အခန်း ၄၂၉
Vol. 36 Ch. 429
အခန်း (၄၂၉) မရဏလမင်း ဥယျာဉ်
တစ်ရက်၊ နှစ်ရက်၊ သုံးရက်...
ရဲချီယန် သူ၏စုတ်တံကို ချထားလိုက်ချိန်တွင် လုပ်ငန်းစဉ်ခုံထက်၌ လှပတင့်တယ်စွာ တောက်ပနေသော အနီရောင် မော်ဂျူးကို ကြည့်ကာ ကျေနပ်အားရသည့် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။
"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ"
သုံးရက်တိတိ အချိန်ယူခဲ့ရပြီး အမှားအယွင်း တစ်စက်ကလေးမျှ မရှိစေဘဲ သူ၏ ပထမဆုံးသော ရထားတွင်း လှုပ်ရှားမှု ကိုယ်ထည်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်း ဖြစ်၏။
【သီးသန့် · စိတ်ကြိုက်ပုံစံ · ရထားတွင်း လှုပ်ရှားမှု ကိုယ်ထည် · မရဏလမင်း ဥယျာဉ်】
【မည်သည့် ရထားတွဲအတွင်း၌မဆို တပ်ဆင်နိုင်ပြီး ထိုရထားတွဲ၏ အတွင်းပိုင်း ပတ်ဝန်းကျင်နှင့် ကောင်းကင်ယံကို မရဏလမင်း ဥယျာဉ်အဖြစ် ပြောင်းလဲပေးလိမ့်မည်။】
မရဏလောက မဟုတ်ဘဲ မရဏလမင်း ဥယျာဉ်ပေတည်း။
ကိုယ်ထည်တစ်ခုကို ဖန်တီးရာတွင် ပြင်းပြသော အာရုံစိုက်မှုနှင့် မိမိ၏ စိတ်စွမ်းအားကို အပြည့်အဝ နှစ်မြှုပ်ထားရန် လိုအပ်သည်။
လွန်ခဲ့သည့် သုံးရက်တာ ကာလအတွင်း ရဲချီယန်၏ စိတ်စွမ်းအားများ တဖြည်းဖြည်း စီးဝင်သွားစဉ် ရုတ်တရက် စိတ်ကူးဉာဏ် ကွန့်မြူးလာကာ သူ၏ ပါရမီစွမ်းရည်ကို စမ်းသပ် ဖွင့်လှစ်ခဲ့၏။
ထိုသို့ မရဏလောကနှင့် မရဏလမင်းဟူသည့် စာလုံးတစ်လုံး ကွာခြားသွားရခြင်းမှာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း၏ ရလဒ်ပင် ဖြစ်ချေသည်။
"တစ်ထိုင်တည်း တစ်ခါတည်းနဲ့ ပြီးပြတ်အောင် လုပ်စရာမလိုတဲ့ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းမျိုး... ဒါ ပထမဆုံးပဲ၊ ကိုယ်ထည်သခင် မော်ဂျူးကြောင့်များလား"
"ဘာပဲဖြစ်ဖြစ်ပါလေ... အောင်မြင်သွားရင် ပြီးတာပါပဲ"
အကြောအဆစ်များကို ဆန့်ထုတ်လိုက်ရင်း ရဲချီယန်က မော်ဂျူးကို ကောက်ယူလိုက်ကာ နေရာမရွေး တံခါးကို ဖွင့်လှစ်၍ စိုက်ပျိုးရေး ရထားတွဲဆီသို့ တိုက်ရိုက် ကူးပြောင်း သွားရောက်လိုက်သည်။
မရဏလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။ ဗိုက်စင်သီးပင်နှင့် အမည်းရောင် မရဏသစ်သီးပင်တို့က တစ်ပင်နှင့်တစ်ပင် အပြန်အလှန် အထောက်အပံ့ ပြုနေကြပြီး အဖြူနှင့် အနက် ပြတ်သားစွာ ကွဲပြားနေသော နယ်ပယ်တစ်ခုကို ဖန်တီးထားလေ၏။
"ငါ့ကို စိတ်မပျက်စေနဲ့နော်"
ရဲချီယန်၏ တီးတိုးရေရွတ်သံနှင့်အတူ မော်ဂျူးမှာ သူ၏ လက်ဝါးပြင်ထက်မှ ဖြည်းညင်းစွာ လွင့်မျော တက်သွားခဲ့ပြီး စိုက်ပျိုးရေး ရထားတွဲ၏ အလယ်ဗဟို တည့်တည့်ဆီသို့ ရောက်ရှိသွားတော့သည်။
ပန်းဝတ်ဆံလေးထဲတွင် အိပ်မောကျနေသော မရဏလေးမှာ တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား မျက်လုံးလေးများကို ပွတ်သပ်ရင်း ပျံသန်းလာကာ ရဲချီယန်၏ ပခုံးထက်၌ ဝင်ထိုင်ရှာ၏။
မော်ဂျူးက အမှုန်အမွှားများအဖြစ် ပြိုကွဲသွားခဲ့သည်။
ကမ္ဘာတစ်ခု၏ အတုအယောင် ပုံရိပ်ယောင်မှာ မျဉ်းကြောင်းများအသွင် ပေါ်ထွက်လာပြီး ရထားတွဲ တစ်တွဲလုံးကို ဖုံးလွှမ်းသွားချေ၏။
ဒင်္ဂါးခေါက်သံကဲ့သို့ ကြည်လင်သော အသံလေးတစ်ခု နားထဲသို့ ဝင်ရောက်လာသည်။
မော်ဂျူးထံမှ ထွက်ပေါ်လာသော အလွန်လှပသည့် ငွေဖြူရောင် အလင်းတန်းများက ရထားတွဲ တစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့ရာ ရဲချီယန် မသိမသာ မျက်လုံးများကို မှိတ်ထားလိုက်မိ၏။
ပြန်ဖွင့်ကြည့်လိုက်သည့် အချိန်တွင်မူ မြင်လိုက်ရသော မြင်ကွင်းကြောင့် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ရသည်။
ငွေရောင်လမင်းကြီး တစ်စင်းက ကောင်းကင်ယံ အမြင့်ပိုင်း၌ ချိတ်ဆွဲ လွင့်မျောနေ၏။
တောက်ပ လန်းဆန်းနေသော ကြယ်ရောင်စုံ ညဉ့်ယံအောက်တွင် မြေဆီလွှာထဲမှ ဖြာထွက် အလင်းစက်ကလေးများ လွင့်မျော တက်လာကြသည်။
အမည်မသိ နေရာမှ တိုက်ခတ်လာသော လေညင်းအေးလေးကြောင့် ပန်းပွင့်များမှာ ညင်သာစွာ ယိမ်းနွဲ့နေကြချေပြီ။
ထို့ပြင် ဗိုက်စင်သီးပင် တည်ရှိရာ နေရာ၌မူ အမည်မသိ အရပ်ဆီမှ နေရောင်ခြည် အလင်းတန်းတစ်ခုက ထိုအပင်ထက်သို့ သီးသန့် ကျရောက် ထိုးထွင်းနေလေသည်။
လရောင်မှာ နူးညံ့ သိမ်မွေ့သော်လည်း လင်းလက် တောက်ပနေ၏။
ကြယ်ရောင်တို့မှာလည်း မျက်စိပစရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိလွန်းနေသည်။
ရဲချီယန်သည် အစစ်အမှန် ကမ္ဘာကြီး တစ်ခုအတွင်းသို့ ရောက်ရှိနေသည့်အလား ဤဥယျာဉ်အတွင်း၌ ဖြည်းညင်းစွာ လမ်းလျှောက်သွားတော့၏။
【ဒေါင်။】
【မရဏလမင်း ဥယျာဉ် တပ်ဆင်မှု ပြီးမြောက်ပါပြီ။】
【ဤရထားတွဲသည် ရှေ့ဆက်စာလုံးအဖြစ် "မရဏလမင်း · စိုက်ပျိုးရေး ရထားတွဲ" ဟူ၍ ရရှိသွားပါပြီ။】
【ဤရထားတွဲအတွင်းရှိ မည်သည့် အပင်မဆို၏ ကြီးထွားမှု အမြန်နှုန်းသည် စုစုပေါင်း ကြီးထွားနှုန်း ၅၀၀ ရာခိုင်နှုန်း အပိုဆုကြေးကို ရရှိလိမ့်မည်။】
【ဤရထားတွဲအတွင်းရှိ အပင်များသည် ညှိုးနွမ်း ခြောက်သွေ့သွားမည် မဟုတ်ချေ။】
【မရဏလမင်း၏ အလင်းရောင် ထိုးထွင်းကျရောက်မှုအောက်တွင် အပင်များ၏ အထူး အကျိုးသက်ရောက်မှုများ ပိုမို အားကောင်းလာလိမ့်မည်။】
【ဤရထားတွဲ၏ နေရာလွတ်သည် ကမ္ဘာငယ်လေး တစ်ခု၏ တည်ဆောက်ပုံအဖြစ် သော့ခတ်ခံလိုက်ရပြီ ဖြစ်ရာ ရထား၏ ကိုယ်ပိုင် နေရာလွတ် ချဲ့ထွင်ခြင်း သက်ရောက်မှုကို ခံရမည် မဟုတ်တော့ပါ။】
【နေရောင်ခြည် တစ်ကွက်။ နေရောင်ခြည် လုံးဝ မရှိသင့်သော မရဏလမင်း ဥယျာဉ်သည် ဖန်တီးသူ၏ ပြုပြင် မွမ်းမံမှုကြောင့် ပြင်ပမှ နေရောင်ခြည်ကို စုဆောင်းကာ သတ်မှတ်ထားသည့် နေရာတစ်ခုဆီသို့ ရောင်ပြန်ဟပ် ထိုးထွင်းကျရောက် စေလိမ့်မည်။】
【သီးသန့် အကျိုးသက်ရောက်မှု။ မရဏလောက တီးတိုးသံ ပန်းပွင့်သည် ဤရထားတွဲအတွင်း၌ ပိုမို မြန်ဆန်သော ကြီးထွားမှုနှုန်းကို ရရှိလိမ့်မည်။】
【သီးသန့် အကျိုးသက်ရောက်မှု။ ရဲချီယန်သည် မရဏလေး၏ အံ့မခန်း အံ့ဩဖွယ်ရာကို ပိုင်ဆိုင်သွားပါပြီ။】
【ဤရထားတွဲ၏ မည်သည့် နေရာတွင်မဆို တံခါးများကို ဖွင့်လှစ်နိုင်ပြီး ပျားအုံရထားတွဲသည် ဤရထားတွဲနှင့် ထာဝရ ချိတ်ဆက် တည်ရှိနေလိမ့်မည်။】
"ရှည်လျားလိုက်တဲ့ စာတန်းကြီးပါလား"
ရဲချီယန်သည် ရှည်လျားလွန်းလှသော သတင်းအချက်အလက် စာတန်းကြီးကို ကြည့်လိုက်သော်ငြား သူ၏ နှုတ်ခမ်းထောင့်များမှာတော့ အပေါ်သို့ ကွေးတက်နေဆဲပင်။
အခြားသော အကျိုးသက်ရောက်မှုများကို ခဏ ဘေးဖယ်ထားလိုက်ဦး၊ စုစုပေါင်း ကြီးထွားနှုန်း ၅၀၀ ရာခိုင်နှုန်း ဆိုသည့် စာသားထဲမှ "စုစုပေါင်း"။
၎င်းမှာ အခြားသော အပိုဆုကြေးများ အားလုံးကို တွက်ချက်ပြီးသည့် နောက်ဆုံး အချိန်ကျမှသာ ဤ ၅၀၀ ရာခိုင်နှုန်းဖြင့် ထပ်မံ မြှောက်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်၏။
ဤစွမ်းရည် တစ်ခုတည်းကပင် ဤကိုယ်ထည်အပေါ် သူ ပေးဆပ်ခဲ့ရသော အချိန်နှင့် စိတ်ကူးဉာဏ်များ အားလုံးကို လုံးဝ တန်ကြေး ရှိသွားစေခဲ့ချေပြီ။
"ဒီရထားတွဲက ကမ္ဘာငယ်လေး တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားတာပဲ"
ရှာယာ၏ ဘုရားကျောင်း ရထားတွဲဆီသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က မြင်ကွင်းကို ရဲချီယန်၏ စိတ်အစဉ်၌ ပြန်လည် အမှတ်ရလာခဲ့သည်။
သေချာ စဉ်းစားကြည့်ပါက ထိုနေရာ၏ အတိုင်းအတာကလည်း ကမ္ဘာတစ်ခုဟု ခေါ်ဆိုနိုင်လောက်ပေ၏။
သို့ဆိုလျှင်...
"ငါလည်း အတန်အသင့် လိုက်မီသွားပြီလို့ ပြောလို့ရမလား"
"ဟက်... ငါ ပြောသားပဲ နောက်ဆုံးကျရင် ကြီးမားလာမှာပါလို့"
စိုက်ပျိုးရေး ရထားတွဲ၏ အတွင်းပိုင်း နေရာလွတ်မှာ ယခုအခါ လက်နက်တိုက် သိုလှောင်ရုံကဲ့သို့ပင် စုစုပေါင်း နေရာလွတ် အပိုဆုကြေး၏ သက်ရောက်မှုကို မခံရတော့ချေ။
သို့သော် ထိုသို့ ဖြစ်သွားခြင်းက နစ်နာ ဆုံးရှုံးသွားသည်ဟု မဆိုလိုပေ။
အဘယ်ကြောင့်ဆိုသော် ဤ လှုပ်ရှားမှု ရထားကိုယ်ထည်၏ အကျိုးသက်ရောက်မှုအောက်တွင် ရထားတွဲ၏ အတွင်းပိုင်း နေရာလွတ်သည် တိုက်ရိုက် ဆယ်ဆမက ကျယ်ပြန့် တိုးပွားသွားသောကြောင့် ဖြစ်၏။
မြေအောက်ကမ္ဘာ မြေဆီလွှာများ တဖြည်းဖြည်း ပျံ့နှံ့လာမည့် အချိန်ကို စောင့်ဆိုင်းပြီးသည်နှင့် ဗိုက်စင်သီးပင် အနည်းငယ် ထပ်မံ စိုက်ပျိုး ထုတ်လုပ်ရမည့် အချိန် တန်ပြီဟု ရဲချီယန် ခံစားလိုက်ရသည်။
ထို့ပြင် နောက်ဆုံး သီးသန့် အကျိုးသက်ရောက်မှု နှစ်ခုလည်း ရှိသေးသည်။
ပထမ တစ်ခုကိုမူ နားလည် သဘောပေါက်ရန် လွယ်ကူ၏။
အစကတည်းက ဤရထားကိုယ်ထည်သည် မရဏလေးနှင့် ဆက်နွှယ်မှု တစ်စုံတစ်ရာ ရှိလာလိမ့်မည်ဟု ရဲချီယန် ခံစားမိပြီး ဖြစ်သည်။
သို့သော် နောက်တစ်ခုကတော့...
"ကောင်မလေး... နင်က ငါ့ကို နောက်ထပ် ဘယ်လို အံ့ဩဖွယ်ရာမျိုး ယူဆောင်လာပေးဦးမှာလဲ"
မရဏလေးက သူမ၏ ပါးပြင်လေးဖြင့် ရဲချီယန်၏ လက်ချောင်းဖျားကို ပွတ်သပ်လိုက်သည်။ သူမက ထပ်မံ သမ်းဝေလိုက်ပြီး သူ၏ လက်ဝါးပြင်ကို မှီလျက် အိပ်မောကျသွားရှာ၏။
ရဲချီယန်က သူမကို မရဏလောက တီးတိုးသံ ပန်းဝတ်ဆံလေး ထဲသို့ ညင်သာစွာ ပြန်လည် ထည့်သွင်းပေးလိုက်သည်။ အမိန့်တစ်ခု ပေးပို့လိုက်သည်နှင့် ရထားတွဲမှ ထွက်ခွာမည့် အာကာသ တံခါးပေါက်တစ်ခုက ရှေ့မှောက်၌ ချက်ချင်း ပေါ်ထွက်လာတော့သည်။
"ငါ စိတ်ကူးထားခဲ့တဲ့ စွမ်းရည်တွေ အားလုံး နီးပါး ပါဝင်လာတာပဲ"
ထို နေရောင်ခြည် တစ်ကွက်လေး ဖြစ်စေ၊ ပျားအုံရထားတွဲဆီသို့ အမြဲတမ်း ဖွင့်လှစ်ထားသည့် အာကာသ တံခါးပေါက် ဖြစ်စေ ဤအရာအားလုံးမှာ ရဲချီယန် စုတ်တံဖြင့် ရေးဆွဲ ပုံဖော်ခဲ့သော စွမ်းရည်များသာ ဖြစ်ပေသည်။
ယခင်က လှုပ်ရှားနေတဲ့ ရထား ကိုယ်ထည်များ၏ အရေးပါမှုကို သူ လျှော့တွက်ခဲ့မိကြောင်း ဝန်ခံရပေမည်။
တကယ်လို့များ နောင်တစ်ချိန် အခွင့်အရေး ရခဲ့ပါက
ရထားတွဲတိုင်းအတွက် တစ်ခုတည်းသော သီးသန့် လှုပ်ရှားမှု ကိုယ်ထည် တစ်ခုစီ တပ်ဆင်ပေးနိုင်လျှင်...
တကယ်ကို မဆိုးလှချေ မဟုတ်ပါလား။
"ပင်ပန်းလိုက်တာ..."
【ကိုယ်ခံစွမ်းအား၊ ၇၁ (ကိုယ်ခံစွမ်းအား ကြီးမားစွာ ကုန်ခမ်းလျော့ကျမှု။)】
"ဒီလောက် ရက်အတော်ကြာတာတောင် ဒီလောက်လေးပဲ ပြန်ပြည့်သေးတာလား... အင်းလေ လွန်ခဲ့တဲ့ ရက်တွေက ကိုယ်ထည် ဖန်တီးနေတုန်း လုံးဝ မအိပ်ခဲ့ရတော့ စားသုံးနေဆဲ ဖြစ်မှာပေါ့"
ရဲချီယန်သည် သမ်းဝေလိုက်ရင်း သူ၏ ဇိမ်ခံ အိပ်မက် ကုတင်ကြီးပေါ်၌ လှဲလျောင်းလိုက်သည်။
လုပ်စရာတွေ အများကြီး ကျန်ရှိနေသေး၏။
ဥပမာအားဖြင့် လွန်ခဲ့သည့် ဘူတာရုံတွင် ဝေါလီ ရရှိခဲ့သော အဆင့် ၈ ရတနာသေတ္တာကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း မလုပ်ရသေးချေ။
နောက်ထပ် ဥပမာ ပြရလျှင် နောက်ဘူတာရုံမှာ အဆင့် ၉ ပလက်ဖောင်း ဖြစ်လာနိုင်သောကြောင့် မရောက်မီ ကြိုတင် ပြင်ဆင်မှုအချို့ လုပ်ဆောင်ထားသင့်ပေသည်။
သို့ရာတွင် ရဲချီယန် ကုန်းမထနိုင်ခင်မှာပင် တိတ်ဆိတ်စွာ နောက်မှ လိုက်ပါလာခဲ့သော လီဆက်က ရုတ်တရက် စကားဆိုလာခဲ့၏။
"သခင်... ကောင်းကောင်း အနားယူဖို့ လိုအပ်နေပါပြီ"
သူမ၏ အသံလေးမှာ ထူးခြားစွာ တည်ကြည် လေးနက်နေသည်။
မျက်နှာလေးထက်၌လည်း စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေရှာ၏။
"...အင်းပါ"
သူမ ပြောတာ မှန်ပေသည်။
ကောင်းကောင်း အနားယူသင့်သည့် အချိန် တန်ချေပြီ။
သူက စနစ်၏ အလင်းမျက်နှာပြင်ကို ခပ်ပေါ့ပေါ့ပင် ဖွင့်ကြည့်လိုက်သည်။ လွန်ခဲ့သည့် သုံးရက်လုံးလုံး အပြည့်အဝ အာရုံစိုက်ထားခဲ့ရသဖြင့် တစ်ယောက်ယောက် သတင်းစကား ပေးပို့ထားခြင်း ရှိမရှိကိုပင် ကြည့်ရှုရန် အချိန် မရခဲ့ချေ။
တကယ်ပင် စာအချို့ ရောက်ရှိနေခဲ့သည်။
ထိုမျှမက တစ်ယောက်တည်းထံမှလည်း မဟုတ်ပေ။
ကျောက်လင်။ 【"အစ်ကို ရဲချီယန်... အစ်ကို လာလောက်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိပေမယ့် ကျွန်မတို့နဲ့ တစ်သုတ်တည်း ပါလာတဲ့ ကျောက်အန်း ဆိုတဲ့ ရထားမောင်းနှင်သူက ပွဲတော်တစ်ခု ကျင်းပနေတယ်။ တခြား ဇုန်တွေက ကျွန်မတို့နဲ့ တစ်သုတ်တည်း ပါလာတဲ့ ရထားမောင်းနှင်သူ အများအပြားလည်း အဲဒီကို လာကြလိမ့်မယ်လို့ ပြောနေကြတယ်"】
【"အစ်ကိုရော လာမလား"】
နောက်ထပ် သတင်းစကားတစ်ခုမှာ အချိန်အတော်ကြာ မတွေ့ရတော့သည့် အမည်တစ်ခုထံမှ ဖြစ်၏။
ရှန်ကွမ်းရင်းရွှယ်။ 【"တကယ်လို့ အချိန်ရရင် ပင်လယ်စွန်ရဲ ကျွန်းကို လာခဲ့လို့ ရတယ်။ ကျွန်မတို့ အသုတ်က ရထားမောင်းနှင်သူ အများအပြား ဒီနေရာမှာ စုဝေးပြီး ကုန်သွယ်ရေးပွဲတော် တစ်ခု ကျင်းပကြလိမ့်မယ်။ ဒါက ဖိတ်စာပါ၊ အတွင်းခန်းမဆီကို တိုက်ရိုက် ဝင်ရောက်နိုင်ပါတယ်"】
သတင်းစကား နှစ်ခု ဖြစ်သော်လည်း ကိစ္စရပ် တစ်ခုတည်းအကြောင်းကို ပြောဆိုနေကြခြင်းပင်။
ပင်လယ်စွန်ရဲ ကျွန်း ဟုတ်လား။
သူ တစ်ခါမျှ မကြားဖူးသော နေရာတစ်ခု။
သို့သော်...
"အဲဒါ မြို့တော် တစ်ခုပဲ မလား"
"အင်း... သွားပြီး အပန်းဖြေ အနားယူလိုက်ရင်ရော ဘယ်လိုလဲ"