အခန်း ၇၅၄
Vol. 73 Ch. 754
အခန်း (၇၅၄)။
"မဖြစ်နိုင်တာ... ငါ အလှည့်စားခံလိုက်ရပြီ။ ဒီဟုန်ယွိက တကယ့်ကို အန္တရာယ်ကြီးလွန်း တယ်။ အလယ်ခေတ်ရဲ့ အယုတ်မာဆုံးနဲ့ အကောက်ကျစ်ဆုံး ပညာရှင်တွေနဲ့ ယှဉ်ရင် တောင် သူက ပိုပြီး လှည့်ဖြားတတ်တယ်၊ ပိုပြီး ပါးနပ်တယ်။ ဒီနေ့ ငါ နောက်တစ်ကြိမ် အရှုံးပေးလိုက်ရပြန်ပြီ။ ငါ့အဆင့်နဲ့ဆိုရင် အန္တရာယ်ကို ကြိုတင် အာရုံခံနိုင်ရမယ်။ မိုးကြိုး ကပ်ဘေး ငါးကြိမ် ကျော်ဖြတ်ထားတဲ့ တစ္ဆေအင်မော်တယ်တွေတောင် အန္တရာယ်ကို ခံစားမိနိုင်တာ၊ ငါက ဘာလို့ ဘာမှ မသိခဲ့ရတာလဲ။ ဟုတ်ပြီ... ဒါ ဟုန်ယွိရဲ့ 'ပြောင်းလဲခြင်း တာအို'ကြောင့်ပဲ။ သူက အနာဂတ်ရဲ့ မရေမတွက်နိုင်တဲ့ ပြောင်းလဲမှုတွေကို ပြောင်းပြန် လှန်ပစ်နိုင်တာပဲ။ ဒါပေမဲ့ ငါ့ကိုတောင် လှည့်ဖြားနိုင်တယ်ဆိုတော့ တကယ့်ကို ထိတ်လန့်စ ရာပဲ"
ခုန်းသည် ‘ဒီရေလှိုင်းပြောင်းပြန်လှန်’ လှုပ်ရှားမှုအတွင်း ပိတ်မိနေပြီး သူ၏ တစ်ကိုယ်လုံးရှိ မူလစွမ်းအင်များမှာ လှိုင်းတံပိုးများအလား ထကြွသောင်းကျန်းနေကာ သူ၏ စေခိုင်းမှုကို မနာခံတော့ပေ။ သူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ သို့သော် ယခုအချိန်အထိ ပင် သူ၏စိတ်ထဲ၌ အန္တရာယ်ရှိနေသည်ဟု မခံစားရသေးပေ။ တစ်နည်းအားဖြင့်ဆိုသော် ဟုန်ယွိက သူ့လည်ပင်းသို့ ဓားဖြင့် ထောက်ထားသည့်တိုင်အောင် ၎င်းမှာ နောက်ပြောင်မှု တစ်ခုသာ ဖြစ်ပြီး သူ၏ အသက်ဘေး မစိုးရိမ်ရဟု ထင်မှတ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဟုန်ယွိသည် ခုန်း၏ နှလုံးသားအတွင်းမှ ရုတ်တရက် အန္တရာယ် အာရုံခံနိုင်စွမ်းကို ဖယ်ရှားပစ်လိုက်သကဲ့သို့ပင် ဖြစ်နေရာ သူသည် မည်သို့ သေဆုံးသွားမည်ကိုပင် သိရှိနိုင်တော့မည် မဟုတ်ပေ။
သူ၏ အသက်ဘေးမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသော်လည်း၊ အန္တရာယ်ရှိသည်ဟူသော အသိစိတ်မျိုး မရှိခြင်းက သူ့ကို သွေးအန်မတတ် ရူးသွပ်စေခဲ့သည်။
သာမန် ပညာရှင်များပင်လျှင် 'ရုတ်တရက် အန္တရာယ်' ဟူသော ခံစားချက်မျိုး ရှိတတ်ကြ သည်။ ကျင့်စဉ်အဆင့် မြင့်မားလေ ထိုအာရုံခံစားမှုက ပိုမို အားကောင်းလေဖြစ်သည်။ ဖန်ဆင်းရှင်များအားလုံးမှာ အနာဂတ်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် ရွှီဝူယွိကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အနာဂတ်တစ်ခုလုံးကို ထွင်းဖောက်မြင်နိုင်ပြီး အရာရာကို ကြိုတင်သိမြင်သူ ဖြစ်သည်။ သို့သော် ဟုန်ယွိမှာ သူထက်ပင် ပိုမို စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် အနာဂတ်တွင် ပြောင်းလဲမှုအသစ်တစ်ခုကို ဖန်တီးလိုက်ရုံသာမက၊ ၎င်းကို မည်သူမျှ မမြင်နိုင်၊ မခံစားနိုင်အောင်လည်း ဖုံးကွယ်ထားခဲ့သည်။
ဤသည်မှာ 'အနာဂတ်သခင်ရှီ'၏ အစွမ်းထက်သော အကျိုးသက်ရောက်မှု ဖြစ်သလို၊ ဟုန်ယွိအနေဖြင့် ယန်နတ်ဘုရား နယ်ပယ်သို့ တက်လှမ်းပြီးနောက် ရရှိလာသော ပြိုင်ဘက်ကင်း ကျင့်စဉ်အဆင့်အသိမြင်ကြောင့်လည်း ဖြစ်သည်။
ဟုန်ယွိ၏ ဤကိုယ်ပွားသည် အင်မော်တယ် နတ်ဘုရားဘုရင် စွမ်းအား၏ သုံးပုံတစ်ပုံ ရှိပေ သည်။ သူ ထုတ်ဖော်လိုက်သော သိုင်းပညာနှင့် အထွက်အထိပ် လှုပ်ရှားမှုများမှာ ခုန်းနှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိသည်။
ရွှီဝူယွိနှင့် ခုန်းတို့သည် အချင်းချင်း ကျင့်စဉ်များကို ဖလှယ်ကာ 'သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိနေကြစေကာမူ၊ ၎င်းမှာ အင်မော်တယ် နတ်ဘုရားဘုရင် စွမ်းအား၏ သုံးပုံတစ်ပုံနှင့်သာ ညီမျှပြီး အနည်းငယ်ပင် အားနည်းနိုင်သေးသည်။
ထို့ကြောင့် ဟုန်ယွိ၏ ယခုကိုယ်ပွားစွမ်းအားမှာ ခုန်းထက် အနည်းငယ် သာလွန်နေသည်။ သူသည် ခုန်းကို အပြည့်အဝ ယှဉ်ပြိုင်နိုင်ရုံသာမက ဖိနှိပ်ထားနိုင်ခဲ့သည်။ ထို့အပြင် ခုနက ရုတ်တရက် တိုက်ခိုက်မှုကြောင့် သူသည် အသာစီး ရရှိသွားခဲ့သည်။
အင်အားချင်း တူညီနေသည့်တိုင်အောင် လှုပ်ရှားမှုတစ်ခုအတွင်း၌ပင် ရှုံးနိမ့်ခဲ့ရပြီး သူ၏ မူလစွမ်းအင်များမှာလည်း ထိခိုက်သွားခဲ့သည်။ ထို့နောက်တွင်မူ သူသည် ဟုန်ယွိကဲ့သို့ သော ပြိုင်ဘက်မျိုးအား လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ပြိုလဲသွားရတော့မည်။
“အနန္တသဲပွင့် အကာကွယ် အစီအရင်”၊ “ထာဝရတဖက်ကမ်းမှ သုခပန်း နိဗ္ဗာနပန်းပွင့်”
ခုန်း၏ သွေးသားများအတွင်းမှ ရူးသွပ်စွာ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ အကယ်၍ သူသည် 'သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်းအဆင့်သို့ မရောက်ရှိသေးပါက ယခုအချိန်တွင် သေဆုံးသွားလောက်ပြီ။ သို့သော် ယခုအခါတွင်မူ သူသည် မသေနိုင်သော အခြေအနေမျိုး ဖြစ်နေသဖြင့် ပြန်လည် ခုခံနိုင်စွမ်း ရှိနေသေးသည်။
‘ဒီရေလှိုင်းပြောင်းပြန်လှန်’ က ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း ဟုန်ယွိ၏ ကိုယ်ပွားမှာ ထိုနေရာ၌တင် ရပ်တန့်မသွားပေ။
ဗုန်း... ဗုန်း... ဗုန်း... ဗုန်း... သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးသားစိုင်ခဲ (၁၂) ခဲမှာ ကွဲထွက် လာပြီး ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါး အသွင်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်း မှာပင် မြေပြင်အောက်မှ လေစီးကြောင်း (၁၂) ခုမှာ တိုးထွက်လာခဲ့သည်။ ၎င်းတို့မှာ ပျက်စီးသွားခဲ့သော ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါးပင် ဖြစ်သည်။
ထိုပျက်စီးသွားသော ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါးမှာ သွေးသားစိုင်ခဲများအတွင်းသို့ ပေါင်းစည်းသွားကာ နောက်ထပ်တစ်ကြိမ် ဟစ်ကြွေးလိုက်ကြပြန်သည်။ ပျက်သုဉ်းခြင်း နတ်ဘုရား (၁၂) ပါးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့ပြီ။ သူတို့သည် အလွန်ကြီး မားသော တိုက်ခိုက်ရေးစွမ်းအားများကို ပြန်လည်ရရှိခဲ့ရုံသာမက ယခင်ကထက်ပင် ပိုမို တိုးတက်လာခဲ့သည်။ ၎င်းမှာ အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားစိုင်ခဲများက သူတို့၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ အင်မော် တယ် နတ်ဘုရားဘုရင်၏ သွေးသားစိုင်ခဲများသည် ပျက်သုဉ်းခြင်းနတ်ဘုရားများနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။
ဟိုးအရင်တုန်းက 'ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာသည် အင်မော်တယ် နတ်ဘုရား ဘုရင်၏ သွေးသားစိုင်ခဲအချို့ကို ရရှိခဲ့သော်လည်း ၎င်းတို့ကို ကိုယ်ပွားများ ဖန်တီးရန် အသုံးမပြုခဲ့ဘဲ သူတို့၏ ကိုယ်ပိုင်ကျင့်စဉ်များကို အားကောင်းလာစေရန်သာ အသုံးချခဲ့ကြ သည်။ ယခု ဟုန်ယွိမှာမူ အင်မော်တယ် နတ်ဘုရားဘုရင်၏ စွမ်းအား သုံးပုံတစ်ပုံခန့်ရှိ သော အမြီးတစ်ခုလုံးကို ရရှိထားခြင်း ဖြစ်သည်။
အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး ယခင်ကထက် ပိုမိုသန်မာ၊ ပိုမိုမာကျောလာသော ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါးသည် ဟုန်ယွိနှင့် ပူးပေါင်းကာ ‘ဒီရေလှိုင်းပြောင်းပြန် လှန်’ ကို အသုံးပြုပြီး ကြမ်းတမ်းသော မျောက်ဝံကြီး ခုန်းကို ဝိုင်းရံလိုက်ကြသည်။ ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ မှာလည်း အပြည့်အဝ နိုးထ လာခဲ့ပြီ။
တခဏအတွင်းမှာပင် အစီအရင်ကြီးမှာ အသက်ဝင်လာသည်။ ပျက်သုဉ်းခြင်းနတ်ဘုရား ဖြစ်သည့် ဒီကျန်းက စတင် တိုက်ခိုက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေပြီး၊ ဤကမ္ဘာလောကတွင် ရှားပါးလှသော ကျောက်စိမ်းတုံးကြီးတစ်ခုအလားပင်။ နေရောင်ခြည်အောက်တွင် သူ၏ ကျောက်စိမ်းကဲ့ သို့ အသားအရေမှာ မြူခိုးများ ထွက်ပေါ်နေသည်။
နေပူထဲတွင် နွေးထွေးနေသော ကျောက်စိမ်းမှ မြူခိုးများ ထွက်ပေါ်ခြင်းမှာ အလွန်ရှားပါး သော ကျောက်စိမ်းမျိုး ဖြစ်သည်။ ဟုန်ယွိပင်လျှင် ဤကဲ့သို့ အဖိုးတန်သော ကျောက်စိမ်း မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ယခုအချိန်တွင်မူ ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါး၏ ကြွက်သားနှင့် အသားအရေမှာ ထိုကဲ့သို့သော အဖိုးတန်ကျောက်စိမ်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ဗုန်း…
ဒီကျန်း၏ လက်သီးချက်မှာ မပျက်စီးသေးသော ခုန်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွား သည်။ လက်သီးတစ်ချက်တည်းဖြင့်ပင် ခုန်း၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွား ခဲ့သည်။ သူ၏ ရင်ဘတ်မှာ တစ်ဖက်သို့ ဖောက်ထွက်သွားခဲ့ရသည်။ ဒီကျန်း၏ လက်သီး စွမ်းအားကြောင့် "ဆလင်ဒါ" ပုံစံ သွေးသားစိုင်ခဲများမှာ လွင့်ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထျန်းကု၊ မန်တီစသည့် အခြားသော ပျက်သုဉ်းခြင်းနတ်ဘုရားများ ကလည်း ခုန်း၏ ပခုံး၊ ပေါင်၊ ခြေသလုံး၊ ခါးနှင့် တင်ပါးများအထိပါ လက်သီးဖြင့် ထိုးနှက် လိုက်ကြသည်။
ဗုန်း... ဗုန်း... ဗုန်း... ဗုန်း…
တစ်ပြိုင်နက်တည်းမှာပင် ခုန်း၏ ခန္ဓာကိုယ်ပေါ်၌ အပေါက်ကြီး (၁၂) ပေါက် ပေါ်ထွက်လာ ပြီး၊ ဆလင်ဒါပုံစံ သွေးသားစိုင်ခဲ (၁၂) ခဲမှာ လေထဲသို့ လွင့်ထွက်သွားခဲ့သည်။ ထိုသွေးသား စိုင်ခဲများမှာ လူးလွန့်လျက် ခုန်း၏ ခန္ဓာကိုယ်အဖြစ်သို့ ပြန်လည် ပြောင်းလဲရန် ကြိုးပမ်း နေကြသည်။ သို့သော်လည်း ပျက်သုဉ်းခြင်းနတ်ဘုရားများ၏ လက်သီးချက်များအောက် တွင် ၎င်းတို့မှာ အစိတ်စိတ်အမွှာမွှာ ထပ်မံ ချေဖျက်ခံလိုက်ရသည်။
ထိုအချိန်တွင် ဟုန်ယွိ၏ ကိုယ်ပွားမှာ ‘ဒီရေလှိုင်းပြောင်းပြန်လှန်’ စွမ်းအားကို နောက်တစ် ကြိမ် ထုတ်ဖော်လိုက်ပြန်သည်။ အားပြင်းသော လှိုင်းတံပိုးများမှာ ထိုသွေးသားစိုင်ခဲများ ကို တိုက်စားသွားပြီး ၎င်းတို့ ပြန်လည် ပေါင်းစည်းရန် ခက်ခဲသွားစေသည်။
"အသားနှင့်သွေး ဝဲဂယက်၊ ချီဝိညာဉ်ဝဲဂယက်၊ ဘုရင်တစ်သောင်း သွေးပူဇော်ခြင်း"
ဟုန်ယွိမှာ ဆက်တိုက် ဟစ်အော်လိုက်သည်။ သူ၏ကိုယ်ပွား ရင်ဘတ်အတွင်းမှ ဧရာမ ဟင်းလင်းပြင် လေဟာနယ်တွင်းနက်တစ်ခုအလား ဝဲဂက်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော ဟင်းလင်းပြင်၊ ဒြပ်ဆွဲအား၊ သံလိုက်အား၊ မှော်သင်္ကေတများ၊ စိတ်ဝိညာဉ်နှင့် အတွေးစများမှာ ဝဲလည်နေကြပြီး ပြင်းထန်သော စုပ်ယူအားတစ်ခုဖြင့် သွေးသားစိုင်ခဲ အားလုံးကို ဝဲဂယက်အတွင်းသို့ ဆွဲသွင်းလိုက်သည်။ ထိုဝဲဂယက်အတွင်းရှိ ခုန်း၏ အတွေးအာရုံများကို ထပ်မံ၍ မွှေနှောက်ဖျက်ဆီးပစ်လိုက်ရာ ၎င်းတို့မှာ ဘာမှ အသုံးမဝင်တော့ပေ။
ဤနတ်ဘုရားတန်ခိုးစွမ်းအားမှာ ချီဝိညာဉ်ဝဲဂယက်ကို ပိုမိုအစွမ်းထက်စေသည့် ပညာရပ် ဖြစ်ပြီး ဟုန်ယွိနှင့် 'အနာဂတ်သခင်ရှီ' တို့ ယခုလေးတင် ဖော်ထုတ်ထားခြင်း ဖြစ်သည်။ ထိုပညာရပ်တွင် အင်မော်တယ် နတ်ဘုရားဘုရင်၏ 'ဘုရင်တစ်သောင်း သွေးပူဇော်ခြင်း' လည်း ပါဝင်ပေသည်။
အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးမှ ပြောင်းလဲလာသော ဒုတိယခန္ဓာကိုယ် ဖြစ်သည့်အတွက် ဟုန်ယွိမှာ နှမြောနေခြင်း မရှိပေ။ ယခုအခါတွင် သူသည် ဤနတ်ဘုရား တန်ခိုးစွမ်းအားကို နောက်ဆံမတင်းဘဲ ထုတ်ဖော်လိုက်ပြီး ခုန်းကို အရှင်လတ်လတ် ဝါးမြို ရန် ကြံရွယ်လိုက်သည်။ မှန်ပေသည်... ယခုအချိန်တွင် သူသည် သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိနေသော ရှေးဦးမိစ္ဆာမျောက်ဝံကြီး ခုန်းကို သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်အတွင်းသို့ ဝါးမျိုလိုခြင်း ဖြစ်သည်။
ခုန်းသည် ကြံ့ခိုင်သန်မာသော သွေးသားများဖြင့် မွေးဖွားလာသူ ဖြစ်သလို သူ၏ စိတ်ဆန္ဒ မှာ သန်မာသော်လည်း ဟုန်ယွိ၏ ဝါးမျိုခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ကို သေးငယ်သော အမှုန်အမွှားများအဖြစ် ကြိတ်ခြေပြီး စိတ်ဝိညာဉ်ကိုပါ 'ဘုရင်တစ်သောင်း သွေးပူဇော်ခြင်း' ဖြင့် ဖျက်ဆီးပစ်လိုက်လျှင် သူသည် ခုန်းကို လုံးဝ အစာခြေဖျက်နိုင်လိမ့်မည်။
၎င်းမှာ စပါးအုန်းမြွေကြီးတစ်ကောင်က နွား သို့မဟုတ် သိုးတစ်ကောင်ကို ဝါးမျိုလိုက်သကဲ့ သို့ပင်။ နောက်ဆက်တွဲရလဒ်များကို ဂရုမစိုက်ဘဲ သူသည် ခုန်းကို အရင်ဆုံး ဝါးမျိုလိုက် မည်။ နောက်မှ ဝမ်းဗိုက်ထဲတွင် ခုန်းကို ဖြည်းဖြည်းချင်း အစာခြေဖျက်သွားမည်။ သူ့တွင် အချိန်များစွာ ရှိနေပေသည်။
“ယခုခုန်းရဲ့ သွေးသားအနှစ်သာရတွေက တကယ်ကို ကြီးမားနေပြီ။ ဒါက ပျက်သုဉ်းခြင်း နတ်ဘုရားခြောက်ပါး၊ ဖန်ဆင်းရှင်ခြောက်ဦးတို့ရဲ့ အင်အားနဲ့ ညီမျှတယ်။ ငါ သူ့ကို တစ်ကျိုက်တည်းနဲ့ ဝါးမျိုနိုင်ရင် ဒီကိုယ်ပွားက ပိုပြီးတော့တောင် တိုးတက်လာလိမ့်မယ်။ အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ မူလသွေးသားစိုင်ခဲတွေနဲ့ ပေါင်းလိုက်ရင် နောက်ထပ် လူသားအင်မော်တယ် (၆၅) ပါးခွဲနဲ့ ဖန်ဆင်းရှင် (၁၃) ဦးခွဲလောက်ကိုပါ တိုးမြှင့်ပေးနိုင် လိမ့်မယ်”
ခုန်း၏သွေးသားအချို့ကို ဝါးမျိုပြီးနောက် ဟုန်ယွိ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် 'အနာဂတ် သခင်ရှီ'တို့သည် ပြင်းထန်စွာ တွက်ချက်လိုက်ကြပြီး ထိုအဆုံးသတ်တွက်ချက်မူကို ရရှိခဲ့ ကြသည်။
ဟုန်ရွှန်ကျိ၏ နတ်ဘုရားတန်ခိုးစွမ်းအား အားလုံးမှာ 'ဧကရာဇ်ကျောက်စိမ်းတံဆိပ်တော်' အတွင်း၌ ချိပ်ပိတ်ခြင်း ခံထားရသည်။ ထိုတံဆိပ်တော်ကို အသုံးပြု၍ သူသည် လူသား အင်မော်တယ်အများအပြားကို မြင့်တင်ပေးနိုင်သလို၊ ခြောက်ကြိမ် မိုးကြိုးကပ်ဘေး အထွက်အထိပ် ပညာရှင်များကိုလည်း ဖန်ဆင်းရှင် အဆင့်သို့ ရောက်အောင် ကူညီပေးနိုင် သည်။
အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးမှ သွေးသားစိုင်ခဲများမှာမူ လူပေါင်းများစွာကို သူတို့၏ ကျင့်စဉ်အဆင့် တိုးမြင့်စေရန် ပိုမို ကူညီပေးနိုင်မည်ဖြစ်ပြီး ချန်ယင်းရှာကို ဖန်ဆင်းရှင် အဆင့်သို့ ရောက်ရှိစေရန် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာစေမည် ဖြစ်သည်။ ယခုအခါတွင် ဟုန်ယွိသည် အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးကို အသုံးပြု၍ ခုန်းကို ဝါးမျိုချေဖျက်ရန် ကြိုးစားနေခြင်းဖြစ်ရာ ရရှိလာမည့် ချီဝိညာဉ်ဝဲဂယက်မှ 'မူလစွမ်းအင်' မှာ ပိုမို ကြီးမားပေလိမ့်မည်။
"တကယ့်ကို လက်ဖျားခါလောက်တဲ့ လုပ်ရပ်ပဲ... တကယ့်ကို ရက်စက်လွန်းပါလာ။" ဤကဲ့သို့ ဆက်တိုက် ဖြစ်ပျက်ပြောင်းလဲမှုများမှာ လူတိုင်းကို ငေးမောသွားစေခဲ့ပြီး မည်သူ မျှ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ အင်မော်တယ် နတ်ဘုရားဘုရင်သည်ပင် အံ့အားသင့်သွားခဲ့ သည်။ ဟုန်ယွိက ခုန်းကို အရှင်လတ်လတ် ဝါးမျိုလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ခုန်းသည် သာမန်လူ မဟုတ်ပေ။ သူသည် ဧကရာဇ်ချန်ရှန်း၏ တပည့်ဖြစ်ပြီး ရှေးဦးခေတ် ကတည်းက နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။ အကယ်၍ သူ၏ ထာဝရအသက်တာအို သစ်သီးနှင့် 'ဆာဟာရတနာသစ်ပင်'တို့သာ လုယူခြင်း မခံခဲ့ရပါက သူသည် ယခုအခါ မည်သို့သော အခြေအနေမျိုးတွင် ရှိနေမည်ကို မည်သူမျှ မသိနိုင်ပေ။ (ရှေ့မှာတုန်းက ခုန်းသည် ဧကရာဇ်ချန်ရှန်း၏ ရတနာများကို ဝင်ခိုးသည့်အတွက် ဧကရာဇ်ချန်ရှန်းက မြင်းဇောင်းစောင့်လုပ်ခိုင်းခဲ့သည့်အကြောင်း ပါပြီးပါပြီ။ ယခုအခါ တပည့်ဟု ပါနေပြန် သည်။ ပါသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်)။
ဤကဲ့သို့သော တည်ရှိမှုမျိုးကို ဝါးမျိုပြီး အစာခြေဖျက်ရန်အတွက် ရဲစွမ်းသတ္တိနှင့် ရက်စက်မှုမျိုး မည်မျှ လိုအပ်မည်နည်း။
"မုန့်ရှန်းကျီက ရက်စက်တယ်၊ ရွှီဝူယွိက ရက်စက်တယ်၊ ဒါပေမဲ့ အဲဒီထဲမှာ အရက်စက်ဆုံး ကတော့ ဒီဟုန်ယွိပဲ ဖြစ်မယ်၊ အခုလို အခြေအနေမျိုးမှာတောင် သူက အရှုံးကို အနိုင်အဖြစ် ပြောင်းလဲနိုင်ပြီး ငါ့ကိုတောင် အငိုက်မိသွားစေတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ငါပါ သူ့လှည့်ကွက်ထဲမှာ မိသွားနိုင်တယ်၊ ငါ အခုပဲ ထွက်သွားတာ ပိုကောင်းမယ်" အင်မော် တယ် နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ဖရိုဖရဲ စွမ်းအင်စီးကြောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ဖြင့် ကျောက်စိမ်းမြို့တော်ပြင်ပရှိ ဖရိုဖရဲ အငွေ့အသက်များအားလုံး ပျောက်ကွယ် သွားခဲ့ပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်လာခဲ့သည်။ ထိုအချိန်တွင် ကျောက်စိမ်းမြို့တော်ရှိ ပညာရှင်များ၊ နန်းတွင်းအရာရှိများ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ ပညာရှိများ၊ ဝန်ကြီးများနှင့် မှူးမတ်များ အားလုံးမှာ လူသားမျိုးနွယ်၏ အကြီးမားဆုံးသော အန္တရာယ်မှာ ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိသွားကြသည်။ သူတို့၏ အန္တရာယ်မှာ လည်း ပြေလည်သွားခဲ့ကြပြီ။
တစ်ချိန်တည်းမှာပင် သူတို့သည် ဒဏ္ဍာရီတစ်ခု မွေးဖွားလာခြင်းကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်း (၄၀,၀၀၀) ကျော် ဧကရာဇ်ဖန် ထီးနန်းတက်ခဲ့စဉ် ကကဲ့သို့ပင်၊ ယခုအခါ သူတော်စင်ယွိက နတ်ဘုရားဘုရင် သုံးပါးကို နှင်ထုတ်လိုက်ချိန် တွင် လူသားမျိုးနွယ်၏ သမိုင်းစာမျက်နှာသစ်တစ်ခုမှာ ပွင့်လန်းလာခဲ့ပြီ ဖြစ်သည်။
"ဟုန်ယွိ... မင်းလို အရည်အချင်းမျိုးနဲ့ ဉာဏ်ပညာမျိုးရှိတဲ့ ပြိုင်ဘက်ကမှ ငါ့ရဲ့ နောက်ဆုံး ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တာပါ။ မင်းလို ပြိုင်ဘက်မျိုး ရှိနေမှတော့ ငါ့အတွက် နောက်ထပ် ဘာကို ထပ်ရှာဖွေနေဖို့ လိုဦးမှာလဲ"
ထိုအချိန်တွင် ရွှီဝူယွိလည်း အင်မော်တယ် နတ်ဘုရားဘုရင် ထွက်ခွာသွားသည်နှင့် အရာ အားလုံးမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ဟုန်ယွိသည် အခြေအနေတစ်ခု လုံးကို ခိုင်မာစွာ ထိန်းချုပ်ထားနိုင်သွားခဲ့ပြီ။ သူက လုံးဝ လေဟာနယ်ကို ဖျက်ဆီးပြီး သူ၏ စွမ်းအားများကို ဟုန်ယွိထက် သာလွန်အောင် ရုတ်တရက် မလုပ်နိုင်သရွေ့ အခြေအနေကို ပြောင်းပြန်လှန်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် ထိုကဲ့သို့ ဖြစ်လာရန်မှာ မဖြစ်နိုင်သ လောက်ပင်။
သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးနောက် ရွှီဝူယွိက မှော်သင်္ကေတ သန်းပေါင်း (၄၈၀) အဖြစ်သို့ ပြောင်းလဲသွားပြီး ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ အတွင်းသို့ တိုးဝင်သွားခဲ့သည်။ သူက ဆက်တိုက် လက်သီး (၁၂) ချက်ကို ထိုးနှက်လိုက်ပြီး ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်သည်။
"ကောင်းကင်ဘုံ ၁၂ခု စက်ဝိုင်းလက်သီး"
ဟုန်ယွိ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ရွှီဝူယွိ အသုံးပြုလိုက်သော လက်သီးကွက်ကို မြင်တွေ့လိုက်ရသည်။ ထိုလက်သီးတိုက်ကွက်မှာ ရှေးဦးတာအိုဂိုဏ်းတစ်ခုဖြစ်သည့် 'မူလ တာအိုဂိုဏ်း' မှ လက်သီးကွက်တစ်ခု ဖြစ်သည်။ ရှေးဦးတာအိုပညာရှင်မှာ ယန်နတ်ဘုရား တစ်ပါး မဟုတ်သော်လည်း အလွန်ကြီးမားသော အောင်မြင်မှုများကို ရရှိထားသူ ဖြစ်သည်။ သူသည် ယခုခေတ် မုန့်ရှန်းကျီနှင့် အဆင့်ချင်း တူညီသော်လည်း ပိုမို အစွမ်းထက်လှသည်။
သူ၏ သိုင်းပညာမှာ အလွန်ပင် အစွမ်းထက်လှသည်။ 'လုပ်ကြံသတ်ဖြတ်ခြင်းတာအို' ၏ သိုင်းပညာများမှာ ဤရှေးဦးတာအို ပညာရှင်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ လုပ်ကြံ သတ်ဖြတ်ခြင်းတာအိုမဟာမိတ်အဖွဲ့၏ 'ရှေးဦးအရိုးဖြူချပ်ဝတ်' မှာလည်း ရှေးဦးတာအို ပညာရှင်၏ သန့်စင်ခြင်းပညာရပ်တစ်ခုသာ ဖြစ်သည်။
ရွှီဝူယွိသည် ဤလှုပ်ရှားမှုကို အသုံးပြုလိုက်သည်နှင့် ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ချက်ချင်းပင် ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါးမှာ တုန်ခါသွားပြီး ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ၏ လည်ပတ်မှုမှာလည်း တစ်ချက်မျှ နှေးကွေးသွားခဲ့သည်။ ထိုအခွင့်အရေးကို အသုံးပြု၍ ရွှီဝူယွိက သူ၏ ဧရာမ လက်ဝါးကြီးဖြင့် ဟင်းလင်းပြင်ကို လွှမ်းခြုံကာ ခုန်းကို အပြည့်အဝ ကာကွယ်ပေးလိုက်သည်။
"ဟုန်ယွိ... မင်းနဲ့ငါက တစ်မိုးအောက်မှာ အတူမနေနိုင်ဘူး" နောက်ဆုံးတွင် ခုန်းသည် အသက်ရှူပေါက် ရရှိသွားခဲ့ပြီး သူ၏ အသားနှင့် သွေးများမှာ ပြန်လည် ပေါင်းစည်းကာ ခန္ဓာကိုယ်ကို ပြန်လည် ရရှိသွားခဲ့သည်။ သို့သော်လည်း ဤတိုတောင်းသော အချိန်အတွင်း ၌ သူသည် သူ၏ သွေးသားစိုင်ခဲ ငါးပုံတစ်ပုံခန့်ကို ဆုံးရှုံးခဲ့ရပြီး အလွန်ကြီးမားသော 'မူလ စွမ်းအင်'များလည်း ဆုံးရှုံးသွားခဲ့ရရာ သူ၏ ကျင့်စဉ်မှာ သိုင်းဆန္ဒ အထည်ကိုယ်ဒြဗ်အသွင် စုစည်းခြင်းအဆင့်သို့ ပြန်လည် လျော့ကျသွားခဲ့သည်။
"ခုန်း... ခင်ဗျား ဒီစကားကို တစ်ခါမက ပြောခဲ့ဖူးပါတယ်"
ဟုန်ယွိ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ လှုပ်ရှားရန် အသင့်ဖြစ်နေသော ကြမ်းတမ်းသည့် ကျားသစ်တစ်ကောင်ကဲ့သို့ စောင့်ဆိုင်းနေပြီး၊ ခုန်းမှာမူ သိုးငယ်တစ်ကောင်အလား ခံစားနေရသည်။ သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရပြီး သူ၏ အသားအရေပေါ်တွင် ကြက်သီးမွေးညင်းများ ထလာခဲ့သည်။
"သွားကြစို့"
ရွှီဝူယွိက နောက်ထပ် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကြယ်တာရာများမှာ သူ့ကို ဝန်းရံသွားကြသည်။ ထို့နောက် သူသည် ‘ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ၏ ချုပ်နှောင်မှုများကို တိုက်ရိုက်ဖောက်ထွက်ကာ ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ် သွားခဲ့သည်။
"ကောင်းတယ်... တကယ့်ကို ကောင်းမွန်တဲ့ 'ကြယ်တာရာနိဗ္ဗာန' ပညာရပ်ပဲ။ ရွှီဝူယွိ... မင်းမှာ ဘယ်လောက်တောင် များပြားတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေ ရှိနေသေးလဲ" ဟုန်ယွိသည် ထွက်ခွာသွားသော ရွှီဝူယွိကို ကြည့်လိုက်သော်လည်း လိုက်လံ မဖမ်းဆီး တော့ဘဲ ထိုနေရာတွင်သာ ရပ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပွားသည်လည်း သွေးသားစိုင်ခဲများ လည်ပတ်မှုကို ရပ်တန့်လိုက်ပြီး ခုနစ်တောင် ရှစ်တောင်ခန့် ရှည်လျားသော အမြီးအဖြစ်သို့ ပြန်လည် ပြောင်းလဲကာ လေထဲတွင် ငြိမ်သက်စွာ လွင့်မျောနေခဲ့သည်။ ဤအမြီးမှာ ယခုအခါတွင် သူ၏ပိုင်ဆိုင်မှု အစစ်အမှန် ဖြစ်သွားခဲ့လေပြီ။
သူသည် ခုန်းကို အဆုံးတိုင် ဝါးမျိုနိုင်ခြင်း မရှိခဲ့သော်လည်း ရရှိလာသော အကျိုးကျေးဇူးမှာ မနည်းလှပေ။ အနည်းဆုံးအားဖြင့် ချန်ယင်းရှာသည် ဖန်ဆင်းရှင် အဆင့်သို့ တည်ငြိမ်စွာ ရောက်ရှိနိုင်ပေလိမ့်မည်။ ထို့အပြင် ဒဏ်ရာရထားသော အထွက်အထိပ် လူသား အင်မော်တယ် ငါးဦးနှင့် ကော့လီနတ်ဘုရားဘုရင်မတို့၏ ဒဏ်ရာများကိုလည်း ဤအမြီးမှ သွေးသားစိုင်ခဲများကို အသုံးပြု၍ ပြန်လည် ကုသပေးနိုင်မည် ဖြစ်သည်။
ဤအန္တရာယ်ကြီးမှာ နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပြီး၊ လောက၏ လားရာနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စာမျက်နှာသစ်တစ်ခုကို လှန်လှောလိုက်ခြင်း ပင် ဖြစ်ပေတော့သည်။