အခန်း ၄၁၁
Vol. 35 Ch. 411
အခန်း (၄၁၁)
"ဒါက အရေးကြီးလို့လား"
မှောင်ခိုဈေးကွက် ဝန်ဆောင်မှု ကိုယ်စားလှယ်ဘက်က ယခုကဲ့သို့ ဦးဆောင်မေးမြန်းလာခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်ပုံရလေ၏။
"ဒါကိုလည်း အရောင်းအဝယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်လို့ ရပါတယ်"
"ငါက မှတ်ဉာဏ်သတ္တု နည်းနည်းပါးပါး ဝယ်ရုံသက်သက်ပဲလေ။ မင်းတို့ကို အကုန်လုံး လိုက်ပြောပြနေစရာ မလိုဘူးလို့ ထင်တယ်"
"မဟုတ်ပါဘူး" အယ်လီက ခေါင်းခါယမ်းလိုက်၏။
ထို့နောက် သူမက အဲ့ဒီ့ပုံစံကြမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရဲချီယန်ထံသို့ ပေးပို့လိုက်သည်။
"ဒီပုံစံကြမ်းက အင်မတန် ရှားပါးလွန်းပါတယ်။ ကျွန်မရဲ့ လက်ရှိ လုပ်ပိုင်ခွင့်အာဏာနဲ့ဆိုရင် ရှင် ဘာအတွက် သုံးမလဲဆိုတဲ့ ရည်ရွယ်ချက်ကို မသိရဘဲ သဘောကျ ရောင်းချပေးလို့ မရဘူးဖြစ်နေတယ်။ တကယ်လို့များ ရှာဖွေမတွေ့ရှိသေးတဲ့ GT စီးရီး စက်ယန္တရားအတွက်သာ ဆိုရင်တော့ ကျွန်မဘက်က နည်းလမ်းရှာပေးပါ့မယ်"
သတ္တုကျိုမီးဖိုလား။ ရဲချီယန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်၏။
ဤအရာက တကယ်ကို စိတ်ကြိုက်ဖြစ်စေသည့် ပစ္စည်းကောင်းတစ်ခုပင်။
သူ့လက်ထဲတွင် ဤမီးဖိုသာ ရှိနေပါက နောင်တစ်ချိန် GT စီးရီး စက်ယန္တရားများကို ထပ်မံထုတ်လုပ်သည့်တိုင် အဲ့ဒီ့အထူးမှတ်ဉာဏ်သတ္တုများ ပြတ်လပ်သွားမည် မဟုတ်ချေ။
"ဘယ်လောက်လဲ"
"ရထားဒင်္ဂါး ငါးရာပါ"
ဈေးအင်မတန် ကြီးမြင့်လွန်းလှသည်။ သို့သော် ဤသည်မှာ သယံဇာတ ထုတ်လုပ်ရေး ပုံစံကြမ်းတစ်ခု ဖြစ်သောကြောင့် ၎င်း၏ အသုံးဝင်မှုတန်ဖိုးက ပေးရသည့် ဈေးနှုန်းနှင့် တန်ချေရှိလှ၏။
အဆုံးမဲ့ စက်ရုပ်စစ်သည်တော်၏ အသေးစိတ် အချက်အလက်များကို သေချာစွာ စစ်ဆေးပြီးနောက် ရဲချီယန်က အဆင့်မြင့် အသွင်ကူးပြောင်းခြင်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။
သူက ခဏတာ စဉ်းစားဆင်ခြင်ပြီးနောက် သဘောတူလိုက်လေသည်။
"မင်းကို အချက်အလက် ပေးနိုင်တယ်။ ဒါပေမဲ့ ဒီပုံစံကြမ်းကို ငါ့ဆီ သေချာပေါက် ရောင်းပေးမယ်ဆိုတာ အာမခံနိုင်လား"
"သေချာပေါက် ရောင်းပေးပါ့မယ်။ ရှင့်ရဲ့ GT စီးရီး စက်ယန္တရားရဲ့ နံပါတ်စဉ်က ၇၁ အထက်မှာ ရှိနေသရွေ့ပေါ့"
ဤသည်မှာ အယ်လီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချထားခြင်းပင် ဖြစ်၏။
တကယ်လို့သာ ရဲချီယန်က နံပါတ်စဉ် ၇၁ အထက်ရှိ ယခင်က မတွေ့ဖူးသေးသော GT စီးရီး စက်ယန္တရားတစ်ခုကို တကယ်ထုတ်လုပ်နိုင်မည်ဆိုပါက ဤသူသည် သူမ ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူဟု ဆိုလိုခြင်း ဖြစ်ပေသည်။
"၇၁ လား။ အတော်ပဲဖြစ်သွားတာပေါ့" ရဲချီယန်က စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်လေ၏။
အမှန်တကယ်တော့ သူ့လက်ထဲတွင် နံပါတ်စဉ် ၇၁ ကျော်သည့် GT စီးရီး စက်ယန္တရားဟူ၍ တစ်ခုတည်း ရှိနေခြင်း မဟုတ်ချေ။
မမေ့နှင့်ဦး။
လီဆက်ကို သူက အထွတ်အထိပ် စီးရီးသို့ ပြောင်းလဲမပေးမီက သူမသည်လည်း GT စီးရီး စက်ရုပ်တစ်ရုပ် ဖြစ်ခဲ့ပေသည်။
အဲ့ဒီ့အမြင့်ဆုံးအဆင့် GTEX ပင်လျှင် ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့စဉ်က သူ့ကို အနည်းငယ် လှည့်စားသွားခဲ့သေး၏။ အဲ့ဒီ့စဉ်ကသာ သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူး မရှိခဲ့ပါက ယခုချိန်တွင် လီဆက်သည် သူ၏ဘေးနား၌ ရှိနေမည် မဟုတ်ပေ။
သို့ရာတွင် သူသည် လီဆက်နှင့် ပတ်သက်သည့် အချက်အလက်များကိုတော့ မည်သည့်အခါမျှ ထုတ်ဖော်ပြမည် မဟုတ်ချေ။
"ဒါဆိုရင်တော့ ငါတို့ အရောင်းအဝယ် လုပ်လို့ရပြီ ထင်တယ်"
ရဲချီယန်က အဆုံးမဲ့၏ အချက်အလက်များကို ဓာတ်ပုံရိုက်ကာ မှောင်ခိုဈေးကွက် ဝန်ဆောင်မှု ကိုယ်စားလှယ်ထံသို့ ပေးပို့လိုက်သည်။
အဆုံးမဲ့၏ နံပါတ်စဉ်မှာ ၇၇ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အယ်လီ၏ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
"၇၇ တဲ့။ အရင်က တစ်ခါမှ မပေါ်ဖူးသေးတဲ့ GT စီးရီးပဲ။ သခင်မ ခရစ္စတင်း ပြောတာ မှန်တယ်။ ဒီလူက ရင်းနှီးမြှုပ်နှံဖို့ တကယ်တန်တဲ့သူပဲ"
အရောင်းအဝယ် ပြီးမြောက်သွားချေပြီ။
ရထားဒင်္ဂါး ငါးရာ အပြည့်အဝ ကုန်ကျသွားခဲ့ကာ အဲ့ဒီ့သတ္တုကျိုမီးဖို ပုံစံကြမ်းမှာလည်း ရဲချီယန်၏ လက်ထဲသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့တော့သည်။
"တကယ်ကို ဈေးကြီးလွန်းတာပဲ"
"ဒါပေမဲ့ ပေးရတဲ့ဈေးထက် ပိုပြီး တန်ဖိုးရှိပါတယ်လေ"
【ပုံစံကြမ်း GT မှတ်ဉာဏ်သတ္တုတုံး သတ္တုကျိုမီးဖို】
【လိုအပ်ချက်များ သတ္တု ကီလိုဂရမ် ၁၀၀၊ စက်ယန္တရား အစိတ်အပိုင်း ၁၀၀】
【အဆင့်မြင့် GT စီးရီး စက်ယန္တရားများအတွက် သီးသန့်လိုအပ်သော အထူးမှတ်ဉာဏ်သတ္တုကို ထုတ်လုပ်ပေးနိုင်သည့် GT စီးရီး အထွတ်အထိပ်သတ္တဝါ သုတေသနဌာနမှ ဖန်တီးထားသော မီးဖိုငယ်တစ်ခု။】
【ဤသတ္တုသည် မိမိကိုယ်ကို ပြန်လည်ပြုပြင်နိုင်သည့် ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပြီး ၎င်းဖြင့် ထုတ်လုပ်ထားသော GT စီးရီး စက်ယန္တရားများသည် အတိုင်းအတာတစ်ခုအထိ ကိုယ်တိုင် ပြန်လည်ကုသနိုင်စွမ်းကို ရရှိလိမ့်မည်။】
【သတ္တုတုံး တစ်သုတ် ထုတ်လုပ်မှုတိုင်းအတွက် သတ္တု ကီလိုဂရမ် ၁၀၀၀ ကို ကျိုချက်ရန် လိုအပ်သည်။】
【သတ္တုကျိုချက်ရာတွင် ကြီးမားသော လျှပ်စစ်စွမ်းအင်ပမာဏ လိုအပ်ပြီး အပူချိန်လွန်ကဲစွာ ထွက်ပေါ်လာတတ်သောကြောင့် စွမ်းအင်ကုန်ကျမှုအတွက် ကြိုတင်ပြင်ဆင်ထားကာ အအေးခံမည့် နည်းလမ်းများကိုလည်း အသင့်ပြင်ဆင်ထားပါ။】
【မှတ်ချက် ဤသတ္တုကျိုမီးဖိုကို အသုံးပြုနိုင်ရန် GT စီးရီး စက်ယန္တရားတစ်ခုက ထိန်းချုပ်ခွင့်အာဏာ ရယူထားရန် လိုအပ်သည်။】
လိုအပ်သည့် ကုန်ကျစရိတ်မှာ အဲ့ဒီ့သတ္တုတုံးများ ထုတ်လုပ်ရန်အတွက်ပင် အလွန်တရာ ရိုးရှင်းလွန်းနေခဲ့သည်။
ရဲချီယန် မြူခိုးနိုင်ငံနှင့် တခြားသော နေရာအနှံ့အပြားမှ စုဆောင်းရရှိထားသည့် အခြေခံသယံဇာတများထဲတွင် သတ္တုမှာ အမြဲတမ်း ပမာဏအများဆုံး ဖြစ်နေခဲ့၏။
ထို့ကြောင့် အမြောက်အမြား သုံးစွဲပစ်လိုက်လျှင်တောင် သူ အနည်းငယ်မျှ နှမြောတွန့်တိုနေမည် မဟုတ်ချေ။
"ရိုးရိုး သတ္တုကို သုံးပြီးတော့တောင် ပိုပြီး အစွမ်းထက်တဲ့ သတ္တုကို ထုတ်လုပ်နိုင်တယ်ဆိုတော့... နောင်တစ်ချိန် GT စီးရီးတွေ ရှိနေတဲ့ ဘူတာရုံကမ္ဘာထဲကို ဝင်ရောက်ခွင့် ရလာနိုင်မလား၊ ဒါမှမဟုတ်..."
သို့တည်းမဟုတ် အဲ့ဒီ့ကမ္ဘာမှာ သူတို့ ကမ္ဘာပျက်ကပ်ကို မခုခံနိုင်ဘဲ ကမ္ဘာကြီး ပျက်သုဉ်းသွားပြီးနောက် ကျန်ရစ်ခဲ့သည့် ကမ္ဘာငယ်လေးတစ်ခုများ ဖြစ်နေမလား။
မီးဖိုကို ထုတ်လုပ်ပြီးနောက် ရဲချီယန်က ၎င်းကို ထားရှိရန်နှင့် အအေးခံရန်အတွက် ရေသိုလှောင်ရေး ရထားတွဲအတွင်း နေရာတစ်ခုကို ကန့်သတ်ခွဲဝေလိုက်လေသည်။
အဲ့ဒီ့မျှမကသေးဘဲ အဲ့ဒီ့နေရာ၏ အပူချိန်ကို လျှော့ချရန်အတွက် ရေခဲသွေးကြော နှလုံးသား ပုတီးစေ့ကိုပါ အသုံးပြုလိုက်သေး၏။
လျှပ်စစ်စွမ်းအင် ကုန်ကျမှုအတွက်ကတော့...
"လေဟာနယ် လျှပ်စစ်စွမ်းအင်"
ရဲချီယန်က လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့်တစ်ပြိုင်နက်...
လျှပ်စစ်စွမ်းအင် ရထားတွဲအတွင်းရှိ လေဟာနယ်နှင့် ထာဝရညဉ့်ယံမှ အံ့မခန်းဖွယ် လျှပ်စီးကြောင်းများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာကာ ရထားတွဲတစ်ခုလုံး ပလက်စမာများဖြင့် ပြည့်နှက်သွားတော့သည်။
လေဟာနယ်အတွင်းမှ ကုန်ခန်းသွားခြင်းမရှိသော လျှပ်စစ်စွမ်းအင်များက သတ္တုကျိုမီးဖိုထဲသို့ စီးဆင်းဝင်ရောက်သွားခဲ့၏။ မဖွင့်ရသေးသည့် မီးဖိုမှာ ချက်ချင်းဆိုသလို အလုပ်လုပ်လာခဲ့ပြီး အဲ့ဒီ့ကြီးမားလှသည့် စွမ်းအင်ဖိအားကြောင့် ဝန်ပိလွန်းကာ အကန့်အသတ်ကျော်လွန်တော့မည့် အရိပ်အယောင်များပင် သဲ့သဲ့မျှ ပေါ်ထွက်လာလေသည်။
"ငါထင်ထားသလောက် အများကြီး မလိုဘူး ထင်တယ်"
ရဲချီယန်က နှုတ်ခမ်းကို မဲ့လျက် လျှပ်စစ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရာ မီးဖိုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့၏။
"GT စီးရီး စက်ရုပ်မှပဲ ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ ဝေါလီပဲ လုပ်လို့ရမှာပေါ့"
လီဆက်၏ ယခင်မူလကိုယ်ထည်မှာ GTEX ဖြစ်ခဲ့သော်ငြား ယခုချိန်တွင်မူ သူမက GT စီးရီးနှင့် လုံးဝကို သက်ဆိုင်ခြင်း မရှိတော့ချေ။ ဝေါလီမှာမူ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းဖြင့် အဆင့်မြှင့်တင်ပြီးနောက်တွင်ပင် ရတနာရှာဖွေရေးဟူသော နောက်ဆက်တွဲအမည် ထပ်တိုးလာရုံမှလွဲ၍ GT1 အဖြစ်သာ ဆက်လက် တည်ရှိနေသေး၏။
ထို့ကြောင့် လက်ရှိတွင် ဤသတ္တုကျိုမီးဖိုကို ထိန်းချုပ်နိုင်သူမှာ ဝေါလီ တစ်ရုပ်တည်းသာ ရှိပေသည်။
စက်ရုပ်ငယ်လေးက ၎င်း၏ သေးငယ်သော စက်ယန္တရား လက်မများကို ဝှေ့ယမ်းလျက် အဲ့ဒီ့နေရာသို့ လျှောက်လှမ်းသွား၏။
သတ္တုကျိုမီးဖို စတင်လည်ပတ်ချိန်တွင် ကျီးကန်းနတ်ဆိုးက မြွေရေခွံအိတ်ကို သယ်ဆောင်ကာ သိုလှောင်ခန်း ရထားတွဲနှင့် ဤနေရာအကြား အဆက်မပြတ် ကူးချည်သန်းချည် သွားလာလျက် သူစုဆောင်းထားသည့် သတ္တု အမြောက်အမြားကို မရပ်မနား သယ်ယူပို့ဆောင်ပေးလေသည်။
ဤကဲ့သို့ အလွန်အမင်း ပေါကြွယ်ဝလွန်းလှသည့် လျှပ်စစ်စွမ်းအင် အခြေအနေအောက်တွင် မှတ်ဉာဏ်သတ္တု တစ်သုတ်ကို သုံးမိနစ်ပင် မပြည့်သည့် အချိန်အတွင်း ထုတ်လုပ်နိုင်ပေသည်။
ရဲချီယန်၏ ရည်မှန်းချက်မှာ အဆုံးမဲ့စက်ရုပ်စစ်သည်တော် ဆယ်ရုပ်ကို ထုတ်လုပ်ရန် ဖြစ်သောကြောင့် အများဆုံး ဆယ်နာရီအတွင်း လိုအပ်သော မှတ်ဉာဏ်သတ္တုများကို အပြည့်အစုံ စုဆောင်းရရှိနိုင်မည် ဖြစ်၏။
သို့သော် အဲ့ဒီ့သည်မှာ မီးဖိုတစ်ခုတည်းဖြင့်သာ ဖြစ်သည်။
ပုံစံကြမ်း ရှိနေသရွေ့ သူက မီးဖို အများအပြားကို ထုတ်လုပ်နိုင်ပေသည်။
ဝေါလီ ထောက်ပံ့ပေးထားသည့် အခြေခံ လုပ်ပိုင်ခွင့်အာဏာဖြင့် တစ်ကြိမ်လျှင် မီးဖို လေးခုအထိ အများဆုံး တစ်ပြိုင်နက် လည်ပတ်နိုင်၏။
နောက်ဆုံးတွင်မူ မှတ်ဉာဏ်သတ္တုတုံး နှစ်ရာသုတ် အပြည့်အစုံ ရဲချီယန်၏ ရှေ့မှောက်၌ ထွက်ပေါ်လာရန် သုံးနာရီပင် မကြာလိုက်ချေ။
"ကောင်းလိုက်တဲ့ အလုပ်လေးကွာ"
ရဲချီယန်က ဝေါလီ၏ သံခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"မင်း ရှိနေလို့ တော်သေးတာပေါ့"
ဝေါလီက ၎င်း၏ မျက်လုံးလေးများကို ကွေးညွှတ်လိုက်ကာ ရတနာရှာဖွေသည့် အလုပ်အပြင် သခင်ဖြစ်သူကို အခြားနည်းလမ်းဖြင့်ပါ ကူညီပေးနိုင်သောကြောင့် အလွန်ပင် ပျော်ရွှင်သွားခဲ့၏။
ရထားခေါင်းမိုးပေါ်သို့ လုပ်ငန်းစဉ်ခုံကို ဆင့်ခေါ်လိုက်ပြီးနောက် ရဲချီယန်က အဆုံးမဲ့၏ ပုံစံကြမ်းကို ဖြန့်ကျက်လိုက်လေသည်။
"အဆုံးမဲ့..."
တီးတိုးရေရွတ်လိုက်စဉ် ပထမဆုံး အဆုံးမဲ့ စက်ရုပ်စစ်သည်တော်အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ကျီးကန်းနတ်ဆိုးက သယ်ဆောင်လာပေးပြီး ဖြစ်၏။
ထုတ်လုပ်မှုကို စတင်လိုက်သည်။
ကုန်ကြမ်းပစ္စည်းများ အားလုံးက ပုံစံကြမ်း၏ အထက်သို့ လွင့်မျောတက်သွားခဲ့သည်။
စက်ယန္တရားများ လည်ပတ်သည့် ဟိန်းဟောက်သံကြီး ဝုန်းဒိုင်းကြဲ မြည်ဟည်းလာကာ ပစ္စည်းများ အားလုံး အရည်ပျော်ကျခြင်း၊ ပြိုကွဲခြင်းနှင့် ပြန်လည်ပေါင်းစပ်ခြင်းတို့ စတင် ဖြစ်ပေါ်လာလေတော့သည်။
တောက်ပသော အလင်းတန်းများအလယ်၌ ၎င်းတို့ အချင်းချင်း တဖြည်းဖြည်း ပေါင်းစည်းသွားကြပြီး ပထမဆုံး စက်ရုပ်စစ်သည်တော်၏ မူလကိုယ်ထည်ပုံစံမှာ တဖြည်းဖြည်း ထင်ရှားပေါ်လွင်လာခဲ့၏။
ဒုန်း...။
ရထားခေါင်းမိုးပေါ်သို့ ကျဆင်းလာချိန်တွင် ၎င်းက ဒူးတစ်ဖက် ထောက်လိုက်သည်။
ဧရာမ စက်ယန္တရား စစ်သည်တော် လှံတံကြီးနှင့် အဝိုင်းပုံ ဒိုင်းလွှာကြီးတစ်ခုကို ကိုင်ဆောင်ထားကာ ၎င်း၏ မျက်နှာပေါ်တွင်မူ ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့် စစ်ဆေးနေသည့် မျက်လုံးတစ်လုံးတည်းသာ ရှိလေ၏။
ခန္ဓာကိုယ်တစ်ခုလုံးမှာ သံချပ်ကာအလေးကြီး ဝတ်ဆင်ထားသည့်အလား နီရဲတောက်လောင်နေပြီး ၎င်း၏ အပြင်ပန်း အသွင်အပြင်မှာ အမှန်တကယ်တော့ လူသား စစ်သည်တော်တစ်ဦးနှင့် အလွန်ပင် ဆင်တူလှပေသည်။
【GT၇၇ အဆုံးမဲ့】
【ချိတ်ဆက်ထားသူ မရှိသေးပါ】
【တပ်ဆင်ထားသည့် လက်နက်များ မြင်းစီးသူရဲ လှံတံကြီး၊ မှတ်ဉာဏ်သတ္တု ဒိုင်းလွှာ၊ အဆုံးမဲ့ ပေါက်ကွဲမှု သေနတ်၊ မျက်နှာတပ် ဗူကန် အမြောက်】
【မော်ဂျူး ကိုယ်တိုင် ပြန်လည်ကုသခြင်း】
【မော်ဂျူး ကပ်ဘေးနှင့် လိုက်လျောညီထွေဖြစ်စေခြင်း】
【မော်ဂျူး အလိုအလျောက် တိုက်ခိုက်ခြင်း】
【GT စီးရီး အမြောက်အမြား ထုတ်လုပ်မှု စက်ယန္တရားများ၏ အမြင့်ဆုံး အထွတ်အထိပ်။】
【၎င်း၏ စွမ်းအင်သုံးစွဲမှုမှာ အလွန်တရာ နည်းပါးလှပြီး လိုအပ်သော စွမ်းအင်မှာ အလွန်သာမန်ဖြစ်သည့် လျှပ်စစ်စွမ်းအင်သက်သက်သာ ဖြစ်သည်။】
【မည်မျှပင် ဆိုးရွားကြမ်းတမ်းသည့် ပတ်ဝန်းကျင်၌မဆို ကြံ့ခိုင်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပြီး ကပ်ဘေးအန္တရာယ်များအလယ်တွင် တိုက်ခိုက်ရန် အထူးကျွမ်းကျင်ဆုံး ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကို မှတ်တမ်းတင်ကာ တဖြည်းဖြည်း လိုက်လျောညီထွေ ပြောင်းလဲသွားလိမ့်မည်။】
【ချိတ်ဆက်မှု အခြေအနေ မချိတ်ဆက်ရသေးပါ】
【ချိတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် ဤစက်ယန္တရားသည် ဖန်တီးရှင်ထံမှ အမည်သစ် ပေးသနားခြင်းကို ခံယူခွင့် ရရှိမည်ဖြစ်သည်။】
【မှတ်ချက် ဤသည်မှာ ပထမဆုံး စက်ယန္တရားဖြစ်ပြီး နောက်ပိုင်းတွင် အမြောက်အမြား ထုတ်လုပ်မည့် စက်ယန္တရားများအနက် တစ်ခုတည်းသော တပ်မှူးအဆင့် စက်ယန္တရား ဖြစ်သည်။】