အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃) သူ ဝံပုလွေ ထပ်မွေးပြန်ပြီ... ငါ အမြင်မမှားဘူးမလား
ရွှီယန်သည် တောနက်ထဲတွင် လမ်းလျှောက်နေသည်။ သိပ်မကြာခင်မှာပင် မိသားစုနှင့် ကွဲကွာနေသော ထိုဝံပုလွေပေါက်လေးကို သူ ရှာတွေ့သွားခဲ့သည်။
ထိုအကောင်လေးသည် သစ်ရွက်ခြောက်များကြားတွင် ဝပ်နေပြီး ခွေးပေါက်လေး တစ်ကောင်နှင့်ပင် ဆင်တူကာ မျက်နှာပေါ်တွင် တွေဝေနေသည့် အမူအရာများ အပြည့်ဖြစ်နေသည်။
"ဟိုးနားမှာ ခွေးပေါက်လေး တစ်ကောင် ရှိနေတယ်နဲ့ တူတယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ၏ အာရုံကလည်း ထိုနေရာသို့ ရောက်ရှိသွားကြသည်။ ခုနလေးတင် ကျားနှင့်အတူ ဆော့ကစားခဲ့သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူအရေအတွက်က အများဆုံး အချိန်သို့ ရောက်ရှိနေသည်။ အားလုံးကလည်း အနည်းငယ် အံ့ဩနေကြသည်။
[တောနက်ထဲမှာ ဘယ်က ခွေးပေါက်လေး ရောက်လာတာလဲ]
[ခွေးပေါက်လေးက တောနက်ထဲ ရောက်လာတာလား]
[ဘယ်မှာလဲ... ငါ မမြင်ရပါလား]
လူများသည် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ကို စူးစိုက် ကြည့်နေကြသည်။ ရွှီယန်က နောက်ထပ် ခြေလှမ်း ဆယ်လှမ်းကျော်ခန့် ရှေ့သို့ တိုးသွားသောအခါမှ ထိုဝံပုလွေပေါက်လေး၏ ပုံစံက အင်တာနက်သုံးစွဲသူများ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။
ကောင်လေးမှာ အလွန် ချစ်စရာ ကောင်းလှသည်။ အရွယ်အစား သေးငယ်လွန်းသဖြင့် ပို၍ပင် တုံးအအဖြစ်နေပုံ ပေါ်သည်။
[ဟာ... တကယ်ကြီး ခွေးပေါက်လေးပဲ... အရမ်း ချစ်စရာ ကောင်းတာပဲ]
[ဒါက ဘာခွေးလေးလဲ... အတော်လေး ချစ်စရာ ကောင်းတယ်နော်]
[တောနက်ထဲမှာ ခွေးရှိတယ် ဟုတ်လား... မဖြစ်နိုင်ပါဘူး]
[ဒါက ဝံပုလွေ မဟုတ်ဘူးလား]
မှတ်ချက်များက ချက်ချင်း ပွက်လောညံသွားတော့သည်။
ဝံပုလွေပေါက်လေးသည် ရွှီယန် ချဉ်းကပ်လာသည်ကို သတိထားမိသွားရာ လန့်ဖျပ်ပြီး ချက်ချင်း ထွက်ပြေးတော့သည်။ ကောင်လေးသည် လောလောလောလောဖြင့် ပြေးနေသော်လည်း တကယ်တမ်းတွင်တော့ အမြန်နှုန်းက သိပ်မမြန်လှချေ။ ရွှီယန်က ခြေလှမ်း အနည်းငယ်ဖြင့်ပင် ၎င်း၏ နောက်သို့ ပြေးလိုက်သွားနိုင်ခဲ့သည်။
မိမိကို မီတော့မည်ကို မြင်သောအခါ ဝံပုလွေပေါက်လေးက လန့်ပြီး မြေကြီးပေါ်တွင် လှဲချလိုက်ကာ ဗိုက်ကို လှန်ပြပြီး အရှုံးပေးသည့် ပုံစံ ပြုလုပ်လိုက်သည်။
ရွှီယန်နှင့် တွေ့၍သာ တော်သေးသည်။ အကယ်၍ တောထဲမှ အခြား သားရဲများနှင့်သာ တွေ့ပါက ဤသို့ အရှုံးပေးခြင်းက အသုံးဝင်မည် မဟုတ်ချေ။ သားရဲများ၏ မျက်လုံးထဲတွင် အစားအစာသာ ရှိပြီး သနားကြင်နာမှု ဆိုသည်မှာ လုံးဝ မရှိသောကြောင့် ဖြစ်သည်။
ရွှီယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဝံပုလွေပေါက်လေးကို ဖွဖွလေး ဖိထားကာ တစ်ချက်တည်းဖြင့် ကောက်ကိုင်လိုက်သည်။
"ဒီကောင်လေးက အုပ်စုကွဲသွားတာပဲ... လမ်းပျောက်လာတာ ဖြစ်နိုင်တယ်... ဒါက ဝံပုလွေပေါက်လေး တစ်ကောင်ပါ... ဝံပုလွေအုပ်တွေက အမြဲတမ်း နေတဲ့ နေရာ မရှိဘူးလေ... တကယ်လို့ လမ်းပျောက်သွားရင် အရမ်း ဒုက္ခရောက်ပြီး အသက်ရှင်ဖို့ မလွယ်တော့ဘူး... ဒီကောင်လေးက တော်တော် ချစ်စရာ ကောင်းတာပဲ"
ရွှီယန်က ဝံပုလွေပေါက်လေးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက အလွန် သိချင်သွားကြသည်။
[လခွမ်း... တကယ်ကြီး ဝံပုလွေလား]
[အရမ်း ချစ်စရာကောင်းတဲ့ ဝံပုလွေပေါက်လေးပဲ]
[လောင်ရွှီ က တောင်ထဲ ဝင်တိုင်း Pokemon ကစားနေသလိုပဲ... အိမ်မွေးတိရစ္ဆာန်တွေ လိုက်ဖမ်းနေတာ]
[တကယ်ကို အဲဒီလို ခံစားချက်မျိုး ပေးတယ်... အရေးကြီးဆုံးက သူ့ရဲ့ လယ်ယာခြံဝင်းက တိရစ္ဆာန် ကယ်ဆယ်ရေး စင်တာ ဖြစ်နေတော့ ဥပဒေနဲ့ လုံးဝ ညီညွတ်နေတာပဲ]
အားလုံးက ချစ်စရာကောင်းသော ဝံပုလွေပေါက်လေးကို ကြည့်ရင်း အားကျသည့် အမူအရာများ ပေါ်လွင်လာကြသည်။
ဤသည်ကမှ ဘဝကို အောင်မြင်သူ တစ်ယောက်၏ ပုံစံပင် ဖြစ်သည်။ တောင်ထဲသို့ သွားပြီး လမ်းပျောက်နေသော တိရစ္ဆာန် ပေါက်စလေးများကို ရှာတွေ့နိုင်ရုံသာမက ကိုယ်တိုင်လည်း မွေးမြူခွင့် ရရှိသေးသည် မဟုတ်ပါလော။
ဝံပုလွေပေါက်လေးက အစပိုင်းတွင် ရွှီယန်ကို အလွန် ကြောက်ရွံ့နေသော်လည်း ရွှီယန်က ၎င်း၏ ဗိုက်ကို အနည်းငယ် ကုတ်ပေးလိုက်သောအခါ ချက်ချင်း ငြိမ်ကျသွားပြီး လုံးဝ မလှုပ်တော့ချေ။
ထို့နောက် ရွှီယန်က ကျောပိုးအိတ်ထဲတွင် တစ်ခုခုကို လိုက်ရှာနေသည်ကို တွေ့လိုက်ရသည်။ ကျား သောက်ပြီး ကျန်နေသေးသော နို့အနည်းငယ်ကိုသာ သူ ရှာတွေ့ခဲ့သည်။ သို့သော် လုံလောက်ပေသည်။ မည်သို့ပင်ဆိုစေ ဝံပုလွေပေါက်လေးက ငယ်သေးသည် မဟုတ်ပါလော။
ရွှီယန်က နို့ဘူးကို ထုတ်ယူကာ ဝံပုလွေပေါက်လေးကို အနည်းငယ် တိုက်လိုက်သည်။ ကောင်လေးက နို့နံ့ကို ရသည်နှင့် ချက်ချင်း တက်ကြွလာတော့သည်။ ပါးစပ်လေးက လှုပ်စိလှုပ်စိဖြင့် အလျင်အမြန် စုပ်ယူနေတော့သည်။
ဤသည်က ရွှီယန်၏ အထူး ကျွမ်းကျင်မှု ဖြစ်သော နို့တိုက်ခြင်း ပညာပင် ဖြစ်သည်။ နို့တိုက်ခြင်းဖြင့် တောရိုင်း တိရစ္ဆာန်များကို ယဉ်ပါးအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဤနည်းလမ်းက အမြဲတမ်း အောင်မြင်လေ့ ရှိသည်။ တကယ်ပင် နို့တိုက်သတ္တဝါများ အားလုံးက နို့ နှင့် ကင်းကွာ၍ မရနိုင်ကြောင်း သက်သေပြနေသည်။
ဝံပုလွေပေါက်လေးက နို့ကို အလျင်အမြန် သောက်လိုက်ပြီးနောက် အားမရသေးသည့် ပုံစံဖြင့် ရွှီယန်ကို ကြည့်နေသေးသည်။ ရွှီယန်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
"ဒီဝံပုလွေပေါက်လေး လမ်းပျောက်နေတာ... သူ့ဘာသာသူ ဆိုရင် သေချာပေါက် အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ကျွန်တော် သူ့ကို ကူညီပေးရမယ်... အခု တိရစ္ဆာန် ကာကွယ်ရေး စင်တာကို ဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြလိုက်မယ်... ပြီးတော့ ဒီဝံပုလွေပေါက်လေးကို မွေးမြူဖို့ တာဝန်ယူချင်တဲ့ အကြောင်းကိုပါ လျှောက်ထားလိုက်မယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။ ထို့နောက် သူက ဝံပုလွေပေါက်လေးကို ပွေ့ချီကာ ဖုန်းဆက်လိုက်တော့သည်။
ကိစ္စများ အားလုံးက အဆင်ပြေချောမွေ့သွားခဲ့သည်။ ရွှီယန်သည် ယခုအခါ ဒေသတွင်း၌ အသိအကျွမ်း အတော်လေး များပြားနေပြီ ဖြစ်သည်။ တိရစ္ဆာန် ကာကွယ်ရေး စင်တာ သို့လည်း အကြိမ်အနည်းငယ် ရောက်ဖူးကာ သင်တန်းများပင် တက်ရောက်ခဲ့ဖူးသည်။ အကြီးအကဲများက သူ့ကို အမြဲတမ်း ပရိုမိုးရှင်း လုပ်စရာ တစ်ခုအနေဖြင့် သတ်မှတ်ထားပြီး သတင်းများ တင်တိုင်း သူနှင့် အကြီးအကဲများ၏ အတူရိုက်ထားသော ပုံများကို အမြဲတမ်း အသုံးပြုလေ့ ရှိသည်။ ထို့ကြောင့် ဝံပုလွေပေါက်လေး တစ်ကောင်ကို ကယ်ဆယ်သည့် ကိစ္စက လုံးဝ ပြဿနာ မရှိနိုင်ချေ။
ဝံပုလွေပေါက်လေးသည် ရွှီယန်၏ ရင်ခွင်ထဲတွင် လုံးဝ ငြိမ်သက်သွားခဲ့သည်။ ၎င်းက နည်းနည်းလေးမျှ မဆူညံတော့ချေ။
ဝံပုလွေသည် နာခံမှု အလွန် အားကောင်းသော တိရစ္ဆာန် ဖြစ်ပြီး မိမိ၏ အထက်လူကြီးကို အမြဲတမ်း နာခံတတ်ကြသည်။ ဝံပုလွေပေါက်လေးက ဘာမှ နားမလည်သော်လည်း ရွှီယန်က ၎င်းကို ပြုစုစောင့်ရှောက်ပေးနေသည်ကို သိရှိသဖြင့် ရွှီယန်ကို နာခံရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ၎င်းက တောထဲတွင် လမ်းပျောက်နေသော ဝံပုလွေပေါက်လေး ဘဝမှ ချမ်းသာကြွယ်ဝသော မိသားစုထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်းကို သတိမထားမိသေးချေ။
တစ်ခါတရံ ကံကြမ္မာ ဆိုသည်မှာ ဤသို့ပင် ရုတ်တရက် ရောက်လာတတ်ပေသည်။
ရွှီယန်သည် ထိုကောင်လေးကို ပွေ့ချီကာ တောထဲတွင် လမ်းလျှောက်နေလိုက်သည်။ ယခင်က တောင်ပေါ်တက်ပါက တောထွက်ပစ္စည်းများကို ရှာဖွေလေ့ ရှိသော်လည်း ယခုအခါ တောင်ပေါ်တက်ပါက တောရိုင်း တိရစ္ဆာန် ပေါက်စလေးများကို ရှာဖွေနေတော့သည်။
အားလုံးက တောင်ပေါ်တက်ခြင်းပင် ဖြစ်ရာ သိပ်မကွာခြားလှချေ။ မတတ်နိုင်ပေ။ ရွှီယန်က မွေးမြူရသည်ကို နှစ်သက်သူ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် မွေးမြူရန် နေရာလည်း ရှိပြီး ဘာအနှောင့်အယှက်မှလည်း မရှိချေ။
ကောင်လေးက နို့ကို ဗိုက်ဝအောင် သောက်ပြီးနောက် ရွှီယန်၏ ပွေ့ချီထားမှုကို ခံရသဖြင့် မျက်လုံးများ မှေးစင်းလာကာ သိပ်မကြာခင်မှာပင် အိပ်ပျော်သွားတော့သည်။ ရွှီယန် လမ်းလျှောက်ရာတွင် အနည်းငယ် လှုပ်ရှားမှု ရှိသော်လည်း ၎င်းအတွက်တော့ ဘာမှ မသက်ရောက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
[ဝံပုလွေပေါက်လေး အိပ်ပျော်သွားပြီ... တော်တော်လေး ငြိမ်တာပဲ]
[သူက ဝံပုလွေ ထပ်မွေးပြန်ပြီ... ငါ အမြင် မမှားဘူးမလား]
[ပြောရမယ်ဆိုရင် တိဗက် က နာမည်ကြီး ဝံပုလွေ ကို ကြည့်ပြီးကတည်းက ငါ ဝံပုလွေတွေကို ကြောက်စိတ် ပျောက်သွားပြီ... ဒီအကောင်တွေက နည်းနည်း ပိုကြမ်းတဲ့ ခွေးတွေပဲ မဟုတ်ဘူးလား]
[တစ်ကောင် နှစ်ကောင်လောက်ကတော့ ဘာမှ မဖြစ်ပါဘူး... ဒါပေမဲ့ ဝံပုလွေအုပ်ကြီးသာ ပေါ်လာရင် မင်း မကြောက်ဘူးလားဆိုတာ ကြည့်ရသေးတာပေါ့]
အားလုံးကလည်း ဆွေးနွေးနေကြသည်။
တောနက်ထဲရှိ တိုက်ရိုက်ထုတ်လွှင့်မှုများက အမြဲတမ်း စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ မည်သည့်အချိန်တွင်မဆို မမျှော်လင့်ထားသော အရာများ ဖြစ်ပေါ်လာနိုင်ပေသည်။ အချိန် အနည်းငယ် ကျန်နေသေးသဖြင့် ရွှီယန်က ရတနာရှာဖွေရေး တာဝန်ကို နောက်တစ်ကြိမ် လဲလှယ်ရန် ရွေးချယ်လိုက်သည်။
[ရတနာရှာဖွေရေး တာဝန် နှိုးဆွလိုက်ပါပြီ - အရောင်ခုနစ်မျိုး ပန်း]
[တာဝန် ဖော်ပြချက် - သစ်တောထဲတွင် မတူညီသော အရောင် ခုနစ်မျိုးရှိသည့် ပန်းများကို ရှာဖွေပြီး တစ်ပွင့်ချင်းစီနှင့် ဓာတ်ပုံရိုက်ပါ]
[တာဝန် ဆုလာဘ် - ပန်ဆီ ပန်းခင်း ၂ ခု... အရောင် ခုနစ်မျိုးရှိသော ပန်းများ ပွင့်နေသည့် ပန်ဆီ ပန်းခင်းများ ဖြစ်ပြီး အလှဆင်ရန် သင့်တော်ပါသည်]
[ဤတာဝန်သည် ရေရှည် တာဝန်ဖြစ်ပြီး အခြား တာဝန်များနှင့် တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါသည်]
ရွှီယန်က စနစ် မျက်နှာပြင်ကို ကြည့်လိုက်သည်။
'အရောင်ခုနစ်မျိုး ပန်း ဟုတ်လား...'
သူ ငယ်ငယ်က အရောင်ခုနစ်မျိုး ပန်း ပုံပြင်ကို သင်ခဲ့ဖူးသည်။ မိန်းကလေး တစ်ယောက်က အရောင်ခုနစ်မျိုး ပန်း တစ်ပွင့်ကို ရရှိခဲ့ပြီး ပန်းရွက် တစ်ချပ်ကို ဆွဲခွာလိုက်တိုင်း ဆုတောင်း တစ်ခု ပြည့်စေသည် ဟူသော ပုံပြင်လေး ဖြစ်သည်။
ထိုအချိန်က ရွှီယန်လည်း အရောင်ခုနစ်မျိုး ပန်း တစ်ပွင့်ကို ပိုင်ဆိုင်ချင်ခဲ့ပြီး ဆုတောင်း ခုနစ်ခု ဆုတောင်းချင်ခဲ့ဖူးသည်။ ယခု ဤအမည်ကို ထပ်မံ မြင်တွေ့ရသောအခါ ကလေးဘဝ အမှတ်တရ အချို့ကို ပြန်လည် နိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထိုကဲ့သို့သော ကလေးဆန်သည့် ခံစားချက်လေးက အတော်လေး လွမ်းဆွတ်ဖွယ် ကောင်းလှပေသည်။
'အရောင် ခုနစ်မျိုး ရှိတဲ့ ပန်းတဲ့လား... သစ်တောထဲမှာ ပန်းတွေ အများကြီး ရှိတော့ သိပ်မခက်ပါဘူး... ဒါက ရေရှည် တာဝန် ဆိုတော့ အခုချက်ချင်း ပြီးအောင် လုပ်စရာ မလိုဘူးလေ... ဖြည်းဖြည်းချင်း လုပ်သွားလို့ ရပါတယ်'
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
ဤကဲ့သို့သော တာဝန်မျိုး ရှိခြင်းကလည်း မဆိုးလှချေ။ တစ်ခါတရံ သစ်တောထဲတွင် ပန်းခင်းများကို တွေ့ပါကလည်း အတူတကွ ဓာတ်ပုံရိုက်ကာ အမှတ်တရ အဖြစ် သိမ်းဆည်းထားနိုင်ပေသည်။
ယနေ့ တောင်ထဲသို့ ဝင်လာစဉ်က ကျားကို ရှာဖွေရန်အတွက် ရတနာရှာဖွေမှု တစ်ကြိမ်ကို အသုံးပြုခဲ့သဖြင့် ရွှီယန်တွင် ရတနာရှာဖွေခွင့် ၃ ကြိမ်သာ ကျန်ရှိတော့ရာ ရတနာရှာဖွေရေး တာဝန်ကို ထပ်မံ လဲလှယ်၍ မရနိုင်တော့ချေ။
ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ရတနာများကို စတင် နေရာရှာဖွေလိုက်တော့သည်။
တောနက်ထဲတွင် ရှားပါး အပင်များ အများအပြား ရှိပြီး တန်ဖိုးကြီး ဆေးဖက်ဝင် အပင်များလည်း အများအပြား ရှိပေသည်။ ရွှီယန် ပထမဆုံး ရှာတွေ့ခဲ့သော ရတနာမှာ ဆေးဖက်ဝင် အပင်များ စိုက်ပျိုးထားသော နေရာ တစ်ခု ဖြစ်သည်။ သို့သော် အလွန် တန်ဖိုးကြီးသော ဆေးဖက်ဝင် အပင်များတော့ မဟုတ်ချေ။
"ဒီနေရာကို ကြည့်ကြည့်... အကုန်လုံးက ဇူးရှီးမာ တွေချည်းပဲ... ကျွန်တော်တို့ကတော့ နောင်ယန်ချောင် လို့ ခေါ်ကြတယ်... သိုးကျောင်းတဲ့ အခါ သိုးတွေက ဘာမြက်ပဲဖြစ်ဖြစ် အကုန်စားတယ်... ဒါပေမဲ့ ဒီအပင်ကို တွေ့ရင်တော့ မစားဘူး... ဘာလို့လဲဆိုတော့ ဒီအပင်က အဆိပ်ရှိလို့ပဲ... ဇူးရှီးမာ က အတော်လေး နာမည်ကြီးတယ်... အရိုက်ခံရလို့ မြေကြီးပေါ် လူးလိမ့်နေရင်တောင် ဇူးရှီးမာ ကိုတော့ လက်မလွှတ်နိုင်ဘူး ဆိုတဲ့ စကားတောင် ရှိသေးတယ်... ဘာလို့လဲဆိုတော့ ဒီအပင်က ထုံကျင်စေပြီး နာကျင်မှုကို သက်သာစေတဲ့ အာနိသင် ရှိလို့ပဲလေ"
ရွှီယန်က ဆေးဖက်ဝင် အပင်များကို ကြည့်ကာ ရှင်းပြလိုက်သည်။
သူက သွားရောက် မခူးယူခဲ့ချေ။ တစ်ဖက်တွင် ခူးယူရန် အလွန် ခက်ခဲပြီး အဆိပ်သင့်မည်ကိုလည်း ကာကွယ်ရမည် ဖြစ်သလို အခြား တစ်ဖက်တွင်တော့ သူက ဝါးခြင်း သယ်မလာခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် လိုအပ်ပါကလည်း တောင်ထွက်ပစ္စည်း ဈေးတန်းတွင် သွားရောက် ဝယ်ယူနိုင်သဖြင့် ကိုယ်တိုင် ခူးယူရသည်က အတော်လေး ပင်ပန်းလှပေသည်။
ယခုအခါ ဘဝ အခြေအနေများက ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ယမန်နှစ်က အစပိုင်းတွင် လယ်ယာခြံဝင်း လည်ပတ်နိုင်ရန်အတွက် တောင်ကြီးများထဲတွင် ပြေးလွှားကာ တန်ဖိုးကြီး တောင်ထွက်ပစ္စည်းများကို အပူတပြင်း ရှာဖွေခဲ့ရသည်နှင့် လုံးဝ မတူညီတော့ချေ။ အရာအားလုံးက ဘဝ ရှင်သန်ရေး အတွက်သာ ဖြစ်ခဲ့သည်။
အင်တာနက်သုံးစွဲသူများက မြေပြင် တစ်ခုလုံး စိမ်းလန်းနေသည်ကို ကြည့်ကာ ယခင်အတိုင်းပင် မေးခွန်းထုတ်လာကြပြန်သည်။
'ဒီလောက် များတဲ့ မြက်တွေထဲမှာ ဘယ်အပင်က ဇူးရှီးမာ လဲ... အကုန်လုံးက အတူတူတွေချည်းပဲ မဟုတ်ဘူးလား'
နောက်ထပ် ရတနာရှာဖွေမှု အကြိမ်ရေ များတွင်လည်း ဆေးဖက်ဝင် အပင်များကိုသာ ရှာတွေ့ခဲ့သည်။ အချို့က တန်ဖိုးကြီးပြီး အချို့ကတော့ သာမန်သာ ဖြစ်သည်။
ယခုအခါ ရွှီယန်က ဤအရာများကို သိပ်စိတ်မဝင်စားတော့ချေ။ တစ်ခါတရံ တောင်ထဲ ဝင်ကာ မှိုလေးတွေ ကောက်၊ လင်ဇီးလေးတွေ တူးရသည့် ခံစားချက်က ပို၍ ကောင်းမွန်လှပေသည်။
ထို့ကြောင့် ရွှီယန်က ဝံပုလွေပေါက်လေးကို ပွေ့ချီကာ တောင်ထဲမှ ပြန်ထွက်လာခဲ့သည်။ မည်သို့ပင်ဆိုစေ လက်ဗလာဖြင့် ပြန်လာခဲ့ရခြင်းတော့ မဟုတ်ချေ။
သိပ်မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး ရွှီယန်က ဝံပုလွေပေါက်လေးကို ပွေ့ချီကာ ကားထဲသို့ ဝင်သွားတော့သည်။ ဝံပုလွေပေါက်လေးက အနွေးဓာတ်ကို ရရှိသွားသဖြင့် ပို၍ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
"သူဌေး... ခွေးပေါက်လေး ကောက်ရလာတာလား"
မာဝန်က ရွှီယန်၏ ရင်ခွင်ထဲမှ ဝံပုလွေပေါက်လေးကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။
ရွှီယန်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။
"ဝံပုလွေပေါက်လေး တစ်ကောင်ပါ... အိမ်ခေါ်သွားပြီး မွေးမလို့"
ထိုစကားကို ကြားသောအခါ မာဝန်၏ မျက်ဝန်းများထဲတွင် အံ့ဩမှုများ ပေါ်ထွက်လာသည်။
'ဝံပုလွေ ဟုတ်လား'
သူက နောက်ကြည့်မှန်မှ တစ်ဆင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားတော့သည်။ ဝံပုလွေ တစ်ကောင်ပဲလေ... လယ်ယာခြံဝင်းတွင် ယခုအခါ ကျားသစ်များနှင့် ဝက်ဝံမည်းများကိုပင် မြင်တွေ့နေရပြီ မဟုတ်ပါလော။ ဝံပုလွေ တစ်ကောင် ပါလာခြင်းက အံ့ဩစရာ မဟုတ်တော့ချေ။ နောင်တွင် ကျား မွေးမည်ဆိုလျှင်ပင် ပုံမှန်သာ ဖြစ်ပေလိမ့်မည်။
တကယ်တမ်းတွင် ယခုအခါ ကျားမွေးမြူသူများလည်း ရှိနေပြီ ဖြစ်သည်။ စာရွက်စာတမ်းများ လုပ်ဆောင်ပြီးနောက် ကျားခြံ တစ်ခု ဖွင့်လှစ်ခြင်းကလည်း ဖြစ်နိုင်ပေသည်။
မွေးမြူရေး တိရစ္ဆာန်များက တောရိုင်း တိရစ္ဆာန်များလောက် တန်ဖိုးမကြီးလှချေ။ ဥပမာအားဖြင့် ဒရယ်ပြောက် ဆိုလျှင် တောရိုင်း ကောင်များက နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမည့် တိရစ္ဆာန်များ ဖြစ်သော်လည်း မွေးမြူထားသော ကောင်များကိုမူ ဒရယ်သား အဖြစ် စားသုံးနိုင်ပေသည်။
မကြာခင်မှာပင် ရွှီယန်က ဝံပုလွေပေါက်လေးကို ခေါ်ကာ လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။
သူ ကားပေါ်မှ ဆင်းသည်နှင့် ခွေးသုံးကောင်က ပတ်လည် ဝိုင်းရံလာပြီး သခင်ဖြစ်သူကို ကြိုဆိုကြသည်။ ရက်ကွန်းဝက်ဝံ ကလည်း အတုခိုး၍ ထွက်လာကာ ကြိုဆိုပြီး အနည်းငယ် တုံးအအဖြစ်နေပုံ ရသည်။
ထိုအချိန်တွင် ခွေးသုံးကောင်က ရွှီယန် ပွေ့ချီလာသော ဝံပုလွေပေါက်လေးကို သတိထားမိသွားကြပြီး တစ်ကောင်ထက် တစ်ကောင် ပို၍ သိချင်စိတ် ပြင်းပြနေကြသည်။
ရွှီယန်က ဝံပုလွေပေါက်လေးကို မြေကြီးပေါ်သို့ ချပေးလိုက်သည်။ ချပေးလိုက်သည်နှင့် ရှောင်ဟေးက နှာခေါင်းကို ဝံပုလွေပေါက်လေး၏ ကိုယ်ပေါ်သို့ ကပ်ကာ အနံ့ခံကြည့်လိုက်သည်။ ဤသည်က ခွေးမျိုးရင်းဝင် တိရစ္ဆာန်များ နှုတ်ဆက်သည့် နည်းလမ်းပင် ဖြစ်သည်။
ဝံပုလွေပေါက်လေးက နိုးလာပြီး ခွေးသုံးကောင်ကို မြင်သောအခါ အနည်းငယ် တွန့်ဆုတ်သွားသည်။ ၎င်းက အမြီးလေးကို နှစ်ချက်ခန့် ခါယမ်းလိုက်ပြီး ခဏရပ်သွားကာ နောက်ထပ် နှစ်ချက်ခန့် ထပ်မံ ခါယမ်းလိုက်ပြန်သည်။ စိမ်းသက်သော ပတ်ဝန်းကျင်သို့ ရောက်လာသဖြင့် အမြဲတမ်း စိတ်လှုပ်ရှားနေတတ်ပေသည်။
"ရှောင်ဟေး... ဒါက ညီလေး အသစ်နော်... သူ့ကို မလန့်စေနဲ့... နောက်ကျရင် မင်းတို့ပဲ သူ့ကို ခေါ်ကစားပေးရမှာ... အကျင့်ဆိုးတွေတော့ သင်မပေးနဲ့နော်"
ရွှီယန်က ရှောင်ဟေးကို ပြောလိုက်သည်။
ခွေးလေးကောင်က ညီအစ်ကို လေးယောက်နှင့်ပင် တူညီနေသည်။ ရှောင်ဟေးက အစ်ကိုကြီး ဖြစ်သဖြင့် ညီလေးကို စောင့်ရှောက်ရမည့် တာဝန် ရှိပေသည်။
ရှောင်ဟေးက ပျော်ရွှင်စွာဖြင့် အမြီးခါပြလိုက်သည်။ ထို့နောက် ဝံပုလွေပေါက်လေးနှင့် ထပ်မံ နှုတ်ဆက်လိုက်ပြန်သည်။
ဘေးမှ ရှောင်ဟာကလည်း ဝံပုလွေပေါက်လေးကို နှုတ်ဆက်ရန် အနားသို့ တိုးလာသည်။ ဟက်စကီများက အနည်းငယ် တုံးအအဖြစ်တတ်ပြီး ၎င်း၏ နှုတ်ဆက်ပုံက အလွန် ထူးခြားလှသည်။ ၎င်းက ရှေ့ခြေထောက်ကို မြှောက်ကာ ဝံပုလွေပေါက်လေး၏ ခေါင်းပေါ်သို့ ဖိချလိုက်ပြီး ဝံပုလွေပေါက်လေးကို မြေကြီးပေါ်သို့ မှောက်ကျသွားစေသည်။
ရွှီယန်က ရှောင်ဟာကို တစ်ချက် ရိုက်လိုက်ပြီး အလျင်အမြန် ဆူလိုက်သည်။
"အားကို နည်းနည်း ထိန်းစမ်းပါ... ငါ့ကောင်လေးကို နာအောင် မလုပ်နဲ့နော်"
ဝံပုလွေပေါက်လေးက ထလာပြီး အတော်လေး ပျော်ရွှင်နေပုံ ရသည်။ အိမ်ရှိ ခွေးမျိုးရင်းဝင် မိသားစုတွင် အဖွဲ့ဝင်သစ် တစ်ကောင် ထပ်တိုးလာပြန်ပြီ ဖြစ်သည်။
ခြံဝင်းလေးက ပို၍ စည်ကားလာတော့မည် ဖြစ်သည်။