အခန်း ၇၅၉
Vol. 73 Ch. 759
အခန်း (၇၅၉)။
ဟုန်ယွိက အနာဂတ်၏ အပြောင်းအလဲအားလုံးကို အမှန်တကယ် ထွင်းဖောက်မြင်နိုင် လိမ့်မည်ဟု ကောင်းကင်သံစဉ်နတ်သမီးလည်း ထင်မှတ်မထားခဲ့ပေ။ သူသည် သူမ ရောက်လာခြင်း၏ ရည်ရွယ်ချက်ကိုပင် သိနေ၏။ သူမသည် အံ့သြသွားသည့် မျက်နှာထား ဖြင့် ဦးညွှတ်လိုက်ပြီး၊ ယခင်ကလို တည်ငြိမ်အေးဆေးပြီး လောကကြီးကို မေ့လျော့ထား နိုင်သည့် အခြေအနေမျိုးတွင် မရှိတော့ပေ။
“အဲဒီနေ့က ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစားကတည်းက ငါ့နတ်ဘုရား စိတ်အာရုံနဲ့ မဟာကမ္ဘာလောကရဲ့ လှိုင်းဂယက်တွေ၊ နေလကြယ်တာရာတွေနဲ့ စကြဝဠာ ကြီးတို့ဟာ တစ်သားတည်း ဖြစ်သွားခဲ့ပြီး အစွမ်းထက် ပုဂ္ဂိုလ်အများပြားရဲ့ အာရုံကို ဆွဲဆောင်မိသွားစေတယ်။ မဟာကမ္ဘာလောကဟာ မကြာခင်မှာ မတည်ငြိမ်တဲ့ ကာလ တစ်ခုထဲ ဝင်ရောက်တော့မှာမို့ ကျွန်တော့်အနေနဲ့ ဘာပြဿနာမှ မဖြစ်ရလေအောင် သဘာဝအတိုင်း အသေးစိတ် တွက်ချက်ထားရတာပေါ့။ ကောင်းကင်သံစဉ် နတ်သမီး... မင်း အဲ့လောက်အထိ အံ့ဩမနေပါနဲ့..."
ဟုန်ယွိက ပြုံးလျက် အေးအေးဆေးဆေးပင် ဆိုလိုက်သည်။ သူသည် ထိုတွက်ချက်မှုများ ကို လုံးဝ ဂရုမစိုက်သကဲ့သို့ပင်။
"ဒါဆိုရင် ရှင်က ဒီကိစ္စအတွက် ကြိုတင်ပြီး စီစဉ်ထားပြီးသားပေါ့။ ထန်ဟိုင်လုံနဲ့ ကျန်တဲ့ နှစ်ယောက်က ဖန်ဆင်းရှင်တွေ ဖြစ်လာကြပြီဆိုတာ ရှင် သိမှာပေါ့။ တာအိုဘိုးဘေး နှစ်ပါးနဲ့ပေါင်းရင် ဖန်ဆင်းရှင် ငါးယောက်တောင် ရှိနေပြီ။ သူတို့ရဲ့ ပူးပေါင်းအင်အားက ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေနိုင်တယ်... ကျွန်မ သိရသလောက်တော့ နတ်ဘုရားဘိုးဘေးတောင်ပေါ်မှာ 'မူလပေါင်းစည်းခြင်းငါးပါး' လို့ ခေါ်တဲ့ အစွမ်းထက် အစီအရင်တစ်ခု ရှိတယ်။ အဲ့ဒီအစီအရင်ကို ဖန်ဆင်းရှင် ငါးယောက် တစ်ပြိုင်တည်း ထုတ်ဖော်ရမှာ ဖြစ်ပြီး အဆုံးမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ အခု သူတို့ရဲ့ ရည်မှန်းချက် တွေက ကြီးမားနေပြီဆိုတော့ နောင်တစ်ချိန်မှာ ခန့်မှန်းလို့မရတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ ပြီး အသက်ဆုံးရှုံးသွားမှာကို ကျွန်မ စိုးရိမ်မိတယ်။ နောက်ဆုံးမှာ သူတို့ဟာ သေဘေးနဲ့ ရင်ဆိုင်ရပြီး သူတို့တာအိုတွေ ပျက်စီးသွားကာ သူတို့ ကျင့်ကြံထားသမျှတွေ အလဟဿ ဖြစ်သွားနိုင်တယ်။”
ကောင်းကင်သံစဉ်နတ်သမီးက သက်ပြင်းချလိုက်ပြီး၊ သူမသည် နတ်ဘုရားဘိုးဘေး တောင်မှ တာအိုဘိုးဘေး နှစ်ဦးနှင့် ထန်ဟိုင်လုံတို့အပေါ် အတော်ပင် စိတ်ပျက်နေပုံရ သည်။
"အခု သူတို့က ဗဟိုကမ္ဘာက လူတွေ၊ ပြီးတော့ ချန်ဧကရာဇ် ယန်ဖန်တို့နဲ့ ပူးပေါင်းနေကြ တာ။ ဒါက ကျားဆီကနေ အရေခွံတောင်းနေသလိုပဲ။ သူတို့က အဲ့ဒီကနေ အကျိုးအမြတ် တစ်ခုခု ရချင်နေကြတာ။ ဒါပေမဲ့ အနှေးနဲ့အမြန် အဲ့ဒီ သားရဲကြီးနှစ်ကောင်ရဲ့ ဝါးမျိုတာကို ခံရတော့မယ်ဆိုတာ သူတို့ မသိကြဘူး။"
ဟုန်ယွိက ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။
"ထန်ဟိုင်လုံ၊ ဖန်းယွမ်နဲ့ လီဖေးယွိတို့က ငါ့အပေါ် ရန်ငြိုးရှိကြပေမဲ့ အခုတော့ ငါ အဲ့ဒါတွေ ကို ဂရုမစိုက်တော့ပါဘူး။ သူတို့သာ မဟာကမ္ဘာလောကကို ပြန်လာပြီး သစ္စာခံမယ်၊ တော်ဝင်ချန် မင်းဆက်ကို ပြန်လည် မြှင့်တင်ဖို့ ကူညီမယ်ဆိုရင် ငါ သူတို့နဲ့ မိတ်ဆွေဖွဲ့ဦးမှာ ပါ။ တကယ်လို့ သူတို့က ပင်လယ်ရပ်ခြားမှာ နိုင်ငံတစ်ခုတည်ထောင်ဖို့ ဆက်ကြိုးစားနေ မယ်ဆိုရင်တော့ သေရင် မြှုပ်စရာမြေတောင် ရှိမှာမဟုတ်ဘူး။ ငါ သူတို့ကို မရှင်းလင်းရင် တောင် ဗဟိုကမ္ဘာက ရှင်းလင်းလိမ့်မယ်။ ဗဟိုကမ္ဘာက လူတွေက အရေးယူလိမ့်မယ်။ ဖန်ဆင်းရှင် ငါးယောက်ရယ်၊ ကြီးမားတဲ့ မိုးကြိုးရေကန်ကြီးရယ်၊ ပြီးတော့ နတ်ဘုရား ဘိုးဘေးတောင်ဆိုတာ လူတိုင်း မက်မောနေကြတဲ့ အရာတွေပဲ။ မုန့်ရှန်းကျီက သူတို့ သုံးယောက်ကို နတ်ဘုရားဆေဘာသုံးလက် ပေးခဲ့တာက သေချာပေါက် နောက်ကွယ်မှာ လှည့်ကွက်ကြီး တစ်ခု ရှိနေလို့ပဲ။”
"ကျွန်မ ကြားမိတာကတော့ မုန့်ရှန်းကျီနဲ့ ယန်ဖန်တို့က ရွှီယွိကို ရင်ဆိုင်ဖို့ လက်တွဲလိုက် ကြတယ်တဲ့။ သူက ရွှီမိသားစုဝင် သန်း ၃၀၀ စလုံးကို ယဇ်ပူဇော်ပြီး အထွတ်အထိပ် ကိုယ်ပွားတစ်ခုကို ဖန်တီးဖို့ လုပ်နေတာ။ အဲဒီကိစ္စကို ရှင် သိလား" ကောင်းကင်သံစဉ် နတ်သမီးက နောက်ထပ် တုန်လှုပ်စရာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလိုက်သည်။
"သေချာပေါက် သိတာပေါ့။ မုန့်ရှန်းကျီက ဆုမူကတဆင့် ငါ့ဆီကိုတောင် သတင်းပို့ခိုင်း ထားတယ်။ အတိတ်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ရွှီယွိကို သတ်ဖို့နဲ့ ရွှီမိသားစုဝင် သန်း ၃၀၀ ကို ယဇ်ပူဇော်ဖို့အတွက် ယန်ဖန်တို့နဲ့ အတူတူလက်တွဲဖို့ သူက မျှော်လင့်နေ တာ။"
ဟုန်ယွိက ဘာမှဖုံးကွယ်မထားဘဲ ကောင်းကင်သံစဉ်နတ်သမီးကို တိုက်ရိုက်ပင် ပြောပြ လိုက်သည်။
“ဒီလိုကိစ္စမျိုး တကယ် ရှိနေတာပဲ”
ကောင်းကင်သံစဉ်နတ်သမီး အံ့ဩသွားပြီး သူမ ခန္ဓာကိုယ်ပေါ်ရှိ ဂီတနုတ်များမှာ ခဏတာမျှ တုန်ခါသွားသည်။
"ငါ စိုးရိမ်တာက ရွှီမိသားစုဝင် သန်း ၃၀၀ တင်မကဘဲ တစ်ခုလုံးသော နတ်ဘုရားဘိုးဘေး တောင်နဲ့ နတ်ဘုရားဘိုးဘေးနိုင်ငံပါ ယဇ်ပူဇော်ခံရမှာကိုပဲ။ ဗဟိုကမ္ဘာမှာ ရွှီမိသားစုက အစွမ်းထက် ပညာရှင်တွေ အများကြီးပဲ။ ကျွမ်းကျင်သူတွေကလည်း မိုးပေါ်က တိမ်တွေလို များပြားလွန်းတယ်။ ပြီးတော့ သူတို့မှာ ယန်နတ်ဘုရား အတွေးစတွေကို ပိုင်ဆိုင်ထားတဲ့ အထွတ်အထိပ် ကျွမ်းကျင်သူ ရွှီယွိလည်း ရှိသေးတယ်။ သူက ဒီလောက် အလွယ်တကူနဲ့ ယဇ်ပူဇော်ခံမှာတဲ့လား။ နတ်ဘုရားဘိုးဘေးတောင်ကသာ အားအနည်းဆုံးပဲ။ တကယ်လို့, သူသာ နတ်ဘုရားဘိုးဘေးတောင် တစ်ခုလုံးကို သန့်စင်လိုက်မယ်ဆိုရင် ဘယ်လောက် များပြားတဲ့ မူလစွမ်းအင်တွေ ထွက်လာမလဲ။ အဲ့ဒါက လူအချို့ကို ဖန်ဆင်းရှင်အဆင့် ဒါမှ မဟုတ် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်အထိ ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်။"
"ဟုတ်လို့လား"
ကျင့်ကြံနေသည့် ယွမ်ရှန်းရှန်းပင် ကောင်းကင်သံစဉ်နတ်သမီး၏ စကားကြောင့် စိတ်လှုပ် ရှားသွားရသည်။
"အခု ရှင် ပြောတာကို ကြားရတော့လည်း အဓိပ္ပာယ်ရှိသားပဲ။"
"ကောင်းကင်သံစဉ်နတ်သမီး... မင်းက နတ်ဘုရားဘိုးဘေးတောင်က တာအိုဘိုးဘေး နှစ်ယောက်နဲ့ ထန်ဟိုင်လုံတို့ သုံးယောက်ကို ကူညီပေးဖို့ ငါ့ကို လာတောင်းဆိုတာလား"
ဟုန်ယွိက လှည့်ကြည့်ကာ ဝတ်ရုံစကို ဝေ့ယမ်းလိုက်ရာ ပေ ၄၀ အထိ ကျုံ့သွားသော အင်မော်တယ် နတ်ဘုရားဘုရင်၏ အသားများကို ဝတ်ရုံလက်ထဲသို့ သိမ်းလိုက်သည်။ အင်မော်တယ် နတ်ဘုရားဘုရင်၏ အသားစ ၁ ပေခွဲခန့်သည်ပင် အထွတ်အထိပ် လူသား အင်မော်တယ် သို့မဟုတ် ဖန်ဆင်းရှင်တစ်ဦးကို ဖန်တီးရန် လုံလောက်သည်။
ဤမျှများပြားသော အင်မော်တယ် နတ်ဘုရားဘုရင်၏ သွေးသားများ ရှိနေသဖြင့် ဟုန်ယွိ ၏ အင်အားစုမှာ အနှေးနှင့်အမြန် ဗဟိုကမ္ဘာကို ကျော်တက်သွားလိမ့်မည်။ ထို့ပြင် ကျောက်စိမ်းဧကရာဇ်ဆန်ကလည်း ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်ရာ နောင်နှစ်ပေါင်း ရာချီ အတွင်း မဟာကမ္ဘာလောက၌ ဖန်ဆင်းရှင်ရာနှင့်ချီ ပေါ်ထွက်လာပေလိမ့်မည်။ ထိုအချိန် ရောက်လျှင် လူသားမျိုးနွယ်သည် အမှန်တကယ်ပင် ရွှေခေတ်ကို ကြိုဆိုနိုင်လိမ့်မည်။
"ဟုတ်ပါတယ်။ ဟုန်ယွိ... ရှင် သူတို့ကို ကယ်တင်ပေးနိုင်မလားလို့ ကျွန်မ မျှော်လင့်မိ တယ်။ ဒါပေမဲ့ ရှင် မကယ်ချင်ဘူးဆိုရင်လည်း ကျွန်မ ထပ်မပြောတော့ပါဘူး။ အားလုံးက ရှင့်ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။"
ကောင်းကင်သံစဉ်နတ်သမီးက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။
"သေချာပေါက် ကယ်တင်မှာပေါ့။ သူတို့က သက်ရှိတွေ ဖြစ်နေသရွေ့ သူတို့ကို အသက်ရှင် စေချင်ပါတယ်။ ဒါပေမဲ့ ငါ့စေတနာကို သူတို့က အသိအမှတ် မပြုမှာကိုပဲ စိုးရိမ်မိတာပါ..." ဟုန်ယွိက ပြုံးလျက် ဆိုလိုက်သည်။
“သူတို့က ကျေးဇူးကန်းတတ်လို့လား” ကောင်းကင်သံစဉ်နတ်သမီးက ဆိုသည်။
"တကယ်လို့ သူတို့သာ ကျေးဇူးကန်းတတ်တယ်ဆိုရင်တော့ ဟုန်ယွိ... ရှင် သူတို့ရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေကို ဖျက်ဆီးပစ်ဖို့ ကျွန်မ မျှော်လင့်တယ်။ မီးနဲ့ ကစားပြီး သွေးစတေးခံရတာထက်စာရင် ပိုကောင်းပါသေးတယ်။”
"ဒီကိစ္စအတွက် လောစရာ မလိုပါဘူး။ ယန်ဖန်က ဖန်ဆင်းခြင်းသင်္ဘောကိုသုံးပြီး ရွှီမိသားစုဝင် သန်း ၃၀၀ ကို ခေါ်ဆောင်လာတဲ့ အချိန်ကျရင် မုန့်ရှန်းကျီက ငါ့ကို အကြောင်းကြားလိမ့်မယ်။ သူတို့ ယဇ်ပူဇော်ခံရတော့မယ့် အချိန်ကျမှ သူတို့ နောင်တရကြ မှာပါ။ အဲ့ဒီအချိန်ကျမှ သူတို့ကို ကယ်တင်လည်း မနှောင်းသေးပါဘူး။"
ဟုန်ယွိက အရှေ့အရပ်သို့ လှမ်းကြည့်လိုက်သည်။
"အခုတော့ ချန်ပီယံမြို့စား စံအိမ်က ဟွမ်ယန်ယန် ဘယ်သူနဲ့ အဆက်အသွယ် လုပ်နေလဲ ဆိုတာ ငါ သွားကြည့်ဦးမယ်။ နေမင်းဟင်းလင်းပြင်ထဲက အစွမ်းထက် တည်ရှိမှုတွေ အကြောင်း ငါ တကယ်ပဲ စိတ်ဝင်စားမိတယ်။ ကောင်းကင်သံစဉ်နတ်သမီးကော စိတ်ဝင် စားလား"
"သေချာပေါက် စိတ်ဝင်စားတာပေါ့။ နေမင်းဟင်းလင်းပြင်ဆိုတာ ဖန်ဆင်းရှင်တွေတောင် မရောက်ဖူးတဲ့နေရာပဲ။ အဲ့ဒီမှာ ဘယ်လို အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ ရှိနေမလဲဆိုတာ ကျွန်မ သိချင်မိတယ်။ ရှေးဦးရွှေကျီးကန်းတွေလား။ ဒါမှမဟုတ် ရှေးဦးဖီးနစ်တွေလား"
ကောင်းကင်သံစဉ်နတ်သမီးက လှုပ်ရှားလိုက်ပြီး သူတော်စင်ပေါင်းစုံခန်းမမှ ဦးစွာ ထွက်ခွာသွားလေသည်။
ကျယ်ပြောလှသော သမုဒ္ဒရာကြီးအတွင်း၌….
အတိုင်းအဆမဲ့ တိုက်ကြီးပေါ်ရှိ နတ်ဘုရားဘိုးဘေးနိုင်ငံမှာ စည်ပင်ဝပြောနေသည်။ မြို့များကို တစ်ခုပြီးတစ်ခု တည်ဆောက်ထားပြီး ဈေးများ၊ ဆိပ်ကမ်းများ၊ သင်္ဘောကြီးများ နှင့် လူများဖြင့် စည်ကားနေ၏။ ဂိုဏ်းပေါင်းစုံလည်း ပေါ်ပေါက်လာကြသည်။
သခင်လေးရွှီ သင်ကြားပေးခဲ့သည့် အဆင့်မြင့် သင်္ဘောတည်ဆောက်ရေး ပညာရပ်များ ကြောင့် နတ်ဘုရားဘိုးဘေးနိုင်ငံသည် ပင်လယ်ရပ်ခြား နိုင်ငံပေါင်း ၁၀၀ နှင့် ကုန်သွယ်မှု များ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ အထူးသဖြင့် ယွန်မင်နိုင်ငံနှင့် ကုန်သွယ်မှုမှာ အလွန်ပင် ကောင်းမွန်နေပြီး ယဉ်ကျေးမှုမျိုးစုံ ပျံ့နှံ့လျက် ရှိသည်။
နတ်ဘုရားဘိုးဘေးနိုင်ငံသည် ဗဟိုကမ္ဘာမှ အဆင့်မြင့် နည်းပညာများနှင့် ယဉ်ကျေးမှုများ စွာကို ပိုင်ဆိုင်ထားသည်။ ထိုနည်းပညာများ ပြန့်နှံ့လာမှုကြောင့် ပင်လယ်ရပ်ခြား ကုန်သွယ်မှုသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
တော်ဝင်ချန်အင်ပါယာ၌ ကျောက်စိမ်းဧကရာဇ် နန်းတက်နေချိန်တွင် နတ်ဘုရားဘိုးဘေး နိုင်ငံသည်လည်း အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေပြီး သမုဒ္ဒရာအတွင်း၌ အင်အားစုများကို စုဆောင်းလျက် တစ်ချက်တည်းနှင့် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးရန် ပြင်ဆင်နေကြသည်။
နတ်ဘုရားဘိုးဘေးတိုက်ကြီး၏ အနက်ရှိုင်းဆုံးအပိုင်းမှာ တောရိုင်းကန္တာရနယ်မြေနှင့် ဆက်သွယ်နေသည်။ ထိုအချိန်၌ ကောင်းကင်ယံတွင် လျှပ်စီးများ လက်နေပြီး တိမ်မည်း များ ဖုံးလွှမ်းလျက် လေပြင်းများ တိုက်ခတ်နေ၏။
တောရိုင်းကန္တာရနယ်မြေရှိ ကြီးမားသော သတ္တုတွင်းကြီးတစ်ခု၏ အထက်တွင် ကြီးမား သော ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ထားသည်။ တာအိုဘိုးဘေး နှစ်ဦးသည် ရန်သူကို ရင်ဆိုင်ရတော့မည့်အလား ယဇ်ပလ္လင်ကို စောင့်ကြပ်နေကြ၏။ ဧရာမ နတ်ဘုရား ဘိုးဘေး တောင်ကြီးသည် ကောင်းကင်တွင် လွင့်မျောနေပြီး အရာအားလုံးကို ငုံ့ကြည့်လျက် ဖိနှိပ် ထားသည်။
ယနေ့သည် နတ်ဘုရားဘိုးဘေးနိုင်ငံအတွက် အရေးကြီးဆုံးနေ့ ဖြစ်သည်။ ထန်ဟိုင်လုံ၊ လီဖေးယွိနှင့် ဖန်းယွမ်တို့သည် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင်များ ဖြစ်လာမည့်နေ့ ဖြစ်၏။
တာအိုဘိုးဘေး နှစ်ဦးအပြင် ထိုသုံးဦး၏ ခန္ဓာကိုယ်များသည်လည်း ယဇ်ပလ္လင်ပေါ်တွင် ထိုင်နေကြ၏။ သူတို့၏ စိတ်ဝိညာဉ်များသည် ခန္ဓာကိုယ်ပြင်ပသို့ ရောက်နေကြပြီး စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်ရန် အသင့်ဖြစ်နေကြသည်။ သူတို့၏ အတွေးစပေါင်း ၁၂၉,၆၀၀ အကြား၌ ထက်ရှသော ဆေဘာဆန္ဒများကို မှိန်ပျပျ မြင်နေရ၏။
သူတို့အပြင် နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေးသည်။ ထိုသူမှာ မကြာသေးမီက ဟုန်ယွိနှင့် တိုက်ခိုက်ခဲ့သော ရွှီဝူယွိပင် ဖြစ်သည်။
တာအိုဘိုးဘေး နှစ်ဦးသည် ရွှီဝူယွိကို အလွန်ယုံကြည်ကြသည်။ အကြောင်းမှာ သူသည် အင်မော်တယ်နတ်ဘုရားဘုရင်၏ အသားစကို စားသုံးမိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့သောကြောင့် ဖြစ်၏။ ထို့ပြင် သူတို့သည် မုန့်ရှန်းကျီ ပေးခဲ့သော နတ်ဘုရားဆေဘာ သုံးလက်အတွင်းရှိ အန္တရာယ်များကို ဖယ်ရှားရန်အတွက် လည်း ရွှီဝူယွိကို အသုံးပြုလိုကြသည်။
"သခင်လေးရွှီ... ကျွန်တော်တို့ နတ်ဘုရားဆေဘာ သုံးလက်ကို သန့်စင်ပြီးပါပြီ။ ဘာ အန္တရာယ်မှ မရှိတော့ဘူးလို့ ထင်ပေမဲ့ မုန့်ရှန်းကျီရဲ့ လှည့်ကွက်တွေ ကျန်နေသေးလားဆို တာ သခင်လေးရွှီ တစ်ချက်လောက် ကြည့်ပေးပါဦး။"
ထန်ဟိုင်လုံက မိုးကြိုးလျှပ်စီးများထဲသို့ ခုန်မဝင်မီ ဖန်းယွမ်က ရွှီဝူယွိကို ထပ်မံ တောင်းဆိုလိုက်သည်။
"ငါ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို 'ကောင်းကင်နှင့်မြေကြီး ရှာဖွေခြင်း' ပညာရပ်နဲ့ ထပ်ပြီး သန့်စင်ပေးထားတယ်။ ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး။ စိတ်အေးအေးထားပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ကြ။ မုန့်ရှန်းကျီရဲ့ နည်းလမ်းတွေက အစွမ်းထက်ပေမဲ့ ငါ့မှာ အဲ့ဒါကို တန်ပြန်နိုင်တဲ့ နည်းလမ်းရှိတယ်။ အဲ့ဒီနတ်ဘုရားဆေဘာသုံးလက်ထဲက တိုင်ရှန် တာအိုးဂိုဏ်းရဲ့ အမှတ်အသားတွေကို ငါ ဖယ်ရှားလိုက်ပြီ။ မင်းတို့ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင်တွေ ဖြစ်လာတဲ့အခါ ဘာကန့်သတ်ချက်မှ မရှိဘဲ လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်မှာပါ။" ရွှီဝူယွိက တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဒါဆို ကောင်းတာပေါ့။ ကျွန်တော်တို့ သခင်လေးရွှီကို ယုံပါတယ်။”
လီဖေးယွိက ခေါင်းညိတ်ပြလိုက်သည်။ သူ၏ စိတ်ဝိညာဉ်သည် ကောင်းကင်ရှိ မိုးကြိုး လျှပ်စီးများဆီသို့ ခုန်တက်သွား၏။ တစ်ချိန်တည်းမှာပင် ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့လည်း 'ဖန်ဆင်းခြင်းတံခါး' ကို ဖွင့်ရန် ခုန်တက်သွားကြလေသည်။
ဝုန်း... ဝုန်း...
ကောင်းကင်တစ်ခုလုံး လျှပ်စီးများနှင့် မီးလျှံများဖြင့် ဖုံးလွှမ်းသွားသည်။ နေရာအနှံ့တွင် မိုးကြိုးလျှပ်စီးလုံးများ ရှိနေပြီး လျှပ်စီးစွမ်းအင်များ တုန်ခါနေသည်။ ရွှီဝူယွိ မျက်လုံးဖွင့် လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီး မိုးကြိုးလျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် တံခါးကြီး သုံးခုကို မြင်လိုက်ရ၏။
ထိုတံခါးများမှာ ခမ်းနားကြီးကျယ်ပြီး၊ နက်နဲကာ လျှို့ဝှက်ဆန်းကြယ်သည်။ ၎င်းတို့အပေါ် တွင် ကောင်းကင်နှင့်မြေကြီး၏ မှော်သင်္ကေတများနှင့် ပုံရိပ်များစွာ ထွင်းထုထားသည်။
ဤသည်မှာ ဖန်ဆင်းခြင်းတံခါး ဖြစ်သည်။ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်သည့်အချိန်တိုင်း ဤကဲ့သို့ တံခါးမျိုး ပေါ်လာလေ့ရှိသည်။ အကယ်၍ ထိုတံခါး ကို ချိုးဖျက်နိုင်ပါက နောက်တစ်ဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ မချိုးဖျက်နိုင်ပါက ပြာအဖြစ် သို့ ပြောင်းလဲသွားပေလိမ့်မည်။
ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွိတို့၏ စိတ်ဝိညာဉ်အတွေးစများသည် နတ်ဘုရား ဆေဘာများအဖြစ် ပြောင်းလဲသွားပြီး ခုတ်ပိုင်းလိုက်ကြသည်။ ဆေဘာတစ်ချက်တည်း နှင့်ပင် ဖန်ဆင်းခြင်းတံခါးကို ပြတ်သားစွာ ချိုးဖျက်နိုင်ခဲ့ပြီး နောက်တစ်ဆင့် အတွင်းခန်းမ ထဲသို့ ဝင်ရောက်ကာ တာအိုပညာများ၏ စစ်မှန်သော အနှစ်သာရကို မြင်တွေ့လိုက်ရ သည်။
"နှမြောစရာပဲ။ မင်းတို့က မင်းတို့ကိုယ်ပိုင် စွမ်းအားနဲ့ ဖန်ဆင်းခြင်းတံခါးကို ချိုးဖျက်နိုင်ခဲ့ သင့်တာ။ ဒါပေမဲ့ အားနည်းတဲ့အခြေအနေမျိုး မရှိချင်တာကြောင့် နတ်ဘုရားဆေဘာတွေ ရဲ့ စွမ်းအားကိုပဲ အားကိုးလိုက်ကြတယ်။ ဒါက မင်းတို့ရဲ့ အနာဂတ်ကျင့်ကြံမှုအတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်လာလိမ့်မယ်။ အဲ့ဒီကျရင် ငါတောင် ကူညီပေးနိုင်မယ် မထင်တော့ဘူး။”
ထိုမြင်ကွင်းကို မြင်ရသည့်အခါ ရွှီဝူယွိက ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။
ထိုအခိုက်အတန့်မှာပင်၊ သူတို့သုံးဦး၏ စိတ်ဝိညာဉ်များမှာ ဖန်ဆင်းခြင်းတံခါးမှ ပြန်ထွက် လာကြသည်။ သူတို့သည် ကောင်းကင်သို့ ပျံတက်သွားကြပြီး အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းများကို ထုတ်လွှတ်နေကြ၏။
"နောက်ဆုံးတော့... နောက်ဆုံးတော့ ငါ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင်တွေ ဖြစ်လာခဲ့ပြီ။"
ထန်ဟိုင်လုံ၏ စိတ်ဝိညာဉ် ပျံသန်းနေစဉ် သူ၏ အစွမ်းထက်သော အတွေးစများက ကမ္ဘာကြီးကို လွှမ်းခြုံသွားရာ သမုဒ္ဒရာပေါ်တွင် လှိုင်းကြီးများ ဖြစ်ပေါ်လာစေသည်။ ဖန်းယွမ်ကမူ သူ၏စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး တည်ငြိမ် စွာ ထိုင်နေ၏။
လီဖေးယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် အလံရှည်တစ်ချောင်း ပေါ်လာပြီး၊ မီးလျှံများ တဖျတ်ဖျတ် တောက်လောင်နေသော ထိုအလံသည် ပိုးသားလည်းမဟုတ်၊ လျှော်တေလည်း မဟုတ်ပေ။ ထိုအလံရှည်မှာ သူ ဖန်ဆင်းရှင်အဆင့် ရောက်ပြီးမှ သန့်စင် လိုက်သည့် ရတနာတစ်ခု ဖြစ်သည်။
"ဒီအလံကို ကောင်းကင်လွှမ်းခြုံအလံလို့ ခေါ်မယ်။ ဟုန်ယွိ... မင်း ငါ့ရဲ့ “မဟာမြေနတ် ဘုရား ငါးရောင်ခြယ်အလံကို လုယူသွားခဲ့တာ။ အခုတော့ အရာအားလုံးကို ဝါးမျိုနိုင်တဲ့ ဒီအလံကို ငါ သန့်စင်လိုက်ပြီ။ မင်းဆီကနေ ငါ တရားမျှတမှု ပြန်ရှာရမယ်။"
"ကောင်းပြီ... မင်းတို့ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင် တွေ ဖြစ်လာကြပြီဆိုတော့ ပိုပြီး ဘေးကင်းသွားပါပြီ။ အခု မင်းတို့ရဲ့ ကျင့်ကြံမှုကို တည်ငြိမ်အောင် အရင်လုပ်ကြဦး။ ငါ ခဏလောက် သီးသန့် ကျင့်ကြံတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ။"
ထိုသို့ပြောပြီးနောက် ရွှီဝူယွိ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားလေသည်။
"ငါတို့ရော ဘယ်တော့မှ အဲ့ဒီလို နတ်ဘုရားစွမ်းရည်မျိုး ရရှိမလဲ"
လီဖေးယွိက အားကျစွာ ပြောလိုက်သည်။
"သိပ်မကြာတော့ပါဘူး။ အခု ငါတို့က ဖန်ဆင်းရှင်တွေ ဖြစ်နေပြီ။ ငါတို့ သုံးယောက် ပူးပေါင်းရင် ဘယ်သူမှ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အခု ကျောက်စိမ်းမြို့တော်မှာ တစ်ခုခု ဖြစ်တော့မယ်ဆိုတော့ ငါတို့အတွက် အခွင့်အရေးပဲ။ အဲ့ဒီထဲကို ခိုးဝင်ကြရ အောင်။” ဖန်းယွမ်က ဆိုသည်။
"“ဟုန်ယွိ က ဟုန်မိသားစုနဲ့ ကျောက်မိသားစုကို ပြင်းပြင်းထန်ထန် လက်စားချေနေတယ်။ သွားရအောင်... ဟုန်ယွိအတွက် မတည်ငြိမ်မှု အစေ့အဆန်တွေ ချထားဖို့ အခွင့်အရေး ရမရ သွားကြည့်ကြတာပေါ့။”
"ကောင်းပြီ... ကျောက်စိမ်းမြို့တော်ကို အခုပဲ သွားကြစို့။"
ထန်ဟိုင်လုံက ခေါင်းညိတ်လိုက်သည်။
"အထူးသဖြင့် အဲ့ဒီမဒမ်ကျောက် ဆိုတဲ့အမျိုးသမီးကို ငါ တွေ့ချင်နေတာ။"
ချန်ပီယံမြို့စား စံအိမ်တွင်….
ချန်ပီယံမြို့စား၏ တရားဝင်ဇနီး ဟွမ်ယန်ယန်ထံသို့ ထူးဆန်းသော ဧည့်သည်တစ်ဦး ရောက်ရှိနေသည်။
ထိုဧည့်သည်မှာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်တွင် မီးလျှံများ ကခုန်လျက် တောက်လောင်နေသည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ထိုမီးလျှံများကြောင့် အဆက်မပြတ် လောင်ကျွမ်းကာ ပြိုကွဲနေ၏။ သူ သွားလေရာ နေရာတိုင်းသည် မီးလောင်ကျွမ်းသွားမည့်အလား ထင်မှတ်ရ၏။
သို့သော် ဟွမ်ယန်ယန်ကမူ သူ၏အနားတွင် ရှိနေသော်လည်း အပူရှိန်ကို အနည်းငယ်မျှပင် မခံစားရဘဲ အေးစိမ့်မှုကိုပင် ခံစားနေရသည်။ ထိုသူမှာ ခန့်ညားထည်ဝါသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦး ဖြစ်ပြီး ဦးခေါင်းတွင် မီးလျှံရောင် ကျောက်စိမ်းသရဖူကို ဆောင်းထားသည်။
"ဟွမ်ယန်ယန်... အဲ့ဒီတုန်းက မင်းအမေဟာ လူသားတစ်ယောက်နဲ့ လက်ထပ်ဖို့ တိတ်တ ဆိတ် ဆင်းသွားခဲ့တာ။ အခုဆို နှစ်ပေါင်း ၇၀၀ ကျော်သွားပြီ။ အခုတော့ ဧကရာဇ်ရှန်က မင်းကို နေမင်းနန်းတော်ဆီ ပြန်ခေါ်လာဖို့ ငါ့ကို ခိုင်းလိုက်တယ်။ မင်း ဘယ်လိုထင်လဲ" ရွှေရောင်ဝတ်ရုံနှင့် လူငယ်က ဆိုသည်။
"သခင်လေးရှန်... ရှင် နောက်နေတာ ဖြစ်ရမယ်။” ဟွမ်ယန်ယန်က ပြုံးလျက် ဆိုသည်။ "ဧကရာဇ်ရှန်ကို အနှောင့်အယှက်ပေးမိလောက်အောင် ကျွန်မက ဘာတွေများ လုပ်မိလို့ လဲ။ အလယ်ခေတ်က ဝမ်မိသားစုက သူတော်စင်တွေ ဧကရာဇ်ရှန်ရဲ့ ကိုယ်လုပ်တော်ကို ခေါ်သွားတုန်းကတောင် ဧကရာဇ်ရှန်က ဘာမှမလှုပ်ရှားခဲ့ဘူး။ အခုက မဟာကမ္ဘာလောက ကြီး အပြောင်းအလဲ ဖြစ်နေတာ၊ ရှေးဦးနတ်ဘုရားဘုရင်တွေ ပေါ်လာပြီး၊ ကျောက်စိမ်း မြို့တော်မှာ ဟုန်ယွိနဲ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဖြစ်လိမ့်မယ်။ လောကကြီးရဲ့ စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး နေမင်းဟင်းလင်းပြင်နဲ့တောင် ဆက်သွယ်မိသွားလို့ ဧကရာဇ်ရှန်က သတိထားမိသွားတာ ဖြစ်မှာပါ။"