← Chapters

အခန်း ၇၆၀

Vol. 73 Ch. 760

အခန်း ၇၆၀

Vol. 73 Ch. 760

အခန်း (၇၆၀)။

"ဟွမ်ယန်ယန်... မင်းက အလယ်ခေတ်အကြောင်း ဒီလောက်တောင် သိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ မင်းက ဧကရာဇ်ရှန်ရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်ကိုတောင် သိနေတာပဲ။ ဒီလျှို့ဝှက်ချက်ကို နေမင်းနန်းတော်ထဲက လူတော်တော်များများတောင် မသိကြဘူး..."

အလယ်ခေတ်တုန်းက ဝမ်မိသားစုရဲ့ ဘိုးဘေးနဲ့ သူတော်စင်တွေဟာ နက်နဲလှတဲ့ ဧကရာဇ် ရှန်ရဲ့ ကိုယ်လုပ်တော်ကို ခေါ်ဆောင်သွားခဲ့တဲ့အကြောင်း ဟွမ်ယန်ယန်က ပြောလိုက်စဉ် မှာ ရှန်သခင်လေးအမည်ရှိ ထိုသူမှာ ခဏမျှ မှင်တက်သွားရလေသည်။ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပူရှိန်ကို ထိန်းချုပ်ကာ မီးလျှံများကို အလိုရှိသလို ပိုင်နိုင်စွာ အသုံးပြု နိုင်သည့် ထိုသူသည် ဟွမ်ယန်ယန်ကို အသစ်တစ်ဖန် ပြန်လည်အကဲခတ်လိုက်၏။

ဟွမ်ယန်ယန်သည် ရှေးဦးအစစ်မှန်ဖီးနစ်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လျှို့ဝှက် ဆန်းကြယ်သည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ လူသားနှင့်တူသော် လူသားစစ်မဟုတ်သလို ဖီးနစ်နှင့်စစ်စစ်လည်း မဟုတ်ပေ။ သူမ၏ မီးအခြေခံ တာအိုပညာ ရပ် ကျင့်ကြံမှုမှာ အလွန်မြင့်မားပြီး ချန်ပီယံမြို့စား၏ အဆောင်အယောင် အနောက် နန်းဆောင်အဖွဲ့တွင် အစ်မအကြီးဆုံး ဖြစ်သည်။

ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ပိုင်ဆိုင်မူများ၊ စစ်တပ်၊ ကုန်သည်အဖွဲ့၊ ကြွယ်ဝမှုနှင့် အခြားအရာအားလုံးကို သိမ်းပိုက်ခဲ့သော်လည်း ဤအမျိုးသမီး၏ လုပ်ပိုင်ခွင့်ကိုတော့ ပယ်ဖျက်ခြင်း မပြုခဲ့ပေ။ အကြောင်းမှာ ဤအမျိုးသမီးသည် အလွန်အစွမ်းထက်ပြီး အသုံးချနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် ဖြစ်၏။ ထို့ပြင် ဟုန်ယွိသည် ဤအမျိုးသမီး အုပ်စု၏ ပိုင်ဆိုင်မှုများကို လုယူရန်လည်း စိတ်မဝင်စားခဲ့ပေ။

ယခုအခါ ဟုန်ယွိသည် သူ၏ စိတ်ဆန္ဒအမျှင်တစ်ခုဖြင့် ချန်ပီယံမြို့စား၏ ယခင်အမူအရာ ကို တုပကာ ချန်ပီယံမြို့စား၏ လူသားအင်မော်တယ် ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထား ခဲ့သည်။ ထိုခန္ဓာကိုယ်ကို စံအိမ်အတွင်း၌ တစ်နှစ်ပတ်လုံး သီးသန့်နေထိုင်စေပြီး ကိုယ်ပိုင် ကျင့်ကြံမှုကို ပြုလုပ်စေခဲ့၏။ ဤသည်မှာ အစစ်အမှန် ချန်ပီယံမြို့စား ယန်အန်းနှင့် ဘာမျှ မခြားနားပေ။

အထူးသဖြင့် ယခုအခါ ဟုန်ယွိသည် ဝိညာဉ်ကို ပြန်လည်ပုံဖော်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ "ကောင်းကင်ကိုမေး၍ ဝိညာဉ်ဆင့်ခေါ်ခြင်း" ဟူသော တေးသံစဉ်မှာ အလွန်နက်နဲလှပြီး လူသားတို့၏ ယဉ်ကျေးမှုဆိုင်ရာ အမြင့်ဆုံးအောင်မြင်မှုကို ကိုယ်စားပြုသည်။ 'ကောင်းကင်ကိုမေးခြင်း' ၏ အဓိပ္ပာယ်မှာ 'သာမန်လူသားများအတွက် ကိုယ်စားပြု၍ ကောင်းကင်ဘုံအား မေးမြန်းခြင်း' ပင် ဖြစ်၏။ (ရှေ့မှာတုန်းက "ကောင်းကင်မေးခွန်း ဝိညာဉ် ခေါ်သီချင်း" ဟု ပြန်ဆိုခဲ့သည်။)

အကယ်၍ ဟုန်ယွိသာ အလိုရှိပါက ချန်ပီယံမြို့စား၏ မှတ်ဉာဏ်များကို ပြန်လည် ဖန်တီး နိုင်ရန် အခွင့်အရေး ၈၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုနိုင်သည်။ ဟုတ်ပါသည်။ အနည်းငယ် ကွဲလွဲမှုတော့ ရှိနိုင်ပြီး မူလဝိညာဉ်စစ်စစ် မဟုတ်နိုင်သော်လည်း ၉၉ ရာခိုင်နှုန်းခန့်တော့ တူညီနေပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင် ဟုန်ယွိသည် ချန်ပီယံမြို့စား၏ အမျိုးသမီးအဖွဲ့ကို သူ ယန်နတ်ဘုရား ဖြစ်လာသည့်အခါ တာအိုပညာရပ်များသုံး၍ ချန်ပီယံမြို့စား၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိအောင် ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ပေးမှသာ ထိုအမျိုးသမီးများကို စိတ်အေးအောင် ထိန်းထားနိုင်မည် ဖြစ်၏။

သို့သော်လည်း ယူလူလက်မှလွဲ၍ ကျန်သောအမျိုးသမီးများမှာ တိုက်ရိုက် သွေးရင်းများ မဟုတ်ကြပေ။ ထို့ပြင် သူတို့အားလုံးတွင် ကိုယ်ပိုင်အကြံအစည်များ ရှိနေကြပြီး အနှေးနှင့် အမြန် ဟုန်ယွိကို ပြန်လည်ရန်မူကြလိမ့်မည်။ ဟုန်ယွိသည် ဤအချက်ကို ကောင်းစွာ သိထားသည်။ ထို့ကြောင့် သူသည် သူတို့၏ တာအိုမှော်ပညာ သို့မဟုတ် သိုင်းပညာများကို မြှင့်တင်ပေးခြင်း မရှိသလို၊ မည်သည့် ရှားပါး ရတနာများကိုမျှလည်း ပေးအပ်ခြင်း မရှိခဲ့ပေ။

ဟွမ်ယန်ယန် ပြောခဲ့သည့် အလယ်ခေတ်၏ လျှို့ဝှက်ချက်မှာ ဝမ်မိသားစု၏ သူတော်စင် နှင့် ဖီးနစ်တို့အကြားရှိ ချစ်ခြင်းမေတ္တာအကြောင်း ဖြစ်သည်။

"ဖီးနစ်စင်မြင့်ပေါ်တွင် ပုလွေမှုတ်ခြင်းကို တမ်းတခြင်း" ဆိုသည့် ရှေးဟောင်း ကဗျာ ဆန်ဆန် တင်စားချက်များပင် ရှိခဲ့သည်။

ထို့ကြောင့် ဝမ်မိသားစု၏ လျှို့ဝှက်ကျင့်စဉ်မှာ ‘ဖီးနစ်နိဗ္ဗာနကျမ်း’ဟု ခေါ်ပြီး ၎င်း၏ အထွတ်အထိပ် ပညာရပ်မှာ “အဆုံးစွန်ဖီးနစ်သံစဉ်” ဖြစ်နေသည်။ သို့သော် ဝမ်မိသားစု၏ ဘိုးဘေးများမှာ နေမင်းဟင်းလင်းပြင်အထက်တွင် ရှိနေသည့် နက်နဲဆန်းကြယ်သော ဧကရာဇ်ရှန်နှင့် အမှန်တကယ် ပတ်သက်ခဲ့သည်ဟူသော မှတ်တမ်းများတော့ မရှိပေ။ ရှင်းလင်းနေသည်မှာ ဤသည်မှာ လျှို့ဝှက်ချက်တစ်ခုနှင့် ဒဏ္ဍာရီတစ်ခုသာ ဖြစ်၏။

ဟွမ်ယန်ယန်က ရှန်သခင်လေး အမည်ရှိသော ထိုသူကို ကြည့်ကာ ပြုံးလိုက်သည်။

"ဘာလဲ... သခင်လေးရှန်၊ ရှင့်တာအိုပညာတွေက ကျွန်မထက် အများကြီး သာပါတယ်။ ရှင်က မီးလျှံကို ရေခဲမီးလျှံအဖြစ် ပြောင်းလဲနိုင်တဲ့ အဆင့်အထိတောင် ရောက်နေပြီပဲ။ 'ပြောင်းလဲခြင်းကျမ်း' ထဲက စကားနဲ့ ပြောရရင်တော့ ဒါက ရေနဲ့မီး ပေါင်းစပ်မှု၊ ရေနဲ့မီး ဖလှယ်မှုပဲပေါ့။ ရှင်က ကျွန်မကို ကြောက်နေတယ်လို့တော့ မပြောနဲ့နော်"

"ငါ့ကို သခင်လေးရှန်လို့ မခေါ်ပါနဲ့။ ငါ 'သခင်လေး' ဆိုတဲ့ စကားလုံးကို မကြိုက်ဘူး။ ငါ့ကို ရှန်ထျန်းဟယ်လို့ပဲ ခေါ်ပါ။"

ရှန်ထျန်းဟယ်က သူ၏လက်ချောင်းကို တစ်ချက်ခါလိုက်ရာ လက်ချောင်းထိပ်တွင် မီးလျှံ တစ်ခု ကခုန်လာသည်။ ထိုမီးလျှံမှာ အပြာနုရောင် ရေခဲပုံဆောင်ခဲ အဆင်းရှိ၏။ ၎င်း ပေါ်လာသည်နှင့် ပြင်းထန်သော အေးစိမ့်မှုက ဟင်းလင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွား လေသည်။ ၎င်းမှာ ရေခဲဝိညာဉ်တာအိုဂိုဏ်း၏ ရေခဲဝိညာဉ် အစစ်မှန်စွမ်းအင်ထက်ပင် အများကြီး ပိုမို အစွမ်းထက်သည်။

ထူးဆန်းစွာ အေးစက်နေသော မီးလုံးလေးမှာ အမှန်တကယ်ပင် မြင်တွေ့ရခဲသော အရာ ဖြစ်သည်။

"မဟာအေးစိမ့်မီးလျှံ ... အဆုံးစွန်ရှေးဦးမီးလျှံတာအိုပဲ..."

ဟွမ်ယန်ယန်က ထိုအေးစိမ့်မီးလျှံကို မြင်သောအခါ အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဟုတ်တယ်... ဒါက နက်နဲတဲ့ ပညာရပ်တစ်ခုပဲ။ မင်းသာ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် ဟွမ်ယန်ယန်... ငါ မင်းကို ဒီဆန်းကြယ်နည်းလမ်းကို သင်ပေးနိုင်တယ်။ 'ဖီးနစ်နိဗ္ဗာန ကျမ်း' ရဲ့ လျှို့ဝှက် ချက်တွေဟာ အဆုံးစွန်ရှေးဦးမီးလျှံတာအိုကနေ ဆင်းသက်လာတာပဲ။" ရှန်ထျန်းဟယ်က ဆိုသည်။ "ငါက ဒီမဟာကမ္ဘာလောကကြီးအကြောင်း မသိဘူးလို့ မထင် နဲ့။ ဧကရာဇ်ရှန်က နက်နဲဆန်းကြယ်တဲ့ သဘောတရားတွေကို ဆင်ခြင်သုံးသပ်ရင်း စကြဝဠာတစ်ခုလုံးကို စိတ်နဲ့ လှည့်လည်သွားလာနေတာ။ သူက မဟာကမ္ဘာလောကကြီး အကြောင်းကို တစ်စွန်းတစ်စ သိနေတယ်။ ငါလည်း အကုန်သိတယ်။ ဗဟိုကမ္ဘာနဲ့ မဟာကမ္ဘာလောကတို့ စစ်ဖြစ်တော့မယ်။ ပြီးတော့ မဟာကမ္ဘာလောကမှာ ယန် နတ်ဘုရားအဆင့်ကို ရောက်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ပေါ်လာပြီ။ အဲ့ဒီသူက ဟုန်ယွိတဲ့။ မင်းရဲ့ခင်ပွန်းကတော့ ယန်အန်းလို့ ခေါ်တယ်။ သူက ချန်ပီယံမြို့စား ဖြစ်သလို အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ ဆက်ခံသူလည်း ဖြစ်ခဲ့တယ်။ သူက ဟုန်ယွိရဲ့ လက်ချက်နဲ့ သေသွားခဲ့ရပြီး အခုတော့ ဟုန်ယွိက မင်းကို ပိုင်ဆိုင်ထားတာပေါ့ ဟုတ်လား"

"ရှင် ဘာလုပ်ချင်လို့လဲ" ဟွမ်ယန်ယန်၏ မျက်လုံးများထဲတွင် ကောက်ကျစ်မှုအချို့ ဖုံးကွယ်ထားသည်။ "ရှင်က ဟုန်ယွိကို ရင်ဆိုင်မလို့လား"

"ဟုတ်တယ်။ သူက ဧကရာဇ်ရှန်ရဲ့ စိတ်အာရုံကို ဆွဲဆောင်မိသွားတယ်။ ဧကရာဇ်က သူ့ရဲ့ အခြေအနေကို နားလည်ချင်နေတာ။ အဲ့ဒါကြောင့် သူ့ကို နေမင်းနန်းတော်ဆီ ခေါ်လာစေ ချင်နေတယ်။ နေမင်းရဲ့ ဗဟိုချက်က စွမ်းအင်တွေကို သုံးကာ အမြင့်ဆုံး တာအိုကို ရှာဖွေဖို့ သူ့ရဲ့ဝိညာဉ်ကို နားလည်အောင် လုပ်ချင်နေတာ။” ရှန်ထျန်းဟယ်က ဆိုသည်။

"အဲ့ဒီဟုန်ယွိက အင်မော်တယ်နတ်ဘုရားဘုရင်နဲ့တောင် အသေအလဲ တိုက်ခိုက်နိုင်တဲ့ လူနော်။ ဧကရာဇ်ရှန်ကိုယ်တိုင်လာရင်တောင် သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်..." ဟွမ်ယန်ယန်က သတိထားပြီး ပြောလိုက်သည်။

"လနန်းတော်က ဧကရီယင်ကလည်း ဟုန်ယွိကို သတိထားမိနေတယ်။" ရွှေရောင်ဝတ်ရုံ နှင့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေး ရှန်ထျန်းဟယ်က ခပ်တိုးတိုး ရယ်မောလိုက် သည်။

"မင်း ဘယ်လို ထင်လဲ"

“ဧကရီယင်က ဧကရာဇ်ရှဣ်နဲ့ မတည့်ဘူးလို့ ကောလာဟလတွေ ကြားဖူးတယ်။ အထွက်အထိပ် အုပ်စိုးရှင်နှစ်ပါးထဲမှာ တစ်ပါးက တောက်ပတဲ့ နေမင်းကြီးကို အုပ်စိုးပြီး၊ နောက်တစ်ပါးက လင်းလက်တဲ့ လမင်းကြီးကို အုပ်စိုးတယ် မဟုတ်လား” ဟွမ်ယန်ယန်က တစ်ဖန် အံ့အားသင့်စွာ မေးလိုက်ပြန်သည်။

"မင်း သိထားတာ သိပ်မများသေးပုံပဲ။ ဒါပေမဲ့ ဒါက အထက်ကမ္ဘာတွေရဲ့ လျှို့ဝှက်ချက်ဆို တော့ ငါ မင်းကို အကုန်ပြောပြမှာ မဟုတ်ဘူး။ ကဲ... ငါ ပြောတာကို မင်း စဉ်းစားပြီးပြီလား။ ဘယ်လိုလဲ" ရှန်ထျန်းဟယ်က ထွက်သွားတော့မည့်အလား မတ်တတ်ရပ်လိုက်သည်။

"ကျွန်မကတော့ အကျိုးအမြတ်ကိုပဲ လိုချင်တာ။ ဘာလို့ မရမှာလဲ၊ ဒါပေမဲ့ ရှင်က ကျွန်မကို အရင်ဆုံး အကျိုးအမြတ်တစ်ခုခု ပေးရမယ်။ အဲ့ဒါမှ ကျွန်မက ရှင့်နဲ့ ပူးပေါင်းဖို့ စွန့်စားမှာ ပေါ့။ မဟုတ်ရင်တော့ ဟုန်ယွိရဲ့ နည်းလမ်းတွေက အရမ်းကြောက်စရာ ကောင်းတာ။ သူ့ရဲ့ ဒေါသကြောင့် ကျွန်မ အသက်ပျောက်သွားနိုင်တယ်။” ဟွမ်ယန်ယန်က သူမ လက်သည်း ရှည်လေးများဖြင့် စားပွဲတင်ခုံကို တတောက်တောက် ခေါက်နေသည်။

“ကိစ္စမရှိပါဘူး။ မဟာကမ္ဘာလောကမှာ ရှိသမျှ အရာအားလုံး ငါတို့ နေမင်းနန်းတော်မှာ ရှိတယ်။ မဟာကမ္ဘာလောကမှာ မရှိတာတွေလည်း နေမင်းနန်းတော်မှာ ရှိနေတယ်။ သာမန် အကျိုးအမြတ်လေးတွေက ဘာများ ခက်ခဲလို့လဲ။” ရှန်ထျန်းဟယ်က ကျယ်လော င်စွာ ရယ်မောလိုက်ပြီး သူ့လက်ချောင်းကို တစ်ချက်ခါလိုက်ရာ မီးပွားတန်းတစ်ခု ထွက်ပေါ်လာပြီး စစ်ရထားပုံစံအဖြစ် ပြောင်းလဲသွားသည်။ ထိုစစ်ရထားကို မြင်းများက ဆွဲနေခြင်း မဟုတ်ဘဲ မီးလျှံငှက် ကိုးကောင်က ဆွဲနေခြင်း ဖြစ်၏။ မီးလျှံငှက် ကိုးကောင်စီ တွင် ခြေထောက် သုံးချောင်းစီ ရှိကြပြီး ပျံသန်းလိုက်သည့်အခါ သူတို့၏ ပတ်ဝန်းကျင်၌ မီးလျှံများ ထွက်ပေါ်လာသည်။ ထိတ်လန့်စရာကောင်းသည်မှာ မီးလျှံငှက်တို့မှာ ရှေးဦး ရွှေကျီးကန်းများနှင့် ဆင်တူနေခြင်း ဖြစ်သည်။

ဤစစ်ရထားကို အမှန်တကယ်ပင် ရှေးဦးရွှေကျီးကန်းများက ဆွဲနေခြင်း ဖြစ်၏။

"ဒါက မီးလျှံဘုရင်စစ်ရထားပဲ။ ဒါက ငါ ဟင်းလင်းပြင်ကို လှည့်လည်ကြည့်ရှုတဲ့အခါ စီးတဲ့ ရထားပဲ။ အခုတော့ ဒါကို မင်းကို ပေးလိုက်မယ်။ ဘယ်လိုလဲ။ မင်း ငါ့ရဲ့ နောက်ထပ် အဆင့်အတန်းတစ်ခုကို မသိသေးဘူး ထင်တယ်။ ငါက ဧကရာဇ်ရှန်ရဲ့ လက်အောက်က မီးလျှံဘုရင် သုံးပါးအနက် တစ်ပါးဖြစ်တဲ့ နှင်းခဲမီးလျှံအစစ်မှန်ဘုရင်ပဲ။"

ရှန်ထျန်းဟယ်က လက်ရာမြောက်လှသော ထိုစစ်ရထားကို ကောင်းကင်တွင် လွင့်မျော စေလိုက်ရာ အဆုံးမဲ့သော မီးလျှံများ၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး နေမင်းကြီး မြေပြင်သို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရ၏။ ရွှေကျီးကန်းများ ပျံသန်းနေပြီး စစ်ရထားက လှည့်လည်နေသည့် မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ထိုရထားပေါ်တွင် ထိုင်နေမည့်လူမှာ မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်းကြည့်နိုင်သည်။

ထိုစစ်ရထားကို ကြည့်ရင်း ဟွမ်ယန်ယန်မှာ မနာလို အားကျသည့် အမူအရာကို မဖုံးကွယ်နိုင်တော့ချေ။

"အမြင့်ဆုံး တည်ရှိမှုနှစ်ပါးဖြစ်တဲ့ ဧကရာဇ်ရှန်နဲ့ ဧကရီယင်တို့ဟာ မဟာကမ္ဘာလောက ကြီးကို စိတ်မဝင်စားကြဘူး။ သူတို့က ဟုန်ယွိကိုပဲ စိတ်ဝင်စားကြတာ။ ဒါကြောင့်လည်း သူတို့က ဟုန်ယွိကို ဖမ်းဆီးပြီး သူ့မှတ်ဉာဏ်တွေကို ခွဲခြမ်းစိတ်ဖြာကာ ကျင့်စဉ်တွေကို နားလည်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဟုန်ယွိကို ဖမ်းပြီးသွားရင် မဟာကမ္ဘာ လောကမှာ အုပ်စိုးရှင် ရှိတော့မှာ မဟုတ်ဘူး။ မင်းကတော့ ဧကရီတစ်ပါး ဖြစ်လာဖို့ စိတ်ဝင်စားမှာပါ။ အနာဂတ်မှာ မင်းက ဒီရထားလုံးကို စီးပြီး ကောင်းကင်ယံကို ကင်းလှည့် ကာ၊ မြေပြင်ပေါ်က သာမန် လူသားတွေကို ငုံ့ကြည့်ရင်း ဧကရီအဖြစ် အုပ်ချုပ်ရမယ်။ အဲဒါက ဘယ်လောက်တောင် ဂုဏ်သိက္ခာရှိပြီး ကျေနပ်စရာ ကောင်းမလဲ”

ရှန်ထျန်းဟယ်၏ စကားများမှာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။

"သဘောတူတယ်"

ဟွမ်ယန်ယန်က သူမ၏လက်ကို ဝေ့ယမ်းလိုက်ပြီး ထိုအကျိုးအမြတ်ကို လက်ခံရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်၌ မီးလျှံဘုရင်စစ်ရထားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အရပ်မျက်နှာ တစ်ခုသို့ ပျံသန်းသွားကာ ဟွမ်ယန်ယန်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်။

"ဟင်"

နေမင်းဟင်းလင်းပြင်မှ ဧကရာဇ်ရှန်၏ လက်အောက်ခံ လျှို့ဝှက်ဆန်းကြယ်သော “အေးစက်မီးလျှံဘုရင်” ရှန်ထျန်းဟယ်၏ မျက်နှာမှာ အေးစက်သွားပြီး သူ၏ လက်ဖြင့် လှမ်းခေါ်လိုက်သည်။ ချက်ချင်းပင် စစ်ရထားလုံးမှဦ အဆမတန် ကြီးမားလာပြီး ကြီးမြတ် သော နတ်ဘုရားသားရဲ ရွှေကျီးကန်းကိုးကောင်တို့သည် ရှေးဦးခေတ် နတ်ဘုရား တန်ခိုး စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ အော်ဟစ်သံများက ကြိုးကြာငှက်များကဲ့သို့ မြည်ဟီးနေပြီး ထိုရွှေကျီးကန်းများ၏ ပါးစပ်ထဲမှ သန်းပေါင်း များစွာသော မီးလုံးလေးများ ထွက်ပေါ်လာကာ ချက်ချင်းပင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်စေသည်။

“ဘာမှ မလုပ်နဲ့ဦး၊ ရှင် မြို့စား အိမ်တော် တစ်ခုလုံးကို ဖျက်ဆီးမိလိမ့်မယ်။”

ရှန်ထျန်းဟယ်က အစကတည်းက ဤမျှ ပြင်းထန်လှသော နည်းလမ်းကို အသုံးပြုလိမ့်မည် ဟု ဟွမ်ယန်ယန် မထင်ထားသဖြင့် လန့်သွားရသည်။

သို့သော် နောက်တစ်ခဏ၌ အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒီလိုသာမန် လှည့်ကွက်လေးနဲ့ မြို့စားအိမ်တော်ကို ဖျက်ဆီးနိုင်မယ်လို့ မင်း ထင်နေတာ လား။ ကျုပ်ရှေ့မှာဆိုရင် အင်မော်တယ် နတ်ဘုရားဘုရင်တောင် စံအိမ်ကို မဖျက်ဆီးနိုင် ဘူး။ မင်းမှာ ဘာစွမ်းရည်ရှိလို့လဲ၊ ကျုပ်ရှေ့မှာ ကျုပ်လူတွေကို လာစည်းရုံးရဲတာလား။ ဧကရာဇ်ရှန်လား၊ ဧကရီယင်လား။ ဒီနှစ်ယောက်က တကယ်ကို အတင့်ရဲတာပဲ၊ ကျုပ်ကို တောင် ဖမ်းချင်နေကြတာလား။ ယန်နတ်ဘုရားအဆင့် တက်လှမ်းခဲ့တဲ့ ကျုပ် အတွေ့ အကြုံတွေကို ခိုးယူချင်လို့လား။ တကယ်ကို မောက်မာတာပဲ။ သူတော်စင် ဧကရာဇ်ဖန်နဲ့ သူတော်စင် ဧကရာဇ်ယွမ်တို့ ပြန်လည်မွေးဖွားလာရင်တောင် အဲ့ဒီလို စကားမျိုး ပြောရဲ မယ် မထင်ဘူး။"

ကောင်းကင်တစ်ခုလုံး မီးလုံးများ ပြည့်နှက်နေသည့် ကြားမှ ဟုန်ယွိသည် ခြေတစ်လှမ်းဖြင့် ပေါ်လာသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ရာ အချိန်နှင့် ဟင်းလင်းပြင်တစ်ခုလုံး ချက်ချင်း ပြောင်းလဲသွား၏။ ဖရိုဖရဲဖြစ်နေသော လေစီးကြောင်းများက ထိုနေရာတစ်ခုလုံး ပြည့်နှက်သွားလေသည်။ မီးလျှံလုံးများမှာ တစ်စုံတစ်ခု၏ ပိတ်လှောင်မှုကို ခံလိုက်ရသည့် အလား အားလုံး ဝါးမျိုခံလိုက်ရသည်။ မီးလျှံများ ငြိမ်းသတ်ခံလိုက်ရပြီး ရှေးဦးရွှေကျီးကန်း ကိုးကောင်မှာလည်း သူတို့၏ ရန်သူတော်နှင့် တွေ့လိုက်ရသည့်အလား ခန္ဓာကိုယ်များ တုန်ယင်ကာ မလှုပ်ရှားနိုင်တော့ပေ။

အဆမတန် ကြီးမားလာသော မီးလျှံဘုရင်စစ်ရထားမှာလည်း အရွယ်အစား သေးငယ်သွား ပြီး ၎င်း၏စွမ်းအင်များ အားလုံး ပိတ်ဆို့ခံလိုက်ရကာ နောက်ဆုံး၌ လက်သီးဆုပ်ခန့်သာ ရှိတော့ပြီး ဟုန်ယွိ၏ လက်ဝါးထဲသို့ ရောက်ရှိသွားလေတော့သည်။

"ဟွန့်…၊ မိုင်တစ်ထောင်ဖျက်ဆီးခြင်းမီးလျှံ"

ဤမြင်ကွင်းကို မြင်သောအခါ လျှို့ဝှက်ဆန်းကြယ်သော “အေးစက်မီးလျှံဘုရင်” ရှန်ထျန်း ဟယ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ မီးလျှံများ ဝုန်းခနဲ ထွက်ပေါ်လာသည်။ သူ၏ ဘယ်ဘက် လက်ဖဝါးတွင် ပြင်းထန်သော လေပြင်းများနှင့်အတူ အရည်အဖြစ် စီးဆင်းနေသော “မီးလျှံရေစီးကြောင်း” များ ရှိနေ သည်။

မီးလျှံများကို အရည်အဖြစ် ပြောင်းလဲပြီး မြစ်တစ်စင်းလို စီးဆင်းအောင် လုပ်ဆောင်ခြင်း က ဖန်ဆင်းရှင်တွေအကြားမှာပင် ရှားပါးသည့် ပညာရပ်မျိုး ဖြစ်လိမ့်မည်။

သူ၏အခြားတစ်ဖက်တွင်မူ ရေခဲကမ္ဘာတစ်ခုကဲ့သို့ အပြာနုရောင် အေးစက်သော မီးလျှံမြစ် တစ်စင်း ရှိနေသည်။ အအေးဓာတ်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး၊ အေးမြသော မီးလျှံ နှင့် ပူပြင်းသော မီးလျှံ၊ ထိုကြီးမြတ်သော မီးလျှံနှစ်ခုတို့ အချင်းချင်း ရောယှက်သွားသည်။ အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် ‘ယင်’ က ‘ယန်’ ကို ဖြစ်ပေါ်စေပြီး ‘ယန်’ က ‘ယင်’ ကို ဖြစ်ပေါ်စေကာ အဆုံးမရှိသော တုန်ခါမှုများဖြင့် ဟုန်ယွိကို လွှမ်းခြုံသွားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ “မိုင်တစ်ထောင်ဖျက်ဆီးခြင်းမီးလျှံ” ကွက်ကြောင့် မီးလျှံဘုရင် စစ်ရထားမှာ တစ်ဖန် ပြန်လည် လှုပ်ရှားလာပြီး ဆက်တိုက် ကြီးမားလာပြီး၊ မီးလျှံများက မြားများကဲ့သို့ ပစ်ထွက်လာကာ၊ သံမဏိများပင်လျှင် လေစီးကြောင်းအဖြစ် ချက်ချင်း အရည်ပျော် သွားစေနိုင်သည်။

“ဘာ မိုင်တစ်ထောင် ဖျက်ဆီးခြင်းမီးလျှံလဲ၊ တစ်လက်မတောင် မလောင်ကျွမ်းနိုင်စေရ ဘူး” ဟုန်ယွိက အေးအေးဆေးဆေး ပြုံးလိုက်ပြီး သူ၏ လက်ချောင်းကို တစ်ချက် ခါယမ်း လိုက်ရာ၊ အလင်းလုံး တစ်လုံးနှင့် အမှောင်လုံး တစ်လုံး ထွက်ပေါ်သွားပြီး ချက်ချင်းပင် မန္တလာအတားဆီးတစ်ခု အဖြစ် ပေါင်းစပ်သွားသည်။ ထာဝရအမှောင်ည မူလစိတ်ဝိညာဉ် နှင့် ကံတရားမူလစိတ်ဝိညာဉ်တို့သည် ပြောင်းလဲသွားပြီး “မီးလျှံရေစီးကြောင်း” အားလုံး ကို လွှမ်းခြုံ ဖမ်းဆီးလိုက်သည်။

"ဒါက ဘယ်လို ချိပ်ပိတ်ပညာရပ်လဲ"

ရှန်ထျန်းဟယ်သည် 'အလင်းနှင့်အမှောင် မန္တလာ အတားအဆီး' ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ လွှမ်းခြုံခံလိုက်ရသည်နှင့် သူ၏ ပတ်ဝန်းကျင်ရှိ ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားသည် ကို မြင်လိုက်ရသည်။ နေရာတိုင်းမှာ အလင်းနှင့် အမှောင်ဖြင့် ပြုလုပ်ထားသည့် လှောင်အိမ်ကြီး တစ်ခုလို ဖြစ်နေတော့သည်။ သူက လှောင်အိမ်နှင့်တူသည့် မဟာ ယဇ်ပလ္လင်၏ အလယ်ဗဟိုမှာ ရောက်နေသည်။ မည်သည့် တာအိုမှော်ပညာကို သုံးပါစေ၊ ဤယဇ်ပလ္လင်ကို သူ ဖောက်ထွက်နိုင်ခြင်း မရှိပေ။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများ က ယဇ်ပလ္လင်ကို ဖြတ်ကျော် ကြည့်လိုက်သောအခါ ဟုန်ယွိ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ တရိပ်ရိပ် မြင့်တက်လာသည်ကို မြင်လိုက်ရသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်က ပို၍ သေးငယ်လာခြင်းကြောင့်မှန်း သူ သိလိုက်ပါသည်။

ထိုအချိန်၌ သူသည် ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အလွန်တရာ ကြီးမားပြီး သူကိုယ်တိုင်မှာမူ ရေတွင်းထဲက ဖားတစ်ကောင်သာ ဖြစ်ကြောင်း သိမြင်သွားရလေတော့ သည်။

"ပေါက်ကွဲမီးလျှံ မြို့ကို လောင်ကျွမ်းခြင်း၊ နေစင်းတစ်ထောင်ကြွေကျခြင်း"

ဤအခိုက်အတန့်တွင် သူသည် သူ၏ အမြင့်ဆုံး နတ်ဘုရားတန်ခိုး စွမ်းအားကို ထုတ်ဖော် လိုက်သည်။ သူ၏လက်နှစ်ဖက်ကို ဖမ်းဆုပ်ဟန်ပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အတွေးစ ပေါင်းများစွာ ထွက်ပေါ်လာပြီး တစ်ခုချင်းစီမှာ နေမင်း တစ်စင်းကဲ့သို့ ပူပြင်းနေသည်။ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ သူတို့၏ အရှိန်အဝါများမှာ ဟင်းလင်းပြင် နယ်မြေကို ဖြတ်ကျော်ကာ ပျံ့နှံ့သွားလေသည်။

"ဟင်"

ထိုခဏ၌ ဟုန်ယွိသည် ကောင်းကင်ယံရှိ နေမင်းကြီး လှုပ်ခတ်သွားသည်ဟု ခံစားလိုက်ရ သည်။ အဆုံးမဲ့ အစစ်မှန် နေမင်းမီးလျှံများမှာ စုစည်းသွားပြီး သူ၏ ဦးခေါင်းအထက် ဟင်းလင်းပြင်မှ ကျဆင်းလာ၏။ နေမင်းကြီး အမှန်တကယ်ပင် ကြွေကျလာသည့်အလား ထင်မှတ်ရပြီး ကမ္ဘာမြေမှာ မှောင်အတိ ကျသွားလေ၏။

ဤကဲ့သို့သော အခြေအနေကို ရင်ဆိုင်ရသော်လည်း ဟုန်ယွိက ဆိုသည်။

"ကလေးကစားစရာပဲ"

သူက ကောင်းကင်သို့ လက်ကို မြှောက်လိုက်ပြီး 'ကောင်းကင်လွှမ်းခြုံလက်ဝါး' ကို အသုံးပြုလိုက်သည်။ ဧရာမ လက်ဝါးကြီးမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွား သည့်တိုင်အောင် ဆက်တိုက် ကြီးထွားလာလေသည်။ ကြွေကျလာသော နေမင်းများ အားလုံး သူ့လက်ဝါးထဲသို့ ကျရောက်သွားလေတော့သည်။

ဖူး…

ဤအခွင့်အရေးကို အသုံးချကာ ရှန်ထျန်းဟယ်က ပြင်းထန်စွာ ရုန်းကန်လိုက်ရာ 'အလင်းနှင့်အမှောင် အတားအဆီး' တွင် အပ်ပေါက်ခန့်သာရှိသော အပေါက်တစ်ခုကို ဖောက်ထွက်နိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ထိုအပေါက်မှ ဖြတ်ကျော်သွားပြီး 'ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း' နတ်ဘုရားတန်ခိုးကို သုံးကာ လွတ်မြောက်သွားလေသည်။ သူ၏ ခန္ဓာကိုယ်က ပြန်လည် လှုပ်ရှားသွားပြီး ပေပေါင်းများစွာ ရှည်လျားသည့် အတောင်ပံ နှစ်ဖက် ပေါ်လာပါသည်။ ထိုအတောင်ပံများကို အပြာနုရောင် မီးလျှံများဖြင့် ဖွဲ့စည်းထား သည်။ အတောင်ပံတွေကို ခတ်လိုက်သည့်အခါ လေစီးကြောင်းတွေ ပွင့်ထွက်လာပါပြီး၊ ထိုလေစီးကြောင်းများမှာ တောင်တစ်လုံးကိုပင် မှုတ်ထုတ်ပစ်နိုင်လောက်သည့်အထိ ပြင်းထန်လှသည်။

အတောင်ပံတစ်ချက် ခတ်လိုက်သည့် အချိန်အတွင်းမှာပင် ရှန်ထိုင်ဟယ်သည် အရှေ့ဘက် ပြည်နယ်ခုနစ်ခု ပြင်ပသို့ ပျံသန်းရောက်ရှိသွားခဲ့ပြီ။ သူ ဘယ်နေရာကို ရောက်သွားသည်ကို မည်သူမျှ မသိနိုင်တော့ပေ။

ကောင်းကင်ယံတွင် လေစီးကြောင်းများနှင့် အေးစိမ့်သော လှိုင်းလုံးများသာ ဝေ့ဝဲကျန်ရစ်ခဲ့ လေသည်။

ထိုအေးစိမ့်သော လှိုင်းလုံးများကြောင့် လေထုမှာ ပြောင်းလဲသွားပြီး မိုင်ပေါင်း ရာနှင့် ချီသော ဧရိယာအတွင်း၌ မိုးများ စတင်ရွာသွန်းလေတော့သည်။

"တကယ်ကို အစွမ်းထက်တဲ့ နည်းလမ်းပဲ။ သူ လွတ်သွားပြီ" ကောင်းကင်သံစဉ်နတ်သမီး က ထွက်လာပြီး ပြောလိုက်သည်။

"သူ မလွတ်နိုင်ပါဘူး။ ငါ သူ့ကို တမင် လွှတ်ပေးလိုက်တာ။ သူ့နောက်ကွယ်မှာ ဘယ်သူရှိ လဲဆိုတာ သိချင်လို့ပါပဲ။" ဟုန်ယွိက ခေါင်းကို ခါယမ်းရင်း ပြောလိုက်လေသည်။

စာစဉ် (၇၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters