မကြာမီ ကျူးဝမ်၏ လမ်းညွှန်မှုအောက်တွင် ခရီးပန်းတိုင်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။
နှစ်မိနစ် အကြာတွင်မူကား...
"စီနီယာ မြင်လားဗျ... အရှေ့ဘက်က စိမ်းစိုနေတဲ့ တောအုပ်ကြီးလေ"
ကျူးဝမ်က စိမ်းလန်းနေသော နေရာကို လက်ညှိုးထိုးပြကာ အလျင်အမြန် ပြောလိုက်လေသည်။
အမှန်တကယ်တော့ သူ မပြောလျှင်ပင် ကျိုးဟန်သည် ပြင်းထန်သော သက်ရှိစွမ်းအင် အငွေ့အသက်များကို ခံစားမိနေပြီ ဖြစ်သည်။ သို့သော် သူ၏ရင်ထဲတွင် အနည်းငယ် သံသယဖြစ်မိသွားသည်။ ဤသည်မှာ သေမင်းတမန် အငွေ့အသက်များ လွှမ်းမိုးနေသော ရှိုးလော် တစ္ဆေနယ်မြေ ၏ အဓိက အငွေ့အသက်နှင့် သိသိသာသာ ကွဲပြားနေလေရာ မည်သို့သော လျှို့ဝှက်ချက်များ ပုန်းကွယ်နေမည်ကို သူ မသိနိုင်သေးပေ။
"သေစမ်း... ဘယ်လိုလုပ်ပြီး ရုတ်တရက် လူတွေ ဒီလောက် အများကြီး ရောက်နေတာလဲ"
ကျူးဝမ်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး ပြောလိုက်လေသည်။ လူများလာပါက ခွဲဝေရရှိမည့် အကျိုးအမြတ် ပိုနည်းသွားမည်ဖြစ်ပြီး အချိုးအစား မညီမျှမှုကြောင့် သေချာပေါက် ပဋိပက္ခများ ရှိလာမည် ဖြစ်သည်။
အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ထိုနေရာရှိ မြင်ကွင်းမှာ ပိုမို ထင်ရှားလာလေသည်။
တစ်ချက် ဝေ့ကြည့်လိုက်ရာ ထိုနေရာတွင် ရှိနေသော ကစားသမား အရေအတွက်မှာ မနည်းလှပေ။ အရေအတွက် အတိအကျကို မသိရသော်လည်း တစ်ထောင်အထက်တွင် ရှိနေမည်မှာ သေချာလှသည်။ ဆိုလိုသည်မှာ ဤနေရာ၏ ထူးဆန်းသော ဖြစ်ရပ်ကြောင့် အနည်းဆုံး အဖွဲ့ငါးဖွဲ့ခန့် ဆွဲဆောင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"အခြေအနေက တွေးထားသလောက်တော့ မဆိုးပါဘူး... အရင် ဆင်းကြည့်ကြတာပေါ့"
စကားပြောပြီးသည်နှင့် ကျိုးဟန်သည် အောက်သို့ ဆင်းသက်လိုက်ပြီး တိတ်တဆိတ် လျှောက်သွားလေသည်။
သို့သော် ထိုနေရာရှိ လူများ၏ အာရုံစိုက်မှုကိုမူ ရရှိသွားခဲ့ဆဲ ပင်ဖြစ်သည်။
"ဟင်... လူနှစ်ယောက်တည်းပါလား"
"သူတို့အဖွဲ့က တစ္ဆေတွေ သတ်တာခံရပြီးမှ ကံကောင်းထောက်မလို့ လွတ်လာတာ ဖြစ်မယ်"
"ဟွန့်... ဒီလိုပုံစံနဲ့ဆို သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူးကွာ"
သူတို့၏ အကြည့်များသည် ကျိုးဟန်၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး လှောင်ပြောင်လိုသော အငွေ့အသက်များ ပြည့်နှက်နေကာ တိုးတိုးလေး ဆွေးနွေးနေကြလေသည်။ ဤမျှ အန္တရာယ်များသော နေရာတွင် တစ်ယောက်တည်း လှုပ်ရှားခြင်းက သေကြောင်းကြံခြင်းနှင့် အတူတူပင် ဖြစ်ရာ ဤကဲ့သို့ ခန့်မှန်းမိကြခြင်းမှာ မဆန်းလှပေ။
များပြားလှသော အကြည့်များကို ရင်ဆိုင်ရချိန်တွင် ကျူးဝမ် အနည်းငယ် ထိတ်လန့်သွားပြီး နဖူးမှ ချွေးစေးများ အဆက်မပြတ် ထွက်လာလေသည်။ သို့သော် သူ၏ဘေးတွင် တည်ငြိမ်အေးဆေးစွာ ရှိနေသော ကျိုးဟန်ကို မြင်လိုက်ရပြီး သူ၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို တွေးမိလိုက်ချိန်တွင် ရင်ထဲ၌ ချက်ချင်း ငြိမ်းချမ်းသွားလေသည်။
"သေချင်နေတာလား မသိဘူး... လူနှစ်ယောက်တည်းနဲ့များ လာပြီး အချောင်နှိုက်ချင်နေသေးတယ်"
"သူတို့ကို လောလောဆယ် ဂရုစိုက်မနေနဲ့... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကို ခြိမ်းခြောက်နိုင်မှာမှ မဟုတ်တာ"
"ဟွန့်... သူတို့ ငြိမ်ငြိမ်နေရင်တော့ တော်သေးတယ်... ပြဿနာ လာရှာမယ် ဆိုရင်တော့ ငါတို့ ရက်စက်တယ်လို့ မပြောနဲ့ပေါ့"
"အင်း... ငါတို့ ဆက်ပြီး တိုင်ပင်ကြတာပေါ့... အင်အားတိုးလာတဲ့ တစ္ဆေတွေက ရင်ဆိုင်ဖို့ မလွယ်ဘူးကွ"
အကဲခတ်ကြည့်ပြီးနောက် ဘာမှ ထူးထူးခြားခြား မတွေ့ရချေ။ ကျိုးဟန်၏ ရုပ်ရည်က အနည်းငယ် ပို၍ ချောမောနေခြင်းမှလွဲ၍ ဂရုပြုစရာ ဘာမှမရှိပေ။
လူတိုင်းသည် သူတို့၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ကြပြီး ထိုနှစ်ယောက်ကို အရေးမလုပ်တော့ဘဲ သူတို့ဘာသာသူတို့ ဆက်လက် ဆွေးနွေးနေကြလေသည်။
အနည်းငယ် အကဲခတ်ကြည့်ပြီးနောက် ကျိုးဟန်သည် အသုံးဝင်သော သတင်းအချက်အလက် အချို့ကို ရရှိလိုက်လေသည်။
ပထမအချက်မှာ ထိုနေရာတွင် ရှိနေသူအားလုံးသည် နိုင်ငံခြား ကစားသမားများ ဖြစ်ကြပြီး မတူညီသော နယ်မြေများမှ လာရောက်ကြသော အင်အားပြည့် အဖွဲ့ ခြောက်ဖွဲ့ ရှိလေသည်။ သူတို့အားလုံးသည် သက်ရှိစွမ်းအင် အငွေ့အသက်များ၏ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ သူတို့သည် ဤလျှို့ဝှက်ဆန်းကြယ်သော နေရာသို့ လောလောဆယ် ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။ အကြောင်းမှာ ဝင်ပေါက်တွင် အစွမ်းထက်သော တစ္ဆေဘုရင် တစ်ကောင် စောင့်ကြပ်နေသောကြောင့် ဖြစ်သည်။ မူလကတည်းက စွမ်းအားမြင့်မားသည့်အပြင် ညအချိန်၏ အထောက်အကူကိုပါ ရရှိထားသဖြင့် ပို၍ပင် အစွမ်းထက်နေလေသည်။
ဤလူများသည် အချိန်တိုအတွင်း ရင်ဆိုင်နိုင်စွမ်း မရှိသဖြင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြပြီး အားလုံး အတူတကွ ဖြေရှင်းရန် တိုင်ပင်နေကြခြင်း ဖြစ်သည်။
ဤသည်မှာ ကျိုးဟန် အတွက်တော့ သတင်းကောင်း တစ်ခုပင် ဖြစ်လေသည်။
သူသည် အကဲဖြတ် စစ်ဆေးခြင်းကို တိုက်ရိုက် စတင်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော နေရာ၏ အချက်အလက်များသည် ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။
[သွေးဝိညာဉ် ယဇ်ပလ္လင်]
[ဖော်ပြချက် - သက်ရှိစွမ်းအင် အငွေ့အသက်များ ပြည့်နှက်နေပြီး လျှို့ဝှက်ဆန်းကြယ်သော ယဇ်ပူဇော်မှု တစ်ခုကို ပြုလုပ်နေပုံရပါသည်]
[စောင့်ကြပ်သော အင်အား - အဆင့်နိမ့် တစ္ဆေဝိညာဉ် ငါးထောင်... ကြမ်းတမ်းသော တစ္ဆေအစောင့်အရှောက် တစ်ထောင်... သွေးတစ္ဆေဘုရင် သုံးကောင်]
[ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန်ရတနာများ - လဘုရင် သစ်ကိုင်း... ယင်ကျောက်စိမ်း ပန်း... ရေခဲနဂါး သစ်သီး...]
[ကျဆင်းနိုင်သော ပစ္စည်းများ - တစ္ဆေဘုရင် ဝတ်စုံ... လဘုရင် ဓား... ရွှေကျောက်စိမ်း ဝိညာဉ် ဓားမ... အေးစက်သော တစ္ဆေ ဆွဲသီး...]
[အထူးအခြေအနေ - အထူး ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ခြေ အချို့ ရှိပြီး ကိုယ်တိုင် ရှာဖွေစူးစမ်းရန် လိုအပ်ပါသည်]
ဖတ်ရှုပြီးနောက် ကျိုးဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ဤ သွေးဝိညာဉ် ယဇ်ပလ္လင် က ထင်သည့်အတိုင်းပင် အနည်းငယ် ထူးဆန်းနေပြီး အထူး အရာအချို့လည်း ရှိနေသေးရာ ဤသို့ ရှာဖွေရသည်မှာ သေချာပေါက် စိတ်ဝင်စားစရာ ကောင်းလာပေမည်။
"စီနီယာ... အခု ဘယ်လို လုပ်ကြမလဲ"
ကျူးဝမ်က သတိထားကာ မေးလိုက်လေသည်။
"အရမ်း လွယ်ပါတယ်... တိုက်ရိုက် ဝင်သတ်ရုံပေါ့"
ကျိုးဟန်က တည်ငြိမ်စွာ ပြုံးလိုက်လေသည်။
"ဒါက..."
ကျူးဝမ်မှာ မနေနိုင်ဘဲ စိုးရိမ်သွားလေသည်။
ကျိုးဟန်သည် ဂရုမစိုက်ဘဲ သွေးဝိညာဉ် ယဇ်ပလ္လင် ၏ ဝင်ပေါက်ဆီသို့ တိုက်ရိုက် လျှောက်သွားလေသည်။
ကျိုးဟန်ကို စောင့်ကြည့်နေသော တပည့်အချို့က သူ၏ လှုပ်ရှားမှုကို ချက်ချင်း သတိထားမိသွားကြပြီး သတိပေး စကားဆိုလာကြလေသည်။
"ရပ်လိုက်စမ်း... မင်း ဘာလုပ်ချင်လို့လဲ"
"ဒီလောက် အလောတကြီး ဝင်သွားရအောင်... ဝင်စားဖို့ အလျင်လိုနေလို့လား"
"ဝင်ပေါက်မှာတင် တစ္ဆေဘုရင် တစ်ကောင် ရှိတယ်... သေကြောင်း သွားမကြံနဲ့"
"ထွက်သွားစမ်း... သေချင်ရင်လည်း မတားဘူး... ဒါပေမဲ့ တစ္ဆေဘုရင် ကို လန့်နိုးသွားအောင် လုပ်ရင် မင်း တာဝန်ယူရဲလို့လား"
"တကယ်ကို နားမလည်တဲ့ ကောင်တွေပဲ... မင်းတို့သာ ငြိမ်ငြိမ်လေး နေရင် ခဏနေ မှော်ဆေးပင် တစ်ပင်လောက် ချန်ထားပေးမယ်"
"မျက်စိရှင်ရှင် မထားဘူးပဲ... လူတိုင်း လုံလောက်တဲ့ ပြင်ဆင်မှု မလုပ်ရသေးတာကို မမြင်ဘူးလား"
သူတို့၏ အကြည့်များမှာ အလွန် ရန်လိုနေကြပြီး ကျိုးဟန်၏ အရှေ့မှ ပိတ်ရပ်ရန် ကြိုးစားနေကြကာ ခြိမ်းခြောက်သည့် အသွင်အပြင်များ အပြည့်အဝ ပေါ်လွင်နေလေသည်။
"မင်းတို့ ငါ့ကို တားချင်တာ သေချာလား... ထွက်သွားစမ်း"
ကျိုးဟန်၏ မျက်နှာ အေးစက်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။
"ဟိုး... မင်းက ဒေါသတောင် ထွက်နေသေးတယ်ပေါ့"
"သတ္တိတော့ တော်တော် ကောင်းတာပဲ... ဒီမှာ လူဒီလောက် အများကြီး ရှိနေတာကို မမြင်ဘူးလား"
ထိုတပည့်များသည် ချက်ချင်း ဒေါသထွက်သွားကြပြီး အင်္ကျီလက်များကို ခေါက်တင်ကာ ကျိုးဟန်ကို နာကျင်သော သင်ခန်းစာ တစ်ခု ပေးရန် ပြင်ဆင်လိုက်ကြလေသည်။
"ဝုန်း"
ရုတ်တရက် ယဇ်ပလ္လင် အတွင်းမှ ဧရာမ ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း၏ ခန္ဓာကိုယ်များ တုန်ယင်သွားကြလေသည်။ ထို့နောက် အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များနှင့်အတူ ကြီးမားလှသော အရိပ်ကြီးတစ်ခု လွင့်မျော ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။
"လခွမ်း... တစ္ဆေဘုရင် ပဲ"
"တစ္ဆေဘုရင် ယဇ်ပလ္လင် ထဲကနေ ထွက်လာပြီ"
"ဒါတွေအကုန်လုံး မင်းလုပ်တဲ့ ကိစ္စတွေချည်းပဲ... ခဏနေမှ မင်းကို ရှင်းမယ်"
အဖွဲ့ခေါင်းဆောင်များထဲမှ အဲရစ် က ကျိုးဟန်ကို ကြည့်ကာ ရက်စက်စွာ ပြောလိုက်လေသည်။