← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း (၂၉၂) အဓိပ္ပာယ်မရှိသော တာဝန်ဆုလာဘ်

ရွှီယန် ဝက်မွေးမြူရေးခြံမှ လယ်ယာခြံဝင်းသို့ ပြန်ရောက်လာသောအခါ တုံးအအဖြစ်နေသော တောသမင်ငယ်လေးသည် ခြံဝင်းရှေ့တွင် ရပ်ကာ သူ့ကို ကြည့်နေလေသည်။

ထိုတောသမင်ငယ်လေးမှာ နောက်ခြေထောက်တွင် ဒဏ်ရာရနေသဖြင့် မပြေးနိုင်ဘဲ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်နိုင်သည်။

၎င်းကို လယ်ယာခြံဝင်းထဲတွင် ကုသပေးထားပြီး ဒဏ်ရာပျောက်ကင်းသွားပါက တောထဲသို့ ပြန်လွှတ်ပေးမည် ဖြစ်သည်။

ထိုအကောင်လေးသည် အမြဲတမ်း ကြောင်တောင်တောင် ပုံစံလေးသာ ဖြစ်နေတတ်သည်။ ရွှီယန်က ၎င်းကို တစ်ချက်မျှ ကြည့်လိုက်မိသည်။

'ကြည့်ရတာတော့ ချစ်စရာကောင်းတဲ့ တောသမင်ငယ်လေးပဲ... ဘာဖြစ်လို့ အမြဲတမ်း အရိုက်ခံချင်စရာကောင်းတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ'

ရွှီယန်က ၎င်းကို ပွတ်သပ်ပေးလိုက်ပြီး အနားယူရန် အိမ်ထဲသို့ ဝင်သွားတော့သည်။

ယခုအခါ လယ်ယာခြံဝင်းကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ရာ နေထိုင်မှု အခြေအနေများက အလွန်တရာ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ရွှီယန် ကိုယ်တိုင်လည်း မိမိအိမ်၏ အပြင်အဆင်ကို စတင် စဉ်းစားနေပြီ ဖြစ်သည်။

ယခင်က အသုံးပြုခဲ့သော အုတ်ကုတင်နေရာတွင် အဆင့်မြင့် အမှတ်တံဆိပ် မွေ့ရာပါဝင်သော ကုတင်ကြီး တစ်လုံးဖြင့် အစားထိုးလိုက်ပြီဖြစ်ရာ အိပ်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။

လတ်တလောတွင် ငွေကြေး မရှားပါးတော့သဖြင့် ပိုက်ဆံရှာရန်အတွက်လည်း ပူပန်စရာ မလိုတော့ချေ။ အော်ဒါကြီး အချို့ ပြီးစီးသွားပြီဖြစ်ရာ ဘဏ်စာရင်းထဲတွင် ယွမ် တစ်သန်းကျော်ပင် ရှိနေပြီ ဖြစ်သည်။

ရွှီယန်သည် ဖုန်းကို ခဏမျှ ပွတ်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင်တော့ ရာသီဥတုက အနည်းငယ် အုံ့မှိုင်းနေသည်။ မိုးရွာမည့် ပုံစံမျိုးပင်။

ယခုအခါ အပူချိန်မှာ အနည်းငယ် ပူအိုက်နေသေးသဖြင့် မိုးအနည်းငယ် ရွာသွန်းလိုက်ခြင်းကလည်း ကောင်းမွန်ပေသည်။ မိုးရွာပြီးပါက တောင်ပေါ်သို့ တက်ကာ မှိုများ သွားကောက်နိုင်သည်။

မွန်းလွဲပိုင်းတွင် ရွှီယန်သည် အပြင်ဘက်ရှိ စိုက်ခင်းများဆီသို့ ထွက်လာခဲ့သည်။ နေကြာပင်များ၏ ကြီးထွားမှု အခြေအနေကို စစ်ဆေးရင်း မြေခွေးပေါက်လေးများကိုလည်း သွားရောက် ကြည့်ရှုချင်နေမိသည်။

လတ်တလောတွင် ၎င်းတို့ကို မတွေ့ရသဖြင့် တောင်ထဲသို့ ဝင်သွားကြခြင်း ဖြစ်နိုင်ပေသည်။

ရွှီယန်သည် လက်ထဲတွင် ဖက်ထုပ်များ ထည့်ထားသော ပန်းကန် တစ်ချပ်ကို ကိုင်ဆောင်ထားသည်။ မီးဖိုချောင်တွင် ဖက်ထုပ်များ အများကြီး လုပ်ထားသဖြင့် အားလုံး စား၍ မကုန်နိုင်တော့ရာ မြေခွေးပေါက်လေးများကို အနည်းငယ် ကျွေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"ရှောင်ဟူ"

ရွှီယန်က မြေကွက်လပ်ဆီသို့ မျက်နှာမူကာ နှစ်ချက် သုံးချက်ခန့် အော်ခေါ်လိုက်သည်။

ရွှီယန်၏ အသံကို ကြားပြီး မကြာခင်မှာပင် မြက်ခင်းပြင်ထဲမှ ရှပ်ရှပ် ဟူသော အသံများ ထွက်ပေါ်လာသည်။ ထို့နောက် ချစ်စရာကောင်းသော မြေခွေးပေါက်လေး လေးကောင်က ရွှီယန်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာကြသည်။

လယ်ယာခြံဝင်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် မြေခွေးပေါက်လေးများက ရွှီယန်၏ အသံကို အလွန် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။ ဤအသံကို ကြားသည်နှင့် ရွှီယန်က သူတို့ကို အစားအစာ လာကျွေးမှန်း သိရှိနေကြသည်။

ထိုအကောင်လေးများက လယ်ယာခြံဝင်းတွင် အလကား နေထိုင်နေကြခြင်းတော့ မဟုတ်ချေ။ ပုံမှန်အချိန်များတွင် ကြွက်များကို ဖမ်းပေးတတ်ကြသည်။ စိုက်ခင်းများထဲမှ ကြွက်များရော အမှိုက်ပုံမှ ကြွက်များကိုပါ ဖမ်းဆီးလေ့ရှိသဖြင့် အကူအညီ အတော်လေး ရရှိပေသည်။

လူသားများ နေထိုင်ရာ ဒေသသည် အစားအစာ အပေါများဆုံး ဖြစ်ပြီး သစ်တောများထဲထက် အစားအစာ ပိုမို များပြားကြောင်း သိထားရမည် ဖြစ်သည်။ ထို့ကြောင့် ကြွက်များက ဤနေရာသို့ အလွယ်တကူ ရောက်ရှိလာတတ်ကြသည်။

ရွှီယန်က မြေခွေးပေါက်လေးများ ပေါ်လာသည်ကို မြင်သောအခါ ဆောင့်ကြောင့်ထိုင်ချကာ သူတို့ကို ဖက်ထုပ်များ ကျွေးလိုက်သည်။ မြေခွေးများသည် အသား၊ သစ်သီး စသည်ဖြင့် အကုန် စားတတ်ကြသည်။ အစပိုင်းတွင် သူတို့က ဖက်ထုပ်၏ အရသာကို မသိကြသော်လည်း အသားနံ့ကို ရသောအခါ တစ်ကောင်ချင်းစီက စိတ်လှုပ်ရှားလာကြသည်။

ရွှီယန်က မြေခွေးပေါက်လေး တစ်ကောင်ချင်းစီကို ဖက်ထုပ် အနည်းငယ်စီ ကျွေးလိုက်သည်။ သူတို့က အလွန် မြိန်ယှက်စွာ စားသောက်နေကြပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေကာ မျက်လုံးလေးများကလည်း မျဉ်းကြောင်းလေးများ အဖြစ် မှိတ်ကျသွားကြသည်။ ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းလှပေသည်။

အခြားသော လယ်ယာခြံဝင်းများအတွက်ဆိုလျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ဗီဒီယို ရိုက်ကူးပြီး တင်လိုက်ပါက အင်တာနက်သုံးစွဲသူများ၏ Like များစွာကို ရရှိနိုင်မည် ဖြစ်သည်။

ရွှီယန်အတွက်မူ ဤသည်မှာ နေ့စဉ်ဘဝ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤတိရစ္ဆာန်များ အားလုံးက သူ့ကို ယုံကြည်ကြပေသည်။ ကောင်းကင်တွင် ပျံသန်းနေသော အကောင်များရော မြေပြင်တွင် ပြေးလွှားနေသော အကောင်များပါ ဤနေရာတွင် အစုံအလင် ရှိနေကြသည်။ လယ်ယာခြံဝင်းမှာ တိရစ္ဆာန် ဥယျာဉ် တစ်ခုလိုပင် ဖြစ်နေတော့သည်။

မြေခွေးပေါက်လေးများကို ကျွေးမွေးပြီးနောက် ရွှီယန်က မီးဖိုချောင်ဘက်သို့ သွားရောက် ကြည့်ရှုလိုက်သည်။

လယ်ယာခြံဝင်းတွင် လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသော ရေခဲမုန့်များနှင့် ဒိန်ချဉ်များ ရှိသဖြင့် ရွှီယန်က နွားနို့ ရေခဲမုန့် တစ်ချောင်းကို ယူကာ ဆက်လက် လမ်းလျှောက်နေလိုက်သည်။ ဘယ်နေရာတွင် အလုပ်လုပ်စရာ ရှိသည်ကို မြင်ပါက ဝန်ထမ်းများကို ခေါ်ယူ၍ လုပ်ခိုင်းလေ့ ရှိသည်။ ဤကိစ္စများကို သူကိုယ်တိုင် ဂရုစိုက် စီစဉ်နေရခြင်း ဖြစ်သည်။

ဤကဲ့သို့သော ဘဝက အလွန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားသကဲ့သို့ ခံစားရသည်။

ရက်အနည်းငယ် အကြာတွင် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေများ ၁၁ ကြိမ်အထိ စုဆောင်းမိနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ နောက်ထပ် တစ်ရက်ဆိုလျှင် ၁၂ ကြိမ် ပြည့်တော့မည် ဖြစ်သည်။

"၁၁ ကြိမ်တောင် ရနေပြီ... အချိန်ကုန်တာ အရမ်းမြန်တာပဲ... ဒီရက်ပိုင်းအတွင်းမှာလည်း လိုက်ဖ်မလွှင့်ဖြစ်ဘူး"

ရွှီယန်က သူ၏ အကောင့်နောက်ကွယ်ရှိ အချက်အလက်များကို ကြည့်ရှုလိုက်ရာ မက်ဆေ့ခ်ျများ မရေမတွက်နိုင်အောင် များပြားနေသည်ကို တွေ့လိုက်ရသည်။ အားလုံးက သူ့ကို အလွန် တွေ့ချင်နေကြဆဲပင်။

တိုက်ရိုက်ထုတ်လွှင့်မှု လောကတွင် ရေက အတော်လေး နက်ရှိုင်းသော်လည်း ရွှီယန်ကတော့ တကယ်ကို ချွင်းချက် တစ်ခုပင် ဖြစ်သည်။ သူက ကြော်ငြာများ၊ ပစ္စည်းရောင်းချခြင်းများနှင့် စီးပွားရေး ကိစ္စများကို လုံးဝ မလုပ်ဆောင်သလို MCN အေဂျင်စီများနှင့်လည်း စာချုပ် မချုပ်ဆိုထားချေ။

တကယ်တမ်းတွင် အေဂျင်စီ အများအပြားက ရွှီယန်ကို အစောကြီးကတည်းက မျက်စိကျနေခဲ့ပြီး နည်းလမ်းမျိုးစုံ သုံးကာ စာချုပ်ချုပ်ဆိုရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့က အသုံးချနိုင်မည့် အားနည်းချက်ကို လုံးဝ မရှာတွေ့နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရခြင်း ဖြစ်သည်။

ရွှီယန်က ခဏမျှ စဉ်းစားကြည့်ပြီးနောက် အရမ်း ဝေးဝေးသို့ မသွားချင်တော့ချေ။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျားသစ်နှင့် ကျား ဘေးမဲ့တော ဘက်သို့ သွားရောက်ကာ ရှောင်ဆန်းရှန် ကို သွားကြည့်ရန် ရည်ရွယ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူနှင့် ရင်းနှီးသော တောရိုင်း အရှေ့မြောက် ကျားဆို၍ ဤတစ်ကောင်တည်းသာ ရှိသည် မဟုတ်ပါလော။

ရွှီယန်က အခြား ကျားများကို မသိရှိချေ။ အချိန်အကြာကြီး နေသောအခါ သေချာပေါက် သွားရောက် ကြည့်ရှုချင်လာတော့သည်။ ထို့ကြောင့် ရွှီယန်က ကြိုတင် အသိပေးချက် တစ်ခု တင်လိုက်ပြီး နောက်တစ်နေ့တွင် စောစောစီးစီး ကားစီးကာ ကျောပိုးအိတ် လွယ်ပြီး တောင်ထဲသို့ ဝင်လာခဲ့သည်။

[လောင်ရွှီ လိုက်ဖ်လွှင့်ပြီလား]

[နောက်ဆုံးတော့ မင်းကို တွေ့ရပြီကွာ]

[ဒီတစ်ခေါက်ရော ဘယ်တောင်ထဲ ရောက်နေပြန်တာလဲ]

[ဧဝရက်တောင်ကို ဘယ်တော့လောက် သွားတက်မှာလဲ... လောင်ရွှီ သွားရင် ငါသွားသလိုပဲလို့ သဘောထားလိုက်မယ်]

မှတ်ချက်များက စတင် လှိမ့်ဝင်လာတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ခေါင်းစဉ်မှာ - 'ကျားသွားကြည့်ရန် တောင်ထဲသို့ ဝင်ခြင်း' ဟူ၍ ဖြစ်သည်။

ရွှီယန်က အားလုံးကို ပြောပြလိုက်သည်။

"ဒီနေ့ ဘာမှ လုပ်စရာ မရှိလို့ အရှေ့မြောက် ကျား ကို သွားကြည့်ဖို့ တောင်ထဲ ဝင်လာတာပါ... အရင်တစ်ခေါက် သူ့ကို လာရှာတုန်းက စောင့်ကြည့်ရေး စခန်းက လူတွေ ပြောတာတော့ ရှောင်ဆန်းရှန် က မိန်းမရှာဖို့ ဘေးမဲ့တော ထဲ ဝင်သွားတယ်တဲ့... တွေ့လား မတွေ့လားတော့ မသိဘူး... ဒီနေ့ သွားကြည့်မလို့ပါ"

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးလည်း စိတ်ဝင်စားသွားကြသည်။

ကျားသွားရှာမည် ဟုတ်လား။

ဤသည်က ကြီးမားသော ကိစ္စကြီး တစ်ခုပင်။

အကယ်၍ လူတိုင်း အစိတ်ဝင်စားဆုံး အရာမှာ ဘာလဲဟု မေးလာပါက သေချာပေါက် ကျားပင် ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ တောဘုရင် ဖြစ်သဖြင့် ဘယ်လောက်ကြည့်ကြည့် ရိုးအီသွားမည် မဟုတ်ချေ။

ရွှီယန်က ဝမ်ကျန်းဟိုင် ထံသို့ ဖုန်းဆက်ကာ အတည်ပြုလိုက်သည်။

ဝမ်ကျန်းဟိုင်က ရှောင်ဆန်းရှန် သည် ဘေးမဲ့တောမှ ၎င်း၏ နယ်မြေထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ပြောပြသည်။ မျိုးပွားခြင်း ကိစ္စများ ပြီးစီးသွားပြီ ဖြစ်ဟန် တူသည်။ နောက်ပိုင်းတွင် တစ်ကောင်တည်းသာ ဆက်လက် နေထိုင်သွားမည် ဖြစ်သည်။

ဆောင်းရာသီ ရောက်သောအခါ ကျားပေါက်လေးများ မွေးဖွားလာနိုင်ပြီး ကျားမက ကျားပေါက်လေးများကို ခေါ်လာကာ ရှောင်ဆန်းရှန် ကိုပါ ကလေးထိန်းခိုင်းနိုင်ပေသည်။

ရှောင်ဆန်းရှန် ၏ စရိုက်လက္ခဏာကလည်း အခြား ကျားများနှင့် သိပ်မကွာခြားလှချေ။ ဘာပဲဖြစ်ဖြစ် အရေးကြီးသော ကိစ္စများ ပြီးစီးပါက ထွက်ပြေးလေ့ ရှိပြီး ကျန်သည့် ကိစ္စများကို ဂရုမစိုက်တတ်ကြပေ။

ယခုအချိန်တွင် တောထဲ၌ လျှောက်လည်နေမည်ဟု ခန့်မှန်းရသည်။

ဤတောင်တန်းတွင် ဇီဝမျိုးစိတ်များ အလွန် ကြွယ်ဝပြီး မြင်းသမင်များနှင့် ယုန်များ အတော်လေး များပြားသဖြင့် ကျားအတွက် အစားအစာ ရှားပါးမည် မဟုတ်ချေ။

ထို့အပြင် ရွှီယန် တောင်ထဲသို့ ဝင်လာပြီးနောက်ပိုင်း တောဝက်ရိုင်းများ၏ လှုပ်ရှားမှု သဲလွန်စများကို သိပ်မတွေ့ရတော့ပေ။

တောဝက်ရိုင်းများ၏ အကြီးမားဆုံး သဘာဝ ရန်သူမှာ ကျားပင် ဖြစ်သည်။ တောဝက်ရိုင်းများ အလွန်အမင်း များပြားနေသော ဒေသများမှာ ကျားများ မရှိသဖြင့် အရေအတွက်က တဖြည်းဖြည်း တိုးပွားလာခြင်း ဖြစ်၏။

ရှောင်ဆန်းရှန် ကို ရှာဖွေရန် သိပ်မလွယ်ကူသဖြင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ ရတနာရှာဖွေသည့် လုပ်ဆောင်ချက်ကို တစ်ကြိမ် အသုံးပြုရန် ရွေးချယ်လိုက်သည်။

ယခုအခါ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ထားပြီး ဖြစ်ရာ ရွှီယန်နှင့် ရင်းနှီးသော တိရစ္ဆာန်များကိုပါ နေရာပြပေးနိုင်ပြီ ဖြစ်သည်။ မကြာခင်မှာပင် ကျား၏ တည်နေရာက မြေပုံထဲတွင် ပေါ်ထွက်လာတော့သည်။

ရွှီယန်နှင့် ရှစ်ကီလိုမီတာ ကိုးကီလိုမီတာခန့် ကွာဝေးနေသေးရာ လမ်းလျှောက်သွားရန် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။ ရွှီယန်က လမ်းတစ်လျှောက်ရှိ ရှုခင်းများကို တိုက်ရိုက်ထုတ်လွှင့်ပြသနေလိုက်သည်။

ရှောင်ဆန်းရှန် ကို တွေ့သောအခါ ၎င်းက တောင်ထဲတွင် လမ်းလျှောက်နေသည်။ အဝေးမှ လှမ်းကြည့်ရုံဖြင့်ပင် အလွန် ပြင်းထန်သော ဖိအား တစ်ခုကို ခံစားရစေသည်။

ဒရုန်းက ရှောင်ဆန်းရှန် ၏ လှုပ်ရှားမှုများကို ရိုက်ကူးပြသလိုက်သောအခါ မှတ်ချက်များက ချက်ချင်း ပွက်လောညံသွားတော့သည်။

[ကျားပဲ... တကယ်ကြီး ရှိတာပဲ]

[လောင်ရွှီ က သူ့ဆီ ထပ်လာပြန်ပြီ... တကယ် သေမှာကို မကြောက်တာပဲ]

[အဲဒီကျား ဟုတ်ရဲ့လား... မှားသွားရင် ဘယ်လိုလုပ်မလဲ]

[မှားသွားရင်တော့ ဂိမ်းပြန်စရုံပေါ့... သူ ဒီလို အရူးလုပ်တာက တစ်ကြိမ် နှစ်ကြိမ်မှ မဟုတ်တော့တာ]

ကျား ပေါ်ထွက်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ လူအရေအတွက်က အလျင်အမြန် တိုးတက်လာတော့သည်။ ချက်ချင်းပင် လူတစ်သိန်းကျော် သွားခဲ့သည်။ အချိန်အကြာကြီး လိုက်ဖ်မလွှင့်ခဲ့သော်လည်း ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက လူတစ်သိန်းကျော် ဆွဲဆောင်နိုင်သည့် စွမ်းရည် ရှိနေဆဲပင် ဖြစ်၏။

ရွှီယန်က ရှောင်ဆန်းရှန် ကို မြင်သောအခါ ပြုံးကာ နှုတ်ဆက်လိုက်ပြီး ကျောပိုးအိတ်ထဲမှ နို့ဘူး အကြီးကြီး တစ်ဘူးကို ထုတ်ယူလိုက်သည်။

ယနေ့ ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိသဖြင့် ကျားကို နို့တိုက်ရင်း လိုက်ဖ်လွှင့်ကာ ကြည့်ရှုသူ များများ ရအောင် လုပ်ရန်သာ ရည်ရွယ်ထားသည်။

ရှောင်ဆန်းရှန် က ယခင်အတိုင်းပင် ခန့်ညားထည်ဝါနေဆဲ ဖြစ်သည်။ တစ်ကိုယ်လုံးတွင် အစင်းကြောင်းများ ရှိပြီး ခန္ဓာကိုယ်က အလွန် သန်မာထွားကြိုင်းနေသည်။ မတ်တပ်ရပ်လိုက်ပါက ရွှီယန်ထက်ပင် ခေါင်းတစ်လုံးစာ ပိုမြင့်နေမည် ဖြစ်၏။ ၎င်း၏ မျက်ဝန်းများက ဒေါသ မထွက်သော်လည်း ကြောက်ရွံ့ဖွယ် ကောင်းနေသည်။

ရွှီယန်က ယခင်က ၎င်းအပေါ်တွင် လူကောင်းကတ်ကို အသုံးပြုထားခဲ့သဖြင့်သာ တော်သေးသည်။ မဟုတ်လျှင် ရွှီယန်က ဤကဲ့သို့သော ကြောက်မက်ဖွယ် သားရဲကြီး အနားသို့ လုံးဝ ကပ်နိုင်မည် မဟုတ်ချေ။

ကျားနှင့် တွေ့ရသည်မှာ တကယ်ကို အန္တရာယ် များလှပေသည်။

ထို့နောက် ရွှီယန်က ကျားနှင့်အတူ ခဏမျှ ဆော့ကစားနေလိုက်သည်။ အချိန်အတော်ကြာ မတွေ့ရသော်လည်း ရှောင်ဆန်းရှန် က ရွှီယန်အပေါ် ရင်းနှီးသည့် ပုံစံမျိုး ပြသနေသည်။ ၎င်းက အလွန် သာယာနေပုံရပြီး မျက်နှာပေါ်တွင် ပေါ့ပါးလွတ်လပ်သည့် အမူအရာများ ပေါ်လွင်နေ၏။

ဤတိုက်ရိုက်ထုတ်လွှင့်မှုက သေချာပေါက် ဗီဒီယိုများ အဖြစ် တည်းဖြတ်ခံရပြီး အင်တာနက်သုံးစွဲသူများ၏ ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံရမည်မှာ အသေအချာပင်။ အင်တာနက် တစ်ခွင်လုံးတွင် တောရိုင်း ကျားကို ကိုင်တွယ်ရဲသူမှာ သူ တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလော။

ယနေ့၏ အဓိက ရည်ရွယ်ချက်က ကျား တစ်ခုတည်းသာ မဟုတ်ချေ။ သူက ကျားနှင့်အတူ ခဏမျှ ဆော့ကစားပြီးနောက် ရတနာရှာဖွေရေး တာဝန်ကို လုပ်ဆောင်ရန် ထပြင်လိုက်သည်။

[ရတနာရှာဖွေရေး တာဝန် နှိုးဆွလိုက်ပါပြီ... ပျောက်ဆုံးနေသော ဝံပုလွေပေါက်လေး]

[တာဝန် ဖော်ပြချက်... ဝံပုလွေပေါက်လေး တစ်ကောင် စွန့်ပစ်ခံထားရပါသည်... ကျေးဇူးပြု၍ ရှာဖွေပြီး ကယ်ဆယ်ပေးပါ]

[တာဝန် ဆုလာဘ်... စွမ်းရည် - ဝံပုလွေ အူသံ... (စံနှုန်းမီသော ဝံပုလွေ အူသံကို ထုတ်လွှင့်နိုင်မည် ဖြစ်ပြီး ထို့ထက်ပို၍ ထူးခြားချက် မရှိပါ)]

အစပိုင်းတွင် တာဝန်ကို ကြားရသောအခါ ရွှီယန်က အနည်းငယ် ဝမ်းသာသွားသည်။ အကြောင်းရင်းမှာ ဝံပုလွေပေါက်လေး တစ်ကောင် အလကား ရမည်ဖြစ်သောကြောင့်ပင်။ သို့သော် တာဝန် ဆုလာဘ်ကို ကြည့်လိုက်သောအခါ ရွှီယန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

'စံနှုန်းမီသော ဝံပုလွေ အူသံ ဟုတ်လား’

'ဒါက ဘာအတွက် အသုံးဝင်မှာလဲ’

'စံနှုန်းမီဖို့ တကယ် လိုအပ်လို့လား….အာ...ဝူး လို့ အသံဆွဲလိုက်ရုံပဲ မဟုတ်ဘူးလား… ဘယ်သူကများ မလုပ်တတ်လို့လဲ’

အဓိပ္ပာယ်မရှိသော ဆုလာဘ် နောက်တစ်ခု ထပ်တိုးလာပြန်ပြီ။

သို့သော် တာဝန် ကိုယ်တိုင်က အတော်လေး ဆွဲဆောင်မှု ရှိနေသဖြင့် ရွှီယန်လည်း အများကြီး ဂရုမစိုက်တော့ချေ။

'ဘာပဲဖြစ်ဖြစ် ကိစ္စတော့ မရှိပါဘူးလေ…’

All Chapters