အနှစ်သာရ ၈ ခုအဆင့် ရောက်ရှိလာပြီ
Vol. 99 Ch. 1378
ငရဲဘုံ ၃၃ ဘုံတွင် ပထမဆုံးအောင်မြင်သွားသူကား ဝမ်ယိုချိုင်မှတစ်ပါး အခြားမဟုတ်ပေ။
အစတုန်းက သူသည် ရွေးချယ်ခံအုပ်စုအနက် အစွမ်းထက်ဆုံးမဟုတ်ခဲ့သည်သာမက သူ၏ကျင့်ကြံအဆင့်မှာ အနိမ့်ဆုံးပင် ဖြစ်ခဲ့၏။ ပင်ကိုယ်ပါရမီအရာ၌ ပို၍ပင် ညံ့ဖျင်းသေးသည်။ သို့သော် သူ၏စိတ်ခွန်အားနှင့် ခိုင်မာပြတ်သားမှုက မန်ဟို့ကိုပင် အထင်ကြီးလေးစားမိစေသော အရာဖြစ်သည်။ နဝမတောင်ပင်လယ်တစ်ခုလုံးလည်း သူ၏ပရိယာယ်အမျိုးမျိုးကို မြင်တွေ့ခဲ့ရ၍ အုတ်အောင်သောင်းနင်းဖြစ်ခဲ့ရ၏။
အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ရန်အလို့ငှာ၊ တာအိုနောက်လိုက်ရန်အလို့ငှာ သူသည် သူ့မျက်လုံးကိုသူ ထုတ်ပစ်ခဲ့ပြီး အမြင်မကွယ်ခင် နောက်ဆုံးမြင်ခဲ့ရသော တာအိုပုံရိပ်ကို အာရုံပြုရှုမှတ်ခဲ့၏။
သူသည် သူ့ဂိုဏ်းထဲတွင် ထိုအတိုင်းပြုမူခဲ့သည်။ တခြားသူများအပေါ် ရက်စက်စွာ ဆက်ဆံသော်လည်း သူ့ကိုယ်သူ ပို၍ပင် ရက်စက်သေးသည်။ ငရဲဘုံ ၃၃ ဘုံတွင် နာကျင်မှုကြောင့် အခြားသူများ အော်ဟစ်ငိုကြွေးနေကြသည့်အချိန်တွင် သူက တဟားဟား ရယ်ခဲ့သည်။
သူက ဝိညာဉ်မီးကို စုပ်ယူနေသည့်တစ်ချိန်လုံး ဟားတိုက်ရယ်နေခဲ့သလို၊ ကျင့်ကြံအဆင့်ကြောက်ခမန်းလိလိ တိုးတက်ဖို့အတွက် သူ၏သက်တမ်းနှင့် အသက်စွမ်းအားကို စတေးရန်လည်း တွန့်ဆုတ်မနေပေ။
သူသည် ရှေးဟောင်းနယ်ပယ်ကို ကျော်လွန်၍ တာအိုနယ်ပယ်ထဲ ဝင်ရောက်ကာ တာအိုသခင်ဖြစ်လာ၏။ ထို့နောက် တာအိုဥသျှောင်၊ နောက်ဆုံး အင်ပါယာသခင်အဆင့်။
အဆုံးသတ်တွင် ဝိညာဉ်မီးအတွင်း၌ တည်ရှိသော စိတ်ဆန္ဒလည်း ဝမ်ယိုချိုင်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် စိတ်နှလုံးလှုပ်ခတ်သွားသည်။ ၎င်းလည်း တဟားဟားရယ်လျက် ၎င်း၏အသက်စွမ်းအားများကို ဝမ်ယိုချိုင်ထဲ လိုလိုလားလား စီးဆင်းစေတော့သည်။
အဆင့်တက်၍ ထွက်လာပြီးနောက် သူသည် ပြောင်းလဲသွား၏။ သူ၏ဆံပင်များက အိုမင်းလာသည့်အလား ဖြူဆွတ်နေသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက အရာအားလုံးကို မှောင်မိုက်သွားစေသည့်အပြင် ငရဲဘုံ ၃၃ ဘုံလုံးကို တုန်ခါလာစေ၏။
ဝမ်ယိုချိုင်၏နောက်မှ ရွေးချယ်ခံတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသော်လည်း မယုံကြည်နိုင်လောက်အောင် တိုးတက်ခဲ့သူ နည်းသည်။ လီလင်းအာ ထွက်မလာခင်အထိပင်။ လီလင်းအာသည် ဝမ်ယိုချိုင်နည်းတူ ဆံပင်များဖြူဆွတ်နေလျက် ၊ အင်ပါယာသခင်နှင့် ညီမျှသော အရှိန်အဝါဖြင့် ထွက်လာ၏။
လီလင်းအာ၏ပုံပန်းသွင်ပြင်လည်း ပြောင်းလဲသွားခဲ့သည်။ သူမမှာ ငယ်ရွယ်နုပျိုမနေတော့ဘဲ အဘွားအိုနှင့် တူနေလေပြီ။ သူမသည် ကြောက်မက်ဖွယ်ကျင့်ကြံခြင်းအခြေခံအတွက် သူမ၏နုပျိုမှုနှင့် အလှတရားကို စွန့်ပစ်ခဲ့၏။ နှစ်ခြောက်ဆယ်အတွင်း သေရလိမ့်မည်ဖြစ်သော်လည်း ယင်းက သူမ၏ရွေးချယ်မှုပင်။
မန်ဟို မျှော်လင့်ထားမည်နှင့်ဆန့်ကျင်ဘက် ချန်ဖန်းက အသက်စွမ်းအားကို စတေးဖို့ မရွေးချယ်ခဲ့သလို၊ အစစ်အမှန်တာအိုဥသျှောင်အဆင့်သို့ပင် မရောက်ခဲ့ပေ။ သူက အနှစ်သာရ ၅ ခုအဆင့်သာ ဖြစ်၏။ သူသည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ တွန့်ဆုတ်နေသည့်အလား ခံစားချက်ထွေပြားနေသောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ထွက်လာ၏။
အခြားတစ်ဖက်တွင် ကျီယင်က လီလင်းအာကဲ့သို့ ဆုံးဖြတ်ခဲ့သည်။
ရွေးချယ်ခံများ စွမ်းအားများထုတ်ဖော်လျက် ပျံထွက်လာသည့်အခါ ငရဲဘုံ ၃၃ ဘုံလုံး တသိမ့်သိမ့် တုန်ရီနေသည်။ တစ်အုပ်စုလုံးအနက် ၂၄ ယောက် ထွက်လာခဲ့ပြီး ... ကျန် ၉ ယောက်ကတော့ ငရဲဘုံ ၃၃ ဘုံအတွင်း၌ ထာဝရအနားယူသွားလေပြီ။ သူတို့သည် ကံကြမ္မာကောင်းကို မရယူနိုင်ခဲ့၍ ထာဝရသေဆုံးသွားပြီဖြစ်၏။
ကံကြမ္မာကောင်းရရှိခဲ့သော ရွေးချယ်ခံ ၂၄ ယောက်အနက် ရှစ်ယောက်က အသက်စွမ်းအားကို စတေးဖို့ ရွေးချယ်ခဲ့သည်။ ထိုရှစ်ယောက်က အင်ပါယာသခင်နှင့်ညီမျှသော ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ရရှိခဲ့သည်။ ကျန်ရှိသူများအနက် တစ်ဝက်ကျော်သည် အစစ်အမှန်တာအိုဥသျှောင်များတမျှ အင်အားကြီးမားကာ ကျန်တစ်ဝက်ခန့်က အနှစ်သာရ ၅ ခု ပတ်ဝန်းကျင်တွင် ဖြစ်ကြသည်။
လူတစ်ဦးတစ်ယောက်ချင်းစီ၏ နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်စေ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည့်အတွက် သူတို့၏ကံတရားမှာ ပြောင်းလဲသွားခဲ့လေပြီ။ သူတို့ထွက်လာသောအခါ ငရဲဘုံများသည် တစ်ထပ်ပြီးတစ်ထပ် ပြိုကျကျန်ခဲ့၏။ ထို့နောက် သူတို့က တစ်စုတစ်စည်းတည်း မန်ဟို့ကို စောင့်နေကြသည်။
ကုန်ဆုံးသွားခဲ့သည့် ဆယ်လအတောအတွင်း ကံကြမ္မာကောင်းရရှိခဲ့သော ဤလူများသည် သူတို့အနီးနားရှိ လူများ၏တိုးတက်မှုကို အာရုံမရခဲ့ကြပေ။ ယခု သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ မန်ဟိုက .... အနက်ဆုံး ငရဲဘုံ ၃၃ တွင် ရှိသေးကြောင်း သူတို့ပြောနိုင်သွားသည်။
ငရဲဘုံအမျိုးမျိုး ပြိုကျကုန်သဖြင့် အပြင်သူသားရဲများ ထွက်လာကြသော်လည်း စောင့်နေသောအုပ်စုအနား ကပ်ပင်မကပ်ရဲကြပေ။
ရက်အနည်းငယ်ကြာသော် မန်ဟိုက ထွက်မလာသေးပေ။ သူတို့ ထိုနေရာတွင် တိတ်ဆိတ်စွာ စောင့်နေကြစဉ် မန်ဟို၏အရှိန်အဝါမှာ တစတစ မှေးမှိန်ပျောက်ကွယ်နေကြောင်း တွေ့လိုက်ရသဖြင့် သူတို့အားလုံး မျက်မှောင်ကြုတ်ကာ အစွမ်းထက်ဆုံးကျင့်ကြံခြင်းအခြေခံဖြင့် ဝမ်ယိုချိုင်ကို လှမ်းကြည့်လိုက်ကြသည်။
အတန်ကြာသော် ဝမ်ယိုချိုင်သည် ငရဲဘုံ ၃၃ ဘုံ၏ ထွက်ပေါက်သို့ လှည့်ထွက်ရင်း သူ့အနောက်ရှိ လူများအား စကားပြော၏။ “သွားကြစို့။ မကြာမီ အပြင်မှာ စစ်ပွဲစတော့မယ်။ ဒီမှာစောင့်နေတာက အချိန်ကုန်တယ်။ မန်ဟို ရှာဖွေနေတဲ့ ကံကြမ္မာကောင်းက ငါတို့ထက် သေချာပေါက်ကြီးမားမှာပဲ။ ဒါကြောင့် သူ့အတွက် အချိန်ပိုလိုလိမ့်မယ်
“ငါက နှစ်ဆယ်ခြောက်ဆယ်စက်ဝန်းတစ်ခုပဲ နေထိုင်ရတော့မှာ။ ဒါကြောင့် အချိန်တစ်စက္ကန့်လေးတောင် မဖြုန်းပစ်ချင်ဘူး။ သွားတိုက်ခိုက်ချင်တယ်” သူ့တွင် မျက်လုံးအိမ်မရှိသော မျက်တွင်းနက်ကြီးများသာ ရှိသည့်တိုင် ၎င်းတို့က ထူးဆန်းစွာ တောက်ပနေသယောင်ပင်။ သူ့စကားများ ပဲ့တင်ထပ်နေစဉ်မှာတင် သူက ထွက်ပေါက်မှတစ်ဆင့် ပျောက်ကွယ်သွားခဲ့လေပြီ။
ကျန်ရွေးချယ်ခံများက ဘေးဘီဝဲယာကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် ပြိုကျနေသည့်ငရဲများအား လက်ယှက်အရိုအသေပေးလိုက်ကြသည်။ နောက်ဆုံးတွင် လှည့်ထွက်သွားကြ၏။ လီလင်းအာလည်း သက်ပြင်းချလျက် သူတို့နောက် လိုက်သွားသည်။ ချန်ဖန်းမှာမူ အတော်လေးငိုင်တွေနေပုံရသည်။ သူ ငရဲဘုံများကို ငုံ့ကြည့်နေစဉ် အနက်ဆုံးသို့ လှမ်းကြည့်နေသယောင် ထင်ရသော်လည်း တကယ်တမ်း သူ ကံကြမ္မာကောင်းရရှိခဲ့သော ငရဲဘုံ (၁၉) အား ကြည့်နေကြောင်း တွေ့ရလိမ့်မည်။
“ငါ .. ဘာကို.. ရွေးချယ်သင့်လဲ...” သူက ခါးသီးတွေးရင်း အကြည့်လွှဲ၍ သူ၏တွေဝေမှုများကို မြိုသိပ်ပြီးနောက် ပျံထွက်သွားတော့သည်။
ထိုစဉ် တောင်ပင်လယ်လောကတွင် ငရဲဘုံ ၃၃ ဘုံနှင့် နောက်ဆုံးစစ်ပွဲ စတင်နေလေပြီ။
ကြယ်တာရာကောင်းကင်သည် တုန်ရီနေပြီး တချို့နေရာများတွင် စုတ်ဖြဲပွင့်ထွက်နေ၏။ မကြာမီ ကောင်းကင်ဘုံ (၁၇) ၏မြေထုကြီးကား အသေးစိတ်ထင်ရှားပေါ်လွင်လာတော့သည်။
၎င်း၏အပေါ်၌ ကောင်းကင်ဘုံ (၁၈) ၊ ကောင်းကင်ဘုံ (၁၉) ... ကောင်းကင်ဘုံ (၃၃) အထိ တစ်လျှောက်လုံး။ ယခုတွင် ၎င်းတို့အားလုံး ပေါ်လာခဲ့လေပြီ။
အံ့မခန်းလိလိစွမ်းအင်တို့နှင့်အတူ ဖိအားကြီးက သက်ရောက်လာသည်။ ကောင်းကင်ဘုံ (၁၇) နှင့်အထက်ကောင်းကင်ဘုံအားလုံး .... သက်ဆင်းလာကြသည်။
ဝုန်းးးးးးးးးးးးးးး
လေပြင်းမုန်တိုင်းတစ်ချက်က အရပ်လေးမျက်နှာတွင် တိုက်ခတ်သွားသဖြင့် ကြယ်တာရာကောင်းကင်မှာ အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားတော့သည်။ ကောင်းကင်ဘုံများမှ ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက် ထွက်လာသည်။ ပုံပန်းသွင်ပြင်အရ သူတို့သည် အပြင်သူများနှင့်မတူဘဲ ကျင့်ကြံသူများအလားပင်။
သို့သော် သူတို့နှင့်ယှဉ်လျှင် ကျန်သက်ရှိများမှာ ပုရွက်ဆိတ်များထက် မပိုသည့်အလား သူတို့၏မျက်လုံးများ သွေးအေးလျက်ရှိသည်။
ဖော်ပြမတတ်နိုင်သောဖိအားသည် သူတို့နှင့်အတူ ဖြာထွက်လာပြီး သူတို့သက်ဆင်းလာသည့်အခါ တောင်များတုန်ရီ၍ ပင်လယ်တွေ ဆူပွက်ကုန်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ သွေးအန်လိုက်ကြရသည်။
ဖိအားက ပါရာဂွန်ဖိအားဖြစ်သည်။ အနှစ်သာရ ၇ ခုအဆင့်မဟုတ်... အနှစ်သာရ ၈ ခုအဆင့်ပင်။
ဤနှစ်ယောက်သည် ကောင်းကင်ဘုံ ၃၃ ဘုံလုံးတွင် အင်အားအကြီးမားဆုံးပါရာဂွန်များ.... အနှစ်သာရ ၈ ခုအဆင့် ပါရာဂွန်များ ဖြစ်ကြလေသည်။
သူတို့၏အနောက်တွင် ကောင်းကင်ဘုံ (၁၇)နှင့်အထက် ကောင်းကင်ဘုံအားလုံးမှ အပြင်သူစစ်တပ်ကြီးတစ်တပ် ရှိသည်။ တစ်ချက်လှမ်းကြည့်လိုက်လျှင် ဤစစ်တပ်ကြီးသည် အတိုင်းထက်အလွန်အစွမ်းထက်သော အပြင်သူသန်းပေါင်းများစွာနှင့် အဆုံးပင်မရှိသည့်အလား ထင်ရသည်။
တပ်ဖွဲ့များမှ ဧရာမမှော်ပစ္စည်းကြီးများလည်း ပျံထွက်လာသည်။ မီတာထောင်ပေါင်းများစွာ မြင့်မားသော ရုပ်တုကြီးများ၊ ဧရာမသစ်ပင်ကြီးနှင့် အေးခဲနေသောခေါင်းတလားများ ရှိကြသည်။ ပို၍ပင်အံ့အားသင့်စရာကောင်းသည်မှာ ... စစ်တပ်၏အနောက်၌ အနီရောင်နေတစ်စင်းရှိနေခြင်းပင်။
၎င်းတို့အားလုံးအပြင် ... ဒဏ္ဍာရီလာအပြင်သူအမျိုးအစားများလည်း ရှိသည်။ ချောက်ချားဖွယ်အကောင်းဆုံးမှာတော့ မီတာထောင်ချီမြင့်မားသော ဘီလူးကြီးများပင်။ ကြည့်ရသရွေ့ ထိုဘီလူးကြီးများသည် မြင်ရသည်ထက်ပို၍ပင် ကြီးထွားနိုင်ပုံရ၏။ သူတို့နဖူးပေါ်တွင် ကြယ်များရှိပြီး အလွန်ရှေးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်များနှင့် တောင်ပံပါဖြစ်တည်မှုများလည်း ရှိပြီး ၎င်းတို့က ကျန်အင်အားစုများအကြား၌ ထင်းနေ၏။
ခပ်ဝေးဝေးတွင်တော့ နဂါးနက်ထောင်ပေါင်းများစွာ ရှိသည်။ ထို့အလွန်၌မူ မီးပင်လယ်တစ်စင်း။
ဤအချိန်တွင် ကောင်းကင်ဘုံ ၃၃ ဘုံသည် မည်သည့်အရာကိုမှ ထိမ်ချန်မထားတော့ပေ။ တောင်ပင်လယ်လောကကို ဖျက်စီးဖို့ သူတို့၏အင်အားအားလုံးကို ထုတ်ဖော်ထားလေပြီ။ သူတို့သည် တောင်ပင်လယ်ကျင့်ကြံသူများ၏ နှလုံးသားထဲသို့ အကြောက်တရားကို ရိုက်ထည့်ပေးချင်ကြပြီး သူတို့၏ပါရာဂွန်များကြောင့် တောင်ပင်လယ်လောကအတွက် အသားစီရနိုင်ခြေမရှိပုံရ၏။
ရုတ်တရက် ရှေးဆန်သော အေးစက်စက်အသံတစ်သံက ကြယ်တာရာကောင်းကင်တွင် ဟိန်းထွက်သွားသည်။ အပြင်သူများနှင့်တကွ တောင်ပင်လယ်ကျင့်ကြံသူများလည်း ၎င်းကို ကြားလိုက်ရသည်။
“သတ်ပစ်ကြ... တစ်ယောက်မှ ချန်မထားနဲ့”
အသံပိုင်ရှင်က အနှစ်သာရ ၈ ခု ပါရာဂွန်နှစ်ယောက်အနက်မှ အမျိုးသမီးပါရာဂွန်ဖြစ်သည်။ သူမ၏အသံကို တုံ့ပြန်သည့်အနေဖြင့် အပြင်သူစစ်တပ်ကြီးက မိုးနှင့်မြေကို လှုပ်ခတ်သွားစေသည်အထိ ကြွေးကြော်ဟိန်းဟောက်ကာ ရေလှိုင်းများသဖွယ် တောင်ပင်လယ်လောကဆီ ချီတက်လာကြတော့သည်။
အမျိုးသမီးပါရာဂွန်ကမူ အလင်းတန်းတစ်တန်းအသွင်ပြောင်းလျက် တောင်ပင်လယ်လောကအား ဆယ်လကြာ ကာကွယ်ပေးထားခဲ့သော ဒိုင်းထံ ချဉ်းကပ်သွားသည်။
လက်ချောင်းလေးတစ်ချောင်း ဝှေ့ယမ်းလိုက်လျှင်ချင်း ဒိုင်းမှ အက်သံများ ထွက်လာပြီးနောက် ခွမ်းခနဲ ကြေမွသွားတော့သည်။ ဒိုင်း၏အပိုင်းအစများ အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည့်အချိန်တွင် ပါရာဂွန်သည် ရှေ့တစ်လှမ်းလှမ်း၍ ပဉ္စမတောင်အပေါ်တွင် ပေါ်လာ၏။ ထိုနေရာတွင် သူမက ခြေဆောင့်နင်းလိုက်ရာ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း .... တောင်မှာ ပြိုကျသွားတော့၏။
သို့သော် တောင်ပင်လယ်လောက၏ နေရာပေါင်းများစွာမှ အထိတ်တလန့်အော်သံများ ပဲ့တင်ထပ်လာသည့်အချိန်မှာပင် ရုတ်တရက် အမျိုးသမီးပါရာဂွန်၏အနားတွင် ဝတ်ပြုကျောင်းသုံးကျောင်း ပေါ်လာသည်။ ထိုဝတ်ပြုကျောင်းထဲ၌ ... အဘိုးအိုသုံးယောက်ရှိ၏။
သူတို့ကား .... ကျမ်းဆရာများမှတစ်ပါး အခြားမဟုတ်ပေ။
တောင်ပင်လယ်လောက၏ ကျမ်းဆရာတော်မြတ်သုံးဦးသည် အရိပ်ထဲ၌ ပုံးကွယ်မနေတော့။ အမျိုးသမီးပါရာဂွန်ကို ဖိနှိပ်ဖို့ တစ်ပြိုင်တည်း ပေါ်လာကြလေပြီ။ တစ်ဆက်တည်းမှာပင် မန်ဟို၏ပါရာဂွန်ရုပ်သေးရုပ်ကလည်း ထိုပါရာဂွန်ကို တိုက်ခိုက်ရန် ပါရာဂွန်ပင်လယ်အိပ်မက်နှင့် ပူးပေါင်းလိုက်သည်။
ခပ်လှမ်းလှမ်းတွင် တာအိုဆရာအစည်းအရုံးသုံးခုသည် အပြင်သူစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အရင်းအမြစ်အားလုံးအသုံးပြုရင်း သူတို့၏ဂိုဏ်းသားများနှင့် မှော်ကိရိယာများကို စုဝေးနေကြ၏။
ထိုနေရာ၏အနောက်တွင် ရှုချင်သည် တောင်ပင်လယ်ကျင့်ကြံသူစစ်တပ်အား အမိန့်ပေးညွှန်ကြားရင်း ကွပ်ကဲရေးဆောင်ထဲတွင် ထိုင်နေ၏။
ဖန်မျိုးနွယ်ဝင်များနှင့်အတူ ကျန်ဂိုဏ်းများ၊ မျိုးနွယ်စုများလည်း တိုက်ခိုက်ရန် စစ်မြေပြင်ပေါ်တွင် ပေါ်လာကြသည်။ ဝမ်မျိုးနွယ်စုမှ လူများပင် ရောက်နေကြလေသည်။
ယခုအချိန်တွင် နောက်ဆုံးစစ်ပွဲသည် စတင်နေပြီဖြစ်၏။ သို့သော် ကြယ်တာရာကောင်းကင်ထက်တွင် အနှစ်သာရ ၈ ခုအဆင့်ပါရာဂွန်နောက်တစ်ဦး ရှိနေသေးသည်။ လောလောဆယ်တွင် သူသည် နဝမတောင်ပင်လယ်ရှိ တောင်ကောင်းကင်ဂြိုဟ်အား တည်ငြိမ်အေးဆေးစွာ ကြည့်နေ၏။
“မင်းကိုး” သူက တိုးတိုးပြောလျက် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ ပြန်ပေါ်လာသောအခါ တောင်ပင်လယ်လောက၏နှလုံးသား၊ တောင်ကောင်းကင်ဂြိုဟ်၏အပြင်တည့်တည့်တွင် ဖြစ်ချေသည်။
သူ ပေါ်လာလျှင်ချင်း တောင်ကောင်းကင်ဂြိုဟ်၏ မန္တန်ဝင်္ကပါက အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်သည်။ သို့သော် အနှစ်သာရ ၈ ခု ပါရာဂွန်က ၎င်းကို အဖက်မလုပ်ဘဲ တောင်ကောင်းကင်ဂြိုဟ်ပေါ်က တောင်ထိပ်တစ်ခုတွင် ပေါ်လာ၏။
ထိုတောင်ထိပ်က ရွှေတုန်းလျှိုရပ်နေသော တောင်ထိပ်ဖြစ်သည်။ သူက အနှစ်သာရ ၈ ခု ပါရာဂွန်ကို မျက်နှာချင်းဆိုင်ရန် ချာခနဲ လှည့်လာပြီး သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ မည်သည့်စကားမှ မပြောကြပေ။ နှစ်ယောက်လုံး ပျောက်ကွယ်သွားပြီး သူတို့၏ပျောက်ကွယ်မှုက သူတို့ခြေထောက်အောက်ရှိ တောင်တစ်တောင်လုံးကို ပြားကပ်စေလျက် ချောက်နက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့စေသည်။
ထိုချောက်နက်က .... တောင်ကောင်းကင်ဂြိုဟ်၏အူတိုင်... ချော်ရည်ပူပင်လယ်တည်ရှိရာအထိ ဦးတည်နေလေသည်။
ဤအခိုက်အတန့်၌ ပြိုကျနေသော ငရဲဘုံ ၃၃ ဘုံထဲတွင် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ မြို့အားလုံးနှင့် ထိုအထဲရှိ လူသားများကို မြင်လိုက်ရ၏။ ထို့နောက် အရာအားလုံး ရပ်တန့်သွားသည်။ သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းသည် ... မန်ဟို့ထံ လွင့်မျောလာပြီး သူနှင့်တစ်သားတည်းဖြစ်သွားသော အလင်းမှုန်များအသွင် ပြောင်းသွား၏။ ထိုအခါ သူ့မျက်လုံးများက လင်းလက်စွာ တောက်ပလာတော့သည်။