← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀ ကရုဏာတရား ရှေ့ထားခြင်း

"ဟင်... အဖွဲ့ထဲက တိုက်ပွဲ အချက်အလက်တွေက တောက်လျှောက် တက်နေတာပဲ" ကျန်းရှောင်ပိုင်က အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

"ကြည့်ရတာ ခေါင်းဆောင် သောင်းကျန်းနေပြီ ထင်တယ်... လခွမ်း... ဒါက အမှတ် ဘယ်လောက်တောင်လဲ... တကယ်ကို အံ့မခန်း ကိန်းဂဏန်းကြီးပဲ" ရန်တင်းထျန်းက အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်လေသည်။

"ဒါလေးများ အထူးအဆန်းလုပ်လို့... ခေါင်းဆောင်ရဲ့ ပုံမှန် လုပ်ရပ်တွေပါကွာ... ငါတို့က အစမ်းသပ်ခံနယ်မြေ အမှတ်နဲ့ ကိုက်ညီတဲ့ ဆုလာဘ်တွေကို တိုက်ရိုက် ရယူလိုက်ရုံပဲ... ဇိမ်ကျနေတာပဲ" လုပွန်ဝေ့က တည်ငြိမ်စွာ ပြောလိုက်လေသည်။

ဤမျှ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို အဖွဲ့ဝင်များ သဘာဝကျကျပင် ရှင်းလင်းစွာ ခံစားသိရှိနေကြလေသည်။

ကျိုးဟန်သည် တစ်ကိုယ်တော် လှုပ်ရှားနေသော်လည်း အဖွဲ့ထဲမှ ထွက်မသွားသေးပေ။ ထို့ကြောင့် သူ လုပ်ဆောင်နေသမျှကို အဖွဲ့ဝင်များက တိုက်ပွဲ အချက်အလက် မျက်နှာပြင်မှ တစ်ဆင့် မြင်တွေ့နေရခြင်း ဖြစ်သည်။

ထိုအချိန်တွင် အနည်းငယ် အံ့အားသင့်သွားပြီးနောက် လူတိုင်းမှာ အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွားကြလေသည်။ မည်သို့ပင်ဆိုစေ ကျိုးဟန်နှင့် အဖွဲ့ဖွဲ့ထားချိန်မှစ၍ အချိန်တိုအတွင်း၌ပင် များပြားလှသော အံ့မခန်းဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီး အမြင်ကျယ်လာခဲ့ကြရာ အားလုံးမှာ ရိုးအီနေကြပြီ ဖြစ်သည်။

မကြာမီ အနီးအနားရှိ ကစားသမားများ အားလုံးသည် ဤနေရာသို့ စုဝေးရောက်ရှိလာကြလေသည်။ ဤမျှ ထူးဆန်းသော အခြေအနေဖြစ်သလို ဖြစ်ပေါ်လာသော လှုပ်ရှားမှုကလည်း မသေးငယ်သောကြောင့် ပင်ဖြစ်သည်။

'ကျိုးဟန်လား... သူက ငါ့ကို ကယ်လိုက်တာလား' ကက်သရင်းသည် ယဇ်ပလ္လင် အတွင်းမှ မြင်ကွင်းနှင့် ကျိုးဟန်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရပြီး သွေးရောင် သတ်ဖြတ်ခြင်း တစ္ဆေအရှင်သခင် ထွက်ခွာသွားရသည့် အကြောင်းရင်းကို သိရှိသွားပုံရလေသည်။

ယခင်က မနည်း ကြိုးစားဆင့်ခေါ်ထားရသော ဘုရင်အဆင့် သားရဲများ အားလုံး အသတ်ခံလိုက်ရသဖြင့် ကက်သရင်း အနေဖြင့် သဘာဝကျကျပင် ဒေါသထွက်လွန်း၍ ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။ ယခု သူမ မုန်းတီးနေသော ထိုသူမှာ မျက်စိရှေ့တွင် ရောက်ရှိနေလေပြီ။

သူမ၏ လှပသော မျက်လုံးများ တောက်ပသွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"မရည်ရွယ်ဘဲ ငါ့အသက်ကို ကယ်ခဲ့တယ် ဆိုပေမယ့်... ငါက သဘောထားကြီးတဲ့သူမို့ အရင်က ရန်ငြိုးတွေကို မင်းနဲ့ ရှင်းမနေတော့ဘူး"

"ဗုဒ္ဓသားတော်ကြီး... ကြည့်ရတာ ဒီ နဂါးနိုင်ငံက ကစားသမားက ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပြီး အစမ်းသပ်ခံနယ်မြေ အမှတ် သောင်းနဲ့ချီ ဆုံးရှုံးအောင် လုပ်သွားတာပဲ"

"တကယ်ကို ဒေါသထွက်စရာပဲ... ကျွန်တော်တို့ သူ့ကို သေချာ ပညာပေးရမလား... ကျွန်တော်တို့ အိန္ဒိယ ကစားသမားတွေရဲ့ အစွမ်းကို သူ့ကို သိအောင် လုပ်ပြရမယ်" အိန္ဒိယ အဖွဲ့ဝင် တစ်ယောက်က ကျိုးဟန်ကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

ဟာလာတဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိုအဖွဲ့ဝင်ကို မျက်နှာသေဖြင့် တစ်ချက် ကြည့်လိုက်ကာ ခပ်အေးအေးပင် ပြောလိုက်လေသည်။

"ဒီ နဂါးနိုင်ငံ ကစားသမား ရဲ့ စွမ်းအားက မဆိုးပါဘူး... ငါ သူ့ကို ရှင်းဖို့ တိုက်ကွက် နည်းနည်းပဲ လိုတာပါ"

"ဒါပေမဲ့ အဲဒီလို လုပ်စရာ မလိုပါဘူး... သူ့ရဲ့ အဖွဲ့က သေချာပေါက် ဒီအနီးအနားမှာ ရှိနေမှာပဲ... ဒါကြောင့် မင်းတို့ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် ငါ ခဏလောက် ခွန်အားတွေကို သိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်တယ်... အစမ်းသပ်ခံနယ်မြေ အချိန် ကုန်ခါနီးမှ သူ့ကို ရှင်းကြတာပေါ့"

ဟာလာတဲသည် ရင်ထဲတွင် ထိုအဖွဲ့ဝင်ကို သေချာ မှတ်သားထားလိုက်လေသည်။

'လခွမ်း... ဟိုဘက်က ဒီလောက်တောင် သတ်ဖြတ်နေတာကို မမြင်ဘူးလား... မျက်စိရှင်ရှင် မထားတတ်တဲ့ ကောင်'

သို့သော် ဗုဒ္ဓသားတော် တစ်ပါး ဖြစ်နေသဖြင့် သေချာပေါက် အလျှော့ပေး၍ မဖြစ်ပေ။ ထိုသို့လုပ်ပါက မျက်နှာပျက်စရာ ဖြစ်ပေမည်။ အဖွဲ့၏ စည်းလုံးညီညွတ်မှု အတွက် သူသည် သည်းခံကာ ဆင်ခြေတစ်ခုရှာ၍ ရှင်းပြနေရခြင်း ဖြစ်သည်။

"ဗုဒ္ဓသားတော်ကြီးက တကယ်ကို ကရုဏာတရား ရှေ့ထားတာပဲ"

"ကျွန်တော်တို့ရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်ပါနဲ့... ကျွန်တော်တို့ အိန္ဒိယ မျက်နှာပျက်ရတဲ့အတွက် ကျွန်တော်တို့ ရင်နာရပါတယ်... ဘယ်လိုလုပ် အသက်ရှင်လျက် နေနိုင်ပါ့မလဲ... သူ့ကို နာကျင်တဲ့ သင်ခန်းစာ တစ်ခု ပေးလိုက်ပါ ဗုဒ္ဓသားတော်ကြီး"

ထို အိန္ဒိယ အဖွဲ့ဝင်သည် သေခြင်းတရားကို မကြောက်မရွံ့သည့် ပုံစံဖြင့် ပြောလိုက်လေသည်။ သူ၏ အလွန် ကြည်ညိုလေးစားစွာဖြင့် မျက်ရည်များ ကျဆင်းကာ ပြောဆိုနေပုံမှာ ကြားရသူတိုင်း ရင်နင့်ကာ မျက်ရည်ကျစေနိုင်လောက်ပေသည်။

ဟာလာတဲသည် သွားကို မသိမသာ ကြိတ်လိုက်ပြီး မျက်လုံးထဲတွင် ရက်စက်သော အငွေ့အသက်များ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။

'မင်းက သေရမှာကို မကြောက်ဘူး ဟုတ်လား... ဒါဆိုလည်း အခွင့်အရေး တစ်ခုရှာပြီး မင်းကို သတ်ပစ်ရတာပေါ့'

ယခု ပြောလိုက်သော စကားများသည် သူ့ကို မီးပုံပေါ်တင်၍ ကင်နေသကဲ့သို့ ပင်ဖြစ်ရာ မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ချေ။

ကျိုးဟန်နှင့် တိုက်ခိုက်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ယခင်ကဆိုလျှင် ဗုဒ္ဓ၏ အမွေအနှစ်ကို ရရှိထားပြီး နယ်မြေတစ်ခု၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ပြိုင်ဘက်ကင်း အစွမ်းထက်သူ ဖြစ်သဖြင့် သူသည် ယုံကြည်မှု အပြည့် ရှိနေခဲ့ပေမည်။

သို့သော် ကျိုးဟန်၏ ကောင်းကင်ကို အန်တုနိုင်သော စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးနောက် သူ၏ ကွာဟချက်ကို သိရှိသွားခဲ့လေပြီ။ ဤကဲ့သို့သော အစွမ်းထက်သူ နှင့် တိုက်ခိုက်ရန် ဆိုသည်မှာ အသက်ရှည်ရှည် နေရသည်ကို ငြီးငွေ့နေခြင်းသာ ဖြစ်သည်။ ထိုသို့ တွေးမိပြီးနောက် သူ၏ မျက်လုံးများ အေးစက်သွားလေသည်။

"ဖြန်း"

"ရိုင်းစိုင်းလိုက်တာ" ဟာလာတဲသည် မျက်စိမရှင်သော ထို အိန္ဒိယ အဖွဲ့ဝင်၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"သခင်ကြီး... ကျွန်တော် အပြစ်မရှိပါဘူး... ကျွန်တော် ဘာအမှား လုပ်မိလို့လဲ" ထို အိန္ဒိယ အဖွဲ့ဝင်သည် ပါးကိုအုပ်ကာ ကြောင်အမ်းအမ်းဖြင့် ပြောလိုက်လေသည်။

"မင်း ဘယ်နေရာမှာ မှားနေလဲ ဆိုတာ မင်းဘာသာ မသိဘူးလား" ဟာလာတဲသည် ပြဿနာကို တစ်ဖက်သို့ တိုက်ရိုက် လွှဲချလိုက်ပြီး မျက်ရိပ်ပြကာ သူ့ဘာသာ တွေးခိုင်းလိုက်လေသည်။ သူလည်း ဘာဆင်ခြေပေးရမည်ကို စဉ်းစားမရတော့သဖြင့် လုံးဝ လမ်းပိတ်သွားခြင်း ပင်ဖြစ်သည်။

"ကျွန်တော် မှားတာက... ကျွန်တော်..." ထို အိန္ဒိယ အဖွဲ့ဝင်သည် ဗုဒ္ဓသားတော်၏ လေးနက်သော အသွင်အပြင်ကို မြင်သောအခါ စကားထစ်အသွားပြီး ချက်ချင်းပင် စိတ်ကူးယဉ် တွေးတောခြင်းကို စတင်လိုက်ရာ မကြာမီမှာပင် သူ၏ အမှားကို တွေးမိသွားလေသည်။

"ဗုဒ္ဓ ကရုဏာတော် ကြီးမားလှတယ်... သဘောထား ကြီးမြတ်တယ်... ကျွန်တော်က ဗုဒ္ဓသားတော်ကြီး ကို လက်နက်စွဲကိုင်ဖို့ တိုက်တွန်းမိတယ်... ကျွန်တော်တို့က တစ်ဖက်လူကို သွန်သင်ဆုံးမရမှာလေ... ပညာပေးရမှာ မဟုတ်ဘူး"

"ကျွန်တော် အပြစ်လုပ်မိပြီ... ကရုဏာရှင် ဗုဒ္ဓ... ကျွန်တော်က အပြစ်တွေကို မမြင်နိုင်တဲ့ နယ်မြေထဲကို ကျဆင်းသွားခဲ့ပြီပဲ... ကျွန်တော့်ရဲ့ မာနကြီးမှုကို ခွင့်လွှတ်တော်မူပါ"

"အင်း... အမှားကိုသိပြီး ပြင်ဆင်တာက အကောင်းဆုံးပဲ... ခဏနေရင် မင်းကို သန့်စင်သော ရေစင် တစ်ခွက် ချီးမြှင့်မယ်... မင်းရဲ့ အပြစ်တွေကို သေချာ ဆေးကြောပစ်လိုက်" ဟာလာတဲသည် ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် တည်တည်တံ့တံ့ လိမ်ညာပြောဆိုလိုက်လေသည်။

ဤကဲ့သို့ ပြဿနာ လွှဲချသည့် နည်းလမ်းက တကယ်ကို အသုံးဝင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ စကားပြောပြီးနောက် ဟာလာတဲသည် ရေသန့်ဘူးကြီး တစ်ဘူးကို သောက်လိုက်လေသည်။ မည်သို့ပင်ဆိုစေ ခဏနေလျှင် သန့်စင်သော ရေစင် ကို ချီးမြှင့်ရဦးမည် မဟုတ်ပါလား။

ပတ်ဝန်းကျင်တွင်လည်း အလားတူ အခြေအနေမျိုး အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့လေသည်။ ယခင်က ကျိုးဟန်ကို ပြဿနာသွားရှာမည်ဟု အော်ဟစ်နေခဲ့သူ အများအပြားသည် ချက်ချင်း ငြိမ်ကျသွားကြလေသည်။ စောစောက မည်မျှ မောက်မာခဲ့သနည်း... ယခုတော့ မည်မျှ ငြိမ်ဝပ်နေသည်ကို တွေ့နိုင်လေသည်။

"ဘုရင်အဆင့် ဝတ်စုံတွေ အများကြီးပါလား"

"ဒီအရေအတွက်က သုံးထောင်လောက်တော့ အနည်းဆုံး ရှိမှာပဲ"

"ဂေါ်ဖီထုပ်တွေလိုပဲ... လခွမ်း... ငါ့ တစ်ကိုယ်လုံးမှာတောင် စိန်အဆင့် အရည်အသွေးရှိတဲ့ ဝတ်စုံ တစ်စုံပဲ ရှိတာ"

"ငါ့ကိုများ နည်းနည်းလောက် ပေးရင် ကောင်းမှာပဲ"

မြေပြင်ပေါ်တွင် အပုံလိုက် ကျဆင်းနေသော ဘုရင်အဆင့် အရည်အသွေး ဝတ်စုံ များကို ကြည့်ပြီး ကစားသမား များအားလုံး အားကျလွန်း၍ မျက်ရည်များပင် ကျဆင်းလာကာ မျက်လုံးထဲမှ လောဘများကို နက်ရှိုင်းစွာ ဖုံးကွယ်ထားကြလေသည်။ အလွန် လိုချင်နေကြသော်လည်း မည်သူမျှ သွားရောက် မလုရဲကြပေ။ နောက်နေတာလား... သွားလုရမယ် ဟုတ်လား... အသက်ကို မလိုချင်တော့ဘူးလား။

နတ်ဘုရားနှင့် နတ်ဆိုး တိုက်ကြီး သို့ စတင်ရောက်ရှိလာပြီးနောက် အားနည်းသူ တစ်စုကို ဖယ်ရှားပစ်ခဲ့ပြီးနောက် ယခု အသက်ရှင်ကျန်ရစ်သူ များထဲတွင် မည်သူမျှ အရူး မဟုတ်ကြချေ။ အဖိုးတန် ရတနာများက ဆွဲဆောင်မှု ရှိသော်လည်း အသက်က ပို၍ တန်ဖိုးရှိကြောင်းကို သဘာဝကျကျပင် သိရှိထားကြလေသည်။

ကျိုးဟန် သည် စစ်မြေပြင်တွင် အသက်များကို ပေါ့ပါးလွယ်ကူစွာ ရိတ်သိမ်းနေပြီး အလွန် ကျွမ်းကျင်ပိုင်နိုင်နေလေသည်။ စောင့်ကြည့်နေသော ကစားသမား များစွာ ရှိနေသည်ကို သဘာဝကျကျပင် သတိထားမိသော်လည်း သူ လုံးဝ ဂရုမစိုက်ပေ။ ကောင်းကင်ယံတွင် ဓားအလင်းတန်း များက အဆက်မပြတ် လွင့်ပျံနေဆဲ ပင်ဖြစ်သည်။

"ဝေါင်း"

"ဟီး ဟီး ဟီး... လူသား ကောင်လေး... မင်းရဲ့ တစ္ဆေအရှင်သခင် ဘိုးတော် ရောက်လာပြီ"

"ငါတို့ကို ဒီအထိ ရောက်အောင် မြှူဆွယ်ခဲ့တာ... မင်းကို အရသာရှိရှိ သေအောင် လုပ်ပေးမယ်"

"အစွမ်းထက်တဲ့ အမွှေးနံ့သာကို ဒီ တစ္ဆေဘိုးတော် က ယူလိုက်ပြီ"

ရုတ်တရက် အဝေးမှ ကြီးမားသော လှိုင်းဂယက်များ ထွက်ပေါ်လာပြီး မောက်မာသော စကားသံများနှင့်အတူ ကြီးမားပြီး အေးစက်သော အရှိန်အဝါ ဆယ်ခုကျော်သည် လှိမ့်ဝင်လာကာ ကျိုးဟန်ကို လွှမ်းခြုံသွားပြီး လှောင်ပြောင် သရော်မှုများ ပြည့်နှက်နေလေသည်။

"ကောင်းတယ်... လာတာ အရမ်း ကောင်းတယ်"

ကျိုးဟန် သည် ဒေါသထွက်မသွားဘဲ အလွန် ပျော်ရွှင်သွားလေသည်။ အသစ်ရောက်လာသော ဤတစ္ဆေမိစ္ဆာ အုပ်စုသည် အရေအတွက် မများဘဲ စုစုပေါင်း အကောင် နှစ်ဆယ် သုံးဆယ် ခန့်သာ ရှိသော်လည်း အားလုံးမှာ ဧကရာဇ်အဆင့် အရည်အသွေးများ ချည်းသာ ဖြစ်ကြလေသည်။

၎င်းတို့ကို သတ်ဖြတ်ပြီးနောက် ထွက်ပေါ်လာမည့် အကျိုးအမြတ် များမှာ ပို၍ပင် များပြားလာမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူ သတ်ဖြတ်ခဲ့သော သွေးရောင် သတ်ဖြတ်ခြင်း တစ္ဆေအရှင်သခင် သည်လည်း ဧကရာဇ်အဆင့် အရည်အသွေး ပင်ဖြစ်သည်။ အတွေ့အကြုံရမှတ် တစ်သိန်းကျော် ရရှိခဲ့ရုံသာမက အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် တစ်ထောင်နီးပါးခန့် ရရှိခဲ့သည် မဟုတ်ပါလား။

ဤသည်မှာ ၂.၅ ဆ သော ဆုလာဘ်ကို ရရှိခြင်းသာ ဖြစ်ပြီး ၁၀ ဆ သော ဆုလာဘ်ကိုသာ ရရှိမည်ဆိုပါက မည်မျှ ဇိမ်ကျမည်ကို ပြောစရာပင် မလိုတော့ပေ။

ကျိုးဟန် ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး စိတ်ဆန္ဒအရ ဓားသွားများကို အရပ်မျက်နှာ ပြောင်းလဲလိုက်ကာ ထို ဧကရာဇ်အဆင့် တစ္ဆေမိစ္ဆာ များဆီသို့ ပစ်လွှတ် တိုက်ခိုက်လိုက်လေတော့သည်။

All Chapters