← Chapters

အခန်း ၄၁၉

Vol. 35 Ch. 419

အခန်း ၄၁၉

Vol. 35 Ch. 419

အခန်း (၄၁၉) အကြောက်တရား နတ်ဘုရား

ရဲချီယန် ထုတ်ဖော်ပြသလိုက်သည့် တိုက်ခိုက်ရေး စွမ်းအားက ဂေါ်ဘလင် နတ်ဘုရား ထင်မှတ်ထားသည်ထက် များစွာ သာလွန်လွန်းနေပေ၏။

သူ၏ နောက်ကျောဘက်၌ လှည့်ပတ်နေသော ကတ်ပြား အစီအစဉ် ကိုးခုကြောင့် ဖြစ်စေ၊ အရည်အသွေးမြင့် စက်ယန္တရား ဖန်တီးမှုများကြောင့် ဖြစ်စေ၊ ကောင်းကင်ယံ၌ နှုတ်သီးဖြင့် ဓားကို ကိုက်ချီထားသော ငှက်ကြောင့်ပင် ဖြစ်စေ အဲ့ဒီ့အရာများထဲမှ တစ်ခုချင်းစီတိုင်းက ၎င်း၏ ဂေါ်ဘလင် ချန်ပီယံများထက် အလျဉ်းမလျော့သော အစွမ်းသတ္တိကို ပြသနေကြလေသည်။

သိထားရမည်မှာ အဆင့် (၈) ဂေါ်ဘလင် ချန်ပီယံ တစ်ကောင်ဆိုသည်က အင်ပါယာအတွင်း၌ပင် အထက်တန်းလွှာအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ မည်သည့် ဘူတာရုံကမ္ဘာတစ်ခုအတွင်း၌မဆို ကျပန်း ထည့်သွင်းလိုက်ရုံဖြင့် အဲ့ဒီ့ကမ္ဘာကို သိမ်းပိုက်ရန် ဂေါ်ဘလင် တပ်မတော်ကြီးကို ဦးဆောင်နိုင်စွမ်း ရှိကြပေ၏။

"လူသား... မင်း ဘာတွေးနေလဲဆိုတာ ငါ သိတယ်။ ဘုရားသခင်ကို ပြစ်မှားစော်ကားသူ... ငါက ဂေါ်ဘလင်တွေရဲ့ အရှင်သခင်၊ ကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါးပဲ။ မင်းလို အားနည်းတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်က ငါ ကိုယ်တိုင် တိုက်ခိုက်တာကို ခံရလောက်တဲ့အထိ ထိုက်တန်နေလို့လား"

"မောက်မာလိုက်တာ"

ဂေါ်ဘလင် နတ်ဘုရား၏ အသံကြီးက တစ်လမ်းသွား တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်ဆီမှ ဟိန်းဟောက် ပဲ့တင်ထပ်လာသည်။

၎င်းက ရွှေရောင် ရာဇလှံတံကို ဝှေ့ယမ်းလိုက်၏။

ဧရာမ ဂေါ်ဘလင် တပ်မတော်ကြီးက အစီအရင်အတွင်း ဝင်ရောက်လာပြီး ဤကမ္ဘာဆီသို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

အဲ့ဒီ့မျှမကသေးဘဲ ၎င်း၏ အမိန့်အောက်တွင် အရေပြား အရောင်မှလွဲ၍ လူသားများနှင့် နီးပါး တူညီသည့် ဂေါ်ဘလင် တမန်တော် အတော်များများ စစ်မြေပြင်ပေါ်သို့ ဝင်ရောက်လာကြလေတော့၏။

"ကျစ်... စကားကြီး စကားကျယ်တွေတော့ ပြောနေတာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ မင်းက သတ္တိနည်းတဲ့ကောင် ဖြစ်မနေဘူးလား"

ရဲချီယန်က မထီမဲ့မြင် သရော်လိုက်ပြီး အရပ်လေးမျက်နှာမှ တရကြမ်း စီးဆင်း ဝင်ရောက်လာသည့် ဂေါ်ဘလင်များကို မျက်လုံး ကျဉ်းမြောင်းစွာဖြင့် ကြည့်ရှုလိုက်သည်။

အနည်းဆုံး သိန်းနှင့်ချီရှိပြီး အဆက်မပြတ် တိုးပွားနေသည့် ဂေါ်ဘလင် တပ်မတော်ကြီးက ရထားဆီသို့ ရူးသွပ် တရကြမ်း ပြေးဝင်လာကြ၏။

ဘာဘာရော့ဆာနှင့် အဆင့်တူညီသော အဆင့် (၁၀) ဂေါ်ဘလင် တမန်တော် သုံးကောင်ကလည်း တိုက်ပွဲအတွင်း ပါဝင်လာခဲ့ကြသည်။

သူတို့ ပေါ်ပေါက်လာမှုက စစ်မြေပြင်၏ ချိန်ခွင်လျှာကို အနည်းငယ် ယိမ်းယိုင်သွားစေခဲ့ချေပြီ။

မျက်ရည်နီက မျက်တောင် တစ်ချက် ခတ်လိုက်ပြီး ဓားကိုင်ဆောင်ထားသည့် သူမ၏ လက်ကို ထပ်မံ ဆန့်ထုတ်ကာ ရဲချီယန်နှင့် လက်ချောင်းလေးများ ယှက်နွယ် ဆုပ်ကိုင်လိုလာသည်။

"အင်း..."

ရဲချီယန်မှာ မျက်ရည်နီ၏ ဦးဆောင် လှုပ်ရှားလာမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်ငြား ခေါင်းခါယမ်းလိုက်ပြီး နတ်ဆိုးမလေး၏ ခေါင်းကို အပြုံးလေးဖြင့် ပွတ်သပ်လိုက်လေ၏။

"လောစရာ မလိုပါဘူး"

အရေအတွက်က အမှန်တကယ်ပင် ကြီးမား ကျယ်ပြန့်လွန်းလှသည်။

တောင်တန်းနှင့် လွင်ပြင်များကို ဖုံးလွှမ်းသွားသည် ဟု ဖော်ပြလျှင်ပင် မလုံလောက်လောက်အောင် များပြားလွန်းလှပေ၏။

သို့ရာတွင် ရဲချီယန်၏ မျက်လုံးများထဲ၌ အကြောက်တရား အရိပ်အယောင်လေးမျှပင် မရှိနေခဲ့ချေ။ အဲ့ဒီ့အစား စိတ်လှုပ်ရှားမှုမှ ပေါက်ဖွားလာသော အပြုံးတစ်ခုကသာ သူ၏ မျက်နှာထက်၌ ချိတ်ဆွဲ ထင်ဟပ်နေလေသည်။

ရှဲ...။

ရွှေရောင် စာအုပ်ကြီးမှာ လေတိုက်ခတ်ခြင်း မရှိသည့်တိုင် အလိုအလျောက် စာမျက်နှာ လှန်လှောသွားတော့၏။

【အမှန်တရားနှင့် အတုအယောင် စာအုပ်】

【စိတ်စွမ်းအားကို ကုန်ကျစေသည်၊ အကွာအဝေးအတွင်းရှိ ပစ်မှတ်များ၏ စိတ်စွမ်းအားကိုလည်း တစ်ပြိုင်နက်တည်း လျော့ကျသွားစေမည်။】

ဂေါ်ဘလင်များတွင် စိတ်စွမ်းအား ရှိပါသလား။

သေချာပေါက် ရှိသည်ပေတည်း။

သို့ဆိုလျှင် သူတို့၏ စိတ်စွမ်းအား သုညအထိ ကျဆင်းသွားပါက မည်သို့ ဖြစ်သွားမည်နည်း။

ခရွတ်...။

သူက ဗိုက်စင်သီး တစ်လုံးကို ကိုက်ဝါး မျိုချလိုက်ပြီး နှုတ်ခမ်းထောင့်ကို ခပ်ဖွဖွ သပ်တင်လိုက်၏။

မြင့်မားသော ကောင်းကင်ယံထက်ရှိ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အနက်ရောင်ပလ္လင်နှင့် ခေါင်းစိုက်ကျနေသော ကြက်ခြေခတ်ကြီးက သူ၏ အမိန့်အောက်တွင် ဆင်းသက်လာခဲ့ချေပြီ။

နတ်ဆိုးကို ရွေးချယ်ခဲ့သည့် လွှမ်းမိုးအုပ်စိုးသူက ငုံ့ကြည့်နိုင်သည့် အတိုင်းအတာအထိ ကြက်ခြေခတ်ကြီးမှာ သေးငယ် သွားလေ၏။

ထို့နောက် သူက အဲ့ဒီ့အနက်ရောင် သရဖူကို ချွတ်ယူလိုက်သည်။

အဲ့ဒီ့အခိုက်အတန့်၌ တည်နေရာ ရွှေ့ပြောင်းရေး အစီအရင် နောက်ကွယ်ရှိ ဂေါ်ဘလင် နတ်ဘုရားက သူ့အား လှောင်ပြောင် သရော်လာ၏။

"လူသား... မင်းကို ကြီးပြင်းဖို့ နောက်ထပ် နှစ်အနည်းငယ်လောက် အချိန်ပေးပြီး အဲ့ဒီ့နတ်ဆိုးဘုရင်၏ သရဖူကို ဆောင်းစေခဲ့မယ်ဆိုရင် ငါလည်း မင်းကို နည်းနည်းလောက် ကြောက်ရွံ့မိကောင်း ကြောက်ရွံ့မိလိမ့်မယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒီ့သရဖူကို ဆောင်းရင်တောင် မင်းရဲ့ သေဆုံးမှုကို ခဏတာ ဆွဲဆန့်ရုံသက်သက်ပဲ ရှိမှာ"

"မင်းရဲ့ ဘုရားစော်ကားမှုကို သုံးလိုက်စမ်းပါ။ မဟုတ်ရင် ငါ့ရဲ့ သက်ဝင်ယုံကြည်သူတွေလက်ထဲမှာ မင်း သေချာပေါက် သေဆုံးရလိမ့်မယ်"

"မင်းရဲ့ အဲ့ဒီ့အထူး တည်နေရာ ရွှေ့ပြောင်းတဲ့ စွမ်းရည်က လူ ဘယ်နှယောက်ကိုများ ခေါ်ထုတ်သွားနိုင်မှာလဲ"

"မင်း အဲ့ဒါကို သုံးပြီးတဲ့နောက် ပုရွက်ဆိတ်လေး တစ်ကောင် ဖြစ်တဲ့ မင်းကို ငါ့ရဲ့ အသွင်အပြင်ကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခွင့် ပေးမယ်"

အဆင့် A နတ်ဘုရားတစ်ပါးအနေဖြင့် ဂေါ်ဘလင် နတ်ဘုရားသည် နတ်ဆိုး ဟု ခေါ်တွင်သော ကတ်ပြား အစီအစဉ်များ၌ မည်မျှလောက် စွမ်းအားကြီးမားကြောင်းကို တိကျစွာ သိရှိထားပေ၏။

နတ်ဆိုးဘုရင်အဖြစ် အသွင်ပြောင်းခွင့် ပြုသည့် 【နတ်ဆိုး ကတ်ပြား · ဖောက်ပြန် ပျက်စီးခြင်း】 ကို သုံးခဲ့လျှင်တောင် ဤလူသားကို ခဏတာ ပို၍ ရုန်းကန်ခွင့် ပြုရုံသာ ရှိပေလိမ့်မည်။

သို့သော်လည်း...

ဆောင်းမလား၊ အသွင်ပြောင်းမလား။

"ဟား..."

ခရွတ်... ဂျွတ်။

သရဖူမှာ သူ၏ လက်ဖဝါးပြင်အတွင်း ကြေမွ ပျက်စီးသွားခဲ့ချေပြီ။

၎င်း ကွဲအက်သွားသည့် အသံကြီးက အလွန်တရာ ဆူညံနေသော စစ်မြေပြင်ကြီးထက်၌ ကျယ်လောင်စွာ ဟိန်းဟောက် ပဲ့တင်ထပ်သွားတော့၏။

【အာ...】

ပုန်ကန်မှု၏ သံစုံတေးသွားမှာ အထွတ်အထိပ်ဆီသို့ ရောက်ရှိတော့မည် ဖြစ်သည်။

၎င်းက နတ်ဆိုးကို ရွေးချယ်ခဲ့သော လွှမ်းမိုးအုပ်စိုးသူအား ချီးကျူး ထောပနာပြုရင်း သီဆို မော့ကြည့်နေခဲ့ပေ၏။

လုံးဝ မယုံကြည်နိုင်စွာဖြင့် ဂေါ်ဘလင် နတ်ဘုရားက သူ၏ မြင့်မြတ်သော ပလ္လင်ထက်မှ ရုတ်တရက် ထထိုင်ကာ ရဲချီယန်၏ လုပ်ရပ်ကို စိုက်ကြည့်လာ၏။

"မင်း... မင်းက နတ်ဆိုးဘုရင်၏ သရဖူကို တကယ်ကြီး ချေမွပစ်လိုက်တာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီလို ပစ္စည်းမျိုးက နတ်ဘုရားတစ်ပါးတောင်မှ..."

"နတ်ဘုရားတစ်ပါး မလုပ်နိုင်တာနဲ့ လူသားတစ်ယောက် မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ ပြီးတော့ မင်းက အတုအယောင် နတ်ဘုရား တစ်ပါးသက်သက်ပဲ"

စကားတစ်ခွန်းချင်းစီတိုင်းနှင့်အတူ ရွာသွန်းနေသော သွေးရောင် မိုးပေါက်များအကြား တောက်ပသော လျှပ်စီးတို့ လက်ခနဲ ဖြတ်သန်းသွားသည်။

သို့သော် မည်မျှပင် စူးရှ တောက်ပနေစေကာမူ ရထားခေါင်းမိုးထက်ရှိ သန့်စင်သော နတ်ဆိုးဆန်သည့် အမည်းရောင် ကိုတော့ ဖုံးကွယ်နိုင်စွမ်း မရှိခဲ့ပါချေ။

"မျက်ရည်နီ"

သူက မျက်ရည်နီ၏ လက်ကို ဆုပ်ကိုင်လိုက်၏။

လူသားနှင့် နတ်ဆိုးတို့၏ အကြည့်များ ဆုံတွေ့သွားကြသည်။

ဓားကိုင်ဆောင်ထားသော မိန်းကလေး၏ အဝတ်အစားများက အဖြူစင်ဆုံး အရောင်အဖြစ် ပြောင်းလဲသွားချေပြီ။

သူမ၏ လက်ထဲရှိ ထက်မြက်သော ဓားသွားက ယခုအခါ သူ၏ ဆုပ်ကိုင်မှုအောက်ဆီ ရောက်ရှိလာခဲ့၏။

ကောင်မလေး၏ မျက်လုံးထောင့်များဆီမှ သွေးရဲရဲ မျက်ရည်စီးကြောင်းများ အဆက်မပြတ် စီးကျလာချိန်တွင် သူမက လက်နှစ်ဖက်ကို ယှက်နွယ် ဆုပ်ကိုင်လိုက်လေသည်။

【ပုန်ကန်မှု · မျက်ရည်နီ】

【နတ်ဆိုး ပေါင်းစည်းခြင်း】

ရဲချီယန်၏ အရှိန်အဝါက ပိုမို ပြင်းထန်လာခဲ့၏။ ဓားကို ကိုင်ဆောင်ထားသော သူ၏ ညာဘက် လက်ဖမိုးပေါ်၌ နီရဲသော ကြက်ခြေခတ် အမှတ်အသားများ ပေါ်ထွက်လာပြီး ဘယ်ဘက် လက်ဖမိုးထက်တွင်မူ ခေါင်းစိုက်ကျနေသော ကြက်ခြေခတ်ကြီး ထင်ဟပ်လာလေသည်။

သူက စွဲထင်နေသောမျက်ရည် ဓားကို ဆွဲထုတ်လိုက်တော့၏။

ရှေးဟောင်း စစ်မြေပြင်၏ အတုအယောင် ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပီပြင် ထင်ရှားလာခဲ့သည်။

မရေမတွက်နိုင်သော မျက်နှာမဲ့လူ၏ အရိပ်တို့က ရဲချီယန်၏ ရှေ့မှောက်၌ လှုပ်ရှား လက်ခနဲ ဖြစ်ပေါ်လာ၏။

ဓားဖျားက ကောင်းကင်ယံဆီသို့ တည့်တည့်မတ်မတ် ထိုးချိန်ထားသည်။

နတ်ဘုရားဆီသို့ တည့်တည့်မတ်မတ် ထိုးချိန်ထားခြင်း ပင်တည်း။

"မင်းက အနောက်မှာ ပုန်းနေရတာ ကြိုက်မှတော့ ကောင်းကောင်း ပုန်းနေစမ်းပါ။ ဘာပဲဖြစ်ဖြစ် အပြင်ကို ထွက်မလာခဲ့နဲ့"

ပုံရိပ်တစ်ခု၊ ပုံရိပ်နှစ်ခု...။

အတုအယောင် ပုံရိပ်တို့က ရှေးဟောင်း စစ်မြေပြင်အတွင်းမှနေ၍ စွဲထင်နေသောမျက်ရည် ဓားအတွင်းသို့ အဆက်မပြတ် စီးဆင်း ဝင်ရောက်သွားကြလေ၏။

ဂေါ်ဘလင် နတ်ဘုရား၏ လက်ထဲရှိ ရွှေရောင် ရာဇလှံတံကြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

၎င်း၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး မျက်လုံးများကလည်း ထိတ်လန့် တုန်လှုပ်စွာ ပြူးကျယ်နေခဲ့၏။

"အဲ့ဒီ့စစ်မြေပြင်ကြီးက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး အဲ့ဒီ့စစ်မြေပြင် ဖြစ်နေရတာလဲ။ အဲ့ဒီ့နေရာက အရာအားလုံးက... မဖြစ်နိုင်ဘူး။ ကျစ်... မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ သူ့ကို သတ်စမ်း။ ဒီလူသားကို အရှင်မထားခဲ့နဲ့"

၎င်း၏ ရူးသွပ်နေသော အခြေအနေပင် ဂေါ်ဘလင် နတ်ဘုရား၏ နှလုံးသားထဲရှိ အကြောက်တရားကို မဖိနှိပ်နိုင်ခဲ့ချေ။

မရေမတွက်နိုင်သော ကမ္ဘာများကို ဖြတ်ကျော်နေသည့်တိုင်၊ အဲ့ဒီ့တံခါးပေါက်က ပြိုင်ဘက် ဝင်ရောက်လာရန် လုံးဝ မဖြစ်နိုင်သည့် တစ်လမ်းသွား ဖြစ်နေသည့်တိုင်အောင်ပင်။

သို့သော်လည်း...

၎င်းက ကြောက်ရွံ့နေခဲ့သည်။

အဲ့ဒီ့ဓားကို ကြောက်ရွံ့နေ၏။

နတ်ဆိုးဘုရင်၏ သရဖူကို ချေမွနိုင်သော အဲ့ဒီ့လူသားကို ကြောက်ရွံ့နေသည်။

ဘုရားစော်ကားမှု စွမ်းအားကို ပိုင်ဆိုင်ထားသည့် ရဲချီယန်ကို ကြောက်ရွံ့နေခဲ့ချေပြီ။

နတ်ဘုရား၏ အမိန့်အောက်တွင် ပို၍ပို၍ များပြားသော ဂေါ်ဘလင်တို့ တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်အတွင်း စီးဆင်း ဝင်ရောက်လာကြ၏။

ပို၍ပို၍ များပြားလာသည်။

ပို၍ပို၍ များပြားလာခဲ့၏။

သို့ရာတွင်...

ရဲချီယန်က လက်ကို မြှောက်ကာ အမှန်တရားနှင့် အတုအယောင် စာအုပ်၏ စာမျက်နှာများကို လှန်လိုက်ချိန်တွင်...

သူ၏ ခြေအောက်ဆီမှ ခရမ်းအနီရောင် အလင်းရောင်ဝန်းတစ်ခုက ပတ်ဝန်းကျင် အရပ်လေးမျက်နှာဆီသို့ ရူးသွပ်စွာ ကျယ်ပြန့် ပြန့်ကျက်သွားတော့၏။

【စိတ်စွမ်းအား ၂၆၀ → ၁၂၀ → ၂၁၀ → ၁၀၀...】

ဘယ်ဘက်လက်တွင် သေနတ်ကို ကိုင်ဆောင်ထားရာ အီဘိုနီ၏ ကျည်ဆန်များက မကောင်းဆိုးဝါးများ၏ စိတ်စွမ်းအားကို အဆက်မပြတ် လုယူ စုပ်ယူနေသည်။

ညာဘက်လက်တွင် ဓားကို ကိုင်ဆောင်ထားရာ စွမ်းအင်များကို အရူးအမူး စုဆောင်းနေသော စွဲထင်နေသောမျက်ရည် ဓားက ရဲချီယန်၏ စိတ်စွမ်းအားကို လောဘတကြီး ဝါးမျိုနေပေ၏။

သူ၏ စွမ်းအား လျော့ကျသွားသကဲ့သို့ သူတို့၏ စွမ်းအားများလည်း အဲ့ဒီ့နည်းတူ လျော့ကျသွားကြသည်။

အလင်းရောင်ဝန်းက အနီးအနားရှိ အရာအားလုံးကို လွှမ်းခြုံသွားချိန်...

ဂေါ်ဘလင်များ ခေါင်းကို ကိုင်လျက် ကြောင်တက်တက်ဖြင့် ငြီးတွား အော်ဟစ်လာချိန်...

အသိစိတ် ကင်းလွတ်ကာ လုံးဝ ရူးသွပ်သွားသည့် ပထမဆုံး မကောင်းဆိုးဝါးက သူ၏ အဖော်များကို စတင် ကိုက်ဖြတ်လာသည့် အခိုက်အတန့်တွင်မူ...

အရေအတွက် ဟူသည်က...

အားနည်းသော မကောင်းဆိုးဝါးများ မည်မျှပင် များပြားနေပါစေ အမှန်တကယ် အဓိပ္ပာယ် ရှိပါသေး၏လော။

"အား..."

မရေမတွက်နိုင်သော နာကျင်သည့် စူးရှ အော်ဟစ်သံများနှင့် ရူးသွပ် ဟိန်းဟောက်သံတို့ လေထုထဲ၌ ပြည့်နှက်သွားခဲ့သည်။

သွေးနှင့် သေဆုံးခြင်း။

ပြီးလျှင် စစ်ပွဲကို ကြောက်ရွံ့သွားစေသည့် အဲ့ဒီ့သွေးရောင် မိုးပေါက်များ။

ကောင်းကင်ယံရှိ ကျီးကန်းနတ်ဆိုး၏ ပျော်ရွှင် စူးရှသော အော်ဟစ်သံနှင့်အတူ...

ဂေါ်ဘလင် တပ်မတော်ကြီးမှာ အမှန်တရားနှင့် အတုအယောင် စာအုပ်၏ စွမ်းအားအောက်၌ မျက်စိတစ်မှိတ်အတွင်း ပြိုလဲ ပျက်သုဉ်းသွားလေတော့သည်။

"နောက်ထပ် ဘာလာဦးမလဲ။ သတ္တိနည်းတဲ့ကောင်... မင်းက အဲ့ဒီ့ဂေါ်ဘလင် နတ်ဘုရားလောက်တောင် သတ္တိ မရှိပါလား"

All Chapters