← Chapters

အခန်း ၇၆၇

Vol. 74 Ch. 767

အခန်း ၇၆၇

Vol. 74 Ch. 767

အခန်း (၇၆၇)။

ဟုန်ယွိနှင့် မုန့်ရှန်းကျီတို့သည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲတွင် ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။ ထိုနေရာရှိ ကြီးမားလှသော ဥက္ကာခဲများ၊ ကြယ်မြစ်များ၊ ဟင်းလင်းပြင် မုန်တိုင်းများ၊ ဟင်းလင်းပြင်တွင်းနက်များ၊ မိစ္ဆာအငွေ့အသက်များနှင့် သံမဏိကိုပင် အမှုန့် ဖြစ်သွားစေနိုင်သော အေးစက်လှသည့် လေပြင်းများမှာ ဤကျွမ်းကျင်သူနှစ်ဦးအား တစ်စုံတစ်ရာမှ မထိခိုက်စေနိုင်ပေ။

သူတို့သည် လူပေါင်းသန်းသုံးရာကို တင်ဆောင်လာသည့်၊ ရှေးဦးကာလ၏ နံပါတ်တစ် နတ်ဘုရားလက်နက်ဘုရင်ကြီး ဆိုက်ရောက်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ ကြသည်။

ဤသည်မှာ မဟာကမ္ဘာလောကနှင့် ဗဟိုကမ္ဘာတို့ကြား အဆုံးအဖြတ်ပေးမည့် အရေး အကြီးဆုံးတိုက်ပွဲပင် ဖြစ်သည်။ သာမန်ပြည်သူများကြား တိုက်ခိုက်သည့် တိုက်ပွဲမျိုး မဟုတ်ဘဲ၊ အမြင့်ဆုံးသော စွမ်းအားရှင်များ၏ ထိပ်သီးအားပြိုင်မှုဖြစ်သည်။ အကယ်၍ တစ်ဖက်ဖက်က ရှုံးနိမ့်သွားပါက၊ ကျန်ရှိသည့်တစ်ဖက်က ဤမဟာကမ္ဘာလောကကြီးကို အမှန်တကယ် စိုးမိုးသွားလိမ့်မည်။

မဟုတ်သေး... ဤစကြာဝဠာကြီးတစ်ခုလုံးကို စိုးမိုးသွားမည်ဟု ပြောလျှင် ပို၍ မှန်ကန်ပေ လိမ့်မည်။

ဤစကြာဝဠာကြီးထဲတွင် ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများမှာ တစ်ဦးပြီးတစ်ဦး ကြွေလွင့်ခဲ့ကြလေပြီ။ နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးနောက်တွင် အထွတ်အထိပ် ယန်နတ်ဘုရား ကျွမ်းကျင်သူဟူ၍ မရှိတော့သလောက်ပင်။ အင်မော်တယ် နတ်ဘုရား ဘုရင်၏ ကိုယ်ပွားတာအိုပင်လျှင် ယခုအချိန်တွင် ယန်နတ်ဘုရား အစွမ်းကို မပိုင်ဆိုင် တော့ချေ။

ထို့ကြောင့် ဟုန်ယွိ၊ မုန့်ရှန်းကျီ၊ ရွှီယွိနှင့် ယန်ဖန်တို့သည် ဤစကြာဝဠာအတွင်း အမြင့်ဆုံး အဆင့်ရှိ စွမ်းအားရှင်များ ဖြစ်ကြပြီး၊ သူတို့သည် ယန်နတ်ဘုရားနယ်ပယ်နှင့် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်အောက်ရှိ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...

ဟင်းလင်းပြင်ထဲမှ အဆုံးမရှိသော တုန်ခါသံများ ထွက်ပေါ်လာသည်။ နေလဒီရေလှိုင်း၏ စွမ်းအားကို ယှဉ်နိုင်သော၊ ပုံသဏ္ဍာန်မဲ့ပြီး ကျယ်ပြောလှသည့် ဟင်းလင်းပြင်လှိုင်းတံပိုး ကြီးများ ပြန့်နှက်လာ၏။ ဒုန်း.. ကီလိုမီတာရာနှင့်ချီ၍ ကျယ်ပြောပြီး အလွန်ခိုင်ခံ့သော သံမဏိများဖြင့် ဖွဲ့စည်းထားသည့် ဥက္ကာခဲကြီးတစ်ခုမှာ ဤဟင်းလင်းပြင်ရိုက်ခတ်မှု ကြောင့် အမှုန့်ဖြစ်ကာ အငွေ့ပျံသွားတော့သည်။

ဤအခြေအနေမှာ ကူးစက်ရောဂါတစ်ခု ပြန့်နှံ့သွားသကဲ့သို့ပင်။

ဟင်းလင်းပြင်ထဲရှိ ဥက္ကာခဲများအားလုံး တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး၊ ပုံသဏ္ဍာန်များ ပျက်ယွင်းကာ လိမ်ဖည်သွားကြသည်။

ဤသည်မှာ ဖန်ဆင်းခြင်းသင်္ဘော၏ မဟာစွမ်းအားပင် ဖြစ်သည်။

ဖန်ဆင်းခြင်းသင်္ဘော၏ လက်ရှိစွမ်းအားမှာ ကြယ်တာရာများကို ဆွဲဖြဲပစ်နိုင်ရန် လုံလောက်နေပြီ။ ၎င်းသည် သမုဒ္ဒရာထက် ကျယ်ပြောပြီး မြေကြီးထက် ပို၍ လေးလံ သည်။ ကောင်းကင်အပြင်ပနယ်မြေ ဗဟိုကမ္ဘာမှ ခရီးနှင်လာသော ဤသင်္ဘောကြီးကို မည်သူမျှ တားဆီးနိုင်ခြင်း မရှိပေ။ ' ကိုးကြိမ်မြောက်မိုးကြိုးကပ်ဘေး’ ပညာရှင်များနှင့် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များပင်လျှင် ဤမဟာစွမ်းအားကြီးကို မတားဆီးနိုင်ကြပေ။

သို့သော် ယခုအခါ မုန့်ရှန်းကျီနှင့် ဟုန်ယွိတို့က တားဆီးနိုင်စွမ်း ရှိသည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးတွင် နတ်ဘုရားလက်နက်ဘုရင် တစ်ပါးစီ ရှိနေ သောကြောင့် ဖြစ်သည်။ တစ်ခုမှာ သူတော်စင်ပေါင်းစုံခန်းမ ဖြစ်ပြီး၊ အခြားတစ်ခုမှာ ထာဝရနိုင်ငံတော် ဖြစ်သည်။

ဖန်ဆင်းခြင်းသင်္ဘော၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက်၊ ပြိုင်ဘက်ကင်း ပညာရှင်နှစ်ဦး သည် သူတို့၏ နတ်ဘုရားလက်နက်ဘုရင် နှစ်ပါးကို ထုတ်ဖော်လိုက်ကြသည်။

ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြားမှ သူတော်စင်ပေါင်းစုံခန်းမက လည်ပတ်လျက် ထွက်ပေါ်လာ ပြီး၊ ချက်ချင်းပင် အလယ်ခေတ် သူတော်စင်များ၏ စာပေရွတ်ဆိုသံများနှင့် ဆိုဆုံးမစကား များက အရပ်မျက်နှာအနှံ့အပြားတွင် ပျံ့လွင့်သွားပြီး၊ ပျံသန်းနေသော နဂါးပုံရိပ်များနှင့် အတူ၊ ထောင်ပေါင်းများစွာသော အလင်းတန်းများနှင့် မင်္ဂလာရှိသော အငွေ့အသက်များ က ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး၊ သူ၏ မျက်ခုံးကြားမှ ထာဝရနိုင်ငံတော် ထွက်ပေါ်လာကာ၊ ဟင်းလင်းပြင်ကို လင်းထိန်သွား စေပြီး စကြာဝဠာအနှံ့ အလင်းဖြာထွက်ပြီး အဆုံးမရှိသော ထာဝရအလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းတန်းများက ကောင်းကင်ယံရှိ နေနှင့်လ၏ အလင်းရောင် ကိုပင် ဖုံးလွှမ်းသွားစေ၏။

ဤအချိန်တွင် ထာဝရနိုင်ငံတော်သည် ထာဝရအလင်းရောင် ဖြစ်နေပြီး၊ နှိုင်းယှဉ်၍မရ သော နတ်ဘုရားလက်နက်ဘုရင်အဖြစ် တည်ရှိနေသည်။

နတ်ဘုရားလက်နက် ဘုရင်သုံးပါးမှာ နောက်ဆုံးတွင် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း များကြားတွင် သူတို့၏ အထွတ်အထိပ် အခြေအနေတွင် ဆုံတွေ့မိကြပြီ။

လူသားမျိုးနွယ်ကို ကိုယ်စားပြုသည့်၊ ဤလောကကြီး၏ အမြင့်ဆုံး စွမ်းအားဥပဒေသများ ကို ကိုယ်စားပြုသည့် ဤနတ်ဘုရားရတနာများမှာ ယနေ့တွင် အလွန်တရာ ဝမ်းနည်း ကြေကွဲဖွယ်ကောင်းပြီး ကံကြမ္မာအလှည့်အပြောင်း ဖြစ်စေမည့် တိုက်ပွဲကြီးကို ဆင်နွှဲကြ တော့မည်။

ထာဝရကံကြမ္မာကို မည်သူက အမှန်တကယ် ထိန်းချုပ်နိုင်မည်နည်း။

ဟုန်ယွိကိုယ်တိုင် အပါအဝင် မည်သူမျှ မသိနိုင်ပေ။ သူသည် အနာဂတ်သခင်ကို အသုံးပြု၍ ဖြစ်နိုင်ခြေ အပြောင်းအလဲပေါင်း သန်းပေါင်းများစွာကို တွက်ချက်ထားသော်လည်း တိကျ သေချာသော ရလဒ်တစ်ခုကို မရရှိခဲ့ပေ။

ဖန်ဆင်းခြင်းသင်္ဘောကြောင့် ဖြစ်ပေါ်လာသည့် လေဟာနယ် မုန်တိုင်းကြီးမှာ ဟုန်ယွိနှင့် မုန့်ရှန်းကျီတို့ ထုတ်ဖော်လိုက်သော နတ်ဘုရားလက်နက်များ၏ ဖိနှိပ်မှုအောက်တွင် လုံးဝ ငြိမ်သက်သွားခဲ့သည်။

တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ပင်၊ အဝေးမှ အချိန်နှင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ လာနေသော သင်္ဘောကြီးသည်လည်း အရှိန်လျော့သွား၏။ နောက်ဆုံးတွင် ကြီးမားလှ သော တုန်ခါမှုကြီးနှင့်အတူ လုံးဝ ရပ်တန့်သွားတော့သည်။

ထို့နောက် သင်္ဘော၏ အမြင့်ဆုံးထပ်မှ ကျယ်ပြောပြီး ခန့်ညားထည်ဝါသော အရှိန်အဝါ တစ်ခု ပေါ်ထွက်လာသည်။ ပထမဦးစွာ ကြည်လင်သော ကြယ်တစ်စင်း ပျံထွက်လာပြီး နောက် "ကောင်းကင်ဘုံဖခင်" နှင့် တူသော အမျိုးသားတစ်ဦး ပါလာခဲ့သည်။ ထို့နောက် တွင် ဧကရာဇ်ဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထားသည့် ဧကရာဇ်တစ်ပါး ပျံသန်းထွက်လာ သည်။

ဤအထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦးတွင် တစ်ဦးမှာ ဗဟိုကမ္ဘာ၏ခေါင်းဆောင် လူဦးရေ သန်းတစ်သောင်းကို အုပ်ချုပ်နေသည့် ဤစကြာဝဠာအတွင်း အစွမ်းထက်ဆုံးပုဂ္ဂိုလ်ကြီး ရွှီယွိနှင့်... ကျန်တစ်ဦးမှာမူ ဧကရာဇ်ဝတ်ရုံနှင့် သရဖူကို ဆောင်းထားသည့် ဧကရာဇ် ယန်ဖန်တို့ ဖြစ်ကြသည်။

တစ်ယောက်က 'ယွိ' ၊ တစ်ယောက် 'ဖန်'... နှစ်ဦးစလုံးမှာ ရှေးကျသော နာမည်များဖြစ်ပြီး၊ ကြီးမားလှသော ကံတရားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

"ဟုန်ယွိ၊ မုန့်ရှန်းကျီ"

ရွှီယွိပေါ်လာသည်နှင့် သူ၏ မျက်လုံးများက ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ဟုန်ယွိနှင့် မုန့်ရှန်းကျီတို့ကို စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ပုံရိပ်များမှာ သူ၏ သူငယ်အိမ်အတွင်း၌ ထင်ဟပ်လာသည်။

မှန်ပါသည်၊ ၎င်းမှာ ရောင်ပြန်ဟပ်ခြင်းပင် ဖြစ်သည်။ ရွှီယွိ၏ မျက်လုံးထဲတွင် အရာ အားလုံးမှာ ရောင်ပြန်ဟပ်နေသကဲ့သို့ တည်ရှိနေသည်။

ဤရောင်ပြန်ဟပ်အကြည့်ကြောင့် ဟုန်ယွိသည် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွား ပြီး သူ၏ခန္ဓာကိုယ်မှာ ဇောက်ထိုးဖြစ်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။ ရွှီယွိ၏ မျက်လုံးထဲတွင် စကြာဝဠာကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းပြန်လှန်ပစ်လိုက်သကဲ့သို့ ပင်။

"အချိန်နှင့်ဟင်းလင်းပြင် ပြောင်းပြန်လှန်ခြင်း၊ ဘယ်လို တာအိုမှော်ပညာမျိုးလဲ... ယန်နတ်ဘုရားအဆင့်ပညာရပ်၊ ဖရိုဖရဲဒြဗ်စင်စက်ဝန်း... ပြောင်းပြန်လှန်ခြင်း ပညာရပ်က ကျုပ်အတွက် အလကားပဲ"

မုန့်ရှန်းကျီကလည်း ထိုဖိအားကို ခံစားလိုက်ရပြီး နှာခေါင်းရှုံ့လိုက်၏။ ထာဝရနိုင်ငံတော် တစ်ခုလုံးမှာ မူလလုံးဝန်းသော စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ချက်ချင်းပင်၊ ထိုပြောင်းပြန်လှန်ခြင်းပညာမှာ သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ ဤ ဖရိုဖရဲဒြဗ်စင် စက်ဝန်းသည် မူလကတည်းက မည်သည့်အရာက အဖြောင့်၊ မည်သည့်အရာက ပြောင်းပြန်ဆိုသည်မှာ အရေးမကြီးသောကြောင့် ဖြစ်သည်။

ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံခန်းမမှာမူ ပြောင်းပြန်လှန်မသွားသကဲ့သို့၊ စက်လုံးကြီး အဖြစ်လည်း ပြောင်းလဲမသွားပေ။ ယင်းအစား ၎င်းမှာ ငြိမ်သက်စွာ ရပ်တည်နေပြီး၊ အလယ်ခေတ် သူတော်စင်များ၏ ရွတ်ဆိုသံများက 'ပြောင်းလဲခြင်းကျမ်း' ၏ ကျမ်းဂန်များ ဖြစ်လာသည်။ ဤအသံများက ရွှီယွိ၏ အချိန်နှင့် ဟင်းလင်းပြင် ပြောင်းပြန်လှန်ခြင်းကို လုံးဝ ချေဖျက်ပစ်လိုက်ပြီး၊ အချိန်နှင့် ဟင်းလင်းပြင်ကို မူလအတိုင်း စနစ်တကျ ပြန်ဖြစ် သွားစေကာ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်ရောက်စေခဲ့သည်။

"ရွှီယွိ... ခင်ဗျားက အချိန်နဲ့ ဟင်းလင်းပြင်ကို ပြောင်းပြန်လှန်တယ်၊ ဒါက အမှားနဲ့ အမှန်ကို ပြောင်းပြန်လှန်တာနဲ့ အတူတူပဲ" ဟုန်ယွိက ရွှီယွိကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက် သည်။ "ကျုပ်က ကောင်းကင်နဲ့ မြေကြီးရဲ့ မြစ်ဖျားခံရာပဲ၊ အရာအားလုံးကို မှန်ကန်အောင် လုပ်ဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်ကို ဦးဆောင်နေတာ။ ခင်ဗျားက ကျုပ်ကို ဘယ်လိုလုပ်ပြီး ပြောင်းပြန်လှန်နိုင်မှာလဲ"

"ဟွန့်၊ အရှုံးသမားက ဒီလောက်အထိ ရဲရဲဝံ့ဝံ့ ပြောရဲသေးတာလား။ အဲဒီနေ့က သေမင်း တိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်မှာ မင်းသာ အပြေးမမြန်ခဲ့ရင်၊ ငါ့လက်ထဲမှာ သေနေလောက်ပြီ။ မင်း ဒီနေ့ လာတားမယ်ဆိုတာ ငါ ကြိုသိပြီးသားပါ"

ရွှီယွိ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေ၏။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လေစီးကြောင်းများ လည်ပတ်နေပြီး၊ တောက်ပသော ဝဲဂယက်မျိုးစုံ ဖြစ်ပေါ်နေသည်။ ဤသည်မှာ ရွှီယွိ၏ နောက်ထပ် နတ်ဘုရားတန်ခိုးစွမ်းရည်တစ်ခု ဖြစ်သည့် "ကြယ်မြစ်ဝဲဂယက်" ဖြစ်ကြောင်း ဟုန်ယွိ သိရှိလိုက်သည်။

"ဪ…. ကျုပ်က သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်မှာ ရှုံးခဲ့တာလား။ ရွှီယွိ... ခင်ဗျားက လူသန်းပေါင်းများစွာရဲ့ ခေါင်းဆောင် ဖြစ်ပြီးတော့ ဒီလို စကားမျိုး ဘယ်လိုလုပ် ပြောနိုင်ရတာလဲ" ဟုန်ယွိက မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားနဲ့ အကြိမ်ကြိမ် တိုက်ခဲ့ဖူးတယ်၊ အကြိမ်တိုင်းလည်း မင်း ရှုံးခဲ့တာပဲ။ ပထမ တစ်ကြိမ်က နတ်ဘုရားလေတိုက်ကြီးအောက်မှာ အင်မော်တယ်ကျောက်စာတိုင်ကို လုကြ တုန်းက ကျုပ် ခင်ဗျားကို အနိုင်ယူခဲ့တယ်။ ဒုတိယအကြိမ်က ခင်ဗျား ဟုန်မိသားစုဝင်တွေ ရဲ့ ကျင့်စဉ်အဆင့် မြှင့်တင်ပေးတုန်းက ခင်ဗျားရဲ့ ရွှေရောင်အင်မော်တယ် မူလ စိတ်ဝိညာဉ် ကို ကျုပ် သန့်စင်ပစ်ခဲ့တယ်။ တတိယအကြိမ်ကတော့ ကောင်းကင်အကျဉ်းထောင်ထဲမှာ ပေါ့။ ခင်ဗျားရဲ့ ကောင်းကင်အကျဉ်းထောင်ကို ကျုပ် ဖျက်ဆီးပစ်ခဲ့တယ်။ ရှေးဦး ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကိုတောင် ကျုပ် ဖမ်းယူခဲ့ပြီး ခင်ဗျားရဲ့ အင်အားတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ ကျုပ်တို့ တိုက်သမျှ အကြိမ်တိုင်းမှာ ခင်ဗျား ရှုံးခဲ့တာပဲ။ ဒီတစ်ကြိမ်ကတော့ ခင်ဗျားရဲ့ နောက်ဆုံး ရှုံးနိမ့်မှု ဖြစ်လာလိမ့်မယ်။ ခင်ဗျားသာ ဒီတစ်ကြိမ် ထပ်ရှုံးရင် အသက်တောင် ပါသွားနိုင်တယ်နော်။"

"ခင်ဗျားတို့ ဗဟိုကမ္ဘာက ကျုပ်တို့ မဟာကမ္ဘာလောကကို ကျူးကျော်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ဘူးနော်။ ပြီးခဲ့တဲ့အကြိမ်က စစ်ဘက်ရေးရာဝန်ကြီး ဒီမှာ လာပုန်းနေတုန်း က ကျုပ် သူ့ကို သတ်ခဲ့တယ်။ သူ့ရဲ့ 'မသေမျိုး စစ်အလံ' ကို သန့်စင်ယူခဲ့ပြီး သူ့ရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကိုပါ ကျုပ် ဖျက်ဆီးပစ်ခဲ့တယ်။ ဒါတွေက သင်ခန်းစာ မလုံလောက် သေးဘူးလား။ ခင်ဗျားတို့ အခုပဲ ပြန်လှည့်သွားကြစမ်း၊ မဟုတ်ရင် ခင်ဗျားတို့ တပ်တစ်ခု လုံး ချေမှုန်းခံရမှ နောင်တရဖို့ နောက်ကျသွားလိမ့်မယ်။"

ဟုန်ယွိ၏ စကားများက ရွှီယွိ နားထောင်ရန် သက်သက် မဟုတ်ပေ။ သူသည် သူ၏ အမြင့်ဆုံးသော စွမ်းအင်များကို အသုံးပြု၍ သူ၏ စကားသံများကို ဖန်ဆင်းခြင်းသင်္ဘော အတွင်းရှိ ရွှီမိသားစုဝင် သန်းသုံးရာလုံး ကြားနိုင်အောင် ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

ရွှီယွိနှင့် ဟုန်ယွိတို့ကြားက တိုက်ပွဲများသည် လူအများအတွက် လျှို့ဝှက်ချက် ဖြစ်နေခဲ့ပြီး၊ အထူးသဖြင့် စစ်ဘက်ရေးရာဝန်ကြီး သေဆုံးမှုမှာ အလွန်ကြီးမားသော ကိစ္စဖြစ်သည်။ အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ဗဟိုကမ္ဘာတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်ပြီး၊ ရွှီယွိပင်လျှင် ခေါင်းဆောင်နေရာမှ ဆင်းပေးရသည်အထိ ဖြစ်သွားနိုင်သည်။

"ဘာ၊ စစ်ဘက်ရေးရာဝန်ကြီး သေသွားပြီလား။ ဟုန်ယွိက သတ်လိုက်တာလား"

ရွှီယွိနှင့် ဟုန်ယွိတို့ စကားပြောနေစဉ် သူတို့၏ အသံများက ဖန်ဆင်းခြင်းသင်္ဘော အတွင်းရှိ ဟင်းလင်းပြင် အလွှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ဤမေးခွန်းကို မေးလိုက်သူမှာ ဆံပင် အတိုနှင့်၊ သွယ်လျသော ကိုယ်လုံးရှိပြီး နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် လူငယ်တစ်ဦး ဖြစ်သည်။ ဤလူငယ်မှာ ဆယ်ကျော်သက်အရွယ်ကဲ့သို့ ထင်ရသော်လည်း၊ သူ၏ မျက်လုံး များထဲတွင်မူ ဆယ်ကျော်သက်တစ်ဦး၌ မရှိနိုင်သော ဘဝ၏ အနိမ့်အမြင့် အတွေ့အကြုံ များ ပြည့်နှက်နေ၏။ ထို့အပြင် သူ့ထံတွင် မလျှော့သော ဇွဲသတ္တိများ ရှိနေပြီး၊ အကယ်၍ ကောင်းကင်ကြီးက သူ့ကို ဖိနှိပ်လာပါက သူသည် ကျောရိုးကို ဆန့်ထုတ်ကာ ကောင်းကင် ကို ဖောက်ထွင်းပစ်မည့် အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည်။

"ဟုတ်တယ်... သူ ဟုန်ယွိလက်မှာ အသတ်ခံလိုက်ရတာ" ရွှီဝူဟွေက ခေါင်းညိတ်လိုက် သော်လည်း အသေးစိတ်ကိုမူ ရှင်းမပြပေ။

ရွှီဝူယီ၏ ညီမဖြစ်သူအနေဖြင့် ဤအမျိုးသမီး၏ သိုင်းလမ်းစဉ်မှာလည်း နက်နဲပြီး ခန့်မှန်းရ ခက်လှသည်။ သူမ၏ ဘေးရှိ နှုတ်ခမ်းနီ သွားဖြူနှင့် လူငယ်ထံမှ သိုင်းအရှိန်အဝါမှာလည်း ဝိညာဉ်တစ်ခု သို့မဟုတ် နတ်ဘုရားတစ်ပါးကဲ့သို့ ဝေဝါးနေပြီး ဟင်းလင်းပြင်အလွှာ နယ်မြေအသီးသီးတွင် လွင့်မျောနေ၏။ နေရာတိုင်းတွင် သူ၏ 'သိုင်းဆန္ဒကိုယ်ပွား' များ ရှိနေသည်။ အကယ်၍ ပညာရှင်တစ်ဦးက သူ့ကို စိတ်အာရုံဖြင့် ဖမ်းဆွဲရန် ကြိုးစားမည် ဆိုပါက ထိုလူငယ်၏ အရိပ်များကို နေရာတိုင်းတွင် တွေ့ရမည် ဖြစ်သည်။ လေဟာနယ်မှာ မှန်ချပ်ကြီးများကဲ့သို့ ဖြစ်သွားပြီး အရိပ်ပေါင်းများစွာကို ထင်ဟပ်နေစေသည်။ ထိုလူငယ် သည်လည်း အလွန်ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်မှာ သေချာသည်။

"ဟုန်ယွိက တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား၊ မင်းရဲ့ အစ်ကိုနဲ့ ယှဉ်ရင် ဘယ်သူက ပိုစွမ်းထက်မလဲ ငါ သိချင်မိသား" ထိုလူငယ်က လက်နှစ်ဖက်ကို နောက်ပစ် ကာ မောက်မာစွာ ပြောလိုက်သည်။

"မင်း ငါ့ကို ကတိပေးထားတာကို မမေ့နဲ့ဦး" ရွှီဝူဟွေက ပြုံးလျက် ပြောသည်။ "ဟုန်ယွိက ငါ့အစ်ကိုရဲ့ တစ်ဦးတည်းသော အသိအမှတ်ပြုခံရတဲ့လူပဲ၊ ပြီးတော့ သူဟာ ငါ့အစ်ကို တစ်ဘဝလုံး စိန်ခေါ်ပြီး အနိုင်ယူချင်နေတဲ့ တစ်ဦးတည်းသော လူလည်း ဖြစ်တယ်"

ရွှီဝူဟွေသည် ထိုလူငယ်၏ အမည်ကို ကြားဖူးထားသည်။ သူ၏အမည်မှာ စကားလုံး တစ်လုံးတည်းသာ ဖြစ်သည် - 'ရှင်း'တဲ့။ သူသည် ရှေးဦးကာလက ပုဂ္ဂိုလ်များကဲ့သို့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသည်။ ရှေးဦးကာလက လူများသည် သူတို့၏ အမည်တွင် စကားလုံး တစ်လုံးတည်းသာ သုံးလေ့ရှိကြသည်။ ဥပမာ - 'တိုင်'၊ 'ဖန်'၊ 'ယွမ်' စသည်ဖြင့် ဖြစ်သည်။

"မပူပါနဲ့ ဝူဟွေ၊ ငါ မင်းကို ပေးထားတဲ့ ကတိကို တည်ပါ့မယ်" ရှင်းဟု ခေါ်သော လူငယ်၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ပေါ်လာသည်။ "ငါက မင်းအဖေရဲ့ ရန်သူဖြစ်ပြီးတော့ ဗဟို ကမ္ဘာအစိုးရကို တော်လှန်နေသူ ဖြစ်ပေမဲ့၊ မင်းအပေါ်မှာတော့ ငါ အမြဲတမ်း အထင်ကြီးခဲ့ပါ တယ်။ ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ၊ ကြီးမားတဲ့ အခြေအနေတွေနဲ့ မဆိုင်ပါဘူး"

သိသာထင်ရှားသည်မှာ 'ရှင်း' ဟု အမည်ရသော ဤလူငယ်သည် ဗဟိုကမ္ဘာရှိ နန်းတော် သို့မဟုတ် အစိုးရကို တော်လှန်နေသူ တစ်ဦး ဖြစ်သည်။

"မင်းက ငါ့ရဲ့ဝှက်ဖဲတွေထဲက တစ်ခုပဲ။ လိုအပ်တာထက် ပိုပြီးတော့ မင်းကိုယ်မင်း ထုတ်မ ပြမိစေနဲ့ဦး" ရွှီဝူဟွေက ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထို့နောက် သူမက ဟင်းလင်းပြင် ကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ "အစ်ကို... အစ်ကို အခု သူက ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် တံခါးပိတ် ကျင့်ကြံနေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အစ်ကို တံခါးဖွင့်ထွက်လာတဲ့အချိန်မှာ အစ်ကို့ရဲ့ ပြိုင်ဘက်က ကျဆုံးသွားပြီဆိုတာကို သိရင်၊ အစ်ကို ဘယ်လောက်တောင် အထီးကျန်သွားမလဲ။ အဲဒီအချိန်ကျရင် အစ်ကို့ရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားမ လား..."

"ဝူဟွေ... မင်း ရွှီဝူယီအကြောင်း ထပ်တွေးနေပြန်ပြီလား။ မင်းက မင်းအစ်ကိုကို ချစ်နေတာ လား။ ဒါပေမဲ့ ဒါက ဘာမှ မဟုတ်ပါဘူး။ ငါတို့လို ကျင့်ကြံမှု အဆင့်မှာတော့ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတွေဆိုတာ အလကားပဲ။ မင်းအစ်ကိုက တကယ်ကို ထူးချွန်ပါတယ်၊ ဒါပေမဲ့ တစ်နေ့ကျရင်တော့ ငါ သူနဲ့ တိုက်ရဦးမှာပဲ" လူငယ်ရှင်းက ရွှီဝူဟွေ ၏ မျက်နှာကို ကြည့်ကာ ပြောလိုက်ရာ သူ၏ မျက်လုံးများမှာ အေးစက်သွားတော့သည်။

ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေသော ရွှီဝူဟွေနှင့် လျှို့ဝှက်ဆန်းကြယ်သည့် လူငယ် ရှင်း တို့ စကားပြောနေကြစဉ်၊ ပြင်ပရှိ နတ်ဘုရားလက်နက်ဘုရင် သုံးပါး ထိပ်တိုက်တွေ့ဆုံမှု ကြားတွင် ဟုန်ယွိ၊ ရွှီယွိ၊ မုန့်ရှန်းကျီ နှင့် ယန်ဖန်တို့၏ စကားဝိုင်းမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ။

"ဟုန်ယွိ... မင်းနဲ့ မုန့်ရှန်းကျီ ပေါင်းလိုက်ရင် ဗဟိုကမ္ဘာရဲ့ သိမ်းပိုက်မှုကို တားနိုင်မယ်လို့ ထင်နေတာလား။ မှားတယ်၊ ဒါက မဖြစ်နိုင်ဘူး။ မင်း စစ်ဘက်ရေးရာဝန်ကြီးကို သတ်ခဲ့ပေ မဲ့၊ ဒီနေ့တော့ မင်းကို သူ့အတွက် ယဇ်ပူဇော်ဖို့ ငါ ပြန်သတ်ရမယ်။ ရွှီယွိ၏ ယန်နတ်ဘုရား အတွေးစက ကောင်းကင်ယံတွင် ငြိမ်သက်စွာ ရှိနေသော်လည်း၊ သူ၏ ရှေ့တွင် ရုတ်တရက် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာသည်။

"ထွက်လာစမ်း၊ ပျက်သုဉ်းခြင်းနတ်ဘုရားဘုရင်"

ရွှီယွိက သူ၏ လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ ရုတ်တရက်၊ သူ၏ ဘေးရှိ အက်ကွဲကြောင်း ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံတွင် စစ်မှန်သော စွမ်းအားများ၊ မည်သည့် အညစ်အကြေးမျှ မပါဝင်သော သန့်စင်သော စွမ်းအားများ ပါဝင်နေသည်။ ဤစွမ်းအား၏ သဘောသဘာဝမှာ ဖျက်ဆီးခြင်းလည်း မဟုတ်၊ ရှင်သန်ခြင်းလည်း မဟုတ်ပေ။ ၎င်းမှာ 'ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာသည့် စစ်မှန်ပြီး သန့်စင်သော စွမ်းအင် သက်သက်သာ ဖြစ်သည်။ ဟုန်ယွိသည် ဤမျှ စင်ကြယ်သော စွမ်းအားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သရဖူ ဆောင်းထားသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ အရေပြားမှာ အဖိုးတန် ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး၊ သူ၏ ကြွက်သားများထဲမှ အဆုံးမရှိသော မြူခိုး များ ထွက်ပေါ်နေသည်။ ဒါဟာ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ပါးပင် ဖြစ်သည်။ သို့သော် ဤနတ်ဘုရားမှာ အခြားသော ပျက်သုဉ်းခြင်းနတ်ဘုရားများထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။

ဟုန်ယွိ၏ ရှေးဟောင်း ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးမှာ အင်မော်တယ်နတ်ဘုရား ဘုရင်၏ သွေးသားများကို စုပ်ယူထားသောကြောင့် ယခုအခါ 'ကြွက်သားကျောက်စိမ်း' အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ရွှီယွိ ဆင့်ခေါ်လိုက်သည့် ဤပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်မှာ ဟုန်ယွိ၏ နတ်ဘုရား ၁၂ ပါးထက် ပိုမို ထူထပ်သော မြူခိုးများ ရှိနေပြီး၊ သူ၏ ခန္ဓာကိုယ်မှာ မည်မျှ အစွမ်းထက်သည်ကို ပြသနေသည်။

"ဟုန်ယွိ... မင်းက ငါ့ဆီမှာ ယန်နတ်ဘုရားအတွေးစပဲ ရှိတယ်လို့ ထင်နေတာလား။ ဒီနေ့ ငါ့ရဲ့ အမြင့်ဆုံးသော ကိုယ်ပွားသစ်ဖြစ်တဲ့ ပျက်သုဉ်းခြင်းနတ်ဘုရားဘုရင်ကို မင်းကို ပြသရတာပေါ့။ သေမင်းတိတ်ဆိတ်ခြင်း ကောင်းကင်အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေ တဲ့ ကြယ်သခင် ၂၇ ပါးရဲ့ အသားသွေးတွေကို ငါ အသုံးချခဲ့တယ်။ သူတို့ရဲ့ အနှစ်သာရ မူလ စွမ်းအင်တွေဟာ ဒီပျက်သုဉ်းခြင်းနတ်ဘုရားဘုရင်ကို ဖန်တီးဖို့ မြစ်ဖျားခံရာပဲ။ ဒီနေ့ဟာ သူ့စွမ်းအားကို ပထမဆုံး ပြသတဲ့နေ့ပဲ"

ရွှီယွိက ထပ်မံ ညွှန်ပြလိုက်ရာ၊ ပျက်သုဉ်းခြင်းနတ်ဘုရားဘုရင်သည် ဟုန်ယွိကို ကြည့်ကာ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

ဝူး... ဝူး... ကောင်းကင်ကြီး ပြိုကျပြီး မြေကြီးများ ကွဲအက်သွားသကဲ့သို့ ခံစားရသည်။ တစ္ဆေသရဲများ ငိုကြွေးကာ နတ်ဘုရားများ ဟိန်းဟောက်နေကုန်၏။ ကောင်းကင်ယံ တစ်ခုလုံး သွေးရောင်လွှမ်းသော အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ ကောင်းကင် ကြီးမှာ အသားစတစ်ခုကဲ့သို့ ဆွဲဖြဲခံလိုက်ရပြီး သွေးများ စီးကျလာသကဲ့သို့ပင်။

"ဘယ်လောက်တောင် ရက်စက်လိုက်လဲ! သူက သေမင်းတိတ်ဆိတ်ခြင်းကောင်းကင် အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ထားတဲ့ ကြယ်သခင် အားလုံးကို တကယ်ပဲ သန့်စင်ပစ်ခဲ့ တာလား"

ဟုန်ယွိ၏ ရင်ထဲတွင် ထိတ်လန့်သွားပါသည်။ ဤပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်၏ ဇစ်မြစ်ကို ချက်ချင်း နားလည်သွားခဲ့သည်။ ရွှီယွိ၏ ရက်စက်မှုကိုလည်း အံ့အားသင့်မိတော့ သည်။ အမှန်စင်စစ်၊ ကြီးကျယ်သော လုပ်ငန်းကြီးများကို လုပ်ဆောင်မည့်လူမှာ ဤကဲ့သို့ ရက်စက်မှုမျိုး ရှိရပေလိမ့်မည်။

All Chapters