အခန်း ၄၁၄
Vol. 35 Ch. 414
အခန်း (၄၁၄)
ကလင်...။
ရထားတံခါးများ ပွင့်ဟလာခဲ့ချေပြီ။
ဦးခေါင်းမရှိသော ဂေါ်ဘလင် တမန်တော် လူသားများနှင့် မကောင်းဆိုးဝါးများ၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်တွင် လူသားများဘက်၌ နက်ရှိုင်းလှသော မျှော်လင့်ချက်မဲ့ခြင်း ဒုက္ခတွင်းဆီသို့ ကျဆင်းသွားကြလေတော့၏။
"ကျစ်... မကောင်းဆိုးဝါးတွေအတွက် စစ်ကူတွေ ထပ်ရောက်လာတာပဲ..."
အခြားတစ်ဖက်တွင်မူ ဂေါ်ဘလင်များမှာ ဝမ်းသာအားရ ကခုန်လာကြချေပြီ။ ဤဂေါ်ဘလင် တမန်တော်ဆီမှ ဖြာထွက်နေသည့် အဆင့်မြင့် ဂေါ်ဘလင်တစ်ကောင်၏ အရှိန်အဝါကို ၎င်းတို့ အာရုံခံမိကြသောကြောင့်ပင်။ ဤမျှအဆင့်ရှိသည့် ဂေါ်ဘလင်တစ်ကောင်သာ သူတို့ကို တိုက်ပွဲ၌ ဦးဆောင်တိုက်ခိုက်ပေးမည်ဆိုပါက ဤစစ်ပွဲမှာ အစစအရာရာ ပိုမိုလွယ်ကူသွားတော့မည် မဟုတ်ပါလား။
သို့ရာတွင်။ တကယ်လို့များ အဲ့ဒီ့အရာက ရန်သူသာ ဖြစ်နေခဲ့မည်ဆိုလျှင် မည်သို့ လုပ်ကြမည်နည်း။
ဦးခေါင်းမရှိသော ဂေါ်ဘလင် တမန်တော်က လက်ကိုင်ရှည် စစ်တူရွင်းကြီးကို ပုခုံးပေါ် ထမ်းတင်လျက် ဂေါ်ဘလင်တပ်မကြီးဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားလေ၏။ ထို့နောက် ပထမဆုံး အနီးကပ်ဆုံး ရောက်ရှိလာသည့် ဂေါ်ဘလင် စစ်သည်တော်မှာ ဤအဆင့်မြင့် ဂေါ်ဘလင်၌ အဘယ်ကြောင့် ဦးခေါင်း မရှိရသနည်းဟူသော ဝေခွဲမရမှုနှင့် ဝမ်းမြောက်မှုတို့ ရောယှက်နေသည့် အကြည့်ဖြင့် ကြည့်ရှုနေစဉ်မှာပင်။
ခွပ်...။
တူရွင်းကြီး ရိုက်ချခံလိုက်ရသည်။ နီရဲတောက်လောင်နေသော သွေးများက မြေပြင်ပေါ်ရှိ ရေခဲနှင့် နှင်းများကို အရည်ပျော်ကျသွားစေတော့၏။
ဂေါ်ဘလင်များ၏ နှလုံးသားထဲ၌ အကြောက်တရားတို့ အမြစ်တွယ် လာခဲ့ချေပြီ။ သူတို့ရှေ့မှောက်ရှိ အဆင့်မြင့် ဂေါ်ဘလင်က အဘယ်ကြောင့် သူတို့ကို ပြန်လည်တိုက်ခိုက်နေသနည်းဆိုတာ လုံးဝ နားမလည်နိုင်ကြပေ။ သို့သော်လည်း အဆင့်မြင့် သက်ရှိဆီမှ ထွက်ပေါ်လာသည့် အင်မတန် ကြီးမားလှသော ဖိနှိပ်မှုကြီးကိုမူ ရှင်းရှင်းလင်းလင်းကြီး ခံစားသိရှိနေကြ၏။ ဂေါ်ဘလင် အများစုမှာ ထွက်ပြေးရန်ပင် မလှုပ်ရှားနိုင်ကြဘဲ လက်ကိုင်ရှည် တူရွင်းကြီး သူတို့၏ ဦးခေါင်းများဆီသို့ ရိုက်ခွဲ လာသည်ကို တတ်နိုင်စွမ်းမရှိစွာ ငေးကြည့်နေရုံသာ တတ်နိုင်ကြတော့သည်။ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... ပို၍ပို၍ များပြားလာခဲ့၏။
နောက်ဆုံးတွင်မူ ဤဦးခေါင်းမရှိသော တမန်တော်၏ သတ်ဖြတ်မှုအောက်၌ သေဆုံးခြင်းက ယူဆောင်လာသည့် အသိစိတ်ဗီဇဆိုင်ရာ အကြောက်တရားက အဆင့်မြင့် သက်ရှိအပေါ် နာခံမှုထက် ပိုမို ကြီးစိုးလွှမ်းမိုးသွားလေတော့သည်။ အချို့က ပြန်လည် တိုက်ခိုက်လာကြသလို အချို့ကလည်း ထွက်ပြေး ပြေးလွှားလာကြပေ၏။ သို့သော် သူတို့က ဘယ်သူ့ကို ပြန်လည် တိုက်ခိုက်နိုင်မည်နည်း။ ပြီးတော့ ဘယ်နေရာဆီသို့ လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါမည်နည်း။
ရဲချီယန်၏ အမိန့်မှာ တစ်ကောင်မှ အရှင်မထားခဲ့ရန် ဖြစ်ပေသည်။ အဲ့ဒီ့သို့ဆိုလျှင် လောဘတကြီး စားသောက်ခြင်းက ဂေါ်ဘလင် တစ်ကောင်တစ်လေကိုမျှ လွတ်မြောက်ခွင့် ပြုပါမည်လား။
သေးငယ်သော ငွေဖြူရောင် လောဘတကြီးစားသောက်သူ လေးက ရထားအပြင်ဘက်သို့ တလှုပ်လှုပ် တွားသွားလာခဲ့သည်။ ၎င်း၏ မူလကိုယ်ထည်ဖြင့် ဧရာမ နယ်မြေကျယ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်တိုင် ဖြည်းညင်းစွာ ပြားချပ် ပြန့်ကျက်သွား၏။ ချက်ချင်းဆိုသလိုပင်။ ရေနွေးငွေ့ဘုရင်၊ အမြင့်မြတ်ဆုံး သက်ရှိ စက်ယန္တရား၊ စက်ယန္တရား တပ်ရင်းနှင့် ဂေါ်ဘလင် စက်ယန္တရားများ အားလုံး တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ကာ ထွက်ပြေးရန် ကြိုးပမ်းနေကြသည့် စစ်မြေပြင်ပေါ်မှ ဂေါ်ဘလင်များ အားလုံးကို ဝန်းရံ ပိတ်ဆို့လျက် အဆက်မပြတ် မောင်းနှင် ထိန်းချုပ်လိုက်ကြသည်။ ၎င်းတို့ အားလုံး နေရာတစ်ခုတည်း၌ စုရုံးမိသွားသည့် အချိန်အထိပင်။ ထို့နောက် ဦးခေါင်းမရှိသော ဂေါ်ဘလင် တမန်တော်က လက်ကိုင်ရှည် စစ်တူရွင်းကြီးကို အသုံးပြုကာ သူတို့ကို တစ်ကောင်ပြီးတစ်ကောင် အေးဆေးသက်သာစွာ ရှင်းလင်း သတ်ဖြတ်လေတော့၏။
ဤရက်စက် ကြမ်းကြုတ်လှသည့် မြင်ကွင်းက ဂေါ်ဘလင်များကို တိုက်ခိုက်နေကြသည့် လူသား စစ်သည်တော်များကိုပင် ပျို့အန်ချင်စိတ် ပေါ်လာစေခဲ့သည်။ ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်ဘဲ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုသက်သက်သာ ဖြစ်၏။ လူအများ၏ နှလုံးသားထဲတွင် ဤရထားပိုင်ရှင်ကို ထိတ်လန့် ခြောက်ခြားဖွယ်ရာ ဗီလိန်တစ်ဦးအဖြစ် တံဆိပ်ကပ်ပြီးသား ဖြစ်နေခဲ့ချေပြီ။
ရဲချီယန် ရထားပေါ်မှ လျှောက်ဆင်းလာသည့် အချိန်အထိပင်။ နှုတ်ခမ်းထောင့် ခပ်ကွေးကွေး အပြုံးလေးနှင့် တွဲဖက်ထားသည့် အဲ့ဒီ့ခန့်ညား ထည်ဝါလှသော နုပျိုသည့် အသွင်အပြင်က လူအများကို သူ့အား ဗီလိန်ဟူသော ခေါင်းစဉ်ဖြင့် အကဲဖြတ်ရန် ခက်ခဲသွားစေတော့သည်။
"အရှင်... အဟမ်း... အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အင်ပါယာ မြောက်ပိုင်း နယ်စပ်တပ်မတော်ရဲ့ တပ်မှူး ဒွိုင်းလ် ဖြစ်ပါတယ်။ မေးခွင့်ပြုပါ... အရှင်က မင်းသားလေး ရှာဖွေနေတဲ့ တခြားလောကက စွန့်စားသူလား..."
စွန့်စားသူ။ ဤဂုဏ်ပုဒ်မှာ ဂေါ်ဘလင်များနှင့် သက်ဆိုင်သည့် ပလက်ဖောင်းတစ်ခု၌ ယခင်က တစ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပုံ ရပေသည်။ ယခုတစ်ကြိမ်တွင်မူ တခြားလောကဟူသော ရှေ့ဆက် စကားလုံးလေး ထပ်တိုးလာခြင်းသာ ကွာခြားသွား၏။
"တခြား ဘယ်သူမှ မရောက်လာသေးဘူးဆိုရင်တော့ ငါပဲ ဖြစ်လောက်တယ်။"
ဒွိုင်းလ်ထံမှတစ်ဆင့် သူက ဤကမ္ဘာ၏ အခြေအနေကို အကြမ်းဖျင်း နားလည် သဘောပေါက်သွားခဲ့သည်။ ဂေါ်ဘလင်ဟု ခေါ်သော မကောင်းဆိုးဝါးများက လူသား နိုင်ငံအသီးသီးကို တိုက်ခိုက်ခဲ့ကြ၏။ နှစ်ပေါင်းများစွာ ခုခံ တွန်းလှန်ပြီးနောက် ဤကမ္ဘာပေါ်တွင် ကျန်ရစ်သည့် တစ်ခုတည်းသော လူသား အင်အားစုမှာ ရုန်းကန်နေရသည့် ဂရင်းမ်အင်ပါယာသာ ဖြစ်လေတော့သည်။ ယခုအခါ ဂရင်းမ်အင်ပါယာ၏ ခံစစ်စည်းများမှာလည်း အကြိမ်ကြိမ် ချိုးဖောက်ခံနေရပြီး အင်မတန် အန္တရာယ်များသည့် အခြေအနေသို့ ဆိုက်ရောက်နေချေပြီ။
"ဒါဆို မင်း ပြောတဲ့ မင်းသားက ငါ့ကို ရှာရတဲ့ ရည်ရွယ်ချက်က ဂေါ်ဘလင်တွေကို တန်ပြန် တိုက်ခိုက်ဖို့လား။"
"အဲ့ဒါက..."
ဤသည်မှာ တုံ့ဆိုင်း တွန့်ဆုတ်နေစရာ မလိုသည့် မေးခွန်းတစ်ခု ဖြစ်သင့်သော်ငြား ဒွိုင်းလ်မှာ ပြောရခက်နေသည့်အလား ခေါင်းငုံ့သွားခဲ့ပြီး ဂရင်းမ်အင်ပါယာ၏ စတုတ္ထမင်းသား ထိုင်ရာ နေရာဆီသို့ ဦးတည်သည့် တံခါးကို ရဲချီယန်အတွက် တိတ်ဆိတ်စွာ ဖွင့်ပေးလိုက်လေ၏။
အင်း...။ ဒီတုံ့ပြန်မှုက စိတ်ဝင်စားစရာပဲ။
အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားရာ ထိပ်ဆုံးထိုင်ခုံ၌ ထိုင် နေသည့် ရွှေရောင် ဆံပင်၊ အပြာရောင် မျက်လုံးများနှင့် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ အဲ့ဒီ့လူငယ်က သူ့ကို မြင်လိုက်ရသည့် စက္ကန့်ပိုင်းမှာပင် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အပြုံးပန်း ဆင်မြန်းလျက် ရဲချီယန်ထံသို့ ခပ်သွက်သွက် ပြေးလာခဲ့၏။ ထို့နောက် ဘေးနားရှိ စစ်သားများကို သပ်ရပ် သေသပ်လှသော သေတ္တာတစ်လုံး ယူဆောင်လာရန် ညွှန်ကြားလိုက်လေသည်။
"ကြိုဆိုပါတယ် လေးစားအပ်တဲ့ တခြားလောကက စွန့်စားသူ။ ဒီကမ္ဘာဆီကို လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေက အရှင် ဒီအထိ လာရောက်ပေးတဲ့ ခရီးစရိတ် ဆုလာဘ်တွေပါ၊ သဘောကျမယ်လို့ မျှော်လင့်ပါတယ်။"
သေတ္တာ ပွင့်ဟသွားသည့်အခါ ရွှေညိုရောင် ရထားဒင်္ဂါးများက ပိရမစ် ပုံသဏ္ဌာန် သေသပ်စွာ စီစဉ် ခင်းကျင်းထားသည်ကို တွေ့လိုက်ရ၏။
"စုစုပေါင်း လေးရာ့ငါးပြားပါ။ ကျွန်တော့်ကို အကူအညီတစ်ခုလောက် ပေးဖို့ ဆန္ဒရှိနေသရွေ့ ဒါတွေ အကုန်လုံးက အရှင့်ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါလိမ့်မယ်။"
ဒီကောင်က တကယ့်ကို လက်ဖွာတာပဲ။ လေးရာ့ငါးပြားဆိုသည့် ပမာဏက အတော်လေး အံ့ဩ တုန်လှုပ်ဖွယ် ကောင်းလှပေသည်။
"ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ။"
"ကျွန်တော် အင်ပါယာရဲ့ ရာဇပလ္လင်ကို လိုချင်တယ်။"
ဟေ...။ အင်ပါယာ၏ ရာဇပလ္လင်လား။ ဂေါ်ဘလင်များကို ခုခံ တွန်းလှန်ဖို့ မဟုတ်ဘူးလား။ ဤအဖြေက... ဒွိုင်းလ် တစ်ယောက် အဲ့ဒီ့သို့သော မျက်နှာပေးမျိုး ပြသခဲ့သည်မှာ မဆန်းတော့ပေ။ လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေအောက်တွင် ဤကောင်က အင်ပါယာ၏ ရာဇပလ္လင် ရရှိရေးကို တွေးတောနေဆဲလား။ တကယ့် အရူးကြီးပါလား။
သို့ရာတွင်။ သူ့ဘက်က ငြင်းဆန်ရန် အကြောင်းပြချက်များ ရှိနေပါသလား။ လုံးဝ မရှိပါချေ။
"ကောင်းပြီလေ၊ မင်းကို အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာအောင် ငါ ကူညီပေးမယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် မင်းရဲ့ နာမည်ကို အရင် မပြောပြသင့်ဘူးလား... အနာဂတ် ဧကရာဇ်မင်း။"
ဂရင်းမ်အင်ပါယာ၏ စတုတ္ထမင်းသား မန်းစတာ။ သူ၏ ထံမှတစ်ဆင့် ရဲချီယန်က ဤကမ္ဘာ၏ အခြေအနေ တစ်စိတ်တစ်ပိုင်းကို ထပ်မံ သိရှိလာခဲ့ရ၏။
လူသားများဘက်ရှိ အင်ပါယာမှာ အန္တရာယ် များလှသည်ဟု ထင်ရသော်ငြား ဂေါ်ဘလင်များ၏ ထိုးစစ်ဆင်မှု အခြေအနေအရ ဘာပဲဖြစ်ဖြစ် နောက်ထပ် ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်တော့ တောင့်ခံထားနိုင်သေးပေသည်။ အိုမင်းနေသည့် ဧကရာဇ်ကြီး၏ ရောဂါမှာ ပိုမို ဆိုးရွားလာခဲ့ပြီး မည်သည့် အချိန်တွင်မဆို ကွယ်လွန်သွားနိုင်၏။ သတိမလစ်မေ့မြောမီအချိန်၌ သူက အမိန့်တစ်ခု ချမှတ်ခဲ့သည်။ ဤဂရင်းမ်အင်ပါယာ၏ အရိုက်အရာ ဆက်ခံသူကို မင်းသား လေးပါးထဲမှ ရွေးချယ်သွားမည်ဟူ၍ပင်။ မည်သို့ ရွေးချယ်မည်နည်း။ အိုမင်းနေသည့် ဧကရာဇ်ကြီးက လုံးဝ ထုတ်ဖော် ပြောဆိုသွားခဲ့ခြင်း မရှိချေ။
"အရှင် လုပ်ပေးရမှာက ဂေါ်ဘလင်တွေကို တွန်းလှန်ပြီး မြို့တော်ဆီ သွားတဲ့လမ်းကနေ မောင်းထုတ်ပေးဖို့ပါပဲ။ ကျွန်တော် ဧကရာဇ် ရာထူးဆီ တက်လှမ်းနိုင်အောင် ကူညီပေးပါ၊ ဒီက အရာအားလုံးက အရှင့်ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာပါလိမ့်မယ်။"
"အရှင့်ရဲ့ စွမ်းအားက ဒါကို ပြီးမြောက်အောင် လုပ်နိုင်စွမ်း ရှိရဲ့လား။"
မန်းစတာ၏ လေယူလေသိမ်းတွင် သံသယများ ပါဝင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မူလ စီမံကိန်းမှာ ရထားမောင်းနှင်သူ တစ်ဦးတည်းကိုသာ ဆင့်ခေါ်ရန် မဟုတ်သောကြောင့်ပင်။ သို့သော် ယခုအခါ ရဲချီယန် တစ်ဦးတည်းသာ ရှိနေတော့ရာ ဤတခြားလောကမှ စွန့်စားသူမှာ လုံလောက်အောင် အစွမ်းထက်လိမ့်မည်ဟုသာ သူ ယုံကြည်နိုင်တော့၏။
ရဲချီယန်က ရထားဒင်္ဂါး တစ်ပြားကို ကောက်ယူလျက် လက်ထဲတွင် ကစားနေလိုက်သည်။ ပြိုလဲ ပျက်သုဉ်းတော့မည့် ဤအင်ပါယာအတွင်း ရာဇပလ္လင်ကို လုယူ တိုက်ခိုက်ပေးရန်အတွက် လေးရာ့ငါးပြား။ ကြည့်ရသည်မှာ ဤစတုတ္ထမင်းသားကလည်း ဤနိုင်ငံကြီး အချိန်အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ကြောင်းကို သိရှိနေပြီး အဲ့ဒီ့အချိန် မတိုင်မီ နောက်ဆုံး ဧကရာဇ် ဖြစ်ချင်နေပုံရသည် မဟုတ်ပါလား။
"စိတ်ချလက်ချ နေစမ်းပါ၊ မင်း ဖြစ်ချင်နေတဲ့ ဧကရာဇ် ဖြစ်လာစေရမယ်။"
"ဒီအရောင်းအဝယ်ကို ငါ လက်ခံတယ်။"
မန်းစတာ ပြောခဲ့သည့်အတိုင်းပင် သူ၏ ရည်မှန်းချက်မှာ အင်ပါယာကို ကယ်တင်ရန် မည်သည့်အခါကမျှ မဟုတ်ခဲ့ပေ။ ရဲချီယန်၏ အဖြေကို ရရှိပြီးနောက် သူက သူ၏ စီမံကိန်းကို ထုတ်ဖော် ပြောဆိုလာခဲ့၏။ စီမံကိန်းမှာ အလွန်တရာ ရိုးရှင်းလွန်းလှပြီး ရယ်ချင်စရာ ကောင်းလောက်အောင်ပင် ရိုးရှင်းနေခဲ့သည်။ ဤနေရာမှာ အင်ပါယာ၏ အမြောက်ဘက်ဆုံး နယ်မြေ ဖြစ်၏။ ဤနေရာမှ စတင်ကာ အလယ်ဗဟိုရှိ မြို့တော်သို့ ရောက်သည့်တိုင် တောင်ဘက်ဆီသို့ တစ်လျှောက်လုံး တက်သွားမည်၊ လမ်းတစ်လျှောက်ရှိ စစ်တပ်များ အားလုံးကို သိမ်းပိုက်မည်၊ သူ၏ မွေးချင်း မောင်နှမများကို အနိုင်ယူ နှိမ်နင်းပြီး နောက်ဆုံးတွင် ဧကရာဇ်အဖြစ် ရာဇပလ္လင်ပေါ်သို့ ထီးနန်း တက်ခံမည် ဖြစ်သည်။
သူက ရဲချီယန်အတွက် ကြီးကျယ် ခမ်းနားသော ဂုဏ်ပြု ပွဲတော်ကြီး တစ်ခုကိုလည်း ကျင်းပပေးခဲ့သေးသည်။ သူ စိတ်မဝင်စားသော်ငြား ဤကမ္ဘာ၏ ဒေသထွက် ဟင်းလျာများကို မြည်းစမ်းကြည့်ခြင်းက အချိန်ဖြုန်းရန် မဆိုးလှသည့် နည်းလမ်းတစ်ခု ဖြစ်၏။ ညနေခင်း လေညင်းများ တိုက်ခတ်လာခဲ့သည်။ ရဲချီယန်က ဝိုင်ခွက်ကို လှည့်ပတ် ကစားရင်း လသာဆောင်၏ အစွန်း၌ ရပ်နေကာ ပွဲတော်အတွင်းမှ မင်းညီမင်းသားများနှင့် မှူးမတ်အထက်တန်းလွှာများ စကားစမြည် ပြောဆို ရယ်မောနေကြသည်ကို ကြည့်ရှုရင်း အတော်လေး ရယ်မောဖွယ် ကောင်းသည်ဟု ခံစားနေမိလေ၏။
"မကောင်းဆိုးဝါးတွေ ကျူးကျော် သိမ်းပိုက်တာကို ခံရတော့မယ့် နိုင်ငံကြီးတစ်ခုက အခုထက်ထိ ဆွေးမြည့်ခြင်းတွေနဲ့ ပြည့်နှက်နေတုန်းပဲလား။ မင်းသားတွေတောင်မှ ဒီနိုင်ငံကို ကယ်တင်ချင်တဲ့ ဆန္ဒ လုံးဝ မရှိကြဘူးပဲ။ အို... တပ်မှူးကြီး ဒွိုင်းလ်၊ ခင်ဗျား ကြည့်ရတာ အတော်လေး မပျော်မရွှင် ဖြစ်နေပုံပဲနော်။"