← Chapters

အခန်း ၄၂၀

Vol. 35 Ch. 420

အခန်း ၄၂၀

Vol. 35 Ch. 420

အခန်း (၄၂၀) ချန်ပီယံ နှင့် နတ်ဆိုး

ရဲချီယန်က ဆက်လက်၍ လှောင်ပြောင် သရော်နေဆဲပင်။

ကံမကောင်းစွာဖြင့်ပင် မရေမတွက်နိုင်သော ကပ်ကမ္ဘာများစွာတိုင် အသက်ရှင် နေထိုင်လာခဲ့သည့် ဂေါ်ဘလင်တစ်ကောင်အတွက် အကြီးမားဆုံးသော အရည်အချင်းမှာ မိမိကိုယ်ကို အသက်ဘေးမှ ကာကွယ် စောင့်ရှောက်လိုသည့် စွဲလမ်းမှုကြီး ဖြစ်နေလေ၏။

ရဲချီယန်က နေရာရွှေ့ပြောင်းအမှတ်အသား၏ ပြည်နှင်ဒဏ်ပေးခြင်း စွမ်းရည်ကို မသုံးသရွေ့ ဤကောင်မှာ မျက်နှာ ထုတ်ပြလာမည် မဟုတ်ချေ။

အမှန်တကယ်တော့ ဤအချိန်သို့ ရောက်သောအခါ ၎င်း စေလွှတ်လိုက်သည့် ဂေါ်ဘလင်များမှာ ရဲချီယန်ကို သတ်ဖြတ်နိုင်စွမ်း မရှိကြောင်း ဂေါ်ဘလင် နတ်ဘုရားက ကောင်းစွာ သိရှိနေပြီး ဖြစ်သည်။

သာမန် အခြေအနေမျိုး၌သာဆိုလျှင် ကတ်ပြား အစီအစဉ် ကိုင်ဆောင်သူများကို ရင်ဆိုင်ရချိန်တွင် အခြားသော နတ်ဘုရားများ ပြုလုပ်လေ့ရှိသည့်အတိုင်း လက်လျှော့ အရှုံးပေးရန် ရွေးချယ်ပေလိမ့်မည်။ အဲ့ဒီ့သို့ လက်လျှော့ပြီးနောက် ဤလူသားနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက် စုဆောင်းကာ နောက်တစ်ကြိမ်အတွက် ပိုမို ထိရောက်သော လုပ်ကြံ သတ်ဖြတ်မှု နည်းလမ်းတစ်ခုကို ပြင်ဆင်လေ့ ရှိကြပေ၏။

သို့ရာတွင် ယခုတစ်ကြိမ်ကမူ ကွဲပြား ခြားနားနေခဲ့သည်။

ရဲချီယန်က နတ်ဆိုးဘုရင်၏ သရဖူကို ချေမွပစ်လိုက်ခြင်းကြောင့် ဖြစ်စေ၊ ရှေးဟောင်း စစ်မြေပြင်၏ အတုအယောင် ပုံရိပ် အပြည့်အဝ ပီပြင် ထင်ရှားလာပြီးနောက် ထုတ်လွှတ်လိုက်သည့် ရှေးကျသော အရှိန်အဝါကြောင့် ဖြစ်စေ အရာခပ်သိမ်းက ဂေါ်ဘလင် နတ်ဘုရား၏ နှလုံးသားထဲ၌ အကြောက်တရားတို့ကို အမြစ်တွယ် ပေါက်ဖွားလာစေခဲ့၏။

ဤလူသားကို ဆက်လက် အသက်ရှင်ခွင့် ပေးထား၍ လုံးဝ မဖြစ်ချေ။

ဘာပဲဖြစ်နေပါစေ အသက်ရှင်ခွင့် မပေးနိုင်ပါချေ။

သူသာ ဆက်လက် ကြီးပြင်း အစွမ်းထက်လာပါက အနာဂတ်တွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

ယခုတစ်ကြိမ်၌ ဂေါ်ဘလင် တပ်မတော်၏ တိုက်ခိုက်ခြင်းကို ခံနေရသည့် ကမ္ဘာတစ်ခုဆီသို့ ဤလူသား ဝင်ရောက်လာခြင်းကြောင့်သာ တစ်ဖက်လူ၏ တည်ရှိမှုကို ၎င်း အာရုံခံမိခဲ့ခြင်း ဖြစ်၏။

နောက်တစ်ကြိမ်ဆိုလျှင် မည်သို့ လုပ်မည်နည်း။

နောက်တစ်ကြိမ်တွင် နတ်ဘုရားများက ဤလူသားကို ပြန်လည် ရှာတွေ့ရန် မည်မျှလောက် အချိန်ကြာမြင့်သွားမည်ကို မသိနိုင်တော့ချေ။

အဲ့ဒီ့အချိန်သို့ ရောက်လျှင်...

စစ်မြေပြင်ပေါ်ရှိ ဂေါ်ဘလင် သူရဲကောင်း တပ်မတော်နှင့် အဲ့ဒီ့ဂေါ်ဘလင် တမန်တော်များမှာလည်း အမှန်တရားနှင့် အတုအယောင် စာအုပ်၏ အကျိုးသက်ရောက်မှုကို ခံနေကြရသည်။

သို့သော်လည်း ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရာတွင် အနည်းငယ် စွမ်းဆောင်ရည် ရှိသူများ၌ပင် ကိုယ်ပိုင် ကာကွယ်ရေး နည်းလမ်းများ ရှိကြစမြဲပင်။

အဲ့ဒီ့သို့ ကာကွယ်နိုင်သော်ငြား ပတ်ဝန်းကျင် အရပ်လေးမျက်နှာရှိ သူတို့၏ မျိုးနွယ်တူများ အချင်းချင်း ပြန်လည် ရမ်းကား သတ်ဖြတ်နေကြသည့် မြင်ကွင်းက သူတို့ကိုပါ စက်ဆုပ် ရွံရှာသွားစေခဲ့ပေ၏။

ဘာဘာရော့ဆာက ရဲချီယန်၏ လက်ထဲရှိ စွဲထင်နေသောမျက်ရည် ဓားကို ကြည့်ရှုရင်း စိတ်ထဲ၌ တိတ်တဆိတ် ထိတ်လန့် တုန်လှုပ်နေမိသည်။

"ဒီလူသားက ဒီလောက် အဖိုးတန်တဲ့ ရတနာမျိုးကို တကယ်ကြီး ပိုင်ဆိုင်ထားတာလား..."

ဘာဘာရော့ဆာက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ မျက်လုံး နက်နက်ပိုင်းရှိ အကြောက်တရားတို့ ပျောက်ကွယ်သွားခဲ့၏။

အဲ့ဒီ့နေရာတွင် ယုံကြည်မှုမှ ပေါက်ဖွားလာသော တိုက်ခိုက်လိုစိတ်တို့ဖြင့် အစားထိုး နေရာယူလာလေသည်။

"ငါ့ရဲ့ နတ်ဘုရားအတွက် ငါ... ဘာဘာရော့ဆာက ငါ့ကိုယ်ငါ စတေးဖို့ ဆန္ဒရှိတယ်။ ချန်ပီယံတို့... ငါတို့ ဒီကို ဘာကြောင့် ရောက်လာတာလဲဆိုတာ မမေ့ကြနဲ့"

"သွားကြ။ သူ့ကို သတ်စမ်း။ ဒီလူသားရဲ့ ဦးခေါင်းကို မြင့်မြတ်တဲ့ ရာဇပလ္လင်ဆီ ဆက်သကြလော့"

ဘာဘာရော့ဆာက အက်ကွဲနေသော ကြက်ခြေခတ် သံတူရွင်းကြီးကို ကောက်ကိုင်လိုက်ရာ သူ၏ နောက်ကျောဘက်ရှိ ချန်ပီယံများမှာလည်း သူ၏ အားပေး လှုံ့ဆော်မှုအောက်တွင် အကြောက်တရားတို့ကို ခါချပစ်လိုက်ကြတော့သည်။

ကျန်ရှိနေသော အခြား အဆင့် (၁၀) ဂေါ်ဘလင် တမန်တော် သုံးကောင်မှာ အချင်းချင်း ကြည့်ရှုလိုက်ကြ၏။

ဘာဘာရော့ဆာနှင့် နှိုင်းယှဉ်လျှင် ဤသုံးကောင်က သူတို့၏ ကိုယ်ပိုင် အသက်ကို ပို၍ တန်ဖိုးထားကြသည်။ သူတို့က ဂေါ်ဘလင် အင်ပါယာဆီသို့ ပြန်လည် လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် တံခါးပေါက်ဆီသို့ ထွက်ပြေးသွားကြသော်ငြား ဤတစ်လမ်းသွား တံခါးကြီးက သူတို့ကို အခွင့်အရေး လုံးဝ မပေးခဲ့ပါချေ။

"ကျွန်တော်မျိုးတို့ရဲ့ နတ်ဘုရား။ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးသနားတော်မူပါ။ နောက်တစ်ကြိမ်... ကျွန်တော်မျိုးတို့ ကောင်းကောင်း ပြင်ဆင်ပြီးတာနဲ့ သေချာပေါက်—"

"ပါးစပ် ပိတ်ထားစမ်း"

ဂေါ်ဘလင် နတ်ဘုရားက ရွှေရောင် ရာဇလှံတံကို ကောက်ကိုင်လိုက်ရာ ကြီးမား ကျယ်ပြန့်လှသော မြင့်မြတ်သည့် စွမ်းအားတော်တို့က ဤတမန်တော် သုံးကောင်၏ ခန္ဓာကိုယ်များထဲသို့ မျက်စိတစ်မှိတ်အတွင်း စီးဆင်း ပြည့်နှက်သွားတော့၏။

"သွား... အဲ့ဒီ့လူသားကို သတ်ချေ"

တမန်တော် သုံးကောင်၏ စိတ်ဆန္ဒတို့မှာ စက္ကန့်ပိုင်းအတွင်း လွှမ်းမိုး ချုပ်ကိုင်ခံလိုက်ရပြီး သူတို့၏ စွမ်းအားများလည်း အဆမတန် မြင့်တက်လာခဲ့သည်။ လက်ခနဲ လင်းလက်သွားမှုနှင့်အတူ သူတို့က ဘာဘာရော့ဆာနှင့် သူ၏ သူရဲကောင်း တပ်မတော်ကို ကျော်တက်လျက် ရဲချီယန်၏ ရထားဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြလေ၏။

သူတို့သည် လေပိုင်နက် ရှင်းလင်းရေး၏ စွမ်းအားကို အမှန်တကယ် ခုခံ တွန်းလှန်နိုင်ခဲ့ကြပြီး မြင့်မားသော ကောင်းကင်ယံ၌ ဆက်လက် ရပ်တည်လျက် အောက်ဘက်ဆီသို့ ထိုးဆင်း တိုက်ခိုက်လာကြသည်။

ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာမှာ အဆက်မပြတ် ဖျက်ဆီးခံနေရ၏။

သို့သော်လည်း ဤသုံးကောင်ကို တားဆီးထားနိုင်သည့် လွင့်မျောကြယ် သန့်စင်သော အမှတ်အသား ကျန်ရှိနေသေးသည်။

အကြောက်တရား မရှိသရွေ့ ၎င်းက ကွဲအက်သွားမည် မဟုတ်ချေ။

ရဲချီယန်က ဓားကို ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်။

မျက်စိဖြင့် မမြင်နိုင်သော၊ အရောင်အဆင်း မရှိဘဲ သဲလွန်စ အရိပ်အယောင် ကင်းမဲ့သည့် စွမ်းအားတစ်ခုက အဲ့ဒီ့တမန်တော် သုံးကောင်ကို ဖြတ်သန်း တိုက်ခတ်သွားလေ၏။

၎င်းက ကောင်းကင် တစ်ခွင် ပြည့်နှက်နေသော မှောင်မိုက်သည့် တိမ်တိုက်များကိုပါ တိုက်ခတ် ရှင်းလင်းသွားခဲ့သည်။

"..."

တမန်တော် သုံးကောင်မှာ လေဟာနယ်အဖြစ် သုဉ်းခနဲ ပျောက်ကွယ်သွားကြတော့၏။

【စိတ်စွမ်းအား ၂၆၀ → ၁၀၄】

ရဲချီယန်က ဤတိုက်ခိုက်မှုအတွက် စိတ်စွမ်းအား မည်မျှ ကုန်ကျသွားသနည်းဆိုတာကို တွက်ချက် မနေခဲ့ချေ။

စွဲထင်နေသောမျက်ရည် ဓားကို အသုံးပြုပြီး လက်ရှိ သူ ထုတ်လွှတ်နိုင်သည့် အမြင့်ဆုံး အကန့်အသတ်မှာ ဤဓားချက်သာ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။

ဂေါ်ဘလင် နတ်ဘုရား၏ မြင့်မြတ်သော စွမ်းအားတော်ဖြင့် ထောက်ပံ့ပေးထားသည့် အစွမ်းထက် တမန်တော် သုံးကောင်မှာ

ဤတိုက်ခိုက်မှု တစ်ချက်တည်းအောက်တွင် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

"ဖူး..."

ရဲချီယန်က ပုန်ကန်မှု မုဒ်မှ ထွက်ခွာလိုက်၏။

စွဲထင်နေသောမျက်ရည် ဓားမှာ မျက်ရည်နီ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး သူမ၏ ဝတ်စုံမှာလည်း မူလ အရောင်အဆင်းအတိုင်း ပြန်လည် ပြောင်းလဲသွားလေသည်။

ကျယ်ပြောလှသော စစ်မြေပြင်ကြီးထက်၌...

ရူးသွပ် သောင်းကျန်းနေကြသည့် ဂေါ်ဘလင်များမှလွဲ၍ ယခုအခါ ရဲချီယန်ကို ဆန့်ကျင် တိုက်ခိုက်ရန် ဘာဘာရော့ဆာနှင့် သူ၏ ဂေါ်ဘလင် သူရဲကောင်း တပ်မတော်သာ ကျန်ရှိတော့ပေ၏။

ဆံပင်အနက်ရောင်နှင့် လူငယ်လေးက နောက်သို့ ထိုင်ချလိုက်ရာ လူသားတစ်ဦးနှင့် မည်သို့မျှ ကွာခြားခြင်း မရှိသော စက်ရုပ် အိမ်စေမလေး တွန်းပို့ပေးသည့် ထိုင်ခုံထက်သို့ သက်သောင့်သက်သာ ကျရောက်သွားတော့သည်။

သူ၏ ဘေးနားတွင်မူ ကျီးကန်းနတ်ဆိုးက ကျီးကန်းနတ်ဆိုး၏ ပုခုံးထက်၌ ရပ်နေလေ၏။

နတ်ဆိုးမလေးကလည်း သွေးရဲရဲ ပန်းပွင့်ပုံ ထီးလေးကို ဆောင်းမိုး ဖွင့်လှစ်လျက် ဘေးတစ်ဖက်၌ မတ်တပ် ရပ်နေခဲ့သည်။

ချောက်နက် စက်ယန္တရားကြီးမှာ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး သောင်းကျန်းနေသော ဗီလိန်ကမူ ဂေါ်ဘလင်များအကြား အခွဲအခြားမရှိ ဆက်လက် ရက်စက်စွာ သတ်ဖြတ်နေဆဲပင်။

မိုးပြာရောင် ဟိန်းဟောက်သံ မိုးကြိုးသိမ်းငှက်မှာလည်း တောက်ပသော ရွှေရောင် မိုးကြိုးလျှပ်စီးများကို ခန္ဓာကိုယ်ထက်၌ ရစ်ပတ် လှည့်လည်လျက် အောက်ဘက်ဆီသို့ ဝဲပျံ ဆင်းသက်လာခဲ့သည်။

လန်စလော့ ဦးဆောင်သည့် အဆုံးမဲ့ စက်ရုပ် စစ်သည်တော်များမှာလည်း တစ်ရုပ်မျှ လျော့နည်း ပျက်စီးသွားခြင်း မရှိဘဲ ရထား၏ ပတ်လည် နယ်နိမိတ်ကို စောင့်ကြပ် ကာကွယ်နေကြ၏။

ရဲချီယန်၏ ခြေထောက်နားတွင်မူ သေးငယ်သော ငွေဖြူရောင် လောဘတကြီးစားသောက်သူလေးက သူ၏ ခြေသလုံးကို ခပ်ဖွဖွ ပွတ်သပ်နေလေသည်။

"ဆက်မလုပ်တော့ဘူးလား"

"အဆင့် A နတ်ဘုရားတစ်ပါးမှာ ဒီလောက်လေးပဲ အစွမ်းအစ ရှိတာလား။ တကယ့်ကို အစွန်းရောက်လောက်အောင် စိတ်ပျက်စရာ ကောင်းတာပဲ"

ဂေါ်ဘလင် နတ်ဘုရားမှာ ဒေါသတို့ အလိပ်လိုက် ထွက်ပေါ်နေချေပြီ။ ၎င်းက ရာဇလှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ရဲချီယန်၏ ပုံရိပ်ကို စူးစိုက် စိုက်ကြည့်လာ၏။

"လူသား... မင်း ကိုယ့်ကိုယ်ကိုယ် တကယ် အစွမ်းထက်နေပြီလို့ ထင်နေတာလား။ မင်း ရောက်နေတဲ့ နေရာက သေးသိမ်တဲ့ အဆင့် (၈) ကမ္ဘာလေး တစ်ခုသက်သက်ပဲ။ ငါက ပိုပြီး အစွမ်းထက်တဲ့ တမန်တော်တွေကို စေလွှတ်လို့ မရနိုင်တာ"

"အို"

ရဲချီယန်က မျက်နှာထက်၌ အပြုံးတစ်ခု ချိတ်ဆွဲလျက် ဗိုက်စင်သီး တစ်လုံးကို စားသုံးလိုက်သည်။

"အဲ့ဒီလိုဆိုရင် မင်း ကိုယ်တိုင် လာပြီး စမ်းမကြည့်တာလဲ"

"လူသား..."

"ကဲပါ ကဲပါ... အသုံးမကျတဲ့ ဒေါသတွေ ထွက်မနေစမ်းပါနဲ့။ မင်းမှာ သတ္တိ ရှိရင် ဒီကမ္ဘာထဲကို ဝင်လာခဲ့လိုက်စမ်းပါ"

"မင်း သေချာပေါက် သွားချင်မယ့် နေရာတစ်ခုဆီကို ငါ ပို့ပေးမယ်လေ"

ချလစ်။

ရွှေညိုရောင် ကတ်ပြားတစ်ခုက ရဲချီယန်၏ လက်ချောင်းဖျားများထက်၌ ဖြည်းညင်းစွာ လှည့်ပတ် လွင့်မျောလာခဲ့၏။

"ဒါက မင်း ကြောက်ရွံ့နေတဲ့ ဘုရားစော်ကားမှု စွမ်းအားပဲ၊ ဒီမှာ ရှိနေတယ်"

ရဲချီယန်က မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

ဂေါ်ဘလင် နတ်ဘုရား၏ စကားများထဲမှ သတင်းအချက်အလက် တစ်ခုကို ကောက်နုတ် သိရှိရန် မခက်ခဲလှချေ။

အဆင့် (၈) ဘူတာရုံကမ္ဘာတစ်ခုအတွင်း အဆင့် (၁၀) မကျော်လွန်သော မကောင်းဆိုးဝါးများကိုသာ တည်ရှိခွင့် ပြုပုံရသည်။

သို့သော်... အဘယ်ကြောင့် အကန့်အသတ်ကျော်လွန် မုဒ်ရှိ အဆင့် (၁၃) အမဲလိုက် စက်ယန္တရားနဂါးနှင့် အမြဲတမ်း အဆင့် (၁၃) ဖြစ်နေသော စွဲထင်နေသောမျက်ရည် ဓားတို့မှာ ဤစည်းမျဉ်း၏ ကန့်သတ်ချုပ်ချယ်မှုကို မခံရသနည်း။

အဲ့ဒီ့သို့ဆိုလျှင် ဤစည်းမျဉ်းများ ဆိုသည်က ရထားမောင်းနှင်သူကို ကန့်သတ်ထားခြင်း မရှိ၍များလား။

"လူသား... မင်း သေချာပေါက် နိုင်သွားပြီလို့ တကယ် ထင်နေတာလား"

ဂေါ်ဘလင် နတ်ဘုရားက ၎င်း၏ မြင့်မြတ်သော ရာဇပလ္လင်ထက်မှ ထရပ်ကာ တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်၏ အရှေ့သို့ လျှောက်လာခဲ့သော်ငြား နောက်ထပ် ခြေတစ်လှမ်းမျှ ရှေ့သို့ တိုးမလာခဲ့ချေ။

"ဘာဘာရော့ဆာ... မင်း စတေးခံရမယ့် အချိန် ရောက်လာပြီ"

ဂေါ်ဘလင် ချန်ပီယံ ဘာဘာရော့ဆာနှင့် သူ၏ သူရဲကောင်း တပ်မတော်မှာ ဂေါ်ဘလင်များဘက်၌ ကျန်ရှိတော့သည့် တစ်ခုတည်းသော တိုက်ခိုက်ရေး အင်အားစုများသာ ဖြစ်ပေ၏။

ဂေါ်ဘလင် နတ်ဘုရား၏ အသံကို ကြားလိုက်ရချိန်တွင် ဘာဘာရော့ဆာက သူ၏ နောက်ကျောဘက်ရှိ ချန်ပီယံများကို တိတ်ဆိတ်စွာ ကြည့်ရှုလိုက်ရုံသာ ရှိသည်။

"အားလုံးပဲ..."

သူက ဂေါ်ဘလင် အမြောက်အမြား၏ ရှေ့မှောက်၌ ဒူးထောက် ကျဆင်းသွားတော့၏။

ဂေါ်ဘလင်များ၏ ဝိသေသလက္ခဏာက အဘယ်နည်း။

မျိုးပွားနိုင်စွမ်းလား။

အမှန်ပင် ဖြစ်၏။

သူတို့၏ မျိုးပွားမှု အမြန်နှုန်းက အံ့ဩ တုန်လှုပ်ဖွယ် မြန်ဆန်လွန်းလှပြီး မည်သည့် သွေးမျိုးဆက် ကန့်သတ်ချက်မျှလည်း ပြောပလောက်အောင် မရှိကြချေ။

သို့သော်လည်း အရေအတွက်အပေါ် သက်သက်သာ အားကိုးခြင်းမှာ ထိပ်တန်း စစ်မြေပြင်များဆီသို့ ရောက်ရှိလာချိန်တွင် လုံးဝ အဓိပ္ပာယ် မရှိတော့ပေ။

ထို့ကြောင့် အရေအတွက်ကို အရည်အသွေးအဖြစ် ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။

ဂေါ်ဘလင် နတ်ဘုရား စကားဆိုလိုက်သည့် စက္ကန့်ပိုင်းမှာပင်

သူရဲကောင်း တပ်မတော်မှ ဂေါ်ဘလင်များက သူတို့၏ လက်နက်များကို တစ်ကောင်ပြီးတစ်ကောင် မြှောက်တင်လာကြ၏။

သူတို့က ဘာဘာရော့ဆာကို ကြည့်ရှုလိုက်ကြသည်။

"ခေါင်းဆောင်... ခင်ဗျား သေချာပေါက် နိုင်ရမယ်"

"ကျွန်တော်တို့ရဲ့ စတေးမှုက ခင်ဗျားကို အစွမ်းအထက်ဆုံး ချန်ပီယံ ဖြစ်လာစေရမယ်"

စကားတစ်ခွန်းပြီး တစ်ခွန်း ဘာဘာရော့ဆာ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။

အဲ့ဒီ့နည်းတူစွာပင် နှလုံးသားများ တစ်ခုပြီးတစ်ခု ထိုးဖောက် ခံလိုက်ရသည့် အသံများကလည်း ထွက်ပေါ်လာလေသည်။

ဒုတ်... ဒုတ်...။

ဂေါ်ဘလင် ချန်ပီယံများ မြေပြင်ပေါ်သို့ လဲပြို ကျဆင်းသွားကြတော့သည်။

သူတို့၏ သွေးများက သွေးမျှင် အမျှင်တန်းလေးများအဖြစ် ပြောင်းလဲသွားပြီး ဘာဘာရော့ဆာနှင့် ချိတ်ဆက် ယှက်နွယ်သွားကြ၏။

ဘာဘာရော့ဆာ၏ အရှိန်အဝါက အဆက်မပြတ် မြင့်တက်လာလေသည်။

သူက ချန်ပီယံတစ်ဦး ဖြစ်၏။ သူသည် ဂေါ်ဘလင်တစ်ကောင် ဖြစ်နေလျှင်တောင်မှ ဂေါ်ဘလင်များ၏ ချန်ပီယံ ဖြစ်ပေသည်။

"ဘာဘာရော့ဆာ... မင်းကို ကြီးမားတဲ့ မြင့်မြတ်သော စွမ်းအားတော် ငါ ချီးမြှင့် ပေးသနားမယ်။ သွားချေလော့... ဒီနေ့က ငါ့အတွက် မင်း ကိုယ့်ကိုယ်ကိုယ် စတေးရမယ့် နေ့ပဲ"

ဂေါ်ဘလင် နတ်ဘုရားက ရွှေရောင် ရာဇလှံတံကို ခေါက်ခနဲ တစ်ချက် ထောက်လိုက်သည်။

အဲ့ဒီ့အခိုက်အတန့်၌ပင် ရဲချီယန်၏ ရှေ့မှောက်ရှိ

ရထားစနစ် အလင်းမျက်နှာပြင်ပေါ်တွင် သတိပေး အနီရောင် စာသားသစ်တစ်ခု ပေါ်ထွက်လာခဲ့၏။

【အထူး နှောင့်ယှက်မှုကို ရှာဖွေ တွေ့ရှိပါသည်။ ဒင်... ဒင်... ကျေးဇူးပြု၍ လုံခြုံရေးကို အထူး ဂရုစိုက်ပါ။ ဤကမ္ဘာအတွင်းရှိ ရန်သူ့ အင်အားစုများသည် အဆင့် ကန့်သတ်ချက် ရှိတော့မည် မဟုတ်ပါ။】

【နှောင့်ယှက်မှု...】

【အကျုံးဝင် လည်ပတ်သွားပါပြီ။】

ဤနေရာက လွင်တီးခေါင်ပြင် မဟုတ်ခဲ့ချေ။ မြို့တော်တစ်ခုလည်း မဟုတ်ပါချေ။

ဤသည်မှာ ဘူတာရုံကမ္ဘာ တစ်ခုသာ ဖြစ်သည်။

ကြီးမားလှသည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရမည် ဆိုလျှင်တောင် အစွမ်းထက်သော နတ်ဘုရားတစ်ပါးအနေဖြင့် ရထားစနစ်က ချမှတ်ထားသည့် စည်းမျဉ်းများကို သြဇာလွှမ်းမိုး ပြောင်းလဲနိုင်စွမ်း ရှိပေ၏။

သို့သော်လည်း ဂေါ်ဘလင် နတ်ဘုရားအတွက်မူ

ဘာပဲဖြစ်နေပါစေ ဤလူသား၏ လက်ထဲရှိ ဘုရားစော်ကားမှု စွမ်းအားကို အတင်းအဓမ္မ ထုတ်ဖော် သုံးစွဲလာအောင် ဖိအားပေးရမည် ဖြစ်သည်။

မြင့်မြတ်သည့် စွမ်းအားတော်တို့က ခန္ဓာကိုယ်အတွင်း ပြည့်နှက် စီးဆင်းလာခဲ့၏။

တစ်လမ်းသွား တည်နေရာ ရွှေ့ပြောင်းရေး အစီအရင်က ၎င်း၌ ရှိသမျှ စွမ်းအား အကုန်လုံးကို ကုန်ခန်း သုံးစွဲလျက် ကြက်ခြေခတ် ဓားရှည်တစ်ချောင်းကို ဘာဘာရော့ဆာ၏ ဘေးသို့ ကျဆင်းစေခဲ့သည်။

【ဂေါ်ဘလင် ချန်ပီယံ · ဘာဘာရော့ဆာ → ဂေါ်ဘလင် သူရဲကောင်းဘုရင် · ဘာဘာရော့ဆာ】

【အဆင့် ၁၀ → ၁၂】

သူက ကြက်ခြေခတ် ဓားရှည်ကို ရဲချီယန်ဆီသို့ ထိုးချိန် မြှောက်တင်လိုက်သည်။

"လူသား"

"ဂေါ်ဘလင် ချန်ပီယံ ဘာဘာရော့ဆာက မင်းကို စိန်ခေါ်တယ်"

ချန်ပီယံက... နတ်ဆိုးကို စိန်ခေါ်လိုက်ခြင်း ပင်တည်း။

All Chapters