အခန်း ၇၇၀
Vol. 74 Ch. 770
အခန်း (၇၇၀)။
ရွှီယွိကိုယ်တိုင်ပင်လျှင် ဟုန်ယွိက သူ၏ ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်ကို ဤမျှ မြန်ဆန် စွာ သန့်စင်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူသည် ဤအထွတ်အထိပ် ရုပ်သေးရုပ်ကြီး အတွက် များစွာ အားထုတ်ခဲ့ရသည်။ အစွမ်းထက် လက်နက်တစ်ခုအနေဖြင့် ဤရွှေ့ ပြောင်းခြင်း ခရီးစဉ်တွင် အဆုံးအဖြတ်ပေးနိုင်မည့် အခန်းကဏ္ဍမှ ပါဝင်ရန် သူ မျှော်လင့် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟုန်ယွိက ၎င်းကို တိုက်ရိုက်ပင် ချိပ်ပိတ်၊ ဖိနှိပ်ပြီး သန့်စင် လိုက်ကာ သူ၏ကိုယ်ပွားတစ်ခုသဖွယ် ဧရာမကူညီရေး ရုပ်သေးရုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်လေပြီ။
ဤပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်သည် ရှေးဦးနတ်ဘုရားဘုရင်များနှင့်ပင် ယှဉ်နိုင်သော အစွမ်းထက်ဆုံး ရုပ်သေးရုပ်ဖြစ်ပြီး ရှေးဦး ပျက်သုဉ်းခြင်းနတ်ဘုရား (၁၂) ပါးထက်ပင် ပိုမို အစွမ်းထက်လှသည်။
"ဧကရီယင်... ကျုပ် ချိပ်ပိတ်တာကို အသာတကြည် လက်ခံလိုက်စမ်းပါ။ ကျုပ်က သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်းအဆင့်ရှိတဲ့ ကျွမ်းကျင်သူတွေကိုလည်း ချိပ်ပိတ်ဖူး တယ်၊ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်ကို ရောက်နေတဲ့ ပညာရှင်တွေကိုလည်း ချိပ်ပိတ် ဖူးတယ်၊ ဒါပေမဲ့ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး အထွက်အထိပ် ပညာရှင်တစ်ယောက် ကိုတော့ တစ်ခါမှ မချိပ်ပိတ်ဖူးသေးဘူး။ ခင်ဗျားရဲ့ ယင်စွမ်းအင် အနှစ်သာရတွေက ကျုပ်ရဲ့ မှော်ရတနာတွေကို သန့်စင်ဖို့အတွက် သိပ်ကို သင့်တော်တာပဲ..."
ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်က 'ကောင်းကင်သွေးမိုး'၊ 'တစ္ဆေနတ်ဘုရား ငိုကြွေးသံ' နှင့် 'မသေမျိုးဗုဒ္ဓတို့၏ အမျက်ဒေါသ' ဟူသော တိုက်ကွက်များကို ထုတ်ဖော်လိုက်ချိန်တွင် ဟုန်ယွိလည်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူသည် အစကတည်းက စွမ်းအား ၁၀၀ ရာခိုင် နှုန်းကို အသုံးပြုလိုက်၏။ သူသည် တိုက်ကွက်တစ်ခုတည်းဖြင့် ဧကရာဇ်ရှန်နှင့် ဧကရီယင် တို့ကို သတ်ဖြတ်ရန် သို့မဟုတ် အပြတ်အသတ် အနိုင်ယူရန် ဆုံးဖြတ်ထားသည်။ ဤကြီးမြတ်သော ပုဂ္ဂိုလ်နှစ်ဦးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့၏ လက်ထဲတွင် အထွတ်အထိပ် ရတနာများ ရှိနေသလို၊ ဖန်ဆင်းရှင်များဖြစ်သော တပည့်များလည်း ရှိနေကြသည်။ ထို့ပြင် နေနှင့်လကို ထိန်းချုပ်နိုင်ကာ အစီအရင်များ တည်ဆောက်နိုင်သော နတ်ဘုရားသားရဲများစွာလည်း ရှိနေသေးသည်။ အကယ်၍ သူတို့ကို ချက်ချင်း မနှိမ်နင်းနိုင်ပါက သို့မဟုတ် ဆုတ်ခွာအောင် မလုပ်နိုင်ပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ ပိုမိုဆိုးရွားလာမည်သာ ဖြစ်သည်။
ယနေ့ မြင်ကွင်းကြီးမှာ အလွန်ပင် ခမ်းနားလှပြီး ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။
ရှေ့ဆက်၍ ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ပြင် မုန့်ရှန်းကျီမှာလည်း ယုံကြည်ရသူ မဟုတ်သလို၊ ယန်ဖန်ကလည်း ဂနာမငြိမ် ဖြစ်နေသည်။ ရွှီယွိကလည်း သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်ကဲ့သို့ စောင့်ကြည့်နေပြီး၊ ရွှီဝူယွိနှင့် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်၊ အင်မော်တယ် နတ်ဘုရားဘုရင်တို့လည်း ပေါ်ထွက် လာခြင်း မရှိသေးပေ။
လောကအနှံ့ရှိ ဖန်ဆင်းရှင်များစွာလည်း အရိပ်အယောင်မျှပင် မပြကြသေးချေ။
အကယ်၍ ဤအစွမ်းထက်ဆုံးသူ နှစ်ဦးကို အစကတည်းက အပြတ်မရှင်းနိုင်ပါက ဟုန်ယွိ ၏ နတ်ဘုရားစွမ်းရည်များ မည်မျှပင် ဆန်းကြယ်စေကာမူ ဤနေရာတွင်ပင် အသက်ဆုံး ရှုံးသွားနိုင်ခြေ ရှိသည်။
"မုန့်ရှန်းကျီက အစကတည်းက ဘာမှမလုပ်ဘဲ ငြိမ်နေတယ်။ ဒီလူက အရေးကြီးဆုံးအချိန် ကျမှ ငါ့ကို လုပ်ကြံမယ့်လူပဲ။ သူက စည်းမျဉ်းတွေကို သိပ်ဦး အလေးထားတဲ့ ရွှီဝူယွိ မဟုတ် ဘူး၊ တိုင်ရှန်တာအိုရဲ့ အဆုံးအမက 'တာအိုက သံယောဇဉ် ကင်းရမယ်' ဆိုတော့ ကောင်း တာ ဆိုးတာတွေကို သူ ဂရုစိုက်မှာ မဟုတ်ဘူး။ ကတိဖျက်တာတို့၊ ဆွေမျိုးသားချင်းကို သတ်တာတို့ဆိုတာ သူ့အတွက် ထမင်းစား ရေသောက်သလိုပဲ လွယ်ကူတယ်။"
ဟုန်ယွိသည်လည်း မုန့်ရှန်းကျီကို သတိထားနေ၏။
"အလင်းနှင့် အမှောင်မန္တလာ... ထာဝရအမှောင်ည မူလစိတ်ဝိညာဉ်... ကံတရားမူလ စိတ်ဝိညာဉ်... ထိုက်ကျိ အဋ္ဌဂံပုံရိပ်... မန္တလာ သန္ဓေသား အစီအရင်... မြေ၊ ရေ၊ လေ၊ မီး... ချိပ်ပိတ်စမ်း" ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်က ဧကရာဇ်ယင်ကို တိုက်ခိုက်နေစဉ် ဟုန်ယွိက အလင်းနှင့်အမှောင် မန္တလာအတားဆီးကို အသုံးပြုကာ သူမကို ချိပ်ပိတ်ရန် ကြိုးစားလိုက်သည်။
ဤအတားအဆီးဖြင့် သူသည် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်ရှိ ဟုန်ရွှန်ကျိကိုပင် ချိပ်ပိတ်နိုင်ခဲ့ဖူးသည်။
ဧကရီယင်၏ ပညာရပ်များမှာ ပြောင်မြောက်ပြီး ရတနာများစွာ ရှိနေသော်လည်း၊ အင်မော်တယ် ကျောက်စာတိုင် လက်ဝယ်ရှိနေသော ဟုန်ရွှန်ကျိနှင့် ယှဉ်လျှင်မူ သူမသည် ထိုအဆင့်လောက်သာ ရှိသေးသည်။
ယခုအခါ ဟုန်ယွိသည် အရင်ကထက် များစွာ ပိုမို အစွမ်းထက်လာပြီ ဖြစ်ရာ ဤချိပ်ပိတ် ခြင်းမှာ အလွန်တရာ ပြင်းထန်လှပြီး လောကကြီးတစ်ခုလုံး ရှေးဦးကမ္ဘာသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင် ရှိတော့သည်။
"မကောင်းတော့ဘူး"
ဧကရီယင်၏ 'သေမင်းတံစဉ် လမင်းသတ်ဖြတ်ခြင်း ဓားသွား' မှာ ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်ကြောင့် ပျက်စီးသွားခဲ့ရသည်။ ဟုန်ယွိက 'သူတော်စင်ပေါင်းစုံခန်းမ' ကို အသက်သွင်းကာ သူမထံသို့ တိုးဝင်လာသည်ကို သူမ မြင်လိုက်ရသည်။ စွမ်းအား အားလုံး မှာ သူမခန္ဓာကိုယ်ပေါ်သို့ စုပြုံကျရောက်လာပြီး သူမ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို အဆက်မပြတ် ရိုက်ခွဲနေကာ သူမကို အမှန်တကယ် ချိပ်ပိတ်တော့မည့်အလား ရှိနေသည်။ တစ်ချိန်တည်းမှာပင် အလင်းနှင့် အမှောင်တို့သည် ကောင်းကင်တွင် တစ်လှည့်စီ ဖြစ်ပေါ် လာပြီး ယဇ်ပလ္လင်ကဲ့သို့ လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲကာ သူမကို ပိတ်လှောင်ရန် ကြိုးစားနေသည်။
ဤအခြေအနေက သူမကို အလွန်အမင်း ဒေါသထွက်စေသည်။ သူမ၏ ဒေါသမီးမှာ အရာ အားလုံးကို လောင်ကျွမ်းပစ်တော့မည့်အလား ပြင်းထန်လှ၏။
"ဟုန်ယွိ... မင်းက ငါ့ကိုတောင် ချိပ်ပိတ်ရဲတယ်ပေါ့။ မင်းက ဧကရီတစ်ပါးကို ချိပ်ပိတ်ဝံ့ တယ်လား။ ငါက လမင်းရဲ့မိခင်၊ လမင်းရဲ့ဝိညာဉ်၊ လဧကရီပဲ။ မင်းက တောက်ပတဲ့ လမင်း ကြီးကို ချိပ်ပိတ်ဖို့ ကြိုးစားတာလား၊ အတော်ကို အတင့်ရဲတာပဲ"
ဟုန်ယွိ၏ ချိပ်ပိတ်ခြင်းကို ရင်ဆိုင်ရစဉ် ဧကရီယင်၏ ခန္ဓာကိုယ်ထဲမှ ပိုမိုအေးစက်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူမ၏ ကိုယ်မှာ တောက်ပသော လမင်းကြီးတစ်ခု အဖြစ် ပြောင်းလဲကာ လည်ပတ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ထိုတောက်ပသော လမင်းကြီးပေါ်တွင် နတ်ဘုရားမတစ်ပါး ပေါ်ထွက်လာသည်။ သူမသည် နတ်ဘုရားမနှင့် တူသလိုရှိသော်လည်း နတ်ဘုရားမ မဟုတ်ပေ။ အင်မော်တယ်၊ သူတော်စင် သို့မဟုတ် ဗုဒ္ဓတို့နှင့် တူသလိုရှိသော်လည်း မတူပြန်ပေ။ သူမတွင် မြင့်မြတ်သော နတ်ဘုရားများ၊ ဗုဒ္ဓများ၏ တန်ခိုးအရှိန်အဝါအားလုံး ရှိနေသော်လည်း ၎င်းတို့ထဲမှ တစ်ပါးမျှ မဟုတ်ပေ။
ဤသည်မှာ လမင်း၏ အနှစ်သာရများ၊ ဝိညာဉ်များကို စုစည်းကာ သူမ တည်ဆောက်ထား သည့် အမြင့်ဆုံး မူလစိတ်ဝိညာဉ်ပင် ဖြစ်၏။ ၎င်းမှာ 'အနာဂတ်သခင်' ၏ ဒုတိယမြောက် မူလစိတ်ဝိညာဉ်၊ မူလတာအိုသခင်တို့နှင့် ဆင်တူသည်။
ဤမူလစိတ်ဝိညာဉ်ကို ထိုက်ယင်မိခင်ဟု ခေါ်သည်။
ထိုက်ယင်မိခင် ပေါ်ထွက်လာသည်နှင့် စစ်မှန်သော လမင်းကြီးတစ်ခု ဟင်းလင်းပြင်ထဲ ပြုတ်ကျလာသကဲ့သို့ ရှိနေတော့သည်။ မဟာကမ္ဘာလောကမှာ အေးခဲသွားပြီး ကမ္ဘရီယန် ခေတ်သို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ (ကမ္ဘရီယန်ခေတ်နှင့် ပတ်သက်၍ ရှေ့မှာ ရှင်းပြဖူးပါသည်။)
"ဟွန့်၊ ခင်ဗျားဘာသာ ထိုက်ယင်မိခင်ကြီးဖြစ်ဖြစ် ပျက်စီးစမ်း"
ဧကရီယင်က 'ထိုက်ယင်မိခင်' ကို ထုတ်ဖော်ကာ အလင်းနှင့်အမှောင် ချိပ်ပိတ်ခြင်းနှင့် ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်၏ တိုက်ခိုက်မှုကို တားဆီးထားသည်ကို ဟုန်ယွိ မြင်လိုက် သည်။ သို့သော် သူက ဂရုမစိုက်ပေ။ အကြောင်းမှာ ဤဧကရီယင်တွင် နတ်ဘုရားတန်ခိုး စွမ်းရည်အချို့ ရှိလိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သောကြောင့်ပင်။
သူက လက်နှစ်ဖက်ကို စုစည်းကာ ထိုးနှက်လိုက်ရာ အင်မော်တယ်ကျောက်စာတိုင် နှစ်ခု ပေါ်ထွက်လာပြီး ထိုက်ယင်မိခင်ထံသို့ ရိုက်ချလိုက်သည်။
ဂျိန်း
ထိုက်ယင်မိခင် စုစည်းထားသော လရောင်များမှာ အင်မော်တယ် ကျောက်စာတိုင်များ အောက်တွင် ကြေမွသွားတော့သည်။
ဧကရီယင်၏ ခန္ဓာကိုယ်မှာလည်း တုန်ခါသွားပြီး ဟုန်ယွိ၏ ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်တော့သည့်အလား ရှိလာနေသည်။
သူမမျက်နှာမှာ ရေခဲကဲ့သို့ အေးစက်သွားပြီး အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း ပြသနေသည်။
"ထိုက်ယင်မိခင်... ငါ့ကို စောင့်ရှောက်ပါ။ ကောင်းကင်ယံ လမင်းကြီး... အေးမြခြင်း အလင်းဝတ်ရုံ..."
ဧကရီယင်က သူမ၏ ထိုက်ယင်မိခင် အစွမ်းဖြင့် ပျက်သုဉ်းခြင်း နတ်ဘုရားဘုရင်ကို တားဆီးထားနိုင်သော်လည်း၊ ဟုန်ယွိ၏ အင်မော်တယ်ကျောက်စာတိုင် တိုက်ခိုက်မှု အောက်တွင် အန္တရာယ်ရှိနေသည်။ သူမ၏ စွမ်းအားများမှာ ချက်ချင်းပင် မြင့်တက်လာပြီး သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း လျင်မြန်စွာ ကျယ်ပြန့်လာတော့ သည်။ တစ်ချိန်တည်းမှာပင် သူမ၏ လည်ချောင်းထဲမှ မန္တာန်ရွတ်ဆိုသံများ ထွက်ပေါ်လာ ၏။ ထိုအသံမှာ နတ်သမီးလေးတစ်ပါး သီချင်းဆိုနေသကဲ့သို့ သာယာလှပသော်လည်း အလွန်အမင်း စွမ်းအားကြီးလှသည်။
"ဟုန်ယွိ... ငါ့ရဲ့မဟာအေးမြခြင်း အလင်းဝတ်ရုံကို မင်း ဖျက်ဆီးနိုင်မလား ကြည့်ကြတာ ပေါ့။ ရှေးဟောင်း သူတော်စင် ဧကရာဇ်ယွမ်မှာ 'ဗုဒ္ဓသင်္ကန်း' ရှိခဲ့ပေမဲ့ ငါ့ရဲ့ဝတ်ရုံက ပိုသာ လွန်တယ်။ မင်းရဲ့ ချိပ်ပိတ်မူက ငါ့ကို တားဆီးနိုင်မလား ကြည့်ရသေးတာပေါ့"
ထိုဝတ်စုံမှာ လရောင်နှင့် အေးစိမ့်သော အရှိန်အဝါများဖြင့် ဖွဲ့စည်းထားသည့် ပိုးပါးစကဲ့သို့ ဖြစ်လာသည်။
သူမသည် ရေကဲ့သို့ အေးမြကြည်လင်ပြီး လရောင်များဖြင့် ပြုလုပ်ထားသည့် ပိုးထည် ဝတ်စုံကို ဝတ်ဆင်ထားပုံရပြီး၊ ထိုဝတ်စုံပေါ်တွင် များပြားလှသော မှော်သင်္ကေတများနှင့် ကြီးမားသော အစီရင်စုများကို မြင်တွေ့နိုင်သည်။
အပြင်ဘက်မှ ကြည့်လျှင် ထိုဝတ်စုံမှာ ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်နေသော တောက်ပသည့် လမင်းကြီးပေါင်း ထောင်ချီကို ပန်းထိုးထားသည့်အလား လှပလွန်းလှပြီး သူမသည် လမင်းကြီး၏ အရှင်သခင်ဖြစ်ကြောင်း ပြသနေသည့်အလားပင်။
ဟုန်ယွိက ထိုဝတ်စုံကို ကြည့်လိုက်ရာ ၎င်းမှာ 'ဗုဒ္ဓသင်္ကန်း' သို့မဟုတ် 'မသေမျိုး စစ်အလံ' တို့နှင့် ယှဉ်နိုင်သော မဟာအေးမြခြင်း အလင်းဝတ်ရုံ ဖြစ်ကြောင်း သိလိုက်သည်။ ဗဟိုကမ္ဘာ၏ သတ်မှတ်ချက်အရ ဤဝတ်ရုံမှာ အထွတ်အထိပ် ဝတ်စုံလက်နက်ပင် ဖြစ်၏။
"ဗုဒ္ဓသင်္ကန်းထက် သာလွန်တယ် ဟုတ်လား။ ဒါဆိုရင်တော့ သူတော်စင် ဧကရာဇ်ယွမ်ဆီ ကနေ ဆင်းသက်လာတဲ့ ဗုဒ္ဓလက်ဝါးတံဆိပ်နဲ့ ခင်ဗျားရဲ့ ဝတ်ရုံကို ကျုပ် ဆုတ်ဖြဲပြမယ်။ ဘယ်သူက ပိုသန်မာလဲ ကြည့်ကြတာပေါ့"
ဟုန်ယွိက ဟစ်အော်လိုက်ကာ နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ ပြောင်းလဲသွားပြီး 'လက်တစ်ထောင်ဗုဒ္ဓ' အဖြစ်သို့ ရောက်ရှိသွား၏။ သူ၏လက်ဝါးတစ်ခုစီမှ ထွက်ပေါ်လာသော စွမ်းအားများမှာ လောကကြီးကို လွှမ်းမိုးထား သည်။ တောင်တန်းများကို ဖြိုလှဲနိုင်ပြီး ပင်လယ်များကို တိမ်းမှောက်စေနိုင်သော 'မဟာ တံဆိပ်တော်'၊ 'လွတ်မြောက်ခြင်းတံဆိပ်တော်'နှင့် 'ပါရမီတံဆိပ်တော်'များက ဧကရီယင် ထံသို့ တိုးဝင်သွားတော့သည်။
"ပစ္စုပ္ပန်ကို လွှမ်းမိုးစေ၊ ပြိုင်ဘက်ကင်းစွမ်းအား၊ အရာအားလုံးကို ဖယ်ရှားပြီး တစ်ဖက် ကမ်းသို့ ကူးမြောက်စေ၊ ငါသာလျှင် တစ်ဦးတည်းသော အရှင်သခင် ဖြစ်စေရမည်"
ယခုအခါ ဟုန်ယွိသည် ပစ္စုပ္ပန်ဗုဒ္ဓလက်ဝါးတံဆိပ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထား ပြီး ဖြစ်ရာ ၎င်း၏ စွမ်းအားမှာ ပိုမိုကြီးမားလာပြီး ပစ္စုပ္ပန်ကိုလွှမ်မိုးခြင်း ဟူသော အဓိပ္ပာယ် ကို အပြည့်အဝ ဖော်ဆောင်နိုင်နေပြီ။
ဟုန်ယွိက ထိုလက်ဝါးတံဆိပ်ကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင် ပစ္စုပ္ပန်၌ ရှိသမျှ အရာအားလုံးကို သူ ထိန်းချုပ်နိုင်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူသည် အမှန်တကယ် ပင် ပစ္စုပ္ပန်ကာလ၏ အရှင်သခင် ဖြစ်သည်။
မဟာအေးမြခြင်း အလင်းဝတ်ရုံနှင့် ထိတွေ့လိုက်သည်နှင့် ဟုန်ယွိက ဝတ်ရုံကို တိုက်ရိုက် ထိုးနှက်လိုက်ပြီး အကြမ်းနည်းဖြင့် ဆုတ်ဖြဲပစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဧကရီယင်သည် ဟုန်ယွိမှာ ဤကမ္ဘာလောက၏ တစ်ဦးတည်းသော အရှင်သခင်အဖြစ် ပြောင်းလဲသွားကြောင်း ခံစားလိုက်ရ၏။ သူသည် ကောင်းကင်နှင့် မြေကြီးအကြား တစ်ဦးတည်းသော ကျွမ်းကျင်သူ ဖြစ်သည်။ အတိတ်နှင့် အနာဂတ်ကို ခဏဘေးဖယ်ထားလျှင်ပင်၊ ယခု ပစ္စုပ္ပန် အခိုက်အတန့်တွင် သူသည် အသန်မာဆုံးပင် ဖြစ်သည်။
သူသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် မားမားမတ်မတ် ရပ်တည်နေ၏။
"မဟာအေးမြခြင်း အလင်းဝတ်ရုံ... ရစ်ပတ်စမ်း"
ဧကရီယင်သည် ဝတ်ရုံပေါ်မှ တောက်ပသော လမင်းကြီးတစ်ခုကို အသက်သွင်းကာ ဟုန်ယွိ၏ တိုက်ခိုက်မှုကို ဟန့်တားရန် သူ့ကို ရစ်ပတ်လိုက်၏။ သို့သော် ဟုန်ယွိနှင့် ထိတွေ့လိုက်သည်နှင့် လမင်းကြီးမှာ ကြေမွသွားတော့သည်။
ဘုန်း…၊ ဘုန်း….၊ ဘုန်း…..၊ ဘုန်း……၊ ဘုန်း…….၊
ဧကရီယင်၏ ခုခံမှု အလွှာပေါင်းများစွာမှာ ပျက်စီးသွားခဲ့ရသည်။ အတိုင်းအဆမဲ့သော စွမ်းအင်များကြောင့် သူမ ပတ်ဝန်းကျင်ရှိ အေးမြသော အလင်းတန်းများမှာ လုံးဝ ဆုတ်ဖြဲခံ လိုက်ရသည်။ သူမ၏ အဝတ်အစားများမှာ အမှန်တကယ် ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ သူမ ချက်ချင်း ခံစားလိုက်ရသည်။
ဟုန်ယွိ ထုတ်ဖော်လိုက်သော ပစ္စုပ္ပန်ကို လွှမ်းမိုးသည့် စွမ်းအားမှာ ဧကရာဇ်ယွမ် ပြန်လည် မွေးဖွားလာသကဲ့သို့ပင် အတိုင်းအဆမဲ့ ကျန်ပြန့်လှသည်။ သူသည် နေနှင့် လကို ဖျက်ဆီး ပြီး၊ ကြယ်များကို ဝါးမြိုကာ၊ မူလစွမ်းအင်များကို စုစည်း၍ အနှစ်သာရများကို ထိန်းချုပ်နေ ၏။
"လဝိညာဉ်၊ နေဝိညာဉ်... အစွန်းရောက် ယင်နှင့်ယန်"
ဧကရာဇ်ရှန်သည်လည်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ သူနှင့် ဧကရီယင်မှာ ရန်သူများ ဖြစ်ကြသော်လည်း ယခုအခါ လှေတစ်စင်းတည်းတွင် ရှိနေကြခြင်း ဖြစ်သည်။ သူက နေနတ်ဘုရားနန်းတော်ထဲမှ ပျံထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပူပြင်းလှသော တာအိုဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။
ထိုဝတ်ရုံပေါ်တွင် တောက်လောင်နေသော နေမင်းပေါင်း တစ်ထောင် ရှိနေသည်။ ဤသည် မှာ သူ နှစ်ပေါင်းများစွာ သန့်စင်ထားသော 'အရုဏ်ဦးနေ မှော်ဝတ်ရုံ' ဖြစ်ပြီး အလွန်အမင်း အစွမ်းထက်လှသည်။ ကောင်းကင်နှင့် မြေကြီးကို ဝတ်ရုံ၏ တာအိုအဖြစ်၊ ယင်နှင့်ယန်ကို ဝတ်ရုံ၏ လည်ပတ်ရန် ကွင်းများအဖြစ် အသုံးပြုထားသည်။
ထိုဝတ်ရုံကို ဝတ်ဆင်လိုက်ပြီးနောက် သူ၏ နတ်ဘုရားတန်ခိုး အရှိန်အဝါမှာ တစ်ဖန် ထပ်မံ ပြန့်ကားလာပြန်သည်။ သူက သူ့နှလုံးသားဖြင့် လက်ဝါးကို ထိန်းချုပ်ပြီး၊ လက်ဝါး ဖြင့် စွမ်းအင်ကို ထိန်းချုပ်ကာ၊ စွမ်းအင်ဖြင့် စိတ်ဝိညာဉ်ကို နှိုးဆွပြီး၊ စိတ်ဝိညာဉ်ဖြင့် မှော် ပညာကို အသက်သွင်းကာ၊ မှော်ပညာဖြင့် တာအိုကို ရှေ့သို့ တွန်းပို့လိုက်လေတော့သည်။
"နေနှင့်လ နတ်ဘုရားပညာရပ်၊ စကြာဝဠာကို အကြွင်းမဲ့ လွှမ်းမိုးခြင်း"
လက်ဝါးတစ်ချက် ရိုက်ချက်ဖြင့် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ဟုန်ယွိ၏ ဦးခေါင်း ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ အစစ်မှန် မီးတောက်များမှာလည်း ဆူပွက်လာတော့ သည်။ တစ်ချိန်တည်းမှာပင် ရွှေကျီးကန်း တစ်ထောင်ဖြင့် တည်ဆောက်ထားသော မဟာ အစီအရင်ကြီးမှာ သူ၏ လက်ဝါးထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ထိုစွမ်းအားများမှာ 'အရုဏ်ဦးနေဝတ်ရုံ' ဆီသို့ စီးဝင်သွားပြီး အစီအရင်၏ စွမ်းအားအားလုံးမှာ ပြင်းထန်သော စွမ်းအားတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့ သည်။
ယခုအခါ ထိပ်တန်းပညာရှင်ကြီး နှစ်ဦးမှာ ဟုန်ယွိကို အမှန်တကယ် ဝိုင်းဝန်း တိုက်ခိုက် နေကြပြီ။
"ဟုန်ယွိ... ဒီနေ့ဟာ မင်းရဲ့ နောက်ဆုံးနေ့ပဲ။ မန်ပိုင်ရှင်း"
ဗဟိုကမ္ဘာနှင့် ကောင်းကင်အပြင်ပနယ်မြေ၏ တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်ပြီး ယန်နတ်ဘုရား အတွေးစကို ထိန်းချုပ်ထားသော ရွှီယွိလည်း ယခုအခါ တည်ငြိမ်သွားခဲ့ပြီ။ သူသည် သူ၏ အစစ်မှန် စွမ်းအင်များကို လှုံ့ဆော်ကာ လောကရှိ အပြစ်သား သတ္တဝါ အားလုံးကို ဖျက်ဆီးတော့မည့် 'ကောင်းကင်ဘုံဖခင်ကြီး၏ အမျက်ဒေါသ' ကဲ့သို့ ဟစ်အော် လိုက်သည်။
သူ ဟစ်အော်လိုက်သည်နှင့် အမျိုးသမီးတစ်ဦး၏ အရိပ်မှာ သူ၏ ဘေးတွင် ပေါ်ထွက်လာ သည်။
ထိုအမျိုးသမီးမှာ သူ၏ ဇနီးဖြစ်ပြီး မန်ပိုင်ယွန်နှင့် အလွန်တူသော အမျိုးသမီး ဖြစ်သည်။
သတင်းများအရ ဟုန်ယွိ၏ မိခင်ဖြစ်သူ မန်ပိုင်ယွန်မှာ မူလက ဗဟိုကမ္ဘာမှ ဖြစ်သော်လည်း၊ မုန့်ရှန်းကျီက သူမကို ငယ်စဉ်ကတည်းက ခေါ်ဆောင်သွားပြီး ညီမအဖြစ် မွေးစားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမသည် ဟုန်ရွှန်ကျိနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့အကြား ဆက်နွှယ်မှုမှာ အလွန် ကြီးမားလှသည်။
မုန့်ရှန်းကျီ ဒုတိယအကြိမ်မြောက် ခန္ဓာကိုယ် စွန့်လွှတ်ခြင်းမှာလည်း တစ်နည်းနည်းဖြင့် ဗဟိုကမ္ဘာနှင့် ဆက်နွှယ်နေပုံရပြီး၊ ထိုနေရာ၌ပင် ပြန်လည်ဝင်စားခဲ့ခြင်းလည်း ဖြစ်နိုင် သည်။
ယခုအခါ ရွှီယွိနှင့် မန်ပိုင်ရှင်းဟုခေါ်သော ထိုအမျိုးသမီးတို့သည် အတူတကွ ပူးပေါင်းလိုက် ကြသည်။ သူတို့၏ အစစ်မှန် စွမ်းအင်များမှာ ပေါင်းစပ်သွားပြီး ရာသီဥတုမှာ ပြောင်းလဲကာ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခတ်လာတော့သည်။
"အပြာရောင်သွေး ကောင်းကင်ယံ၊ ကောင်းကင်တာအို မြစ်ရေအလျဉ်၊ အထွက်အထိပ် ရွှေရောင်အင်မော်တယ်၊ ကိုယ်ကျင့်တရား အရင်းအမြစ်"
ရွှီယွိ၏ ဦးခေါင်းအထက်ရှိ ယန်နတ်ဘုရား အတွေးစမှာ ပေါက်ကွဲထွက်လာပြီး အတိုင်း အဆမဲ့သော စိတ်ဝိညာဉ် စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ သူ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့်ဟင်းလင်းပြင်တို့မှာ တစ်ပြိုင်နက် ပေါက်ကွဲသွားပြီး အစိပ်စိပ် အမွှာမွှာ ကြေမွသွားတော့သည်။ ဟင်းလင်းပြင် အပိုင်းအစများမှာ နေရာအနှံ့ ပျံ့နှံ့နေ၏။
ဘန်း…
စွမ်းအားများကို စုစည်းပြီးနောက် ရွှီယွိသည် အခွင့်အရေးကို အရယူလိုက်သည်။ ဧကရာဇ်ရှန်နှင့် ဧကရီယင်တို့က ဟုန်ယွိကို တိုက်ခိုက်နေစဉ် သူသည် ရုတ်တရက် လက်သီးဖြင့် ထိုးနှက်လိုက်၏။ ကြီးမားလှသော လက်သီးစွမ်းအားမှာ အစီအရင်များနှင့် ချိပ်ပိတ်ခြင်း အားလုံးကို ဖောက်ထွက်ကာ ဟုန်ယွိထံသို့ တိုးဝင်သွားတော့သည်။
ဟုန်ယွိသည် မူလက ဧကရီယင်၏ မဟာအေးမြခြင်း အလင်းဝတ်ရုံကို ဆုတ်ဖြဲပြီး သူမကို ပိတ်လှောင်ရန် ကြံရွယ်ထားသော်လည်း၊ ဧကရာဇ်ရှန်၊ ရွှီယွိနှင့် သူ့ဇနီး မန်ပိုင်ရှင်းတို့၏ အစွမ်းကုန် တိုက်ခိုက်မှုကြောင့် အနည်းငယ် အခက်တွေ့စေသည်။
ထိုထိပ်တန်းကျွမ်းကျင်သူ လေးဦးအနက် သုံးဦးမှာ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့် ပညာရှင်များ ဖြစ်ကြသည်။ အထွတ်အထိပ် ဝတ်ရုံလက်နက် နှစ်ခု၊ ယန်နတ်ဘုရား အတွေးစ တစ်ခုတို့ဖြင့် သူတို့အားလုံး ဟုန်ယွိကို တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ဤထိပ်တန်းကျွမ်းကျင်သူ လေးဦး၏ ပေါင်းစပ်စွမ်းအားမှာ အင်မော်တယ်နတ်ဘုရား ဘုရင်၊ မဟာဖျက်ဆီးခြင်းနတ်ဘုရားဘုရင်နှင့် အသက်ချွနတ်ဘုရားဘုရင်တို့၏ စွမ်းအား ထက်ပင် ပိုမို သာလွန်နိုင်ခြေ ရှိသည်။
ယခုအခါ ထိုလေးဦးသည် မည်သည့်အရာကိုမျှ ချန်မထားဘဲ အစွမ်းကုန် တိုက်ခိုက်လျက် ဟုန်ယွိကို အလယ်တွင် ထားကာ ဝိုင်းရံထားကြပြီ။
"ခြေလှမ်းက မြေကြီးအနှစ်သာရ၊ ဦးခေါင်းက ကောင်းကင်အနှစ်သာရ၊ မဟာ… မဟာ…”
ဟုန်ယွိသည် ချက်ချင်းပင် ဝိုင်းရံခံလိုက်ရသော်လည်း သူက ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိပေ။ သူ့ခန္ဓာကိုယ်မှ ဆန်းကြယ်သော အလင်းတန်းများ ထွက်ပေါ်လာပြီး၊ လက်တစ်ထောင်ဗုဒ္ဓ၏ ခန္ဓာကိုယ်တွင် နောက်ထပ် လက်မောင်းပေါင်း တစ်သောင်း ထပ်မံ ပေါ်ထွက်လာသည်။ လက်မောင်းတစ်ခုစီမှာ ပေပေါင်းတစ်သိန်းခန့် ရှည်လျားပြီး နေရာ အနှံ့သို့ ဖမ်းဆွဲခြင်း၊ အရှေ့ကို တိုက်သယောင်ပြပြီး အနောက်ကို တိုက်ခြင်း၊ တောင်ကို တိုက်သယောင်ပြပြီး မြောက်ကို ရိုက်ခြင်းတို့ဖြင့် လူလေးဦးကို တစ်ယောက်တည်း ရင်ဆိုင် နေသော်လည်း အခြေအနေမှာ အသာစီးရနေဆဲ ဖြစ်သည်။
"သိပ်သန်မာတာပဲ... တကယ်ကို သန်မာလွန်းတယ်။ ဒီလို တိုက်ပွဲမျိုးမှာ ငါ မပါဝင်ရဘူး ဆိုရင် တစ်သက်လုံး နောင်တရနေမိမှာပဲ" ထိုအချိန်တွင် ကောင်းကင်အပြင်ပနယ်မြေမှ ရွှီဝူဟွေနှင့်အတူ ရှိနေသော ဆန်းကြယ်သည့် လူငယ်လေး 'ရှင်း' သည်လည်း ကျွမ်းကျင်သူ လေးဦးက ဟုန်ယွိကို ဝိုင်းရံတိုက်ခိုက်နေသည်ကို မြင်သောအခါ စိတ်လှုပ်ရှားလာတော့ သည်။ ဟုန်ယွိမှာ အလယ်တွင် တစ်ဦးတည်း ရှိနေသော်လည်း ဝဲ၊ ယာ၊ ရှေ့၊ နောက် နေရာ အနှံ့သို့ ရှောင်တိမ်းကာ ပြန်လည် တိုက်ခိုက်နေသည်မှာ အံ့မခန်းဖြစ်လွန်းသည်။
အမှန်တကယ်ပင် ဤတိုက်ပွဲမှာ ကမ္ဘာမြေကို တုန်ခါစေလောက်အောင် ကြီးကျယ်လွန်းလှ သည်။ အကယ်၍ မည်သည့် ကျွမ်းကျင်သူမဆို ဤတိုက်ပွဲတွင် မပါဝင်ရပါက သူတို့၏ ဘဝတစ်လျှောက်လုံး နောင်တရနေကြမည်သာ။
"ကိုးကြိမ်ပြောင်းလဲခြင်း ဆေးလုံး ဖွဲ့စည်းစမ်း၊ သွေးအသားများ မွေးဖွားစမ်း၊ ဟုန်ယွိ... ငါ့ရဲ့ ဒီတိုက်ကွက်ကို ခံယူလိုက်စမ်း၊ ကောင်းကင်ဘုံချောက်ကမ္ဘာ နတ်ဘုရားပြစ်ဒဏ်" ဤအဆုံးအဖြတ် အခိုက်အတန့်တွင် 'ရှင်း' ဟု အမည်ရသော ထိုလူငယ်လေးသည် ဖန်ဆင်းခြင်း သင်္ဘောပေါ်မှ မယုံနိုင်လောက်သော ပြင်းထန်မှုဖြင့် ခုန်ဆင်းလာပြီး ဟုန်ယွိ ကို တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
ဤတိုက်ကွက်ကြောင့် ကောင်းကင်နှင့် မြေကြီးမှာ အဖြူရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ထိုအလင်းတန်းများကြားတွင် ပလက်တီနမ်အရောင်ရှိ ခန္ဓာကိုယ်များမှာ ပင်လယ်ပြင်ကဲ့သို့ စုစည်းကာ ဟုန်ယွိထံသို့ တိုးဝင်သွားတော့သည်။
စာစဉ် (၇၄) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။