← Chapters

အခန်း ၄၂၇

Vol. 36 Ch. 427

အခန်း ၄၂၇

Vol. 36 Ch. 427

အခန်း (၄၂၇)

၎င်းမှာ ခွင့်ပြုချက်အာဏာ မလုံလောက်၍သာဖြစ်ပြီး လုံးဝမရှိတာတော့ မဟုတ်ချေ။

သို့ဆိုလျှင်...

"ငါ နားလည်ပြီ။ အခြားတစ်နည်း ပြောရရင် အဆင့် (၁၃) ပလက်ဖောင်းကမ္ဘာ တကယ် ရှိမရှိ ဆိုတာကို မင်း ငါ့ကို မပြောပြနိုင်ဘူးပေါ့"

ရထားစနစ်က မည်သည့်တုံ့ပြန်မှုမျှ မပေးချေ။

"ဟက်... ဒါဆိုလည်း တကယ်ကြီး ရှိနေတယ်လို့ပဲ ငါ သတ်မှတ်လိုက်တော့မယ်"

"အဆင့် (၁၃) တဲ့... ကျစ်... ကျစ်... ကျစ်။ အရင်က တွေ့ခဲ့ရတဲ့ အဆင့် (၁၂) စက်ယန္တရား နတ်ဘုရားကတောင် လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေခဲ့တာ၊ အဆင့် (၁၃) သာဆိုရင် ဘယ်လိုများ နေလောက်မလဲ"

"အင်ပါယာအမိန့်တော် အဖွဲ့အစည်းထဲက တစ်ယောက်ယောက်များ ဒီအကြောင်းကို သိနေမလား မပြောတတ်ဘူး"

"ကျူရှင်းထူ... အဲဒီ လူလိမ်မတော့ တစ်ခုခု သိလောက်မယ်လို့ ငါ ထင်နေမိတယ်"

ရဲချီယန်က မေးစေ့ကို ပွတ်သပ်လိုက်ရင်း ထိုကိစ္စကို ခေါင်းထဲမှ ယာယီ ဖယ်ထုတ်ထားလိုက်၏။

အဆင့် (၁၃) ဘူတာရုံကမ္ဘာ ဆိုသည်မှာ လက်ရှိ သူ ဝင်ရောက်နိုင်သည့် နေရာမျိုး မဟုတ်သေးချေ။

ဒါကို အနာဂတ် ရည်မှန်းချက် တစ်ခုအဖြစ်ပဲ သတ်မှတ်ထားလိုက်ကြတာပေါ့။

"ဒါကြောင့်လည်း ဒီမော်ဂျူးက ရထားဒင်္ဂါး တစ်ထောင်တောင် ကျနေတာကိုး။ အထူး လျှော့ဈေး ကြီးကြီးမားမား ရလိုက်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဘယ်လောက်တောင် ဈေးကြီးနေမလဲ မသိဘူး"

"အနည်းဆုံးတော့ ဒီအကြောင်းလေး ငါ့ကို ပြောပြလို့ မရဘူးလား"

[ "ခွင့်ပြုချက်အာဏာ မလုံလောက်ပါ။ မှတ်ချက် မပေးနိုင်ပါ" ]

"ကျစ်... ကပ်စေးနည်းလိုက်တာ"

ရဲချီယန် ပခုံးတွန့်လိုက်သည်။ သူ အဆင့် (၁၃) ပလက်ဖောင်းအကြောင်း မေးမြန်းလိုက်သောကြောင့်သာ ရထားစနစ်က ဘာမှ ထပ်မပြောတော့ခြင်း ဖြစ်မည်ဟု အလိုလို ခံစားမိနေ၏။

ယခုတစ်ကြိမ်တွင်မူ သူ အနည်းငယ်မျှ တွန့်ဆုတ် နှမြောနေခြင်း မရှိတော့ဘဲ ထိုခွင့်ပြုချက်ကို ပြတ်သားစွာ ဝယ်ယူလိုက်တော့သည်။

"ဒါ ငါ့အတွက် ပထမဆုံး အစစ်အမှန် ခွင့်ပြုချက်လို့ ပြောလို့ရပြီ မလား"

"အင်း... သေချာ စဉ်းစားကြည့်တော့ အဲဒီ လူလိမ်မ လက်ထဲမှာ အရောင်းအဝယ် လုပ်လို့ရတဲ့ ခွင့်ပြုချက်ကတ်ပြား တစ်ခုတောင် ရှိနေခဲ့တာပဲ။ အဲဒီလို ပစ္စည်းမျိုးကိုသာ ထုတ်ရောင်းလိုက်လို့ကတော့ ချက်ချင်း ဓနရှင်ကြီး ဖြစ်သွားလောက်တယ်"

ထိုစဉ်က ကျူရှင်းထူ၏ အချိန်စီးဆင်းမှု ထိန်းညှိခြင်း ခွင့်ပြုချက်ကို ငြင်းပယ်ခဲ့မိသည့်အပေါ် ရဲချီယန် လုံးဝ နောင်တမရခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို ပို၍ပင် ယုံကြည် သေချာသွားခဲ့လေ၏။

ခွင့်ပြုချက်များ၏ တန်ဖိုးမှာ အလွန်အမင်း ကြီးမြင့်လှရာ အရောင်းအဝယ် ပြုလုပ်၍ရသော ပစ္စည်းများ ဆိုလျှင် ကောင်းကင်ယံအထိ မိုးမျှော်လောက်အောင် ဈေးကြီးပေလိမ့်မည်။

တကယ်လို့သာ ထိုပစ္စည်းကို သူ ယူခဲ့မိပါက သူ၏ ကိုယ်ပိုင် အဆင့်မြှင့် ရွေးချယ်စရာများကို ထိခိုက်မှု ရှိသွားနိုင်ချေ ရှိ၏။

"နောက်ဘူတာရုံကျရင် ငါ အဆင့် (၉) ပလက်ဖောင်းဆီ ဝင်ရောက်ရနိုင်ချေ ရှိသွားပြီ မလား။ ဖြစ်နိုင်ချေ ရာခိုင်နှုန်း ဘယ်လောက်ရှိမလဲ ဆိုတာပဲ မသိတာ။ ထားလိုက်ပါ... နောက်ထပ် ရွေးချယ်စရာကို အရင် ကြည့်လိုက်ဦးမယ်"

ရွေးချယ်စရာ သုံးခု ကျန်ရှိနေသေးသည်။

၎င်းတို့၏ ဈေးနှုန်းများမှာလည်း ထပ်တူထပ်မျှ ကြီးမြင့်နေဆဲပင်။

[ ရထား လက်နက်ကိရိယာ · အဆုံးမဲ့ စက်ယန္တရားကိရိယာ ]

[ ဤပစ္စည်းကို ရထားတွင် တပ်ဆင်ပြီးနောက် မည်သည့် စက်ယန္တရား ယူနစ်နှင့်မဆို ရထားကို ချိတ်ဆက် ချည်နှောင်နိုင်ပြီး ထိုစက်ယန္တရား၏ လက်နက်ကိရိယာများကို ရထားမှတစ်ဆင့် ထုတ်ဖော် အသုံးပြုနိုင်စေမည်။ ]

"ဟင်... ကိစ္စရပ်စွမ်းရည် ဟုတ်လား"

ရဲချီယန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"စက်ယန္တရားရဲ့ ကိုယ်ပိုင်စွမ်းရည် မဟုတ်ဘဲ တပ်ဆင်လက်နက်ရဲ့ စွမ်းရည် သက်သက်ပဲလား"

ဤရထား လက်နက်ကိရိယာက သိပ်ပြီး စွမ်းအားကြီးမားပုံ မရဟု သူ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် အီဗ်ပဲဖြစ်ဖြစ်၊ အမဲလိုက် စက်ယန္တရားနဂါးပဲဖြစ်ဖြစ် သူပိုင်ဆိုင်ထားသော စက်ယန္တရားများကို ရထားပေါ်၌သာ ထားရှိမည်ဆိုပါက ၎င်းတို့၏ စွမ်းအားများ လုံးဝ ဖြုန်းတီးရာ ရောက်သွားလိမ့်မည် မဟုတ်ပါလား။

ချွင်းချက်တစ်ခုကတော့... ဗီလိန်ပင်။

တပ်ဆင်လက်နက် ပစ္စည်းများနှင့် ပတ်သက်လာလျှင် အီဗ်ထံတွင် အများဆုံး ရှိနေသည်မှာ သဘာဝပင် ဖြစ်၏။

သို့သော် အရည်အသွေးပိုင်းကို ပြောရလျှင်တော့ အမဲလိုက် စက်ယန္တရားနဂါးက အကောင်းဆုံးပင်။

သို့ပေမဲ့ အရေအတွက်ရော အရည်အသွေးပါ ပြည့်စုံသူကို ပြပါဆိုလျှင်တော့ ဗီလိန်၏ အလှည့် ရောက်လာပေတော့မည်။

ဗီလိန် သောင်းကျန်းမှုမုဒ် ဝင်ရောက်သွားပြီးနောက် နတ်ဘုရားအမြုတေမှ ပြောင်းလဲထားသော ထိုဒိုင်းလွှားများကို ရထားက ဆက်လက် အသုံးပြုနိုင်ဦးမည် ဆိုပါက... တကယ်ကို မဆိုးလှချေ။

အထူးသဖြင့် နောက်ဆုံး ရရှိထားသော တစ္ဆေငါးမန်း ဒိုင်းလွှားပင်။

၎င်း၏ တစ္ဆေအခြေအနေ စွမ်းရည်မှာ ကိုယ်ပိုင်အသိစိတ် မရှိသည့် ဗီလိန်အတွက် အနည်းငယ် အရာမထင် ဖြစ်နေနိုင်သော်ငြား ထိုစွမ်းရည်ကို ရထားက ထိန်းချုပ် အသုံးပြုမည် ဆိုလျှင်ကော။ တစ္ဆေရထားကြီး တစ်စီး ဖြစ်လာမတဲ့လား။

"မဆိုးဘူးပဲ"

ဝယ်ယူခြင်းနှင့် တပ်ဆင် ပြင်ဆင်ခြင်းတို့ကို တစ်ခါတည်း ပြီးပြတ်အောင် လုပ်ဆောင်လိုက်၏။

ဤရထား လက်နက်ကိရိယာက ရထားခေါင်းတွဲ၏ အရှေ့ပိုင်းတွင် စက်ဝိုင်းပုံ ပလက်ဖောင်းငယ်လေး တစ်ခုကို ထပ်တိုး ပေါ်ပေါက်လာစေရုံ သက်သက်သာ ဖြစ်သည်။

ရဲချီယန်က ဗီလိန်ကို ၎င်းနှင့် ချိတ်ဆက်လိုက်ရာ ရထားပေါ်၌ အရုပ်ငယ်အရွယ်အစားရှိသော ဗီလိန်၏ ပုံတူပွားလေးတစ်ခုပင် ပေါ်ထွက်လာခဲ့တော့သည်။

"တစ္ဆေအခြေအနေ"

[ အဆုံးမဲ့ စက်ယန္တရားကိရိယာ ] တစ္ဆေငါးမန်း ဒိုင်းလွှားက ဗီလိန်ထံမှနေ၍ ရထားခေါင်မိုးပေါ်ဆီသို့ လက်ခနဲ ကူးပြောင်း ရောက်ရှိလာ၏။

နောက်တစ်စက္ကန့်မှာပင် မူလက အစစ်အမှန် ဒြပ်ထုအဖြစ် တည်ရှိနေသော ရထားကြီးမှာ ထူးဆန်း အံ့ဩဖွယ်ရာ တစ္ဆေအခြေအနေသို့ ပြောင်းလဲသွားချေပြီ။

ရဲချီယန်သည် [ ကမ္ဘာ့အဆုံးသတ်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုသူ ] ဂုဏ်ပုဒ်ကို ဖြုတ်သိမ်းလိုက်ကာ ကာကွယ်ရေး အစီအမံများ အားလုံးကို ယာယီ ပိတ်ထားလိုက်ပြီး အီဗ်ကိုလည်း တိုက်ခိုက်မှုများ ရပ်တန့်ခိုင်းလိုက်သည်။

မကောင်းဆိုးဝါး အချို့ကို ရထားထံ လာရောက် ထိတွေ့ခွင့် ပြုလိုက်၏။

သူ ထင်ထားသည့်အတိုင်းပင် မကောင်းဆိုးဝါးတို့၏ တိုက်ခိုက်မှုများမှာ လေဟာနယ်ကိုသာ ထိုးကြိတ်မိသကဲ့သို့ လုံးဝ လွဲချော်သွားခဲ့လေသည်။

"တည်ရှိမယ့် အချိန်ကာလက ဗီလိန်နဲ့ မတူတော့ဘူးပဲ၊ ကိုယ်တိုင် ပြန်မတိုက်ခိုက်သရွေ့ ဒီအတိုင်း ဆက်လက် ထိန်းထားနိုင်တယ်။ ရထားမှာ တပ်ဆင်လိုက်ရင် လျှပ်စစ်စွမ်းအင် စားသုံးမှု ရှိမရှိ သိရအောင် အီဗ်... တိုက်ခိုက်ကြည့်စမ်း"

အမိန့်ပေးလိုက်သည်နှင့် ရထားခေါင်မိုးပေါ်၌ တစ္ဆေအခြေအနေ ခြုံရုံထားသော အီဗ်က ဝန်းရံ ခြောင်းခြောင်းထနေသည့် မကောင်းဆိုးဝါးတို့ကို စတင် တိုက်ခိုက်လေတော့၏။

"ထင်တဲ့အတိုင်းပဲ တိုက်ခိုက်လိုက်တာနဲ့ မုဒ်ထဲက ပြန်ထွက်သွားတယ်။ ထွက်ပြေးဖို့အတွက်တော့ အတော်လေး ကောင်းမွန်သလို နောက်တစ်ခေါက် ကမ္ဘာပျက် ဘူတာနဲ့ ထပ်ကြုံလာရင်တောင် အရင်တစ်ခေါက်ကလောက် သနားစရာ ကောင်းလောက်အောင် ဒုက္ခရောက်မှာ မဟုတ်တော့ဘူး"

တစ္ဆေအခြေအနေမှာ အလွန် ကောင်းမွန်သော်ငြား တစ္ဆေပုံသဏ္ဌာန် ပြောင်းလဲသွားခြင်းသာ ဖြစ်ပြီး လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မဟုတ်ချေ။

သန့်ရှင်းသော အလင်းတန်းအမျိုးအစား တိုက်ခိုက်မှုများကို ထိခိုက်လွယ်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော တိုက်ခိုက်မှုများ၏ သက်ရောက်မှုကို ခံရခြင်း ကဲ့သို့သော ကိုယ်ပိုင် ဆိုးကျိုးများ ရှိနေဆဲပင်။

သို့သော် မည်သို့ပင် ဆိုစေကာမူ ၎င်းက အားကိုးရသည့် ခိုင်မာသော စွမ်းရည်တစ်ခု ဖြစ်ပေ၏။

ရဲချီယန်သည် ဗီလိန်၏ အခြားသော နတ်ဘုရားအမြုတေ လက်နက်များကိုလည်း စမ်းသပ်ကြည့်လိုက်သည်။ ဆွေးမြည့်ခြင်းက ရထားကို လာရောက် တိုက်ခိုက်သော မကောင်းဆိုးဝါးများအား ဆွေးမြည့်ခြင်း တန်ပြန်ဒဏ်ရာ ရရှိစေပြီး ချော်ရည်ကလည်း ထိုနည်းတူပင် ဖြစ်၏။

ဂေါ်ဘလင် နတ်ဘုရား၏ လက်နက်တစ်ခုသာ အနည်းငယ် ထူးဆန်းနေခဲ့သည်။

"အာဏာမတည်ဘူးလား"

၎င်းက ရထား၏ လှုပ်ရှားမှုကို လုံးဝ မထိန်းချုပ်နိုင်ခဲ့သလို ဦးတည်ချက် ပြောင်းလဲခြင်းလေးမျှပင် မလုပ်ဆောင်နိုင်ခဲ့ချေ။

နတ်ဘုရားတစ်ပါး၏ စွမ်းအားက ရထား၏ လှုပ်ရှားမှုကို မလွှမ်းမိုးနိုင်ခြင်းမှာ သိပ်ပြီး အံ့ဩစရာတော့ မဟုတ်ပေ။

ရွေးချယ်စရာ နှစ်ခု ကျန်ရှိနေသေး၏။

တတိယတစ်ခုကတော့ အများကြီး ရှင်းပြနေစရာ မလိုလောက်အောင်ပင်။ ယခင်တစ်ခေါက်ကထက် အများကြီး ပိုမို ဈေးကြီးသော နေရာလွတ် ချဲ့ထွင်ခြင်း တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း နှစ်ဆ တိုးပွားစေခြင်း ဖြစ်ရာ ယခုတစ်ကြိမ် တိုးပွားလာမည့် ဧရိယာပမာဏမှာ ယခင်အကြိမ်ကထက် အဆပေါင်းများစွာ ပိုမို များပြားပေလိမ့်မည်။

ဝယ်ယူပြီးနောက် အကြီးမားဆုံးသော အကျိုးသက်ရောက်မှု ရှိသွားသည်မှာ ရေလှောင်ကန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ရထားတွဲများပင် ဖြစ်၏။

ထိုရထားတွဲ သုံးတွဲအတွင်း၌ ယခုအခါ ပိုမို များပြားသော အရာများကို မွေးမြူ စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံး တစ်ခုတည်းသာ ကျန်ရှိတော့၏။

[ ပေါင်းစပ် မော်ဂျူး ရထားတွဲ · လေ့ကျင့်ရေးကွင်း (အဆင့် ၅) ]

[ ရထားတွဲအတွင်း၌ ပစ်ကွင်းတစ်ခု ပါဝင်ပြီး အခြား မည်သည့် ရထားတွဲနှင့်မဆို ပေါင်းစပ်နိုင်သည်။ ]

၎င်းက ဈေးအပေါဆုံး ဖြစ်သကဲ့သို့ အသာမန်ဆုံး ရွေးချယ်စရာလည်း ဖြစ်ပေသည်။

ရထားဒင်္ဂါး ၅၀ ပြား သက်သက်မျှသာ ဖြစ်ရာ ယခု ရဲချီယန်အတွက်တော့ မုန့်ဖိုးပဲဆန်ဖိုးလောက်ပင် မရှိတော့ချေ။

"လေ့ကျင့်ရေးကွင်း ဟုတ်လား။ တကယ်လို့ ပေါင်းစပ်လိုက်မယ် ဆိုရင်..."

ရဲချီယန် အတန်ကြာ စဉ်းစားလိုက်ပြီးနောက် နဝမမြောက် ရထားတွဲရှိ လက်နက်တိုက် သိုလှောင်ရုံကြီးနှင့် ဤလေ့ကျင့်ရေးကွင်းကို ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

လက်နက်အမျိုးမျိုးကို သိုလှောင်ထားသည့် သိုလှောင်ရုံအတွင်း၌ လက်နက်များကို စမ်းသပ်ရန် လေ့ကျင့်ရေး ပစ်ကွင်းတစ်ခု ထပ်တိုးပါဝင်လာခြင်းမှာ ဘယ်လိုပင် ကြည့်ကြည့် အလွန် ယုတ္တိတန်သော ပေါင်းစပ်မှုပင် ဖြစ်၏။

ထိုမျှမက ပေါင်းစပ်မှုမှာ ရထားတွဲ၏ မူလ နေရာလွတ်ကို ဖယ်ရှား နေရာယူသွားခြင်း မဟုတ်ဘဲ အပို ထပ်ဆောင်း တိုးပွားလာစေခြင်းသာ ဖြစ်ပေသည်။

သိုလှောင်ရုံကြီး ကိုယ်တိုင်က အလွန် ဧရာမ ကြီးမားလှပြီးဖြစ်ရာ ထောင့်တစ်နေရာတွင် ဤလေ့ကျင့်ရေးကွင်းလေး ရှိနေခြင်းက မူလ အသုံးပြုမှုကို အနည်းငယ်မျှ ထိခိုက်မှု မရှိစေချေ။

"ဒီလေ့ကျင့်ရေးကွင်းက အဆင့် သိပ်မြင့်တဲ့ပုံ မပေါ်ဘူး။ အရင်ဆုံး တပ်ဆင်လိုက်တာ ကောင်းမယ်"

သူက လေ့ကျင့်ရေးကွင်း ရထားတွဲကို ဆင့်ခေါ်လိုက်လေ၏။

မကြာမီမှာပင် ရထားတွဲ တစ်တွဲက ကောင်းကင်ယံမှ တိကျစွာ ကျဆင်းလာပြီး ရထား၏ အနောက်ဆုံးပိုင်းတွင် ချိတ်ဆက် တပ်ဆင်သွားတော့သည်။

ရဲချီယန်သည် အချိန်အတော်ကြာကတည်းက ရရှိထားခဲ့သော [ ရထား မော်ဂျူး · ရထား နေရာမရွေး တံခါး ] ကို အသုံးပြု၍ ရထားခေါင်းတွဲမှ နောက်ဆုံးရှိ လေ့ကျင့်ရေးကွင်း ရထားတွဲဆီသို့ တိုက်ရိုက် ကူးပြောင်း သွားရောက်လိုက်၏။

"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"

[ စိတ်စွမ်းအား၊ ၆၆ -> ၅၅ ]

[ ပေါင်းစပ် မော်ဂျူး ရထားတွဲ · လေ့ကျင့်ရေးကွင်း -> ပေါင်းစပ် မော်ဂျူး ရထားတွဲ · သရုပ်ပြ တိုက်ပွဲဝင် စစ်တလင်း (အဆင့် ၆) ]

အနည်းငယ်မျှ အဆင့်မြင့် အသွင်ကူးပြောင်းလိုက်ရုံဖြင့် လေ့ကျင့်ရေးကွင်းမှာ အမည်ကို တိုက်ရိုက် ပြောင်းလဲသွားခဲ့ချေပြီ။

[ သရုပ်ပြ တိုက်ပွဲဝင် စစ်တလင်း ]

[ ဤဇုန်အတွင်း၌ တိုက်ပွဲဝင် ဧရိယာ ပတ်ဝန်းကျင် တစ်ခုကို အတုအယောင် ဖန်တီး သရုပ်ပြနိုင်သည်။ ဤနေရာတွင် သရုပ်ပြ တိုက်ပွဲများ ဆင်နွှဲသည့်အခါ ထိခိုက်ပျက်စီးမှု ဒဏ်ရာများ အားလုံးမှာ သုည ဖြစ်၏။ ]

[ မှတ်ချက်။ ဤစစ်တလင်းတွင် အမြင့်ဆုံး ခံနိုင်ရည် စွမ်းအား ကန့်သတ်ချက် တစ်ခု ရှိပေသည်။ ထိုကန့်သတ်ချက်ထက် ကျော်လွန်သွားပါက စစ်တလင်းမှာ ထိခိုက် ပျက်စီးသွားမည် ဖြစ်ပြီး ပြုပြင်ရန်အတွက် တွက်ချက်မှု ယူနစ်များ + တောက်လောင်မီးတောက် ကျောက်တုံး တို့ကို စားသုံး လိုအပ်လိမ့်မည်။ ]

All Chapters