အခန်း ၇၅၇
Vol. 73 Ch. 757
အခန်း (၇၅၇)။
"စားစရာအစားအစာနဲ့ ဝတ်စရာအဝတ်အထည်တွေ မရှိရင် လူ့အသက်တွေဟာ တန်ဖိုးမဲ့ သွားတတ်တယ်။ တကယ်လို့ လူတိုင်း ဗိုက်ဝအောင်စားနိုင်ပြီး နွေးထွေးစွာ ဝတ်ဆင်နိုင်ရင် လူ့အသက်တွေကို တန်ဖိုးထားလေးစားလာကြလိမ့်မယ်" ဟုန်ယွိက ဆိုသည်။ "ဒီဘက် ခေတ်မှာ အဲ့ဒီသူကောင်းမျိုးနွယ်စုတွေဟာ ဆန်တစ်ခွက်တည်းနဲ့တင် သာမန်ပြည်သူ အများအပြားကို ကျွန်အဖြစ် ရောင်းချလာအောင် လုပ်နိုင်ကြတယ်။ တကယ်လို့ ပြည်သူ တွေ ဗိုက်ဝပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ရင် အဲ့ဒီသူကောင်းမျိုးတွေဟာ ဘာမှ မလုပ် နိုင်တော့ဘူး။ ကျောက်စိမ်းဧကရာဇ်ဆန် ပြန့်နှံ့သွားတဲ့အခါ လောကသားတွေကို သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ပေးစွမ်းနိုင်လိမ့်မယ်။ ဒါဟာ ငါတို့ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အရာပဲ။ ဒါဟာ ငါတို့ လောကကို အုပ်ချုပ်ဖို့နဲ့ ငါတို့ရဲ့ တာအိုကို တည်ထောင်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ လောကသားတွေကို ဂုဏ်သိက္ခာရှိစေရမယ်။"
"ဒါဟာ အခြေခံအုတ်မြစ်ပဲ။" ယန်ချန်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့..." ဟုန်ယွိက စကားလမ်းကြောင်းပြောင်းလိုက်ပြီး "ကျောက်စိမ်းဧကရာဇ်ဆန်က တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားလိမ့်မယ်။ ဒါဟာ တကယ်ကို ခွန်အားတိုးစေတဲ့ အထွတ်အထိပ် ဝိညာဉ်ဆေးတစ်မျိုးပဲ။ ဂျင်ဆင်း၊ သမင်ဦးချို၊ ကမှိုနဲ့ ငှက်သိုက်တို့ထက် အဆပေါင်း ရာနဲ့ချီ ပြီး အာဟာရပိုဖြစ်တယ်။ ဒါ့အပြင် အလေးချိန်ကလည်း ပေါ့ပါးတယ်။ ငါ အနာဂတ်သခင်ရှီ ကို အသုံးပြုပြီး အချိန်အတော်ကြာ တွက်ချက်ကြည့်ခဲ့ပြီးမှ ဒီကောက်ချက်ကို ရခဲ့တာ။ တကယ်လို့ ကျောက်စိမ်းဧကရာဇ်ဆန်ကို သုံးနှစ်လောက် စိုက်ပျိုးစားသုံးရင် မဟာကမ္ဘာ လောကထဲက ဘယ်သူမဆို ရှင်တန်သိုင်းသခင်အဆင့် တစ်ယောက်ရဲ့ ခွန်အား၊ လျင်မြန်မှု၊ ဉာဏ်ရည်နဲ့ ကျွမ်းကျင်မှုတွေကို ရရှိလာလိမ့်မယ်။ တကယ်လို့ သူတို့သာ သိုင်းပညာရပ် တွေကို လေ့ကျင့်ရင် ငါးနှစ်အတွင်းမှာ မဟာဆရာသခင်အဆင့် ဖြစ်လာနိုင်တယ်... ပြီးတော့ အထင်ရှားဆုံး ဥပမာကတော့ သုံးနှစ်အတွင်းမှာ လူဦးရေက နှစ်ဆ၊ သုံးဆ လောက် တိုးပွားလာနိုင်တာပဲ! ကံကောင်းတာက မဟာကမ္ဘာလောကက အလွန် ကျယ်ပြောတယ်၊ မိုင်ပေါင်း ကုဋေကုဋာဆိုတာတောင် ဖော်ပြဖို့ မလုံလောက်ဘူး။ အနည်း ဆုံး လူပေါင်း ဘီလီယံ ရာနဲ့ချီပြီး ဆံ့နိုင်ပါတယ်။ ဒါပေမဲ့ နယ်မြေတွေ ကျယ်ပြန့်လာတာနဲ့ အမျှ လူဦးရေ တိုးပွားလာပြီး ပိုမိုအစွမ်းထက်လာရင် စီမံခန့်ခွဲဖို့ ခက်ခဲလာလိမ့်မယ်။"
ယန်ချန်က ကျောက်စိမ်းဧကရာဇ်ဆန် တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားပြီး ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောလာသည်ကို ဟုန်ယွိက အလွန်သဘောတူမိသည်။ ကျောက်စိမ်း ဧကရာဇ်ဆန် ပေါ်လာသည်နှင့် လောကကြီးမှာ ငတ်မွတ်မှုတွေ ရှိတော့မှာ မဟုတ်ဘူး။ သို့သော် ပြဿနာတွေလည်း ဆက်တိုက်ပေါ်လာလိမ့်မည်။ အစိုးရက ဘယ်လောက်ပဲ စေတနာကောင်းပါစေ၊ အကောင်အထည်ဖော်ချိန်မှာ အားနည်းချက်များ ရှိနေနိုင်သည်။ ဤသည်မှာ ယင်နှင့်ယန်၏ နှစ်ဖက်မြင်သဘောတရားဖြစ်ပြီး မပြောင်းလဲနိုင်သော အမှန်တရားလည်း ဖြစ်သည်။
"ဒါဆို အခြေအနေက ဒီလိုလား... ဒါဟာ ငါ့မျှော်လင့်ချက်တွေထက်တောင် ကျော်လွန်နေ ပြီပဲ..." ယန်ချန်က မျက်မှောင်ကြုတ်လိုက်သည်။ "လူတစ်ယောက်မှာ စွမ်းအားရှိလာရင် ရည်မှန်းချက်တွေလည်း ရှိလာတတ်တယ်။ ဒါဟာ မပြောင်းလဲတဲ့ အမှန်တရားပဲ။ စွမ်းအား ကြီးလေ၊ ရည်မှန်းချက်က ပိုကြီးလေပဲ။ လူတိုင်း ပညာရှင် လူကြီးလူကောင်းတွေ မဟုတ်ကြဘူးလေ။ ပညာပေးတာကိုတော့ ဖြည်းဖြည်းချင်း လုပ်သွားရမှာပဲ။ ဒါပေမဲ့ ဒီလိုဆိုရင် တိုင်းပြည်အုပ်ချုပ်ရေးမှာ အခက်အဲတွေ အများကြီး ကြုံရလိမ့်မယ်။ ငါ့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေရင်တောင် အားလုံးကို စီမံနိုင်မှာ မဟုတ်ဘူး။"
"ဒါက ကိစ္စမရှိပါဘူး။ အနာဂတ်သခင်ရှီ ရှိနေသရွေ့ တိုင်းပြည်အုပ်ချုပ်ရေးမှာ ဘာအမှား အယွင်းမှ ရှိမှာမဟုတ်ဘူး။ ပြီးတော့ အားလုံးက စနစ်တကျ ရှိနေမှာပါ။ ဝန်ကြီးအဖွဲ့ပေါင်း ရာနဲ့ချီတာထက်တောင် ပိုပြီး အသုံးဝင်တယ်။" ဟုန်ယွိက ပြုံးလိုက်သည်။ "ဟိုတုန်းက ယန်ဖန်ဟာ အနာဂတ်သခင်ကို လေ့ကျင့်ခဲ့တာဟာ တိုင်းပြည်ရဲ့ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ကို သူ့အပေါ်မှာ ပုံချထားပြီး သူကိုယ်တိုင် ကျင့်စဉ်လေ့ကျင့်ဖို့ အချိန်ရအောင် လုပ်ခဲ့တာပဲ။ အခုတော့ ငါတို့လည်း ဒါကို ကောင်းကောင်း အသုံးချရမှာပေါ့။ ဒါ့အပြင် အနာဂတ်သခင်ရှီ ဟာ နည်းနည်းလေးတောင် မျက်နှာလိုက်ခြင်း မရှိဘူး။ သူဟာ တကယ့်ကို အတ္တကင်းပြီး နှလုံးသားမဲ့တဲ့သူပဲ။"
အကယ်၍ ကျောက်စိမ်းဧကရာဇ်ဆန် တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားပြီး လူတိုင်း ဝတ်နိုင်၊ စားနိုင်ကာ စွမ်းအားတွေရှိလာခဲ့လျှင် နိုင်ငံတော်၏ ကိစ္စရပ်များမှာ အမှန်တကယ်ပင် ရှုပ်ထွေးလာပေလိမ့်မည်။ အကြောင်းမှာ ရှေးယခင်ကတည်းက ဤကဲ့သို့သောအရာမျိုး တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ သူတော်စင် ဧကရာဇ်ဖန်ပင်လျှင် ထိုကဲ့သို့ ဖြစ်စေချင်သော်လည်း မလုပ်ဆောင်နိုင်ခဲ့ပေ။ နိုင်ငံတော်ကိစ္စရပ်တွေ၊ လူဦးရေနှင့် နယ်မြေတွေ ကျယ်ပြန့်လာသည်နှင့်အမျှ မည်မျှပင် ဉာဏ်ကြီးရှင် ဧကရာဇ်ဖြစ်ပါစေ အရာ အားလုံးကို မကိုင်တွယ်နိုင်တော့ဘူး။ သို့သော် သူ မလုပ်နိုင်တာတွေကို အနာဂတ်သခင်က လုပ်ဆောင်ပေးနိုင်ပါသည်။
"အနာဂတ်သခင်၊ မဆိုးဘူး၊ မဆိုးဘူး။ သူရှိနေရင် ငါ့အပေါ်က ဖိအားတွေ အများကြီး လျော့ကျသွားမှာပဲ။ အခု ငါက တိုင်းပြည်ရဲ့ မြေယာတွေကို တိုင်းတာရမယ်၊ တော်ဝင်ချန် ရဲ့ ဥပဒေတွေကို ပြန်လည်ရေးဆွဲရမယ်၊ အရာရှိတွေကို ခန့်အပ်ရမယ်၊ နန်းတွင်း စာမေးပွဲ တွေ ကျင်းပရမယ်၊ တော်ဝင်မိသားစုတွေကို ချီးမြှင့်ရမယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်လဲလှယ်ရမယ်၊ သူကောင်းမျိုးနွယ်စုတွေကို ချော့မော့ရမယ်... ဒီကိစ္စတွေ အားလုံးက ငါတစ်ယောက်တည်း ကိုင်တွယ်ဖို့ များလွန်းတယ်။ အထူးသဖြင့် ကျောက်စိမ်း ဧကရာဇ်ဆန်ပေါ်လာတာနဲ့ သူကောင်းမျိုးနွယ်စုတွေရဲ့ ဩဇာအာဏာက ထပ်ပြီး လျော့နည်းသွားလိမ့်မယ်။ ဒါက မငြိမ်မသက်မှုတွေကို ဖြစ်စေနိုင်တယ်..." ယန်ချန်က စကားပြောနေရင်း ဟုန်ယွိအပေါ်တွင် သူ့ကိုယ်သူ 'ဧကရာဇ်' ဟု မသုံးနှုန်းတော့ပေ။
၎င်းမှာ သူ၏ သဘောထား ပြောင်းလဲသွား၍ မဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်သွားခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ ဟုန်ယွိတွင် ကမ္ဘာလောက၏ နိယာမများကို ထိန်းချုပ်ထား သည့် အရှိန်အဝါမျိုး ရှိနေသောကြောင့် ဖြစ်သည်။
"ဟုတ်ပါတယ်... ကျောက်စိမ်းဧကရာဇ်ဆန် ပေါ်လာတာနဲ့ သူကောင်းမျိုးနွယ်စုတွေရဲ့ ဩဇာအာဏာဟာ အများကြီး လျော့နည်းသွားလိမ့်မယ်။ လောကရှိ သူကောင်းမျိုးနွယ်စု တွေဟာ အရင်တုန်းက အင်မားတွေ အများကြီး စုဆောင်းထားခဲ့ကြတယ်၊ သူတို့ဆီမှာ မဟာဆရာသခင်တွေနဲ့ ရှင်တန်သိုင်းသခင်တွေ အများကြီး ရှိခဲ့တယ်။ အခု ကျောက်စိမ်း ဧကရာဇ်ဆန် ပေါ်လာတာနဲ့ လောကသားတိုင်းဟာ ရှင်တန်သိုင်းသခင်တွေ ဖြစ်လာကြ တော့မှာဆိုတော့ သူတို့ရဲ့ အသာစီးရမှုတွေ မရှိတော့ဘူး။ မကြာခင်မှာ ပဋိပက္ခတွေ ကျိန်းသေပေါက် ပေါ်လာလိမ့်မယ်။ အဲဒီပဋိပက္ခတွေကို ကိုင်တွယ်ပြီး စနစ်တကျ ပြန်ဖြစ် အောင် လုပ်နိုင်သရွေ့ ငါတို့ဟာ မပျက်စီးနိုင်တဲ့ စံပြလူသားနိုင်ငံတော်ကြီးကို တည်ထောင် နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ဘာသာသူတို့ မျိုးပွားခွင့်ပေးလိုက်... ဖြည်းဖြည်းချင်း ပဲ လောကသားတွေဟာ သခင်တွေ ဖြစ်လာကြလိမ့်မယ်။"
ယန်ချန်က စိတ်ထဲမထားပေ။ အကြောင်းမှာ သူ၏ နောက်ထပ် ပန်းတိုင်မှာ ဧကရာဇ် ဖြစ်ရန် မဟုတ်ဘဲ ယန်နတ်ဘုရားမဟာလမ်းစဉ်နှင့် နိဗ္ဗာနလမ်းစဉ်ကို ရှာဖွေရန်သာ ဖြစ်သည်။
"အရေးကြီးဆုံးကတော့ ဗဟိုကမ္ဘာရဲ့ ကျူးကျော်မှုက နီးကပ်နေပြီ။ ငါတို့ရဲ့ မဟာကမ္ဘာ လောက အင်အားတွေ ကျယ်ပြန့်လာရမယ်။ ပြင်ပက ဖိအားတွေရှိလာမှ အတွင်းပိုင်းက ပဋိပက္ခတွေကို တစ်ခါတည်းနဲ့ အပြတ်ရှင်းနိုင်မှာပါ" ဟုန်ယွိက ထပ်ပြောလိုက်သည်။
"ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့က ကမ္ဘာကြီးကို သိမ်းပိုက်ချင်ခဲ့ကြတာ၊ ဒါပေမဲ့ သူတို့က အစိုးရနဲ့ မှူးမတ်တွေအတွက်ပဲ အလုပ်လုပ်ခဲ့ကြတာ။ သူတို့က ဟုန်ယွိနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာ လဲ" ဟုန်ယွိရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ယန်ချန်က သက်ပြင်းချလိုက် သည်။ "ဟုတ်သားပဲ... နန်းတက်ပွဲနေ့တုန်းက မဒမ်ကျောက်နဲ့ ဟုန်မျိုးနွယ်၊ ကျောက်မျိုး နွယ်စုက တပည့်တစ်စုကို ခေါင်းဖြတ်သတ်ဖို့ စီစဉ်ထားတာ။ ကံမကောင်းစွာနဲ့ အင်မော်တယ်နတ်ဘုရားဘုရင် ပေါ်လာလို့ သူတို့ကို ခေတ္တခဏ ထောင်ချထားပြီး ခေါင်းမ ဖြတ်ဖြစ်လိုက်ဘူး။ မင်း ဘယ်လိုထင်လဲ။ အခု သူတို့ကို သတ်ရမလား။ ဒါပေမဲ့ ငါ နန်းတက်ပြီး တစ်ကမ္ဘာလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီးမှ ဟုန်မျိုးနွယ်ဝင်တွေ ကို ခေါင်းဖြတ်သတ်မယ်ဆိုရင် လူတွေက သူတော်စင်ယွိအကြောင်း ကောလာဟလတွေ ပြောကြလိမ့်မယ်။"
"ဒါလည်း ဟုတ်တာပဲ။ နန်းတက်ပွဲ ကျင်းပပြီးပြီဆိုတော့ ငါတို့ဟာ ပွင့်ပွင့်လင်းလင်းပဲ လုပ်ဆောင်ရမယ်။ ထားလိုက်ပါတော့... ဟုန်မျိုးနွယ်ဝင်တွေနဲ့ မဒမ်ကျောက်တို့ကို မသတ်ပါနဲ့တော့..." ဟုန်ယွိက ဆက်ပြောသည်။ "ဒါတွေအားလုံးကို မင်းပဲ သင့်သလို စီမံလိုက်ပါ။ ငါကတော့ ပြောင်းလဲခြင်းမျှော်စင်ကို ပြန်ပြီး လေ့ကျင့်တော့မယ်။ တကယ်လို့ အရေးကြီးတဲ့ အစိုးရကိစ္စတွေရှိရင် ကျောက်စိမ်းဧကရာဇ် တော်ဝင်တံဆိပ်တော် ကနေ တစ်ဆင့် ငါ့စိတ်နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ အဲဒါက အနာဂတ်သခင်ရဲ့ စိတ်တွေနဲ့ ချိတ်ဆက်ပေးနိုင်လိမ့်မယ်..."
ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ဟုန်ယွိ ထွက်သွားသည်ကို မြင်သောအခါ ယန်ချန်က ခေတ္တမျှ စဉ်းစားပြီး အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။ "အစောင့်တွေ"
"အမိန့်ရှိပါ အရှင်မင်းကြီး" နန်းတော် ခြောက်ခု၏ အကြီးအကဲ မိန်းမစိုး ဝမ်ထောင်က မိန်းမစိုးပညာရှင်များ၊ အရိပ်စောင့်စစ်သည် ဒါဇင်ပေါင်းများစွာနှင့်အတူ ချက်ချင်း လျှောက်လာခဲ့သည်။
"ငါကိုဘ်တော်အမိန့်ကို ကြေညာလိုက်ပါ။ ငါကိုယ်တော် နန်းတက်တာဟာ ဝမ်းမြောက် စရာ အခါသမယဖြစ်လို့ တစ်ကမ္ဘာလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်။ ဟုန်မျိုးနွယ်နဲ့ ကျောက်မျိုးနွယ်တွေဟာ ပုန်ကန်ဖို့ ကြံစည်ခဲ့ကြတယ်။ သူတို့ရဲ့ ပြစ်မှုတွေဟာ ခွင့်လွှတ် လို့ မရဘူး။ သူတို့အားလုံးကို ကွပ်မျက်ပြီး ဘိုးဘေးသင်္ချိုင်းတွေကို တူးဆွကာ အလောင်း တွေကို ရိုက်နှက်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ သူတော်စင်ယွိရဲ့ ကြင်နာသနားမှုကို ထောက် ထားပြီး သူတို့ တစ်မျိုးနွယ်လုံးကို ကွပ်မျက်တာနဲ့ ဘိုးဘေးသင်္ချိုင်းတွေ တူးဆွတာကို တော့ ငါကင်းလွတ်ခွင့် ပေးမယ်။ ဟုန်မျိုးနွယ်နဲ့ ကျောက်မျိုးနွယ်က အမျိုးသား အားလုံး ကိုတော့ နန်းတော်ကို စော်ကားတာ၊ သူတော်စင်ယွိကို ကဲ့ရဲ့တာမျိုး မလုပ်နိုင်အောင် တစ်သက်တစ်ကျွန်း အကျဉ်းချထားရမယ်။ အဓိက တရားခံဖြစ်တဲ့ မဒမ်ကျောက်ကိုတော့ သူမကိုယ်သူမ ဝမ်းဝနိုင်အောင် 'အနိမ့်စားအလုပ်' ကို လုပ်ဖို့ အမိန့်ပေးလိုက်တယ်။ ဟုန်မျိုးနွယ်ရဲ့ အစေခံတွေနဲ့ ကိုယ်လုပ်တော်တွေကိုတော့... ထားလိုက်ပါတော့။ သူတို့ကို သာမန်ပြည်သူတွေအဖြစ် ရာထူးလျှော့ချလိုက်။ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကိုတော့ မျိုးဆက်ပေါင်းများစွာအထိ နန်းတွင်းအရာရှိ ဖြစ်ခွင့် မပေးရဘူး"
ယန်ချန်က တစ်လုံးချင်း ပြောလိုက်သည်။ သူ၏ စကားလုံးများမှာ ရွှေနှင့်ကျောက်စိမ်း ကဲ့သို့ပင် တိကျလှသည်။
"အနိမ့်စားအလုပ်' ကို လုပ်ပြီး ကိုယ့်ဝမ်းကိုယ် ကျွေးမွေးရမယ်..." ဝမ်ထောင်သည် ဤအမိန့်ကို ကြားပြီးနောက် အလျင်အမြန်ပင် ဒူးထောက်လိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ "ဧကရာဇ်ဆိုတာ တကယ် ဧကရာဇ်ပါပဲ။ စကားလုံးတွေက တကယ့်ကို မဆိုးဘူး။ မဒမ်ကျောက်ကို ပြည့်တန်ဆာအဖြစ် လျှော့ချလိုက်တာကိုတောင် 'အနိမ့်စား အလုပ်နဲ့ ကိုယ့်ဝမ်းကိုယ် ကျွေးမွေးရမယ်' လို့ သုံးနှုန်းသွားတာပဲ... ဒါပေမဲ့ ဒီနည်းလမ်းနဲ့ ဘိုးဘေးတွေရဲ့ ဂူဗိဗာန်တွေ၊ သင်္ချိုင်းတွေနဲ့ တစ်မျိုးနွယ်လုံးကိုတော့ ကာကွယ်ပေးလိုက် သလို ဖြစ်သွားတာပဲ။ တန်ပါတယ်လေ..."
ယန်ချန်က အမိန့်များစွာ ထုတ်ပြန်ခဲ့သော်လည်း အဓိက အချက်မှာ နှစ်ခုသာ ဖြစ်သည်။ ပထမအချက်မှာ ဟုန်ရွှန်ကျိ၏ သားများဖြစ်သော ဟုန်ကျန့်၊ ဟုန်ကွေ့နှင့် ဟုန်ကျောက် အပါအဝင် ဟုန်မျိုးနွယ်ဝင်များအားလုံးကို လျှာဖြတ်၊ မျက်နှာတွင် တက်တူးထိုးပြီး တစ်သက်တစ်ကျွန်း ထောင်ချရန် ဖြစ်သည်။ ဒုတိယအချက်မှာ မဒမ်ကျောက်ကို ပြည့်တန်ဆာအဖြစ် လျှော့ချရန် ဖြစ်သည်။
ဤအမိန့် ထုတ်ပြန်လိုက်သည်နှင့် ရက်အနည်းငယ်အတွင်းမှာပင် မြို့တော်ရှိ အရာရှိကြီး ငယ် အားလုံး ဤကိစ္စကို ဆွေးနွေးနေကြတော့သည်။ ဤသတင်းက တကယ့်ကို ဟိုးလေး တကျော် သတင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
...
ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခုအတွင်းတွင် လေးရာသီအကယ်ဒမီ၊ တောက်ပသော လအကယ်ဒမီ၊ ဟောက်ရန်အကယ်ဒမီ၊ ဝိဇ္ဇာနဲ့သိပ္ပံအကယ်ကမီ စသည့် အကယ်ဒမီများမှ ပညာရှင် အချို့ ဆွေးနွေးနေကြသည်။
"ဒီတစ်ခါတော့ ဟုန်မျိုးနွယ်နဲ့ ကျောက်မျိုးနွယ်တွေဟာ လုံးဝ ပြိုလဲသွားပြီပဲ။ သူတို့ဟာ နှစ်ပေါင်း ရာနဲ့ချီတဲ့ သမိုင်းကြောင်းရှိတဲ့ ကြီးကျယ်တဲ့ သူကောင်းမျိုးနွယ်စုတွေ ဖြစ်ခဲ့တာ။ သူတို့ စံအိမ်တွေ ဆောက်တာကို မြင်ခဲ့ရတယ်၊ ဧည့်သည်တွေကို ဧည့်ခံတာ မြင်ခဲ့ရတယ်၊ အခုတော့ အဲဒီစံအိမ်ကြီးတွေ ပြိုလဲသွားတာကိုလည်း မြင်လိုက်ရပြီ။ ဒါတွေဟာ ဘယ်က နေ စတာလဲ"
"ဟုန်ယွိရဲ့ လက်စားချေမှုက ဒီတစ်ခါ တကယ့်ကို ပြင်းထန်တာပဲ။ သူ့ညီအစ်ကိုတွေ အားလုံး လျှာဖြတ်ခံရတယ်၊ မျက်နှာမှာ တက်တူးထိုးခံရပြီး တစ်သက်တစ်ကျွန်း ထောင်ချ ခံလိုက်ရတယ်။ သူတို့ဘဝတွေဟာ သေတာထက်တောင် ဆိုးနေဦးမယ်။ တစ်ချက်တည်း သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်" ဟောက်ရန်အကယ်ဒမီမှ ပညာရှင်ကြီးတစ်ဦးက လှောင်ပြုံး ပြုံးလိုက်သည်။
"အထူးသဖြင့် မဒမ်ကျောက်ပဲ။ သူမဟာ ပြည့်တန်ဆာအဖြစ် အဆင့်လျှော့ချခံလိုက်ရ တယ်... သူမဟာ တစ်ချိန်က 'နံပါတ်တစ် အမျိုးသမီးကြီး' ဖြစ်ခဲ့တာ။ လွန်ခဲ့တဲ့ လအနည်း ငယ်တုန်းကဆိုရင် မယ်တော်ကြီးတောင် သူမလောက် အာဏာမရှိဘူး။ ဟုန်ရွှန်ကျိ ကိုယ်လုပ်တော် ယူတုန်းကဆိုရင်လည်း တကယ့်ကို ခမ်းနားလိုက်တာ။ ဆယ်မိုင်လောက် ရှိတဲ့ ကော်ဇောနီကြီး ခင်းထားခဲ့တာလေ။ လောကမှာ အနှိုင်းမဲ့တဲ့ ဂုဏ်ကျက်သရေတွေ ပေါ့..."
"အခုတော့ မဒမ်ကျောက်ဟာ ရနံ့မျှော်စင်မှာ ရောက်နေပြီ။ ဒီရနံ့မျှော်စင်ဟာ ကောင်းကင် ရနံ့ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုလို့ ကောလာဟလတွေ ထွက်နေတယ်။ ကောင်းကင်ရနံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီပုန်ကန်မှုမှာ ဟုန်ယွိကို ကူညီခဲ့တာလေ..."
"အခုတော့ ငါတို့ ဟုန်ယွိကို မယှဉ်နိုင်တော့ဘူး။ သူ့ကို ယှဉ်တာက ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလိုပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါတို့ဟာ ညီအစ်ကို ရွှန်ကျိနဲ့ ရင်းနှီးခဲ့ကြတာပဲ။ အခု သူ့မိန်းမ ဒုက္ခရောက်နေတာဆိုတော့ ငါတို့လည်း သွားပြီး 'ကြည့်ရှု' သင့်တာပေါ့" အသက်လတ်ပိုင်း ပညာရှင်တစ်ဦး၏ မျက်ဝန်းများတွင် ထူးဆန်းသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။
"အင်း... ညီအစ်ကို ရွှန်ကျိက ဝိဇ္ဇာနဲ့သိပ္ပံပညာရဲ့ သခင်တစ်ဦးဖြစ်သလို စာပေလောကရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့တာပဲ။ အခု သူ့မိန်းမ ဒုက္ခရောက်နေတာဆိုတော့ သွားကြည့်ဖို့က ငါတို့ရဲ့ တာဝန်ပဲလေ" အခြား ပညာရှင် ဝတ်စုံဝတ်ထားသူ တစ်ဦးက ပြောလိုက်သည်။
...
ပြောင်းလဲခြင်းမျှော်စင် အတွင်းမှာ ဟုန်ယွိသည် ယန်ချန်၏ တော်ဝင်အမိန့်တော်ကို ဂရုမစိုက်ဘဲ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ကျီရှန်းထျန်း၊ ချန်ယင်းရှာ၊ နင်ဂျာ ဘုန်းတော်ကြီးတို့နှင့်အတူ အစီအရင်တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်။
ဤအစီအရင်ကို "စကြာဝဠာမူလစွမ်းအင်စုစည်းခြင်း အစီအရင်" ဟု ခေါ်ပြီး၊ ရှေးဟောင်း နတ်ဘုရား အစီအရင်တစ်ခု ဖြစ်သည်။ ဤအစီအရင်သည် "မြေကမ္ဘာနို့ရည် အဆီအနှစ်" နှင့် "ကောင်းကင်နှင်းစက် အဆီအနှစ်" တို့ကို ပေါင်းစပ်ရန် လိုအပ်သည်။
ကောင်းကင်နှင်းစက် အဆီအနှစ်ကို ထိုက်ကျိ မိုးကြိုးရေကန်ထဲတွင် အကန့်အသတ်မရှိ ရရှိနိုင်သည်။ ဟုန်ယွိသည် မြေကမ္ဘာနို့ရည် အဆီအနှစ်ကို မထုတ်ယူထားသော်လည်း သူသည် ၎င်းကို တိုက်ရိုက် သန့်စင်နိုင်သည်။ အခုအချိန်တွင် သူသည် မူလဘိုးဘေး နဂါးနှစ်ကောင်ကိုပင် သန့်စင်နိုင်နေပြီ ဖြစ်ရာ မြေကမ္ဘာနို့ရည် အဆီအနှစ်ကို ဆိုဖွယ်ရာ မရှိတော့ပေ။
အစီအရင်၏ အလယ်ဗဟိုတွင် အမြီးတစ်ခု လေထဲတွင် ဝဲနေသည်။ ဤအမြီးမှာ အလျား ငါးပေခန့်သာ ရှိတော့သည်။ အသားမှာ သုံးပေခန့် ပျောက်ဆုံးနေသည်။ ဟုန်ယွိသည် ထိုအသား၏ မူလစွမ်းအင်ကို အသုံးပြု၍ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၊ အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးနှင့် ကော့လီ နတ်ဘုရားဘုရင်မတို့ကို ကုသပေးခဲ့ပြီး ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ထိုအနှစ်သာရ စွမ်းအင်များကို အသုံးပြု၍ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ကာ ဒဏ်ရာများကို ကုသခဲ့သည်။ ထို့အပြင် သူသည် သူတော်စင်ပေါင်းစုံခန်းမကိုလည်း သန့်စင်ခဲ့ပြီး အကန့်သတ်အစီအရင် အတော်များများ ကိုလည်း ပြန်လည် အသက်သွင်းနိုင်ခဲ့သည်။
အင်မော်တယ်နတ်ဘုရားဘုရင်၏ သွေးသားများမှာ မကုန်ခန်းနိုင်သည့်အရာ မဟုတ်ပေ။ အသုံးပြုလေလေ၊ နည်းပါးသွားလေလေ ဖြစ်သည်။
အခုအချိန်တွင် ဟုန်ယွိသည် ထိုစွမ်းအင်များကို အသုံးပြု၍ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်၊ ကျီရှန်းထျန်းနှင့် ချန်ယင်းရှာတို့ကို ဖန်ဆင်းရှင်အဆင့်သို့ ရောက်အောင် မြှင့်တင်ပေးတော့ မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နင်ဂျာဘုန်းတော်ကြီးကိုလည်း အထွတ်အထိပ် လူသားအင်မော်တယ်အဆင့်သို့ ရောက်အောင် မြှင့်တင်ပေးမည် ဖြစ်သည်။
"စကြာဝဠာမူလစွမ်းအင်စုစည်းခြင်းအစီအရင်" အင်မော်တယ် သွေးသားစိုင်၊ ကျောက်စိမ်း တံဆိပ်တော် အရှိန်အဝါ"
သူတို့ ငါးဦးမှာ ဝိုင်းဖွဲ့ထိုင်နေကြသည်ကို မြင်သောအခါ ဟုန်ယွိက သူ၏လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ချက်ချင်းပင် အမြီးပေါ်ရှိ သွေးသား အမြောက်အမြားမှာ ဖရိုဖရဲ မူလ စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူတို့ ငါးဦး၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ဝင်ရောက်သွားသည်။ ထိုပညာရှင်ငါးဦးမှာ သူတို့ လေ့ကျင့်ထားသော ကျင့်စဉ်များအတိုင်း မူလစွမ်းအင်များကို ထိန်းချုပ်ရင်း ခန္ဓာကိုယ်များ တုန်ခါသွားကြသည်။
သူတို့သည် အင်မော်တယ်နတ်ဘုရားဘုရင်၏ သွေးသားများ လက်ခံရရှိသည်ကို မြင်သော အခါ ဟုန်ယွိက သူ၏လက်ညှိုးဖြင့် ထပ်မံ ညွှန်ပြလိုက်ပြန်သည်။ ကျောက်စိမ်းတံဆိပ် တော်မှာ အမြီး၏ဘေးတွင် ပေါ်လာခဲ့သည်။ တံဆိပ်တော်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာ ပြီး ထိုငါးဦး၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။ ထိုစွမ်းအား နှစ်ခုမှာ ပေါင်းစပ်သွားပြီး သူတို့၏ အပ်စိုက်မှတ်တစ်ခုချင်းစီတွင် မူလဘိုးဘေးနဂါးနှစ်ကောင်ကို မွေးဖွားပေးလိုက် သည်။ တစ်ခုမှာ အစပြုခြင်းဖြစ်ပြီး အခြားတစ်ခုမှာ မူလအစ ဖြစ်ကာ အဆက်မပြတ် လည်ပတ်နေသော ထိုက်ကျိတစ်ခုအဖြစ် ပုံဖော်လိုက်လေတော့သည်။