အခန်း ၄၁၂
Vol. 35 Ch. 412
အခန်း (၄၁၂)
"နာမည်ပေးရမယ့် အချိန် ရောက်လာပြန်ပြီပဲ"
ရဲချီယန်က ခေါင်းတစ်လုံး ဂျိန်းခနဲ ကိုက်ခဲသွားသလို ခံစားလိုက်ရသည်။
"နာမည်တစ်ခု စဉ်းစားရတာ တကယ့်ကို ခေါင်းစားစရာ အလုပ်ပဲ"
သူက မေးစေ့ကို ပွတ်သပ်ကာ သူ့ရှေ့မှောက်ရှိ စစ်သည်တော်တစ်ဦးနှင့် ဆင်တူသော မျက်လုံးတစ်လုံးတည်းပါ စက်ရုပ်စစ်သည်တော်ကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။
ထို့နောက် ညာဘက်လက်ကို လက်သီးဆုပ်ကာ ဘယ်ဘက်လက်ဝါးပြင်ပေါ်သို့ ခပ်ဖွဖွ ပုတ်လိုက်သည်။
"မင်းကို လန်စလော့လို့ ခေါ်ရင် ကောင်းမလား"
【အမည်ပေးခြင်းကို လက်ခံရရှိပါသည်】
【အမည်အား လန်စလော့ အဖြစ် ပြင်ဆင်သတ်မှတ်ပြီးပါပြီ】
【စက်ရုပ်စစ်သည်တော် ချိတ်ဆက်မှု ပြီးမြောက်ပါပြီ】
【တစ်ဦးတည်းသော ထိန်းချုပ်ခွင့်အာဏာ ပိုင်ဆိုင်သူ ရဲချီယန်】
【ဤလုပ်ပိုင်ခွင့်အာဏာကို ပြောင်းလဲ၍ မရနိုင်ပါ】
ကုန်ကြမ်းပစ္စည်းများကို ဤနေရာသို့ ထပ်မံသယ်ဆောင်လာခဲ့ပြီး ရဲချီယန်က ရထားကို ယာယီရပ်တန့်ထားရန် လွင်တီးခေါင်ပြင် အနားယူခြင်း မော်ဂျူးကို အသုံးပြုလိုက်လေ၏။
ကျန်ရှိနေသေးသော အဆုံးမဲ့ စက်ရုပ်စစ်သည်တော် ဆယ့်ကိုးရုပ်ကို ထုတ်လုပ်ပြီးနောက် ၎င်းတို့၏ အပြင်ပန်းအသွင်အပြင်မှာ လန်စလော့နှင့် မည်သို့မျှ ကွာခြားခြင်းမရှိဘဲ တစ်မူထူးခြားသော နီရဲရဲ အရောင်အစား မီးခိုးဖြူရောင် ဖြစ်နေခြင်းတစ်ခုတည်းသာ ကွဲပြားပေသည်။
ရဲချီယန်က ၎င်းတို့ကို ပုံမှန်အတိုင်း လက်နက်တပ်ဆင်မှု နေရာလွတ်ထဲသို့ မသိမ်းဆည်းခဲ့ချေ။
သူ မသိမ်းချင်၍ မဟုတ်ဘဲ လက်နက်တပ်ဆင်မှု နေရာလွတ်အတွင်း နေရာလုံလောက်စွာ မကျန်တော့သည့်အပြင် ဤစက်ရုပ် အယောက်နှစ်ဆယ်လုံးကိုလည်း တစ်ခုတည်းသော အရာဝတ္ထုအဖြစ် သတ်မှတ်၍ သိမ်းဆည်း၍ မရသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူက ရထားတွဲသစ်တစ်ခုကို တိုက်ရိုက်ဖန်တီးကာ အနောက်ဆုံးတွင် ချိတ်ဆက်လိုက်သည်။
၎င်းမှာ သာမန် စံသတ်မှတ်ချက် ရထားတွဲတစ်ခုမျှသာ ဖြစ်သော်ငြား အသစ်စက်စက် ဖန်တီးထားသော ရထားတွဲ ဖြစ်နေသည့်တိုင် ရထားနှင့် ချိတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် ချဲ့ထွင်ပြီးနောက် ဖိသိပ်ထားသည့် အတွင်းပိုင်း နေရာလွတ်၏ အကျိုးကျေးဇူးကို ခံစားခွင့် ရရှိနေဆဲပင်။
လန်စလော့နှင့် ကျန်ရှိသော အဆုံးမဲ့ စက်ရုပ်စစ်သည်တော် ဆယ့်ကိုးရုပ်တို့ အထဲသို့ တိုးဝှေ့ဝင်ရောက်နိုင်ခဲ့ရာ သီသီလေးသာ ဆံ့တော့၏။
"ငါ့မှာ နဝမမြောက် ရထားတွဲ ရလာပြီ ထင်တယ်"
ရဲချီယန်က ဤရထားတွဲအတွင်း ရပ်နေရင်း ခပ်ရေးရေး ပြုံးလိုက်သည်။
"မင်းတို့အားလုံးကိုပါ ထည့်တွက်မယ်ဆိုရင် ဒီရထားတွဲက ဘယ်လို အသွင်အပြင်မျိုးအဖြစ် အဆင့်မြင့် အသွင်ကူးပြောင်းသွားမလဲ"
အပ်ကြီးပျားအုပ် ရှိနေခြင်းကြောင့် ပျားအုံရထားတွဲ ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့် ယခု စက်ရုပ်စစ်သည်တော် အယောက်နှစ်ဆယ် ရှိနေသည့် ဤနေရာကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်းက မည်သည့်အရာအဖြစ် ပြောင်းလဲသွားစေမည်နည်း။
"စလိုက်ကြရအောင်"
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း" သူက တီးတိုး ရေရွတ်လိုက်၏။
ရဲချီယန်၏ လက်ဝါး နံရံကို ထိတွေ့လိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ လက်ဖဝါးဆီမှ နက်ရှိုင်းသော အပြာရောင် အလင်းတန်းတစ်ခုက ရထားတွဲတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ပြီး အတွင်းရှိ အရာအားလုံးကို လွှမ်းခြုံသွားလေသည်။
ဒုန်း...
ကလင်...
စက်ယန္တရားများ လည်ပတ်သည့် ဟိန်းဟောက်သံကြီး ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ရဲချီယန်၏ မျက်စိရှေ့မှောက်မှာပင် ဤရထားတွဲ၏ အတွင်းပိုင်းမှာ ကမ္ဘာမြေကို တုန်လှုပ်စေလောက်သည့် အံ့မခန်း ပြောင်းလဲမှုကြီးကို ကြုံတွေ့လိုက်ရချေပြီ။
အတွင်းပိုင်း နေရာလွတ်မှာ အဆက်မပြတ် ကြီးမား ကျယ်ပြန့်လာခဲ့ပြီး ပြတင်းပေါက်များ ပျောက်ကွယ်သွားကာ သီးခြား နယ်မြေများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။
အေးစက်စက် အလင်းပြန်နေသည့် သံမဏိနံရံများဆီမှ စက်ယန္တရား အဆောက်အအုံ အမြောက်အမြား ရှည်ထွက်လာတော့သည်။
ဤအဆင့်မြင့် အသွင်ကူးပြောင်းခြင်းက ရဲချီယန် ထင်ထားသည်ထက် အချိန်များစွာ ပိုမို ကြာမြင့်ခဲ့သလို ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအား ကုန်ကျမှုမှာလည်း အဲ့ဒီ့နည်းတူပင် အင်မတန် ကြီးမားလှ၏။
【ကိုယ်ခံစွမ်းအား ၁၁၇ → ၁၀၇】 【စိတ်စွမ်းအား ၂၂၅ → ၁၃၅】
အမှတ်တစ်ရာတိတိ။ ရထားတွဲတစ်ခုတည်းအတွက်ကိုပင် အမှတ်တစ်ရာ အပြည့်အဝ ကုန်ကျသွားခဲ့ခြင်း ဖြစ်သည်။
အဆင့် (၇) ပုံစံကြမ်းတစ်ခုတောင်မှ သူ့အတွက် အမှတ် သုံးဆယ်သာ ကုန်ကျခဲ့ခြင်း မဟုတ်ပါလား။
သို့သော်လည်း...
"ကြီးမားလိုက်တာ"
ဤရထားတွဲက ရဲချီယန်အပေါ် ပေးစွမ်းလိုက်သည့် ပထမဆုံး အာရုံခံစားမှုမှာ စကားတစ်ခွန်းတည်းသာ ဖြစ်လေသည်— ကြီးမားခြင်းပင်တည်း။
【ရထားတွဲ · လက်နက်တိုက် သိုလှောင်ရုံ (အဆင့် ၈)】
【အမြင့် မီတာ ၂၀ အောက်ရှိ စက်ယန္တရား အခု ၅၀ အထိ ဆံ့သည်။ သီးခြားနယ်မြေ တစ်ခုချင်းစီတွင် အလိုအလျောက် သန့်ရှင်းရေး ကိရိယာများ (ရေကန်နှင့် ချိတ်ဆက်ရန် လိုအပ်သည်) နှင့် အလိုအလျောက် စွမ်းအင် သိုလှောင်ရေး ကိရိယာများ (လျှပ်စစ်စွမ်းအင်နှင့် ချိတ်ဆက်ရန် လိုအပ်သည်) တပ်ဆင်ထားသည်။】
【မည်သည့်အချိန်မဆို စတင်လည်ပတ်နိုင်သည်။ စတင်လည်ပတ်ပြီးနောက် နယ်မြေတစ်ခုချင်းစီတွင် တပ်ဆင်ထားသည့် ပစ်လွှတ်ရေး ကိရိယာများက အဲ့ဒီ့နေရာရှိ လက်နက်ကိရိယာများကို လေထုထဲသို့ ပစ်တင်ပေးလိမ့်မည်။】
【ဤရထားတွဲသည် အထူးပြုပြင်မွမ်းမံမှုတစ်ခု ဖြစ်သည်။ ရထား၏ အတွင်းပိုင်း နေရာလွတ် ချဲ့ထွင်မှုသည် ဤရထားတွဲ၏ ကြီးထွားမှု သို့မဟုတ် လျော့ကျမှုနှင့် တစ်ပြိုင်နက်တည်း အလုပ်မလုပ်ပါ။】
ယခုတော့ ဤစက်ရုပ်စစ်သည်တော်များကို မဆံ့တော့မည်ဆိုး၍ စိုးရိမ်နေစရာ မလိုတော့ချေ။ ဤအယောက်နှစ်ဆယ်ကို ထည့်သွင်း နေရာချပြီးသည့်တိုင် နေရာလွတ် သုံးဆယ်တိတိ ကျန်ရှိနေသေး၏။
ရဲချီယန်က ဗီလိန်နှင့် ချောက်နက် စက်ယန္တရားကြီး ဟူသည့် ကောင်ကြီးနှစ်ကောင်ကိုပါ ဤနေရာသို့ ထည့်သွင်းထားလိုက်သည်။
၎င်းတို့ နှစ်ခုလုံးမှာ လူသားပုံစံ စက်ရုပ်စစ်သည်တော်များ ဖြစ်ကြရာ ဤလက်နက်တိုက် သိုလှောင်ရုံ၏ သိမ်းဆည်းသည့် နည်းလမ်းနှင့် အလွန်ပင် ကိုက်ညီလှပေသည်။
"အဆင့် (၈) တဲ့လား။ ဒါကြောင့်ကိုး၊ အဆုံးစွန် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ဖြစ်သွားတာပဲ။ တကယ့်ကို ပျော်ရွှင်စရာ အံ့ဩဖွယ်ရာလေးပါလား"
ရဲချီယန်က အကြောဆန့်လိုက်၏။
"ဖူး... နောက်ဆုံးတော့ အကုန်ပြီးသွားပြီပဲ။ ပိုပိုပြီး အစွမ်းထက်လာရတာကလည်း နည်းနည်းတော့ ပင်ပန်းသားဟ၊ ဟားဟား"
ကောင်းကင်ယံဥယျာဉ်မှ ပြန်ရောက်လာကတည်းက သူ တစ်ချက်လေးမှ မနားရသေးဘဲ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများကို တစ်ဆက်တည်း ပြုလုပ်နေခဲ့ရသည်။
ယခုဆိုလျှင် သူသည် ပြီးခဲ့သည့် မှတ်တိုင်မှ ရရှိခဲ့သမျှ အကျိုးအမြတ် အားလုံးကို အပြည့်အဝ ပေါင်းစပ် ထိန်းချုပ်နိုင်ခဲ့ချေပြီ။
ဥယျာဉ်ပွဲတော်တွင် အဆုံးမဲ့နှင့် တစ်ပြိုင်တည်း ဝယ်ယူခဲ့သော 【အလိုအလျောက် ရထား အမြုတေ】 ကိုလည်း ဝေါလီ မှတ်ဉာဏ်သတ္တု ကျိုချက်နေသည်ကို စောင့်ဆိုင်းရင်း စိုက်ပျိုးရေး ရထားတွဲအတွင်း တပ်ဆင်ပြီးစီးခဲ့လေ၏။
ထို့ကြောင့်...
ရဲချီယန်က 【ကမ္ဘာ့အဆုံးသတ်】 ဟု အမည်ရသော ဆီမီးအိမ်ကို သိုလှောင်ခန်းထဲမှ ထုတ်ယူကာ အပူချိန်ထိန်း ရထားတွဲအတွင်း အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲလိုက်ပြီးနောက် ပြတင်းပေါက်ကို မှီလျက် အဆုံးအစမရှိသော လွင်တီးခေါင်ပြင်ကြီးကို သက်သောင့်သက်သာ ငေးကြည့်နေခဲ့သည်။
"နောက်ထပ် မှတ်တိုင်မှာ ဘာတွေများ ဖြစ်လာမလဲ"
သူက အလွန်ပင် မျှော်လင့် စောင့်စားနေမိလေသည်။
————
ကြယ်တစ်ထောင်မြို့တော်၊ ကောင်စီခန်းမ။
လူသားတို့ ဖန်တီးတည်ဆောက်ထားသည့် ဤခမ်းနားထည်ဝါလှသော မြို့တော်ကြီး၏ မြို့တော်ဝန် လုကျားယွင်က ခုံဆယ့်နှစ်လုံးအနက် ထိပ်ဆုံး ထိုင်ခုံကြီးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။
သူ၏ ကိုယ်ပွား ဟိုလိုဂရမ် ပုံရိပ် အပါအဝင် လူငါးဦးသာ ရောက်ရှိနေခဲ့သည်။
အဲ့ဒီ့အထဲတွင် သေလုမျောပါး ဖြစ်ခဲ့ဖူးသည့် ဆော်လမွန် မြို့တော်၏ မြို့တော်ဝန်ဟောင်း ဂရေ့စ်ပင် ပါဝင်နေချေသည်။
"ဟန်ချီ ကျရှုံးသွားပြီ"
"သူက အဲ့ဒီ့ဆီမီးအိမ်ကို သုံးပြီး ကမ္ဘာ့အဆုံးသတ်ကို ဆင့်ခေါ်နိုင်ခဲ့တာ မှန်ပေမယ့် တစ်ယောက်ယောက်က မီးအိမ်ထဲက မီးပွားလေးကို မှုတ်ခွဲပစ်လိုက်တယ်"
ဒုန်း...
အစည်းအဝေးစားပွဲအလယ်တွင် ဟိုလိုဂရမ် ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့သည်။
အဲ့ဒီ့ဓာတ်ပုံထဲရှိ သူမှာ အခြားသူမဟုတ်ဘဲ အင်ပါယာအမိန့်တော် အဖွဲ့အစည်းကို တည်ထောင်သူ၊ ဘုရားစူး ကတ်ပြား ပိုင်ရှင် ကျူရှင်းထူပင် ဖြစ်လေ၏။
သွေးရောင်မရှိသော မျက်နှာပြင်၊ နီရဲတောက်လောင်နေသည့် မျက်လုံးများနှင့် အနက်ရောင် အမြီးရှည်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ ချွန်မြနေသည့် နားရွက်များ ပိုင်ဆိုင်ထားသော အမျိုးသားတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။
"အင်ပါယာအမိန့်တော် အဖွဲ့အစည်း။ တစ်ချိန်က ငါတို့ ထင်ခဲ့တာက ဒါဟာ အရူးတစ်စု စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုသက်သက်ပဲလို့လေ။ အခုတော့ တစ်ယောက်ယောက်က အဲ့ဒီ့ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေကို တကယ် စုစည်းပြီး တစ်စုတစ်စည်းတည်း လှုပ်ရှားလာအောင် လုပ်နိုင်လိမ့်မယ်လို့ ငါတို့ လုံးဝ ထင်မထားခဲ့မိဘူး"
"အခုတော့ နတ်ဆိုးတွေ ရွေးချယ်ခံရတဲ့ နောက်ထပ် ထိပ်တန်း ရထားမောင်းနှင်သူ တစ်ယောက် ထပ်မံ မွေးဖွားလာခဲ့ပြန်ပြီ"
"လူကြီးမင်းတို့၊ ဒါ ဘာကို ဆိုလိုတာလဲဆိုတာ သိကြလား" လုကျားယွင်က မှုန်ကုပ်ကုပ် မျက်နှာပေးဖြင့် ပြောလိုက်၏။
"အမိန့် ကတ်ပြား ပျောက်ဆုံးသွားတာကြောင့် မြို့တော်ထဲက အဲ့ဒီ့လူတွေအပေါ် ငါတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းက တဖြည်းဖြည်း နိမ့်ကျလာနေပြီး ရှေ့ဆက် တက်လှမ်းလိုတဲ့ စိတ်ဆန္ဒတွေ ပိုမို နိုးထလာနေကြတယ်။ ဒီမိန်းမ၊ ဒီအဖွဲ့အစည်းက အိမ်ပြန်ချင်သူတွေအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးပဲ"
"ဘာပဲ ပေးဆပ်ရပါစေ ငါတို့ သူတို့ကို ဖျက်ဆီးပစ်မှ ရမယ်။ ကာစတိန်း၊ မင်းရဲ့ ထာဝရ ညဉ့်ယံ မြို့တော်မှာ ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေကို နှိမ်နင်းဖို့ သီးသန့် ဖန်တီးထားတဲ့ လက်နက်တွေ ရှိတယ်ဆိုတာ ငါ သိတယ်။ သူ့ကို သတ်လိုက်ပါ"
"သူ သေသွားသရွေ့ အဲ့ဒီ့အရူး ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေက သဲပွင့်တွေလို တစ်ကွဲတစ်ပြားစီ လူစုကွဲသွားမှာ သေချာပြီး နောက်ထပ် ဘယ်တော့မှ စုစည်းမိကြတော့မှာ မဟုတ်ဘူး။ ဒါမှသာ ငါတို့ရဲ့ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်"
ထာဝရ ညဉ့်ယံ မြို့တော်၏ မြို့တော်ဝန် ကာစတိန်းမှာ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်၏ အစစ်အမှန် ဘိုးဘေးလည်း ဖြစ်ပေသည်။
သူက အိမ်ပြန်ချင်သူတစ်ဦး ဖြစ်သော်ငြား အမှန်တကယ်တော့ ပြန်မသွားချင်ခဲ့ချေ။
"လူသား သွေးထုပ် ငါးသောင်း။ အဲ့ဒီ့မိန်းမက ဘုရားစူး ကတ်ပြားကို ပိုင်ဆိုင်ထားတာ၊ သူ့ကို သတ်ရတာ အင်မတန် လက်ဝင်တယ်"
"သဘောတူတယ်"
တစ်ချိန်တည်းမှာပင် ကျူရှင်းထူ၏ ရထားတွဲအတွင်း၌...
သူမက ဗေဒင်ဆရာမ ပလက်ဖောင်းရှေ့တွင် တိတ်ဆိတ်စွာ ဒူးထောက်နေခဲ့ပြီး ခပ်သဲ့သဲ့ တီးတိုး ရေရွတ်သံများက သူမ၏ နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။
"အဲ့ဒီလိုလား..."
သူမက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး မဝေးလှသော နေရာရှိ လေထဲတွင် ချိတ်ဆွဲထားသော လှောင်အိမ်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
"နောက်ဆုံးတော့ ထာဝရ ညဉ့်ယံ မြို့တော်ရဲ့ အလှည့် ရောက်လာပြီပေါ့"
လှောင်အိမ်အတွင်း၌ သန္ဓေပြောင်း ပုစဉ်းရင်ကွဲနှင့် ဆင်တူကာ ကင်းမြီးကောက် အမြီးပါရှိသော လူသားပုံစံ မကောင်းဆိုးဝါးတစ်ကောင်က ပတ်ဝန်းကျင်ကို အဆက်မပြတ် ရမ်းကား တိုက်ခိုက်နေလေ၏။
"သွေးစုပ်ဖုတ်ကောင်လေး..."
"ဟီဟိ..."
"ကလေးလေး၊ ခဏလောက်တော့ ဗိုက်ဆာခံထားဦးနော်။ သိပ်မကြာခင်မှာပဲ မင်း စားစရာ ရတော့မှာပါ..."