အခန်း ၄၁၇
Vol. 35 Ch. 417
အခန်း (၄၁၇) ကဲ... အခု ဘယ်သူက အမဲခံရမယ့် သားကောင်လဲ
ဂရင်းမ်အင်ပါယာ၏ အင်ပါယာ မြို့တော်။
တောက်ပ စူးရှသော အလင်းတန်းတို့က မိုးကုတ်စက်ရုံနှင့် တိမ်တိုက်များကို ထိုးဖောက် ဖြာထွက်နေ၏။ ရဲချီယန်သည် ပြိုလဲပျက်သုဉ်းတော့မည့် အရိပ်အယောင်များ ပေါ်လွင်နေသော မြို့တော်ကြီးနှင့် အရပ်လေးမျက်နှာမှ လှိုင်းလုံးကြီးများသဖွယ် ဝန်းရံ ပိတ်ဆို့ထားသည့် မရေမတွက်နိုင်သော ဂေါ်ဘလင် တပ်မတော်ကြီးကို စူးစိုက် ကြည့်ရှုလိုက်သည်။ ဤအဆုံးအစမရှိသည့် တိုက်ခိုက်မှု လှိုင်းတံပိုးကြီးအောက်တွင် အင်ပါယာ မြို့တော်အတွင်းမှ လူသားများမှာ မည်သည့်အချိန်၌မဆို ရေလှိုင်းကြီးများ၏ ရိုက်ခတ် မှောက်လှန်ခြင်းကို ခံရနိုင်သည့် လှေငယ်လေး တစ်စင်းသဖွယ် အားကိုးရာမဲ့နေခဲ့ပေသည်။
"ဟိုနေရာမှာလား"
သူသည် သဲပုံစံငယ်ပေါ်ရှိ တည်နေရာအမှတ်အသားများကို သေချာစွာ အတည်ပြုလိုက်သည်။ ရဲချီယန်က ဂေါ်ဘလင် တပ်မတော်ကြီး၏ အလယ်ဗဟို၌ ရှိနေသော တပ်မှူးကို လှမ်းမြင်လိုက်၏။ ထို့နောက် အမိန့်ပေးချက် ထွက်ပေါ်လာခဲ့သည်။
သိုလှောင်မှု မေးထရစ်အတွင်းမှ အဖြူစင်ဆုံး ရထားကြီး တစ်စင်း ရုတ်တရက် ထွက်ပေါ်လာလေသည်။ စစ်မြေပြင်၏ အလယ်ဗဟို၌ ရထားကြီး ပေါ်ပေါက်လာမှုက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားခဲ့၏။ လူသားများ ဖြစ်စေ၊ ဂေါ်ဘလင်များ ဖြစ်စေ... အားလုံးက အဲ့ဒီ့နေရာဆီသို့ လှည့်ကြည့်လာကြပေသည်။ ရဲချီယန်သည် ရထားခေါင်းမိုးထက်ဆီသို့ ဆင်းသက် ရပ်တန့်လိုက်သည်။ သူ၏ ပတ်လည်ရှိ မရေမတွက်နိုင်သော ဂေါ်ဘလင်တို့မှာ စက္ကန့်ပိုင်းမျှသာ ကြောင်တက်တက် ရပ်တန့်သွားခဲ့ပြီးနောက် အရိုင်းစိုင်းဆုံး အော်ဟစ်သံများနှင့်အတူ ရှေ့သို့ တရကြမ်း ပြေးဝင်လာကြလေတော့သည်။
【ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာ】
ရွှေညိုရောင် ဒိုင်းလွှာကြီးက အပြင်ဘက်ဆီသို့ ကျယ်ပြန့် ဖြန့်ကျက်သွား၏။ တိုက်ခိုက်မှု အားလုံးကို အပြည့်အဝ ကာကွယ် တားဆီးလိုက်သည်။
"မင်းတို့ရဲ့ ပထမဆုံး ပွဲဦးထွက် စစ်တလင်းအတွက် ဂေါ်ဘလင် တစ်အုပ်ကြီးကို သုံးရတာ... အင်း... မဆိုးပါဘူးလေ"
ဒုန်း... ဒုန်း... ဒုန်း...။
ပြင်းထန် ကျယ်လောင်သည့် ဟိန်းဟောက်သံကြီး မြည်ဟည်းလာခဲ့သည်။ ရထား၏ နဝမမြောက် ရထားတွဲက တဖြည်းဖြည်း ပွင့်ဟလာ၏။ ဖိသိပ် ချဲ့ထွင်ထားသည့် အတွင်းပိုင်း နေရာလွတ်ထဲမှ ဧရာမ လက်နက်တိုက် သိုလှောင်ရုံကြီးမှာ ဖြည်းညင်းစွာ ဖြန့်ကျက် ထွက်ပေါ်လာလေတော့သည်။
【ဒုတ်... ဒုတ်...】
【စက်ယန္တရားများ စတင် သက်ဝင် လည်ပတ်နေပါပြီ】
【ပစ်လွှတ်ရေး လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ပါတော့မည်】
【၃... ၂... ၁】
【စက်ယန္တရား တပ်ဖွဲ့ တပ်မှူးအဆင့် စက်ယန္တရား လန်စလော့ တပ်စွဲ နေရာယူပါပြီ】
【စက်ယန္တရား တပ်ဖွဲ့ အမြောက်အမြား ထုတ်လုပ်မှု စက်ယန္တရား အဆုံးမဲ့ တပ်စွဲ နေရာယူပါပြီ】
လက်နက်တိုက် သိုလှောင်ရုံ၏ ပစ်လွှတ်ရေး လုပ်ငန်းစဉ်အောက်၌ 【အဆုံးမဲ့】 စက်ယန္တရား အယောက်နှစ်ဆယ်မှာ မြင့်မားသော ကောင်းကင်ယံဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့က အရပ်လေးမျက်နှာဆီသို့ ဖြန့်ခွဲ နေရာယူလိုက်ကြ၏။ သူတို့၏ အလိုအလျောက် တိုက်ခိုက်ရေး မော်ဂျူးများက တစ်ပြိုင်နက်တည်း တုံ့ပြန် လုပ်ဆောင်လာကြပေသည်။ စက်ရုပ် စစ်သည်တော်များ၏ လှံရှည်များနှင့် ဒိုင်းလွှာများပေါ်၌ စူးရဲသော အလင်းဓားသွားများ ထွက်ပေါ်လာသည်။
ဆင်းသက်ချေ။
မြေပြင်နှင့် ထိတွေ့လိုက်သည့် စက္ကန့်ပိုင်းမှာပင် တိုက်ပွဲကြီး စတင်တော့၏။ အဆင့် (၈) ရှိသော 【အဆုံးမဲ့ စက်ရုပ်စစ်သည်တော်များ】 အယောက်နှစ်ဆယ်သည် ဂေါ်ဘလင် တပ်မတော်ကြီးအတွင်း အဆုံးအစမရှိသော သတ်ဖြတ်မှုကြီးကို စတင် ဖော်ဆောင်လိုက်ကြသည်။ သူတို့က သတ်ဖြတ် ချေမှုန်းရင်း တစ်ဟုန်ထိုး ရှေ့သို့ တိုးဝင်ကြလေ၏။ မည်သို့သော ဂေါ်ဘလင်မျိုးပင် ဖြစ်နေပါစေ ဤအဆုံးမဲ့ စက်ရုပ် အယောက်နှစ်ဆယ်၏ ထိုးစစ်ကို မည်သူမျှ ခုခံ တောင့်ခံနိုင်စွမ်း မရှိကြချေ။ တပ်မတော်ကြီး၏ အလယ်ဗဟို၌ တပ်စွဲထားသော ဤဘူတာရုံကမ္ဘာ၏ အစွမ်းအထက်ဆုံး ဂေါ်ဘလင် တပ်မှူးကြီးပင် ချွင်းချက် မဟုတ်ခဲ့ပေ။
တပ်မှူးအဆင့် စက်ယန္တရား ဖြစ်သည့် လန်စလော့သည် အဆင့် (၈) ဂေါ်ဘလင် တပ်မှူးကြီးနှင့် တိုက်ခိုက် ရင်ဆိုင်လေသည်။ နောက်ဆုံး အနိုင်ရရှိသူမှာ တစ်ဦးတည်းသာ ရှိနိုင်၏။ အဲ့ဒီ့သူမှာလည်း သူ တစ်ဦးတည်းသာ ဖြစ်ရပေမည်။ လန်စလော့၏ လှံတံကြီးက ဂေါ်ဘလင် တပ်မှူးကြီး၏ သွေးများကို လောင်ကျွမ်း တောက်လွန်းသွားစေခဲ့သည်။ ၎င်းက ရုပ်အလောင်းကို လှံဖျားဖြင့် ထိုးဖောက် မြှောက်တင်လိုက်ပြီး ပြင်းထန်စွာ လှည့်ပတ် မွှေနှောက်လိုက်ရာ ခန္ဓာကိုယ်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွ ပျက်စီးသွားတော့၏။ အဲ့ဒီ့အခိုက်အတန့်၌ သဲပုံစံငယ် မြေပုံပေါ်ရှိ တည်နေရာအမှတ်အသား အလင်းစက်လေးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
"တကယ့်ကို လွယ်ကူ လွန်းလွန်းတာပဲ။ ရေနွေးငွေ့ဘုရင်ထက် အများကြီး ပိုပြီး အားနည်းနေသလို ခံစားရတယ်"
ယခုချိန်အထိ ရဲချီယန် ကြုံတွေ့ခဲ့ဖူးသမျှ အဆင့် (၈) မှတ်တိုင်များထဲတွင် အစွမ်းအထက်ဆုံး ရန်သူမှာ မြူခိုးနိုင်ငံမှ ရေနွေးငွေ့ဘုရင်သာ ဖြစ်နေဆဲပင်။ တကယ့်ကို သက်ပြင်းချ လွမ်းဆွတ်ဖွယ် ကောင်းလှသည်။ အစွမ်းအထက်ဆုံး ကောင်ကို ဖြေရှင်း ရှင်းလင်းပြီးပြီ ဖြစ်ရာ ကျန်ရှိနေသည့် ဂေါ်ဘလင်များမှာ စိုးရိမ် ပူပန်နေစရာ မလိုတော့ချေ။ ရဲချီယန်က အကြောဆန့်လိုက်ပြီး လန်စလော့နှင့် အခြားစက်ရုပ်များကို လက်စသတ် ရှင်းလင်းခိုင်းကာ ဒွိုင်းလ် ရှိနေသည့် မြို့တော်ဆီသို့ ပြန်သွားပြီး ဒုတိယပိုင်း ပြဇာတ်ကို ကြည့်ရှုရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း... ရုတ်တရက် အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
ကောင်းကင်ယံကြီး အက်ကွဲ ကွဲအက်သွား၏။ ခရုပတ် ပုံသဏ္ဌာန် ဧရာမ အာကာသ တံခါးပေါက်ကြီး တစ်ခု အတင်းအဓမ္မ ဖွင့်လှစ်ခြင်း ခံလိုက်ရသည်။ တံခါးပေါက် အတွင်းမှနေ၍ ကြက်ခြေခတ် သံတူရွင်းကြီးကို ကိုင်ဆောင်ထားကာ ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ခိုင်မာ ပြတ်သားသော မျက်နှာထားဖြင့် ဂေါ်ဘလင်တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူ၏ အရေပြား အရောင်၊ နားရွက်များနှင့် အစွယ်များ ပြည့်နှက်နေသည့် ပါးစပ်မှလွဲ၍ ကျန်သည့် အသွင်အပြင်မှာ လူသားတစ်ဦးနှင့် အတော်လေး ဆင်တူနေပေ၏။ အဲ့ဒီ့မျှမကသေးဘဲ သူ၏ နောက်ကျောဘက်ဆီမှ ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ဂေါ်ဘလင် အမြောက်အမြား ထပ်မံ ထွက်ပေါ်လာကြသည်။ သူတို့သည် သာမန် ဂေါ်ဘလင်များကဲ့သို့ ရူးသွပ် ရမ်းကားနေခြင်း မရှိကြချေ။ သူတို့ထဲမှ တစ်ကောင်ချင်းစီတိုင်း၏ စွမ်းအားမှာ လန်စလော့ ယခုလေးတင် သတ်ဖြတ်ခဲ့သည့် တပ်မှူးထက်ပင် များစွာ ပိုမို အစွမ်းထက်နေကြသည်။ သူတို့က သာမန် ဂေါ်ဘလင်များ မဟုတ်ကြပါချေ။
【ဒင်... ဒင်... ဒင်။】
စနစ်၏ သတိပေးသံက ရုတ်တရက် ကျယ်လောင်စွာ မြည်ဟည်းလာ၏။
【ဘူတာရုံကမ္ဘာ ဂရင်းမ်အင်ပါယာ၏ နောက်ဆုံး ခံစစ်စည်းသည် အတင်းအဓမ္မ ကျူးကျော် ဝင်ရောက်ခြင်း ခံလိုက်ရပါပြီ။】
【ကျူးကျော်သူ အဆင့် (၁၂) ဘူတာရုံကမ္ဘာ၊ ဂေါ်ဘလင် အင်ပါယာ။】
【ဤဘူတာရုံကမ္ဘာ၏ အန္တရာယ် အကဲဖြတ်မှုအဆင့် ပြောင်းလဲသွားပါပြီ။】
【ဤမှတ်တိုင် အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေ။】
【ကျေးဇူးပြု၍ အထူး သတိထား ဆောင်ရွက်ပါ။】
【ဒင်။】
【အထူး နှောင့်ယှက်မှုများကြောင့် လက်ရှိ ထွက်ခွာခွင့် ရွေးချယ်စရာမှာ အကျုံးမဝင်တော့ပါ။】
【ထွက်ခွာခွင့် ရွေးချယ်စရာများ အသစ် ပြင်ဆင်ပြီးပါပြီ။】
【ရွေးချယ်စရာ ၁ ဂေါ်ဘလင် သူရဲကောင်း တပ်မတော်မှ အဖွဲ့ဝင်များ အားလုံးကို ရှင်းလင်း သတ်ဖြတ်ပါ။】
【ရွေးချယ်စရာ ၂ တမန်တော် ဂေါ်ဘလင် ချန်ပီယံကို ရှင်းလင်း သတ်ဖြတ်ပါ။】
【ဒင်။ ကျူးကျော်သူ နတ်ဘုရား နံပါတ်စဉ် A27ဂေါ်ဘလင်။】
【"ဒါဟာ ကတ်ပြား အစီအစဉ် ကိုင်ဆောင်သူနဲ့ အတုအယောင် နတ်ဘုရားတို့အကြားက တိုက်ပွဲတစ်ခုပဲ"】
【"သူတို့က မင်းကို သတိပြုမိသွားကြပြီ"】
【"မင်းမှာ ဘုရားစော်ကားမှု စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်"】
【"နတ်ဘုရားက ကိုယ်တိုင် ဆင်းသက်လာမှာ မဟုတ်ဘူး"】
【"သူက ဘုရားစော်ကားမှုကို ကြောက်ရွံ့တယ်"】
【"မင်း ဘယ်လို တုံ့ပြန် ရင်ဆိုင်မလဲ"】
"ဒါက တကယ့်ကို..."
ရဲချီယန်က တီးတိုး ရေရွတ်လိုက်သည်။ သူ၏ နှလုံးခုန်သံတို့ မြန်ဆန်နေခဲ့၏။ အကြောက်တရားကြောင့် မဟုတ်ချေ။ စိတ်လှုပ်ရှား စိတ်ကြွလာမှုကြောင့်သာ ဖြစ်သည်။
"ဆင်တူတဲ့ ကတ်ပြား အစီအစဉ်တွေကို လုံလောက်အောင် စုဆောင်းမိသွားရင် နတ်ဘုရားက ကြားဖြတ် လုပ်ကြံဖို့ လူတွေ လွှတ်တတ်တယ် ဆိုတာကို ငါ ကြားဖူးနေတာ ကြာပြီ... ဒီနေ့မှ တကယ် ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ငါက ကံကောင်းတာလား၊ ဒါမှမဟုတ် ကံဆိုးတာလား"
ရဲချီယန်က မျက်လုံးများ အရောင်လက် တောက်ပစွာဖြင့် ဗိုက်စင်သီး တစ်လုံးကို ဝါးစားလိုက်လေ၏။
"အဆင့် A နတ်ဘုရားဆိုတာ အဆင့် C နတ်ဘုရားထက် အများကြီး ပိုပြီး အစွမ်းထက်ပုံ ရတယ်... ဒီလိုအဆင့်ရှိတဲ့ နတ်ဘုရားကို သတ်နိုင်ရင် ဘယ်လို ဆုလာဘ်မျိုး ရနိုင်မလဲ သိချင်လိုက်တာ၊ ဟီဟိ"
နှမြောစရာပင်... သူက နတ်ဘုရားတွေကို သတ်ဖြတ်ခဲ့တာ အရမ်း များလွန်းသွား၍ ထင်သည်။ အဲ့ဒီ့နတ်ဘုရားများမှာ သူ၏ ရှေ့မှောက်ဆီသို့ ကိုယ်တိုင် ဆင်းသက်လာရဲကြတော့မည် မဟုတ်ချေ။ သို့မဟုတ်ပါက ရဲချီယန်သည် အဆင့် A နတ်ဘုရားတစ်ပါးနှင့် အဆင့် C နတ်ဘုရားတစ်ပါးကို ပြည်နှင်ဒဏ်ပေးခြင်းမှ ရရှိမည့် ဆုလာဘ် ကွာခြားချက်ကို အမှန်တကယ် မြင်တွေ့ချင်မိပေသည်။
"ဘုရားသခင်ကို ပြစ်မှားစော်ကားသူ"
ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ဂေါ်ဘလင်က လူသား ဘာသာစကားဖြင့် ပြောဆိုလာ၏။ သူက လက်တစ်ဖက်ဖြင့် ဧရာမ ကြက်ခြေခတ် သံတူရွင်းကြီးကို ရှေ့သို့ ထိုးချိန်လိုက်သည်။
"ငါတို့ရဲ့ နတ်ဘုရားက မင်းရဲ့ ဦးခေါင်းကို ယူဆောင်လာဖို့ ငါ... ဘာဘာရော့ဆာကို စေလွှတ်လိုက်တာ"
"ငါတို့ ဂေါ်ဘလင် သူရဲကောင်း တပ်မတော်က နတ်ဘုရားအတွက် မင်းရဲ့ ဦးခေါင်းကို အမဲလိုက် ယူဆောင်ပြီး မြင့်မြတ်တဲ့ ရာဇပလ္လင်ဆီ ယဇ်ကောင်အဖြစ် ဆက်သရမယ်"
ဂေါ်ဘလင် သူရဲကောင်း တပ်မတော်။ ပျမ်းမျှ အဆင့် (၈) ရှိကြပြီး အထက်တန်းလွှာများထဲမှ အစွမ်းအထက်ဆုံး အထက်တန်းလွှာများ ဖြစ်ကြ၏။ ခေါင်းဆောင် ဖြစ်သူ ဂေါ်ဘလင် ချန်ပီယံဆိုလျှင် ဂေါ်ဘလင် နတ်ဘုရား ကိုယ်တိုင် သရဖူနှင့် မြင့်မြတ်သော ရွှေရောင် သံချပ်ကာကို ပေးသနားထားခြင်း ခံရကာ အင်မတန် အစွမ်းထက်သည့် အဆင့် (၁၀) ဆီသို့ပင် ရောက်ရှိနေချေပြီ။ ဤဂေါ်ဘလင်များထဲမှ တစ်ကောင်ချင်းစီတိုင်းသည် အဆင့် (၈) ဘူတာရုံကမ္ဘာတစ်ခုတွင် နောက်ဆုံး ဘော့စ် (BOSS) များ ဖြစ်လာနိုင်စွမ်း ရှိသည်ဟု ဆိုနိုင်ပေသည်။ သူတို့ ရောက်ရှိလာခြင်းက အရာတစ်ခုတည်းအတွက်သာ ဖြစ်၏။ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးတည်းအတွက် ဖြစ်သည်။
အဲ့ဒီ့သူမှာ နတ်ဆိုးများ၏ အရှင်သခင်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားသူ... ရဲချီယန် ပင်တည်း။
"သတ်စမ်း..."
ကြက်ခြေခတ် သံတူရွင်းကြီးက ရှေ့သို့ ဝှေ့ယမ်း ထိုးခုတ်လာ၏။ လေဆင်နှာမောင်း တစ်ခုသဖွယ် ရဲချီယန် တစ်ဦးတည်းကိုသာ ဦးတည်သည့် စစ်ပွဲကြီး စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။ သံတူရွင်း ဖြတ်သန်းသွားသည့် နေရာတိုင်း၌ သူ၏ မျိုးနွယ်တူ ဂေါ်ဘလင်များပင် အသားစဉ်များအဖြစ် ကြေမွ သေဆုံးသွားကြရသည်။
"ဟွန့်"
【ပစ်လွှတ်ရေး လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ပါတော့မည်】
【စက်ယန္တရား တပ်ဖွဲ့ ဗီလိန်။】
အဖြူစင်ဆုံး စက်ရုပ် စစ်သည်တော်ကြီးက ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ အရောင်သုံးမျိုး ကွဲပြားနေသော ဒိုင်းလွှာကြီး သုံးခုက အရှေ့၌ ကာကွယ် ရပ်တည်သွား၏။
ဒုန်း... ဒုန်း... ဒုန်း...။
မြင့်မြတ်သော အမြုတေ ဒိုင်းလွှာက သံတူရွင်းကြီးမှ ဖန်တီး ရိုက်ခတ်လာသော လေဆင်နှာမောင်းကို အပြည့်အဝ တားဆီး ပိတ်ဆို့လိုက်သည်။ ဗီလိန်က ကောင်းကင်ယံကို မော့ကြည့်လျက် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံကြီး ထုတ်လွှတ်လိုက်လေ၏။
"ဝုန်း..."
ဂျိန်း...။
မိုး ရွာသွန်းလာခဲ့ချေပြီ။ နီရဲတောက်လောင်နေသော သွေးရောင် မိုးပေါက်များ ဖြစ်သည်။
ရဲချီယန်၏ နောက်ကျော တည့်တည့်ရှိ ရထားခေါင်းမိုးထက်တွင်...။
နတ်ဆိုး၊ ကပ်ဘေး။
စုစုပေါင်း ကတ်ပြား အစီအစဉ် ကိုးခုက စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ် ပေါင်းစည်းသွားကြသည်။ နတ်ဆိုးဆန်ပြီး ကပ်ဘေးအန္တရာယ်များ ပြည့်နှက်နေသော အလင်းရောင်ဝန်းက သူ၏ ပုံရိပ်ကို ဝန်းရံ လွှမ်းခြုံထား၏။
"အကုန်လုံးက အဆင့် (၈) ဂေါ်ဘလင်တွေချည်းပဲ၊ ပြီးတော့ အရှေ့ဆုံးက ကောင်က အဆင့် (၁၀) တောင် ရှိတယ်... သူတို့တွေ အားလုံး သေကုန်ရင် မင်း ပြောနေတဲ့ ဂေါ်ဘလင် နတ်ဘုရားက နည်းနည်းလေးလောက်တောင် နှလုံးသား နာကျင် မသွားဘူးလား"
ဂျိန်း...။
နီရဲသော မိုးကြိုးလျှပ်စီး တစ်ချက် ကောင်းကင်ယံကို ဖြတ်သန်း လက်ခနဲ လင်းလက်သွားသည်။ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အနက်ရောင်ပလ္လင်နှင့် ခေါင်းစိုက်ကျနေသော ကြက်ခြေခတ်ကြီးက ကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲ ထင်ဟပ်နေ၏။ တဖြည်းဖြည်း ပြင်းထန်လာသည့် ဂီတတေးသွား စည်းချက်တို့က ဤအခိုက်အတန့်၌ ကျယ်လောင်စွာ ဟိန်းဟောက် ထွက်ပေါ်လာလေသည်။
ကြက်ခြေခတ်၏ အောက်ခြေဆီသို့ ကျဆင်းလာကာ သံကြိုးများဖြင့် ရစ်ပတ် ချည်နှောင်ထားသော လွှမ်းမိုးဖိနှိပ်ခြင်း ဓားရှည်ဆီမှ ချလင်ခနဲ အသံများ ထွက်ပေါ်လာသည်။ ရဲချီယန်က သူ၏ ဘေးနားရှိ အီဗ်ကို ပြုံးယောင်သန်းလျက် ခပ်ဖွဖွ ပွတ်သပ်လိုက်၏။
"ကဲ... အခု ပြောစမ်းပါဦး... ဘယ်သူက အမဲလိုက်ခံရမယ့် သားကောင်လဲ"