အခန်း ၇၅၃
Vol. 73 Ch. 753
အခန်း (၇၅၃)။
ယခုအခါတွင် အင်အားစု သုံးဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး အကဲခတ်လျက် ရှိနေကြသည်။ ကျောက်စိမ်းမြို့တော်ရှိ ဝူဝမ်မြို့စားစံအိမ်၏ အကြွင်းအကျန်များကြားတွင် အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ကောင်းလှသည်။ ရှေးဦးနတ်ဘုရားဘုရင်၊ ဟုန်ယွိ၊ ရွှီဝူယွိ နှင့် ခုန်း တို့အားလုံးမှာ အလယ်ဗဟိုရှိ ပြတ်တောက်နေသော အမြီးပိုင်းကိုသာ အာရုံစိုက်နေကြ သည်။
ခုနစ်တောင် ရှစ်တောင်ခန့် ရှည်လျားသော ထိုအမြီးပိုင်းမှာ စကြဝဠာတစ်ခုလုံး၏ ဗဟိုပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။
ခုန်းသည်လည်း ထိုအမြီးကို အလွန်အမင်း ရယူလိုနေသည်။ အကယ်၍ သူသာ ရရှိသွား ပါက 'အသွင်မျိုးစုံပြောင်းလဲခြင်းနယ်ပယ်' သို့ တစ်ဟုန်ထိုး တိုးတက်သွားနိုင်ရုံသာမက 'ဟင်းလင်းပြင်ဖျက်ဆီးခြင်းနယ်ပယ်' အဆင့်သို့ပင် တက်လှမ်းနိုင်ရန် အခွင့်အလမ်း ရှိပေ သည်။
အင်မော်တယ် နတ်ဘုရားဘုရင်မှာမူ မူလစွမ်းအင်များ အပြင်းအထန် ထိခိုက်ထားရာ လျော့ပါးသွားသော မူလစွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန်အတွက် သူ၏အမြီးကို သဘာဝအတိုင်း ပြန်လည် ရယူလိုနေသည်။
'ဘုရင်တစ်သောင်း သွေးပူဇော်ခြင်း' ကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုခဲ့ရပြီး အမြီး တစ်ချောင်းလည်း ဆုံးရှုံးခဲ့ရရာ ရှေးဦးနတ်ဘုရားဘုရင်များ၏ ခေါင်းဆောင်ဖြစ်သည့် သူပင်လျှင် ဤဒဏ်ရာကို တောင့်ခံရန် ခက်ခဲလှသည်။ အကယ်၍ အခြားသော နတ်ဘုရား ဘုရင်တစ်ပါးသာဆိုလျှင် သေဆုံးသွားခြင်း သို့မဟုတ် နှစ်ပေါင်း ထောင်ချီ၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်းမျိုး ဖြစ်နေပေလိမ့်မည်။ ကော့လီနတ်ဘုရားဘုရင်မမှာမူ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှိနေသည်။
သို့သော်လည်း အင်မော်တယ် နတ်ဘုရားဘုရင်မှာ ကြံ့ကြံ့ခံ ရပ်တည်နေဆဲ ဖြစ်ရာ ဟုန်ယွိ ပင်လျှင် သူ့ကို ချီးကျူးမိသည်။ မူလစွမ်းအင်နှင့် ပတ်သက်လာလျှင် ဤနတ်ဘုရားဘုရင် သည် တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသူ ဖြစ်ပေလိမ့်မည်။ သူသည် အလွန်တရာ အစွမ်းထက်လွန်းလှသည်။ ခုနက တိုက်ပွဲအတွင်း၌ ဧကရာဇ်ချန်ရှန်းသည် အဘယ်ကြောင့် သူ့ကို ချိပ်ပိတ်ရုံသာ ပြုလုပ်နိုင်ပြီး အဆုံးတိုင် မဖျက်ဆီးနိုင်ခဲ့လဲ ဆိုသည်ကို ဟုန်ယွိ နားလည်သွားခဲ့သည်။
အကယ်၍ ဤအင်မော်တယ် နတ်ဘုရားဘုရင်သာ သူ၏ အထွက်အထိပ် အဆင့်တွင် ရှိနေ မည်ဆိုလျှင် သူ့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူသည် ရှေးဦးမူလစွမ်းအင်နှင့် တာအိုတို့၏ ကိုယ်ပွားဖြစ်ပြီး ကောင်းကင်ဘုံကို အုပ်စိုးသော မဟာတည်ရှိမှုတစ်ခု ဖြစ်သည်။
ယခု အခြေအနေမှာ ဟုန်ယွိနှင့် အင်မော်တယ် နတ်ဘုရားဘုရင် နှစ်ဦးစလုံး ဒဏ်ရာရနေ ကြပြီး ရွှီဝူယွိနှင့် ခုန်းတို့မှာမူ အင်အား အပြည့်ရှိနေကြသည်။ ဤအခြေအနေမှာ ဟုန်ယွိ အတွက် အလွန်ပင် ဆိုးရွားလှသည်။ အင်မော်တယ် နတ်ဘုရားဘုရင်မှာ အမြီးကို စွန့်လွှတ် ကာ အချိန်မရွေး ထွက်ခွာသွားနိုင်သော်လည်း၊ ဟုန်ယွိမှာမူ ကျောက်စိမ်းမြို့တော်ကြီးကို စွန့်ခွာ၍ မရနိုင်ပေ။
သို့သော်လည်း ဟုန်ယွိ၏ စိတ်အတွင်း၌ စိုးရိမ်ထိတ်လန့်မှုများ မရှိတော့ပေ။ မည်သို့သော အခြေအနေနှင့် ရင်ဆိုင်ရစေကာမူ သူ၏ စိတ်သည် အောင်မြင်မှုအပေါ်တွင်သာ အကြွင်းမဲ့ ယုံကြည်မှု ရှိနေသည်။ ကျရှုံးခြင်းဟူသော မျိုးစေ့မှာ သူ၏ စိတ်အတွင်း၌ မရှိတော့ပေ။ ဤသည်မှာ ယန်နတ်ဘုရား အဆင့်သို့ ချိုးဖျက်ရန် ကြိုးပမ်းခြင်းမှ ရရှိလာသော မဟာ အောင်မြင်မှု ဖြစ်သည်။
သူသည် ယန်နတ်ဘုရား ဖြစ်မလာခဲ့သော်လည်း ၎င်းမှာ သူအစွမ်းမရှိ၍ မဟုတ်ဘဲ သူ၏ ရည်မှန်းချက်က ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ယန်နတ်ဘုရား ဖြစ်ရန် တစ်ဝက်ခန့် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွှီဝူယွိနှင့် ခုန်းတို့ အင်အားအပြည့်နှင့် ရှိနေစေကာမူ ဟုန်ယွိမှာ ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ အငွေ့အသက်နှင့် ယုံကြည်ချက်မှာ နေနှင့်လကဲ့သို့ပင် ခိုင်မာ တောက်ပနေသည်။
ထို့အပြင် ရွှီဝူယွိသည် ခုန်းနှင့် ပူးပေါင်းကာ သူ့ကို တိုက်ခိုက်မည် မဟုတ်ကြောင်းလည်း ဟုန်ယွိ သိရှိသည်။ ဤကဲ့သို့ အထွက်အထိပ် သိုင်းပညာရှင်ကြီးများတွင် သူ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိပေသည်။
ခန့်မှန်းထားသည့်အတိုင်းပင် ရွှီဝူယွိက စတင် ပြောကြားလိုက်သည်။ "ညီနောင်ယွိ... မင်း ဘာလို့ အဲဒီလို ပြောရတာလဲ။ ငါသာ မင်းနဲ့ တိုက်ခိုက်ချင်ရင် ဘယ်သူ့အကူအညီမှ မယူဘဲ တရားမျှတစွာ တိုက်မှာပါ။ အင်မော်တယ် နတ်ဘုရားဘုရင်နဲ့ တိုက်ရရင်တောင် ငါ တစ်ယောက်တည်း တိုက်မှာ။ ဒီနေ့ ငါ ပေါ်လာရတဲ့ ပထမအကြောင်းရင်းက ညီနောင်ယွိရဲ့ ယန်နတ်ဘုရားအဆင့် ထိုးဖောက်တဲ့ အငွေ့အသက်ကို ခံစားမိလို့ပဲ။ တကယ့် ယန်နတ်ဘုရားတစ်ပါး ဖြစ်လာတဲ့ အခိုက်အတန့်မှာ ဘာတွေ ဖြစ်ပျက်လဲဆိုတာကို ငါ မြင်ချင်လို့ ရောက်လာတာ။ ဒုတိယအချက်ကတော့ ဟုန်ရွှန်ကျိ အတွက်ပဲ။ တကယ်လို့, ညီနောင်ယွိက ငါ ဒီအသားခဲကြောင့် လာတယ်လို့ ထင်နေရင်တော့ မင်း မှားသွားလိမ့်မယ်။ တစ်နေ့မှာ ငါကိုယ်တိုင် မင်းကို အနိုင်ယူပြီး အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ အသားနဲ့ သွေးတွေကို သုံးပြီး လူတစ်ယောက်ကို ပြန်ဖန်တီးဦးမှာ... အင်မော်တယ် နတ်ဘုရား ဘုရင်... ဒီလူကိုတော့ မင်း ကောင်းကောင်း သိမှာပါ"
ဟင်းလင်းပြင် ဖျက်ဆီးခြင်းနယ်ပယ်နှင့် အနီးစပ်ဆုံး ရောက်ရှိနေသော ဤသိုင်းပညာရှင် ကြီးသည် ဟုန်ယွိကိုသာ စိုက်ကြည့်နေပြီး ဟင်းလင်းပြင်ထဲရှိ အမြီးကိုမူ လှည့်ကြည့်ရုံပင် မလုပ်ပေ။ ထိုအမြီးကြီးမှာ သူ့အတွက် စိတ်ဝင်စားစရာ မကောင်းသည့်အလားပင်။
သူ့ကဲ့သို့အဆင့်မျိုးတွင်မူ မည်သို့သော မူလစွမ်းအင်များဖြင့် အားဖြည့်ပေးစေကာမူ အကျိုးသက်ရောက်မှုမှာ နည်းပါးလှပေသည်။ ဟင်းလင်းပြင်ဖျက်ဆီးခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာ မိမိ၏ကိုယ်ပိုင် အသိဉာဏ်နှင့် ထိုးထွင်းမြင်သိမူအပေါ်တွင်သာ မူတည်ပေသည်။
"မင်းက ငါ့ကို အနိုင်ယူပြီး ငါ့ရဲ့ အသားနဲ့ သွေးတွေကို သုံးကာ မင်းချစ်သူကို ပြန်ဖန်တီးချင် တာလား။ ဟိုးအရင်တုန်းက ငါ မင်းကို အဲဒီအမျိုးသမီးကို ငါ့ဆီမှာ ပူဇော်ရင် အထွက် အထိပ် သိုင်းပညာတွေ သင်ပေးမယ်လို့ ပြောခဲ့တာက မင်း ဘယ်လို ရွေးချယ်မလဲဆိုတာ ကို စမ်းသပ်ကြည့်ရုံသက်သက်ပဲ။ မင်း တကယ် လုပ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ အဲဒါကို ကြည့်ရင် မင်းက တကယ့်ကို နှလုံးသား မရှိတဲ့လူပဲ" အင်မော်တယ် နတ်ဘုရားဘုရင်က ရွှီဝူယွိ၏ စကားကို နားထောင်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ မင်း ဘာလို့ ငါ့အသားနဲ့ သွေးတွေကို သုံးပြီး အဲဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ဖန်တီးချင်ရတာလဲ။ မင်းရဲ့ စရိုက်အရ မင်းက သံယောဇဉ်တွေကို ဂရုစိုက်မယ့်လူမျိုး မဟုတ်ပါဘူး"
"ဘာမှ မဟုတ်ပါဘူး၊ ငါ့စိတ်အာရုံ ကြည်လင်ဖို့အတွက်ပါ။ ငါ မင်းကို ကိုယ်တိုင်သတ်ပြီး အကြွင်းမဲ့ ဖျက်ဆီးပစ်မယ်။ ဒီကမ္ဘာကြီးနဲ့ ရှေးဦးတာအိုရဲ့ ကိုယ်ပွားကို ငါ ဖျက်ဆီးပစ်မယ်။ အဲဒါ ငါ့ဆန္ဒပဲ"
"ဟားဟား... ဟားဟား..." အင်မော်တယ် နတ်ဘုရားဘုရင်က ရယ်မောလျက် ခေါင်းခါ လိုက်သည်။ "မင်းမှာ အခွင့်အရေး မရှိပါဘူး ရွှီဝူယွိ။ မင်း ဟင်းလင်းပြင်ဖျက်ဆီးခြင်း နယ်ပယ်ကို ရောက်ခဲ့ရင်တောင် ငါ့ကို မဖျက်ဆီးနိုင်ပါဘူး။ ငါက ကောင်းကင်ဘုံရဲ့ ဂုဏ်ယူ ဖွယ် သားတော်ပဲ၊ ခေတ်တစ်ခေတ်ရဲ့ သားတော်ပဲ။ ငါ့ရဲ့ နောက်ခံက မင်းထက် အများကြီး ပိုမြင့်မြတ်တယ်။ ဒါပေမဲ့ ဒုတိယအချက်ကို ပြောပါဦး၊ မင်း ဘာလို့ ဟုန်ရွှန်ကျိ အတွက် ရောက်လာတာလဲ။ အခု ဟုန်ရွှန်ကျိရဲ့ သိုင်းပညာတွေ အကုန် ပျက်စီးသွားပြီ၊ သူ့မှာ ကျန်တာဆိုလို့ 'အသွင်မျိုးစုံပြောင်းလဲခြင်းနယ်ပယ်' ရဲ့ အတွေ့အကြုံတွေပဲ ရှိတော့တာ။ အဲဒါတွေက မင်းအတွက် ဘာမှ အသုံးမဝင်ပါဘူး"
"အသုံးဝင်တာပေါ့။ ဟုန်ရွှန်ကျိက သိုင်းပညာမှာ ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့ အတွေး အခေါ်တွေက ငါ့ကို အများကြီး အသိဉာဏ် ပွင့်စေခဲ့တယ်။ ငါ သူ့ရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေကို ပြန်ရအောင် လုပ်ပေးပြီး ဟင်းလင်းပြင်ဖျက်ဆီးခြင်း နယ်ပယ်အပေါ် သူ့ရဲ့ နားလည်မှုတွေကို သိချင်သေးတယ်။ ဒီလောကမှာ ပညာရှင်တွေက အရမ်း နည်းလွန်း တယ်။ ရှေးဦးခေတ်နဲ့ ယှဉ်ရင် ယန်နတ်ဘုရား တစ်ပါးတောင် မရှိဘူး၊ ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်ကို ရောက်ဖူးသူလည်း မရှိဘူး။ တကယ့်ကို အထီးကျန်စရာပဲ"
ရွှီဝူယွိ၏ စကားများမှာ ရိုးရှင်းလှသော်လည်း နားထောင်ရသူအဖို့ တုန်လှုပ်စရာ ကောင်းလှ ပေသည်။
"ညီနောင်ယွိ... ဟုန်ရွှန်ကျိကို ငါ့ဆီ လွှဲပေးပါ၊ ဒါဆို ငါ ချက်ချင်း ထွက်သွားမယ်" ရွှီဝူယွိက ဟုန်ယွိဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဟုန်ရွှန်ကျိကို မင်းဆီ လွှဲပေးရမယ် ဟုတ်လား။ အဓိပ္ပာယ် မရှိလိုက်တာ" ဟုန်ယွိသည် အမူအရာ ကင်းမဲ့စွာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်လည် စုစည်းနေသည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဝင်နေသည်။ "ဒါ့အပြင် ဟုန်ရွှန်ကျိရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေကို ပြန်ရအောင် လုပ်ဖို့ဆိုတာ မလွယ်ဘူး။ မင်းရဲ့ မူလစွမ်းအင်အားလုံးကို သူ့ဆီ လွှဲပေးရင် တောင် ဒါက ဖြစ်နိုင်မယ် မထင်ဘူး။ မင်းမှာ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ငါ မယုံဘူး"
"ဒီအမြီးရှိရင်ကော မရနိုင်ဘူးလား" ရွှီဝူယွိက အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးကို ညွှန်ပြလိုက်သည်။
"ဟင်... ညီနောင်ရွှီက ဒီအမြီးကို မလိုချင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား" ဟုန်ယွိ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသည်။
"ငါကိုယ်တိုင်အတွက်တော့ မလိုပါဘူး။ ဒါပေမဲ့ ဟုန်ရွှန်ကျိနဲ့ ခုန်းတို့အတွက်တော့ လိုအပ် တယ်။ ငါက ညီနောင်ယွိကို ဝိုင်းမတိုက်ဘူး ဆိုပေမဲ့၊ ငါရွှီဝူယွိက စကားပြောရလွယ်တဲ့ လူလို့ မင်း ထင်နေတာလား။ ငါက အလျှော့ပေးမယ့်လူလို့ ထင်နေတာလား" ရွှီဝူယွိက ပြုံးလိုက်သည်။ "ငါ့ရဲ့နည်းလမ်းတွေက အင်မော်တယ် နတ်ဘုရားဘုရင်ထက် မနိမ့်ပါဘူး။ တကယ်လို့ ခုန်းက ဒီအမြီးကို ယူပြီး ဟုန်ရွှန်ကျိကို ထိန်းသိမ်းထားမယ်ဆိုရင်၊ ငါ အသက် ဆယ်ရှိူက်အတွင်းမှာ ဒီမြို့ထဲက လူအားလုံးကို သတ်ပစ်နိုင်တယ်၊ မင်း ထောက်ခံထားတဲ့ ဧကရာဇ်နဲ့ မင်းရဲ့ တာအိုလက်တွဲဖော်လည်း ပါတာပေါ့။ ညီနောင်ယွိ ဘယ်လို ထင်လဲ"
"ညီနောင်ရွှီရဲ့ စကားတွေအရဆိုရင် နောင်တစ်ချိန်မှာ မင်းရဲ့အသက်ကို ငါ ယူရတော့မယ့် ပုံပဲ။ ညီနောင်ရွှီက တကယ်ပဲ မြို့ထဲက လူတွေရဲ့ အသက်နဲ့ ငါ့ကို ခြိမ်းခြောက်နေတာ လား" ဟုန်ယွိက ရယ်မောလိုက်သော်လည်း ၎င်းမှာ ပျော်ရွှင်၍ ရယ်မောခြင်း မဟုတ်ပေ။
"ငါ့မျက်လုံးထဲမှာတော့ အစွမ်းထက်တဲ့လူတွေမှာပဲ အသက်ရှိတယ်။ အားနည်းတဲ့လူတွေ မှာ အသက်မရှိဘူး။ ဥပမာပြောရရင် ကလေးတစ်ယောက်က ပုရွက်ဆိတ် သန်းပေါင်းများ စွာကို သတ်တာက နှလုံးသား မရှိလို့ မဟုတ်ပါဘူး" ရွှီဝူယွိက အေးစက်စွာ ပြောလိုက် သည်။ "ငါ ညီနောင်ယွိလို လူမျိုးကို လေးစားပါတယ်။ ဒါပေမဲ့ အခြားသူတွေကိုတော့ လေးစားစရာ မလိုဘူး။ ငါတို့ကြားမှာ တစ်နေ့ တိုက်ပွဲဖြစ်ကြမှာပါပဲ။ သေခြင်းနဲ့ ရှင်ခြင်းကို ဆုံးဖြတ်ရတာက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ။ ကဲ... ခုန်း၊ အင်မော်တယ် နတ်ဘုရား ဘုရင်ရဲ့အမြီးကို သွားယူလိုက်တော့"
ရွှီဝူယွိက ပြောရင်းနှင့် ဟုန်ယွိဘက်သို့ မျက်နှာမူလိုက်ရာ၊ အကယ်၍ ဟုန်ယွိသာ ခုန်းကို တားဆီးရန် ကြိုးပမ်းပါက သူသည် မြို့ထဲရှိ လူအားလုံးကို ချက်ချင်း သတ်ဖြတ်တော့မည့် အသွင် ရှိနေသည်။
"ကောင်းပြီ"
ခုန်းက ဟားဟားရယ်ကာ ပြောလိုက်သည်။ "ဟုန်ယွိ... ဟိုးအရင်တုန်းက မင်း ငါ့ရဲ့ ဆာဟာ ရတနာသစ်ပင်ကို လုယူခဲ့တယ်။ ဒီနေ့တော့ တစ်ချက်ချင်း ပြန်ပေးဆပ်ရမယ်။ သူတော်စင် ဧကရာဇ် 'ယွမ်' ပြောတာ မှန်တယ်၊ ကံတရားဆိုတာ မလွဲမသွေ ပြန်လာတာ ပဲ။ အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ သွေးသားတွေကို ရပြီး ဝါးမျိုလိုက်လို့ ငါ 'အသွင်မျိုး စုံပြောင်းလဲခြင်းနယ်ပယ်'နဲ့ ဟင်းလင်းပြင်ဖျက်ဆီးခြင်း နယ်ပယ်ကိုပါ ရောက်သွားရင် မင်းဆီကနေ ငါ့ဆုံးရှုံးခဲ့တဲ့အရာမှန်သမျှ ပြန်လာယူမယ်။”
ခုန်းက ဟင်းလင်းပြင်အတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ခုနစ်ပေ ရှစ်ပေခန့် ရှည် သော အမြီးကြီးကို လှမ်းဖမ်းလိုက်သည်။ သူ၏ ကြီးမားသော လက်ဝါးကြီးမှာ 'ကောင်းကင် နှင့် မြေကြီးကြိတ်ဆုံ' အဖြစ် ပြောင်းလဲကာ အမြီးကို ပြင်းထန်စွာ ဆုတ်ကိုင်လိုက်သည်။
သို့သော် ဟုန်ယွိမှာမူ အနည်းငယ်မျှ မလှုပ်ရှားပေ။ အကြောင်းမှာ သူ လှုပ်ရှားလိုက်သည် နှင့် ရွှီဝူယွိက တိုက်ခိုက်မည်ကို သိနေသောကြောင့်ပင်။
အင်မော်တယ် နတ်ဘုရားဘုရင်မှာလည်း မလှုပ်ရှားပေ။ သူ၏ လက်ရှိ အခြေအနေဖြင့်ဆို လျှင် ရွှီဝူယွိကို အနိုင်ရရန် အခွင့်အရေး မရှိကြောင်း သူ ကောင်းကောင်း သိသည်။
ဝူး... ဝူး...
အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးမှာ နောက်ဆုံးတွင် ခုန်း၏ လက်ထဲသို့ ရောက်ရှိ သွားခဲ့သည်။
ခုန်းသည် ထိုသွေးသားခဲအတွင်းရှိ ပြင်းထန်သော စွမ်းအားများကို ခံစားလိုက်ရပြီး အလွန် ပင် စိတ်လှုပ်ရှားသွားသည်။ သူက ကောင်းကင်ယံသို့ မော့ကြည့်ကာ လရောင်အောက်မှ ဝံပုလွေတစ်ကောင်ကဲ့သို့ စိတ်လှုပ်ရှားစွာ ဟိန်းလိုက်ရာ သူ၏ အသံမှာ ကျောက်စိမ်း မြို့တော်ကို မြေငလျင် နောက်တစ်ကြိမ် လှုပ်သွားစေမည့်အလား ပြင်းထန်လှသည်။ ဤသွေးသားခဲ၏ စွမ်းအားမှာ 'ထာဝရအသက်တာအိုသစ်သီး' ထက် ဆယ်ဆမျှ ပိုမို အစွမ်းထက်နေပြီး အင်မော်တယ် နတ်ဘုရားဘုရင်၏ စွမ်းအား သုံးပုံတစ်ပုံခန့် ညီမျှနေ သည်။
“ငါ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်စမ်း”
ခုန်းက အမြီးကို ဖမ်းဆုပ်ပြီးနောက် အသားတစ်ဖဲ့ကို ဆွဲဖဲ့ကာ ပါးစပ်ထဲသို့ ထည့်၍ ဝါးလိုက်သည်။ ထို့နောက် သူ၏သွားများကြားမှ ပြင်းထန်သော မူလစွမ်းအင်မီးလျှံများ ထွက်ပေါ်လာပြီး ထိုသွေးသားခဲကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရန် ကြိုးစာလိုက် သည်။ ခုန်း၏ သွားများကြားမှ ထွက်ပေါ်လာသော ထိုစိမ်းဖန့်ဖန့် မီးလျှံများမှာ ‘အစစ်မှန် ငရဲမီးလျှံ' ဟု ခေါ်သော ဝိညာဉ်ကို ချောမွေ့စေသည့် လျှို့ဝှက်ပညာရပ် ဖြစ်သည်။
ဇီး... ဇီး...
ကိုက်ဖဲ့ခံလိုက်ရသော အသားခဲမှာ လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားနေသည့် အလား တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။ တစ်ချိန် တည်းမှာပင် ထိုသွေးသားစိုင်မှာ ပြင်းထန်စွာ တွန့်လိမ်သွားပြီး အစူးရှဆုံးသော အော်ဟစ် သံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ အပ်တစ်ချောင်းကဲ့သို့ စူးရှလှပြီး 'ခုန်း' ၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
“ဂီတနုတ်မှတ် ဆူးသွားတာအို”
ရွှီဝူယွိက ဤအခြင်းအရာကို မြင်သည်နှင့် ခုန်းကို သတိပေးလိုက်သည်။
"ခုန်း... မင်းက ဒီအသားစိုင်ကို အဲဒီလို ပေါ်ပေါ်ထင်ထင်ကြီး စုပ်ယူချင်တာလား။ မင်း ငါ့ကို အရမ်း အထင်သေးတာပဲ။ ယန်နတ်ဘုရား နယ်ပယ်ဆိုတာ မင်း နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး" ဟုန်ယွိက ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။
ပထမဦးစွာ ခုန်းသည် အသားစိုင်ခဲမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုကြောင့် အပ်စိုက် မှတ်များတွင် နာကျင်မှုကို ခံစားလိုက်ရပြီး မူလစွမ်းအင်များ ယိုစိမ့်လာခဲ့သည်။ သို့သော် ၎င်းမှာ သူ့ကို အနည်းငယ်သာ ဒဏ်ရာရစေနိုင်သည်။
"အပ်စိုက်မှတ်တွေ ပိတ်စမ်း"
ခုန်းက အသားတစ်ဖဲ့ကို ပြန်ထွေးထုတ်လိုက်ပြီး ဒေါသတကြီး ဟစ်အော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များမှာ လိပ်ပြာကောင်ကဲ့သို့ ထောင်ထလာသည်။ ခုန်း၏ အမွေးအမှင်များမှာ ယခုအခါ အထက်တန်းစား ပျံသန်းသော ဓားများထက်ပင် ပိုမို ထက်မြက်လှသည်။ သူ၏ တစ်ကိုယ်လုံးတွင် လျှပ်စီးမီးပွားများ တဖြဖြ တောက်လောင် နေပြီး ပြင်ပတိုက်ခိုက်မှု မှန်သမျှကို တားဆီးနိုင်သည့် 'မီးလျှံလျှပ်စီး အမွှေးအမျှင် အကာ အကွယ်’ နတ်ဘုရားတန်ခိုး စွမ်းအား' ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင်ပင် သူ၏လက်ထဲရှိ ကြီးမားလှသော အမြီးသွေးသား စိုင်ကြီးမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ မျက်နှာနှင့် ဟုန်ယွိ၏ ခန္ဓာကိုယ် အဖြစ် ပြောင်းလဲသွားတော့သည်။
အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးသည် နောက်ထပ် ဟုန်ယွိ တစ်ယောက်အဖြစ်သို့ အသွင်ပြောင်းသွားခြင်းပင်။
"ကောင်းကင်နဲ့မြေကြီး အတူရှင်သန်ခြင်း၊ 'ကိုးကိုးလုံး တစ်ခုတည်းပေါင်းစည်းခြင်း'
သွေးသားစိုင်ကြီး ပြောင်းလဲလာသော ဟုန်ယွိ၏ ကိုယ်ပွားသည် ပြိုင်ဘက်ကင်းသော နတ်ဘုရားတန်ခိုး စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်သီးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲမှ မရေမတွက်နိုင်သော မှော်သင်္ကေတများ ထွက်ပေါ်လာပြီး စွမ်းအားလှိုင်းများမှာ တစ်ခုပြီးတစ်ခု ထပ်ဆင့်ကာ 'ခုန်း' ၏ ဦးခေါင်းထံသို့ ပြင်းထန်သော တိုက်ကွက်တစ်ခု ပစ်လွှတ်လိုက်သည်။
ဤမျှ နီးကပ်သော အကွာအဝေးမှ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အချိန်မရှိပေ။
အမှန်စင်စစ်မှာ ဟုန်ယွိသည် ယန်နတ်ဘုရား အဆင့်သို့ ထိုးဖောက်ရန် ကြိုးပမ်းစဉ်က မအောင်မြင်ခဲ့သော်လည်း၊ မဟာစကြဝဠာကြီးနှင့် နေ၊ လ၊ ကြယ်တို့၏ အတွေးစများကို အသုံးချပုံကိုမူ သူ နားလည်သွားခဲ့သည်။ သူသည် ထိုအမြီးအတွင်း၌ သူ၏ အတွေးစ အစအနတစ်ခုကို မသိမသာ ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးစမှာ မည်သူမျှ မရိပ်မိအောင် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။
ဖောင်း…
ဟုန်ယွိ ကိုယ်ပွား၏ တိုက်ခိုက်မှုအောက်တွင် ခုန်း၏ ဦးခေါင်းမှာ အက်ကွဲသွားပြီး သူ၏ အကာအကွယ် အမွေးအမှင်များလည်း ပျက်စီးသွားကာ အထိနာသွားခဲ့သည်။
သို့သော်လည်း ဟုန်ယွိက သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ အင်မော်တယ် နတ်ဘုရားဘုရင်၏ စွမ်းအား သုံးပုံတစ်ပုံ ပါဝင်သော ထိုကိုယ်ပွားသည် တိုင်ရှန် တာအို ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော 'ဒီရေလှိုင်းပြောင်းပြန်လှန်' ပညာရပ်ကို အသုံးပြုကာ ခုန်းကို ချိပ်ပိတ်ရန် ထပ်မံ လှုပ်ရှားလိုက်တော့သည်။