← Chapters

အခန်း ၄၁၅

Vol. 35 Ch. 415

အခန်း ၄၁၅

Vol. 35 Ch. 415

အခန်း (၄၁၅) စစ်မှန်သော တာဝန်

ဒွိုင်းလ်က လက်ထဲရှိ ဝိုင်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်ငြား အမှန်တကယ်တော့ ခွဲပစ်ရန် မရဲဝံ့ချေ။ သူက လသာဆောင် အစွန်းကို မှီရပ်နေသည့် ရဲချီယန်အား မော့ကြည့်လိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အရှင်စွန့်စားသူ၊ အရှင် ပြောခဲ့တာတွေကို ကျွန်တော် မကြားခဲ့မိသလိုပဲ ဟန်ဆောင်နေလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး အဲ့ဒီအကြောင်း ထပ်မပြောပါနဲ့တော့။ ကျွန်တော်က စတုတ္ထမင်းသားရဲ့ တပ်မှူးကြီး တစ်ယောက်မို့လို့ မင်းသားအပေါ်... သစ္စာရှိရပါလိမ့်မယ်။"

အဲ့ဒီ့သို့ပြောပြီးနောက် သူက ခွက်ထဲရှိ ဝိုင်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လှည့်ထွက်သွားလေတော့၏။

"အစကတော့ ဒါဟာ သာမန် ပလက်ဖောင်းတစ်ခုလို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရတာ ပျင်းစရာ ကောင်းတော့မယ့်ပုံ မပေါ်တော့ဘူးပဲ။" ရဲချီယန်က ခပ်ယဲ့ယဲ့ ပြုံးရင်း မေးလိုက်သည်။ "မင်း ဘယ်လိုထင်လဲ... လီဆက်။"

ဘေးနား၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည့် အိမ်စေမလေးက မျက်တောင် တစ်ချက်ခတ်လိုက်ပြီး အပြုံးလေးတစ်ခု ထင်ဟပ်လာကာ ကင်မရာကို မမျှော်လင့်ဘဲ ထပ်မံ ထုတ်ယူလိုက်ပြီး ခလုတ် နှိပ်လိုက်လေ၏။

ချလစ်...။

"ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ သခင်က အင်မတန် ခန့်ညားနေတာပဲ။"

"အဟမ်း... ဒါဆိုလည်း နောက်ထပ် ပုံနည်းနည်းလောက် ထပ်ရိုက်ဦးလေ။"

————

နောက်တစ်နေ့ မွန်းလွဲပိုင်းမှ စတင်၍ စတုတ္ထမင်းသား မန်းစတာသည် သူ၏ အင်အားစုများ အားလုံးကို စုစည်းလိုက်ပြီး တပ်မှူးကြီး ဒွိုင်းလ်၏ အလျင်စလို ချီတက်ရန် တောင်းဆိုမှုကို ငြင်းဆန်ပစ်လိုက်သည်။ သူက တပ်မတော်ကို ဦးဆောင်လျက် တောင်ဘက်ဆီသို့ စတင် ချီတက်လာခဲ့၏။

ဖြတ်သန်းသွားသော မြို့တိုင်း၌ သူက တကွဲတပြား ဖြစ်နေသူများကို စုဆောင်းကာ ပြည်သူလူထု၏ နှလုံးသားကို သိမ်းပိုက်ရယူလေသည်။ ပြီးလျှင် သူတို့ ကြုံတွေ့ရသမျှ ဂေါ်ဘလင် တပ်မတော်တိုင်းကိုလည်း ရဲချီယန်က အလွယ်တကူပင် ရှင်းလင်း ဖြေရှင်းပေးခဲ့ပေသည်။ သူတို့သည် ဤကဲ့သို့ဖြင့် တစ်ပတ်နီးပါး ချီတက်လာခဲ့ကြ၏။

ရေနွေးငွေ့ဘုရင်၏ အမြောက်များဖြင့် ပစ်ခတ် ဖြိုခွဲခံထားရသည့် မြို့ရိုး အစွန်းတစ်ခုပေါ်တွင် ရဲချီယန်က အေးဆေး သက်သာစွာ ထိုင်နေရင်း အောက်ဘက်၌ အဆက်မပြတ် ဟန်ဆောင် ဟန်ပန်ပြနေသည့် စတုတ္ထမင်းသားကို ငုံ့ကြည့်ကာ သန်းဝေလိုက်သည်။ ဘေးဘက်ဆီသို့ တစ်ချက် ဝေ့ကြည့်လိုက်သောအခါ ခါးသီးသော အမူအရာနှင့် မှုန်ကုပ်နေသည့် မျက်နှာထားဖြင့် လျှောက်လာသော တပ်မှူးကြီးကို မြင်တွေ့လိုက်ရလေ၏။

"အို... တပ်မှူးကြီး ဒွိုင်းလ်၊ ခင်ဗျားက ဘာလို့ ဒီကို ရောက်နေတာလဲ။ ဒီအချိန်ဆို ဂုဏ်ပြုပွဲတော်မှာ တက်ရောက်နေရမှာ မဟုတ်ဘူးလား။" ဒွိုင်းလ်၏ လက်များက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ရှိ၏။ သူက ရဲချီယန်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး တစ်ကိုယ်လုံး တုန်ရီနေသည့် အသံဖြင့် ပြောလိုက်သည်။

"အရှင်... ဒီဒေသကို ဖြတ်ကျော်ဖို့ နောက်ထပ် အချိန် ဘယ်လောက်တောင် ကြာဦးမှာလဲ။ ကျွန်တော်တို့ ပိုပြီး မြန်မြန် ရောက်နိုင်အောင် အရှင့်ရဲ့ ရထားကြီးကို ငှားပေးလို့ ရနိုင်မလား။"

"ဒါက ငါ့ကို လာမေးရမယ့် မေးခွန်း မဟုတ်ဘူး။" ရဲချီယန်က လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ပြီး အောက်ဘက်၌ မရပ်မနား မိန့်ခွန်းများ ပြောကြားနေသည့် မန်းစတာဆီသို့ ညွှန်ပြလိုက်၏။ "သူကမှ ငါနဲ့ အရောင်းအဝယ် လုပ်ထားတဲ့သူလေ၊ ဘာလုပ်သင့်လဲဆိုတာ သူ ဆုံးဖြတ်ရမှာပေါ့။" သူက ဒွိုင်းလ်ကို ပြုံးယောင်သန်းနေသော အမူအရာဖြင့် ကြည့်ရှုလိုက်သည်။ "ပြီးတော့ မင်း အရင်က ပြောခဲ့တာကို ငါ မှတ်မိသေးတယ်။ မင်းက ဒီမင်းသားအပေါ် သစ္စာရှိတယ်ဆို။ သူတောင် မလောဘဲနဲ့ မင်းက ဘာလို့ လောနေရတာလဲ။"

ဒွိုင်းလ်က သွားကို ကျိတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ပိုမို ပြင်းထန်စွာ တုန်ရီလာလေတော့သည်။ "အင်ပါယာ မြို့တော်ကနေ သတင်းတွေ ရောက်လာတယ်။ ခံစစ်တပ်မကြီးက အကုန် ရှင်းလင်း ခံရတော့မလို့ပဲတဲ့။ ဒီအတိုင်းသာ ဆက်သွားရင် အင်ပါယာ မြို့တော်ကြီး သေချာပေါက် ကျဆုံးတော့မယ်။ ဧကရာဇ်ကြီးနဲ့ ပြည်သူတွေ အကုန်လုံး ဂေါ်ဘလင်တွေရဲ့ လက်ချက်နဲ့ သေကြရတော့မှာ၊ ဒါပေမဲ့ ကျွန်တော်တို့က အခုထိ ဒီမှာ ရှိနေတုန်းပဲ..."

"အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။" ရဲချီယန်က ဝိုင်ခွက်ကို လှည့်ပတ် ကစားရင်း သူ့ရှေ့မှ လူကို ရယ်မော စိတ်ဝင်စားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ "မင်းက ပြန်သွားချင်လွန်းနေပုံ ထောက်ရင်... အင်ပါယာ မြို့တော်ထဲမှာ အရေးကြီးတဲ့ သူ တစ်ယောက်ယောက်များ ရှိနေလို့လား။"

"သေချာပေါက် ဧကရာဇ်မင်းမြတ် ရှိနေတာပေါ့..."

"တကယ်လား။"

တောက်...။

ကြည်လင် ပြတ်သားသော လက်ဖျောက်တီးသံလေး တစ်ချက် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ရဲချီယန်၏ လေယူလေသိမ်းမှာ တည်ငြိမ်နေဆဲ ဖြစ်သော်ငြား ဒွိုင်းလ်၏ နားထဲတွင်မူ နားစည် ကွဲမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။ သူက သူ့ရှေ့မှ လူငယ်လေးကို အမြင့်ဆုံး ကောင်းကင်ယံအား မော့ကြည့်နေရသည့်အလား မော့ကြည့်လိုက်မိသည်။

"ပြောစမ်းပါဦး... မင်းရဲ့ ဆန္ဒက ဘာလဲ။"

【နတ်ဆိုးကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်း】

ဒုတ်... ဒုတ်...။ ဒွိုင်းလ်မှာ သူ၏ နှလုံးခုန်နှုန်းများ အဆက်မပြတ် မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ တုန်ရီမှု အရှိန်အဟုန်က ရူးသွပ်မတတ် မြင့်တက်လာပြီး နောက်ဆုံးတွင် မိမိကိုယ်ကို ဆက်လက် မထောက်ပံ့ထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက် ကျဆင်းသွားတော့၏။

"ကျွန်တော်... ကျွန်တော် ပြန်သွားချင်တယ်။ ကျွန်တော့်ရဲ့ ဇနီး၊ ကျွန်တော့်ရဲ့ သမီးလေး... သူတို့က အင်ပါယာ မြို့တော်ထဲမှာ ရှိနေတုန်းပဲ။ အရှင်... ကျွန်တော် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ အရှင့်မှာ ကြီးမားတဲ့ စွမ်းအားတွေ ရှိတယ်၊ အရှင်က အင်ပါယာ မြို့တော်ကို... မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ ဇနီးနဲ့ သမီးလေးကို သေချာပေါက် ကယ်တင်နိုင်မှာပါ။"

ဘာ အင်ပါယာ မြို့တော်လဲ။ ဘာ ဧကရာဇ်လဲ။ ပြီးတော့ ဘာ မင်းသားလဲ။ သစ္စာအရှိဆုံးသူပင်လျှင် ဇနီးနှင့် သမီးတို့၏ အသက်အန္တရာယ်နှင့် ရင်ဆိုင်လာရချိန်တွင် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရစမြဲပင်။ ဒွိုင်းလ်မှာ ပြင်းထန်စွာ ရုန်းကန်နေရ၏။ တော်ဝင် တပ်မတော်၏ တပ်မှူးကြီး တစ်ယောက်အနေဖြင့် ဤနတ်ဆိုး၏ တီးတိုး ဖြားယောင်းသံအောက်၌ သူက ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ချေပြီ။

"ကျွန်တော် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။"

"အင်ပါယာ မြို့တော်ကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ ဇနီးနဲ့ သမီးလေးကို ကယ်တင်ပေးပါ။"

"ကျွန်တော် ဘာမဆို ပေးဆပ်ပါ့မယ်။ ကျွန်တော့်ရဲ့ အသက်၊ ကျွန်တော့်ရဲ့ ဝိညာဉ်... အကုန်လုံး ယူသွားလိုက်ပါ။" ဒွိုင်းလ်၏ မျက်လုံးများထဲ၌ ရူးသွပ်မှုတို့ ထင်ဟပ်နေလေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက အင်ပါယာ မြို့တော်ဆီမှ အဆက်မပြတ် ရောက်ရှိနေသည့် သတင်းဆိုးများကြောင့် သူ၏ စိတ်စွမ်းအားမှာ ပြိုလဲလုမတတ် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ အင်ပါယာ မြို့တော်ကို ကယ်တင်ရန် စတုတ္ထမင်းသား မန်းစတာ ချီတက်မှု အရှိန်မြှင့်တင်ပေးစေရန် သူ နေ့တိုင်း ဆုတောင်းနေခဲ့မိ၏။

သို့သော် မျက်စိ ပါသူတိုင်း အဲ့ဒီ့စတုတ္ထမင်းသား လိုလားနေသည့်အရာမှာ အင်ပါယာ မြို့တော် ကျဆုံးသွားရန် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ အဲ့ဒီ့မှသာ သူက သူ၏ တပ်မတော်ကို ဦးဆောင်၍ မြို့တော်ကို ပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်ပြီး တခြားလောကမှ စွမ်းအားကြီး စွန့်စားသူ ရဲချီယန်၏ အစွမ်းအစအပေါ် အားကိုးကာ ဧကရာဇ်သစ် ဖြစ်လာစေရန် ကူညီခိုင်းနိုင်မည် မဟုတ်ပါလား။ ပြီးလျှင် ဤစီမံကိန်း၏ စတေးခံရမည့် အရာမှာ မန်းစတာအတွက် အရေးမပါသည့် သာမန် ပြည်သူလူထုမျှသာ ဖြစ်ချေသည်။

စဉ်းစားကြည့်လေ။ အင်ပါယာ မြို့တော်ကြီး ကျဆုံးသွားချိန်၌ အဲ့ဒီ့သို့သော မင်းသားတစ်ပါးက ကောင်းကင်ယံမှ ဆင်းသက်လာပြီး ပြည်သူအားလုံးကို ကယ်တင်လိုက်မည်ဆိုလျှင်။ အိုမင်းနေသည့် ဧကရာဇ်ကြီးလည်း သေဆုံးသွားပြီ ဖြစ်ရာ သူ့အား ဧကရာဇ်သစ်အဖြစ် ဘယ်သူက မထောက်ခံဘဲ နေပါမည်နည်း။

ထို့ကြောင့်ပင် ဂေါ်ဘလင်များသာ အင်ပါယာ မြို့တော်ကို သိမ်းပိုက်သွားပါက မြို့တွင်းရှိ ပြည်သူများ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့် အရာများကို ခံစားရမည်ကို ရှင်းရှင်းလင်းလင်း သိနေသည့်တိုင် မန်းစတာက ဒွိုင်းလ်၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်း ဖြစ်၏။ ဒွိုင်းလ်နှင့် သူ၏ တပ်မတော် စစ်သည်များ၏ ဇနီးနှင့် ကလေးများ အားလုံး အင်ပါယာ မြို့တော်ထဲ၌ နေထိုင်နေကြကြောင်းကို သိရှိနေသည့်တိုင်အောင်ပင်။

ရဲချီယန်က ဝိုင်ခွက်ကို ချလိုက်ပြီး ဒွိုင်းလ်ကို စိုက်ကြည့်ကာ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားရင်း အလွန်အမင်း အခက်တွေ့နေသည့် အသွင်အပြင်ကို ဟန်ဆောင် ပြသလိုက်လေသည်။

"အဲ့ဒီလိုလား... မင်းရဲ့ အခြေအနေကို ငါ စာနာမိပါတယ်၊ ဒါပေမဲ့... မင်းလည်း နားလည်မှာပါ၊ ဘာပဲဖြစ်ဖြစ် ဒင်္ဂါးပြားတွေ ပေးထားတဲ့သူက မင်းသား မန်းစတာ ဖြစ်နေတာကိုး။"

"ဒါက အရောင်းအဝယ်တစ်ခုပဲလေ။"

ဒွိုင်းလ်က ခေါင်းကို အောက်သို့ နက်ရှိုင်းစွာ ငုံ့လိုက်ပြီး တုန်ရီနေသည့် လက်များဖြင့် ရင်ဘတ်ထဲမှ သေးငယ် သပ်ရပ်သော အိတ်ကလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ သိသာစွာပင် ဤအရာက ဤသို့သော တပ်မှူးကြီး တစ်ယောက်၏ လက်ရာ မဟုတ်ချေ။ သူက အဲ့ဒီ့အိတ်ငယ်လေးထဲမှ တစ်ခုတည်းသော ရွှေညိုရောင် အဝိုင်းပုံ ပစ္စည်းလေးကို ထုတ်ယူလိုက်လေ၏။

"ကျွန်တော်... ကျွန်တော့်မှာ ဒါ တစ်ခုတည်းပဲ ရှိတယ်..." သူ၏ အသံများ၊ ခန္ဓာကိုယ်နှင့် နှလုံးသားတို့ပါ ပြင်းထန်စွာ တုန်ရီနေခဲ့သည်။ "ဒါက... ကျွန်တော့်ရဲ့ သမီးလေး ကောက်ရခဲ့တာပါ... ကျွန်တော်၊ ကျွန်တော် နေ့တိုင်း ဆုတောင်းနေခဲ့တယ်... အစွမ်းထက်တဲ့ စွန့်စားသူ တစ်ယောက် ဒီကမ္ဘာဆီ ရောက်လာပြီး ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ ဆုတောင်းနေခဲ့တာ... အရှင်ရယ်၊ ဒါက အင်မတန် နည်းပါးလွန်းတယ် ဆိုတာကို သိပေမယ့်... ဒါက ကျွန်တော့်မှာ ရှိသမျှ အကုန်ပါပဲ။"

"တောင်းပန်ပါတယ်၊ ဒါကို အသေးအဖွဲဆုံး အရောင်းအဝယ်တစ်ခုအဖြစ် သတ်မှတ်ပေးပါ။"

"အရှင့်ရဲ့ ရထားကြီးပေါ် တက်ပြီး အင်ပါယာ မြို့တော်ဆီ သွားခွင့်ပြုသရွေ့... အရှင်က ကျွန်တော့်ရဲ့ ဇနီးနဲ့ သမီးလေးကို ကယ်တင်ပေးနိုင်သရွေ့၊ အဲ့ဒါဆို ရပါပြီ..."

ကြယ်ရောင်များ လွှမ်းနေသည့် ညဉ့်ယံအောက်တွင် လရောင်က ဒွိုင်းလ်၏ လက်ထဲရှိ အဲ့ဒီ့ရထားဒင်္ဂါးအပေါ် ကွက်တိ ကျရောက် နေလေ၏။ ၎င်းဆီမှ ရောင်ပြန်ဟပ်နေသည့် ရွှေညိုရောင် အလင်းတန်းမှာ သိပ်ပြီး မျက်စိကျိန်းလောက်အောင် မတောက်ပသော်ငြား... အင်မတန် မျက်စိကျစရာ ကောင်းနေခဲ့ပေသည်။

ရဲချီယန်က ဒွိုင်းလ်ကို ကြည့်ပြီး အဲ့ဒီ့ရထားဒင်္ဂါးကို ငေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမို နက်ရှိုင်းလာခဲ့တော့သည်။

"ဒါက အရောင်းအဝယ်တစ်ခု ဆိုရင်တော့..."

"အကြောင်းအရာကိုတော့ ပြောင်းလဲပစ်ရလိမ့်မယ်။"

သူက လက်ကို ဆန့်ထုတ်ကာ ဒွိုင်းလ် ကမ်းပေးသည့် ဒင်္ဂါးပြားလေးကို လက်နှစ်ဖက်ဖြင့် လက်ခံ ရယူလိုက်၏။

"ငါ့ရထားက ပြင်ပလူတွေကို ဖိတ်ခေါ်လေ့ မရှိဘူး၊ ဒါကြောင့် မင်းကို အင်ပါယာ မြို့တော်ဆီ ခေါ်သွားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

"ဒါပေမဲ့..."

သူ၏ အကြည့်က အောက်ဘက်ရှိ မန်းစတာနှင့် သူ့အနီးတွင် ဝန်းရံ ဖားယားနေကြသည့် မှူးမတ်အထက်တန်းလွှာများဆီသို့ ရောက်ရှိသွားလေသည်။

"သာမန် ကိစ္စတစ်ခုအပေါ်မှာ အချိန်တွေ အများကြီး ဖြုန်းတီးရတာကိုတော့ ငါ တကယ် မုန်းတယ်။"

"အခုလိုမျိုးပေါ့။"

အဆင့် (၈) ပလက်ဖောင်းတစ်ခု၌ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်သာ မဟုတ်ပါက ရဲချီယန်သည် လီဆက်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ဘူတာရုံကမ္ဘာ တစ်ခုလုံးရှိ ဂေါ်ဘလင်များကို လိုက်လံ သတ်ဖြတ်နေပြီးလောက်ချေပြီ။ သို့သော် တာဝန်က ဘာလဲ။ စတုတ္ထမင်းသား မန်းစတာ ဧကရာဇ် ဖြစ်ချင်တာလား။ မဟုတ်ချေ။

ဤသည်က တာဝန် ပလက်ဖောင်းတစ်ခု ဖြစ်၏။ ပြီးတော့ အတိတ်က အတွေ့အကြုံများအရဆိုလျှင် တာဝန် ပလက်ဖောင်းတစ်ခုအတွင်း သူ့ထံသို့ လျှို့ဝှက်တာဝန်၏ အကြောင်းအရာကို အမှန်တကယ် ယူဆောင်လာပေးနိုင်သည့် လူ သို့မဟုတ် အရာဝတ္ထုသည် ရထား ရပ်နားရာ တည်နေရာ၌သာ ရှိနေနိုင်ခြေ အင်မတန် မြင့်မားလှပေသည်။

ရထားက ဘယ်နေရာမှာ ရပ်နားခဲ့သနည်း။ စစ်မြေပြင်ပေါ်၌ ရပ်နားခဲ့ခြင်း ဖြစ်၏။ စစ်မြေပြင်ပေါ်၌ ဘယ်သူ ရှိနေသနည်း။ ဒွိုင်းလ်နှင့် သူ၏ တပ်မတော်တို့ ရှိနေခဲ့သည်။ စတုတ္ထမင်းသား မန်းစတာကရော။ သူက အင်မတန် ဝေးကွာလွန်းလှသည့် နေရာ၌ ရှိနေ၏။ သို့ဆိုလျှင် ဤတာဝန် ပလက်ဖောင်းအတွင်း သူ အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်ပေးရမည့် တာဝန်က ဘယ်နေရာမှာ ရှိနေပါသနည်း။

ဤသာမန် ရထားဒင်္ဂါးလေးကို ရဲချီယန်က လက်ထဲ၌ မြှောက်တင် ကစားလိုက်သည်။ သူက ဒွိုင်းလ်၏ ဘေးမှ အပြုံးတစ်ခုဖြင့် ဖြတ်လျှောက်သွားခဲ့၏။

"အရောင်းအဝယ်ရဲ့ အကြောင်းအရာက မင်းနဲ့ မင်းရဲ့ တပ်မတော်ကို ငါ ဦးဆောင်ပြီး အင်ပါယာ မြို့တော်ဆီ ပြန်လည် တိုက်ခိုက်မယ့် ကိစ္စအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အချိန်ဖြုန်းချင်ရုံသက်သက် လူတွေအတွက်ကတော့... ငါတို့ အရောင်းအဝယ်ရဲ့ သတ်မှတ်ချက်ထဲမှာ မပါဝင်ဘူး။"

"မစ္စတာ ဒွိုင်းလ်... ဘယ်လို လုပ်ရမလဲဆိုတာ မင်းပဲ ဆုံးဖြတ်တော့။"

နတ်ဆိုးက... တီးတိုး ဖြားယောင်းနေချေပြီ။

All Chapters