← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း (၂၉၅) တောင်ကို ကန်ထရိုက်ယူပြီး ဝက်ဝံမည်း လုံခြုံရေး နှစ်ကောင် ငှားရမ်းခြင်း

လယ်ယာခြံဝင်းတွင် ဝံပုလွေပေါက်လေး တစ်ကောင် ထပ်တိုးလာခဲ့သည်။

ထိုကောင်လေးက သူ့ကိုယ်သူ ခွေးတစ်ကောင်ဟု ထင်နေပုံရပြီး ရှောင်ဟေး တို့နှင့် သိပ်မကွာခြားလှချေ။

မွန်းလွဲပိုင်းတွင် ရွှီယန်သည် အပြင်ထွက်ကာ လယ်ယာခြံဝင်း၏ အခြေအနေများကို လိုက်လံ ကြည့်ရှုနေသည်။

ချန်ကျွမ်က ဝန်ထမ်းများအတွက် သစ်သီးဖျော်ရည်များ ဖျော်စပ်ပေးနေသည်။ နျိုကျွမ်းနှင့် ချန်ကျွမ်တို့က နောက်တန်းကို တာဝန်ယူပေးထားသဖြင့် လယ်ယာခြံဝင်း၏ ဘဝက အတော်လေး အသက်ဝင်လာခဲ့သည်။

နောက်တန်းက အလွန် အရေးကြီးလှသည်။ 'စစ်သည်များ မထွက်ခွာမီ ရိက္ခာများ ကြိုတင် ပြင်ဆင်ထားရမည်' ဟူသော စကားမှာ မည်သည့်နေရာတွင်မဆို အသုံးဝင်ပေသည်။

ရွှီယန်က နေ့စဉ်နေ့တိုင်း အားလပ်နေသော်လည်း ဝန်ထမ်းများကတော့ အလုပ်များနေကြဆဲပင်။ ဥပမာအားဖြင့် ဝက်မွေးမြူခြင်း၊ ဘဲမွေးမြူခြင်းများတွင် အညစ်အကြေးများ ရှင်းလင်းပေးရပြီး ခြံများကိုလည်း ပုံမှန် ဆေးကြောပေးရသည်။

မှန်လုံအိမ်များတွင်လည်း ပေါင်းသင်ခြင်း၊ ရေလောင်းခြင်းများ ပြုလုပ်ရသလို အပြင်ဘက်ရှိ စိုက်ခင်းများကိုလည်း ဂရုစိုက်ရသေးသည်။ လယ်ယာခြံဝင်း၏ အစီအစဉ်များက အလွန် ကောင်းမွန်လှပေသည်။

ဤရက်ပိုင်းအတွင်း မြေပဲများ ရိတ်သိမ်းချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရွှီယန်က မြေပဲခင်းသို့ ရောက်ရှိလာပြီး မြေပဲပင်ကို လက်ဖြင့် ဆွဲနှုတ်ကာ မြေကြီးထဲမှ မြေပဲအချို့ကို ဖော်ယူ၍ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

သူ၏ စိုက်ခင်းမှ ထွက်ရှိလာသော အရာများက သဘာဝအတိုင်းပင် ကောင်းမွန်လှသည်။ ကြီးမားပြီး အစေ့ပြည့်နေကာ ကြည့်ရုံဖြင့်ပင် မြေပဲကောင်းများမှန်း သိသာလှပေသည်။

ဤမြေပဲများကို ကုန်သည်များထံသို့ တစ်စိတ်တစ်ပိုင်း ရောင်းချပြီး ကျန်တစ်စိတ်တစ်ပိုင်းကို ဈေးသို့ သွားရောက် ရောင်းချမည် ဖြစ်သည်။ ယခုအခါ ဈေးနှုန်း ညှိနှိုင်းရန်ပင် အထူးတလည် ကြိုးစားနေစရာ မလိုတော့ချေ။ သူ၏ မြေပဲများက ယုံကြည်စိတ်ချရကြောင်း အားလုံးက သိရှိထားပြီး ဖြစ်သည်။

ပုံမှန်အားဖြင့် လူမှုကွန်ရက် မီဒီယာများ အသုံးပြုသော လယ်ယာခြံဝင်း ပိုင်ရှင်များနှင့် မွေးမြူရေးခြံ ပိုင်ရှင်များက မိမိတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် အစားအစာများကို ထုတ်လုပ်ကာ ဗီဒီယိုတို ပလက်ဖောင်းများမှတစ်ဆင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်၍ ရောင်းချခြင်းများ ပြုလုပ်လေ့ ရှိကြသည်။

သို့သော် ရွှီယန်ကတော့ ထိုသို့ လုံးဝ မပြုလုပ်ခဲ့ချေ။

သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုပါက အပြင်ဘက်တွင် စားပွဲနှင့် ကုလားထိုင်များ ချထားပြီး ကုန်ပစ္စည်းများ ရောင်းချနေသည့် မြင်ကွင်းမျိုးကို လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။

မြေပဲများ ရင့်မှည့်လာပြီဖြစ်ရာ ရွှီယန်က မြေပဲ တစ်အိတ်ကို ဆွဲယူကာ ရွာထဲရှိ မိဘများထံသို့ သွားပို့ရန် ပြင်ဆင်လိုက်သည်။ မည်သို့ပင်ဆိုစေ အကွာအဝေးကလည်း နီးကပ်နေသည် မဟုတ်ပါလော။

ဆိုင်ကယ်စီးသွားပါက အလွန် အဆင်ပြေလှသည်။

ရွာထိပ်သို့ ရောက်သောအခါ တစ်ကိုယ်လုံး ညစ်ပေနေပြီး မုတ်ဆိတ်မွေးများ ရှည်ထွက်နေသော်လည်း မျက်လုံးများကတော့ ကလေးဆန်နေသည့် လူတစ်ယောက် ရွာထိပ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူက ရွှီယန်ကို မြင်သောအခါ ပြုံးရွှင်နေလေသည်။

ရွှီယန်က ထိုသူကို ကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားသည်။

ယခင်က ရွှီယန် ရွာထဲတွင် တိုက်ရိုက်ထုတ်လွှင့်စဉ်က ထိုသူကို ကင်မရာထဲတွင် မပါစေရန် အမြဲတမ်း ရှောင်ရှားခဲ့သည်။ အင်တာနက်သုံးစွဲသူများက ၎င်းကို ထိခိုက်နစ်နာစေမည့် စကားများ ပြောဆိုမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထိုသူမှာ ရွာ၏ ရွာစောင့် ပင် ဖြစ်သည်။

အတော်လေး ထူးဆန်းသည်ဟု ဆိုရမည်။ ရွာအတော်များများတွင် ရွာစောင့် ဟုခေါ်သော သနားစရာကောင်းသည့် လူတစ်ယောက် အမြဲတမ်း ရှိနေတတ်သည်။ တချို့က မွေးရာပါ ဉာဏ်ရည် မမီကြသူများ ဖြစ်ပြီး တချို့ကတော့ ဘဝတွင် အဆင်မပြေသူများ ဖြစ်ကြသည်။

ကံကြမ္မာကို ညီမျှစေရန်အတွက် ဤကဲ့သို့သော လူတစ်ယောက် အမြဲတမ်း ရှိနေရန် လိုအပ်သည်ဟု ဆိုကြသည်။ ရွာစောင့်များနှင့် ပတ်သက်၍ အယူအဆ အချို့ ရှိသော်လည်း ရွှီယန်ကတော့ ဤအရာများကို လုံးဝ မယုံကြည်ချေ။

ရွှီယန်က သူ့ကို သနားသွားသဖြင့် လက်ထဲမှ မြေပဲ တစ်အိတ်လုံးကို သူ့အား ပေးလိုက်သည်။

တစ်ခါတရံ ရွှီယန်က သူ့ကို ပစ္စည်းအချို့ ပေးလေ့ရှိရာ သူကလည်း အမြဲတမ်း ပြုံးရွှင်စွာဖြင့် လက်ခံတတ်ပေသည်။

ဤရွာစောင့်မှာ စိတ်သဘောထား ကောင်းမွန်သူ တစ်ဦး ဖြစ်သည်။ တစ်ခါတရံ ရွှီယန်၏ လယ်ယာခြံဝင်းသို့ လာရောက်ကာ အမှိုက်များ ရှင်းလင်းပေးခြင်း ကဲ့သို့သော အလုပ်များကို ကူညီပေးလေ့ ရှိသည်။ ကုသိုလ် ပြုလုပ်သည်ဟုသာ သဘောထားလိုက်ရမည်။

ရွှီယန်က ဘာမှ လုပ်စရာ မရှိတော့သဖြင့် လယ်ယာခြံဝင်းသို့ ပြန်ကာ အနားယူနေလိုက်သည်။

ညနေစောင်း လမ်းလျှောက်ထွက်လာချိန်တွင် လယ်ယာခြံဝင်းနှင့် မလှမ်းမကမ်း၌ ဝက်ဝံမည်း နှစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဤဝက်ဝံမည်း နှစ်ကောင်စလုံးကို ရွှီယန် ရင်းနှီးပေသည်။ တစ်ကောင်မှာ လယ်ယာခြံဝင်းတွင် အလုပ်လုပ်ရန် လာရောက် လျှောက်ထားသော်လည်း အလုပ်မရခဲ့သော တောရိုင်း ဝက်ဝံမည်း ဖြစ်သည်။ အခြား တစ်ကောင်မှာမူ ယခင်က ဆပ်ကပ်အဖွဲ့မှ ပျောက်ဆုံးသွားခဲ့သော ဝက်ဝံမည်း ဖြစ်ပြီး ရွှီယန်က လည်ပတ်ကို ဖြုတ်ပေးလိုက်ပြီးနောက် တောင်နောက်ဘက်တွင် နေထိုင်နေခြင်း ဖြစ်သည်။

တောင်ထဲတွင် ဝက်ဝံမည်းများ ရှိနှင့်ပြီးဖြစ်ရာ ရဲများကလည်း ၎င်းကို ဆက်လက် ဂရုမစိုက်တော့ချေ။

ဤကောင်လေးမှာ လုံးဝ လွတ်လပ်သွားခဲ့ပြီ ဖြစ်သည်။

ဝက်ဝံမည်း နှစ်ကောင်ကတော့ အတူတကွ ပေါင်းသင်းနေထိုင်နေကြပြီ ဖြစ်သည်။

"လောင်ဟေး... အလည်လာတာလား"

ရွှီယန်က ဝက်ဝံမည်းများကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။

လောင်ဟေးက ရွှီယန်ကို လက်ဝှေ့ယမ်းပြကာ အလွန် ဖော်ရွေနေပြီး မျက်နှာပေါ်တွင်လည်း မျှော်လင့်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

ဘေးမှ ဆပ်ကပ် ဝက်ဝံမည်းကလည်း ၎င်းလုပ်သကဲ့သို့ လိုက်လုပ်ကာ လက်ဝှေ့ယမ်းပြလေသည်။

ဤကောင်လေး နှစ်ကောင်က လူလိုပင် သိတတ်နေပြီ ဖြစ်သည်။

ရွှီယန်က ပြန်လှည့်ကာ ပန်းသီးကြီး အချို့ ယူလာပြီး အပြင်ထွက်ကာ သူတို့ကို ကျွေးလိုက်သည်။

ဝက်ဝံမည်း နှစ်ကောင်စလုံးက အလွန် လိမ္မာကြသည်။ မြေကြီးပေါ်တွင် ထိုင်ချကာ ရွှီယန်၏ ဘေးတွင် ပန်းသီးများကို စားနေကြသည်။

ယခုအခါ ရွှီယန်ကို ချန်ပိုင်တောင်တန်း တစ်ခုလုံး၏ အကြီးအကဲဟု မဆိုနိုင်သော်လည်း တောင်နောက်ဘက်၏ အကြီးအကဲဟုတော့ ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။

သားရဲ တိရစ္ဆာန်များ အားလုံးက သူ၏ တပည့်များပင် ဖြစ်ကြသည်။ တောင်ထဲသို့ ဝင်ရောက်ကာ ဖြစ်သလို လျှောက်သွားနေပါကလည်း မည်သည့် ပြဿနာမျှ မရှိနိုင်ချေ။

ရွှီယန်က ဝက်ဝံမည်း နှစ်ကောင်ကို ကြည့်ရင်း သူတို့က ဟမ် နှင့် ဟာ သိုင်းသမား နှစ်ဦးနှင့် အတော်လေး တူညီသည်ဟု ခံစားရသည်။

အကယ်၍ သူတို့ကို လုံခြုံရေး ဝတ်စုံ ဝတ်ပေးကာ ဦးထုပ်ပါ ဆောင်းပေးလိုက်ပါက တကယ့် လုံခြုံရေး ဝန်ထမ်း နှစ်ဦး ဖြစ်သွားမည်မှာ သေချာလှပေသည်။

"ငါ သစ်တော တစ်ခုကို ကန်ထရိုက် ယူလိုက်ရင် မင်းတို့ နှစ်ကောင် ငါ့ဆီမှာ လုံခြုံရေး လာလုပ်ပေးပါလား"

ရွှီယန်က ဝက်ဝံမည်း နှစ်ကောင်ကို မေးလိုက်သည်။

ဝက်ဝံမည်း နှစ်ကောင်က ရွှီယန်၏ စကားများကို အကြမ်းဖျင်းမျှသာ နားလည်သော်လည်း ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြကြသည်။

ရွှီယန်က တောင်နောက်ဘက်၏ အရှေ့ပိုင်း ဧရိယာကို ကန်ထရိုက် ယူရန် ရည်ရွယ်ထားသည်။ သူတို့ဒေသတွင် တောင်တစ်ဝက်ခန့်ကို ကန်ထရိုက် ယူခြင်းမှာ ထူးဆန်းသော ကိစ္စ တစ်ခု မဟုတ်ပေ။

အထူးသဖြင့် ဂျင်ဆင်း စိုက်ပျိုးသော စီးပွားရေး လုပ်ငန်းရှင်များက တောင် အများအပြားကို ကန်ထရိုက် ယူလေ့ ရှိကြသည်။

တချို့သော လုပ်ငန်းရှင်ကြီးများ ဆိုလျှင် အခြား ဒေသများသို့ သွားရောက်ကာ ရေမြေ ကောင်းမွန်သော တောင်များကို ကန်ထရိုက် ယူပြီး ဂျင်ဆင်းများ စိုက်ပျိုးကြသည်။ ဤဒေသမှ လူများက ဂျင်ဆင်း စိုက်ပျိုးသည့် နေရာတွင် တကယ်ကို တော်ကြပေသည်။

ရွှီယန်ကတော့ ဂျင်ဆင်း စိုက်ပျိုးရန် အကြံအစည် မရှိချေ။ ယခုအခါ သစ်တော ဂျင်ဆင်းများက သူတို့ဒေသတွင် အလွန် ပေါများနေပြီး ကားကြီးများဖြင့် အမြောက်အမြား တင်ပို့ ရောင်းချနေကြသောကြောင့် ဖြစ်သည်။

တောင်ကို ကန်ထရိုက် ယူပါက အကျိုးအမြတ် ရရှိနိုင်သည့် နည်းလမ်း နှစ်ခုသာ ရှိသည်။ စိုက်ပျိုးရေး လုပ်မည်လား သို့မဟုတ် မွေးမြူရေး လုပ်မည်လား ပင် ဖြစ်သည်။

တောကြက်များ တောဝက်များ ဘဲငန်းများကို လွှတ်ကျောင်း မွေးမြူသူများလည်း ရှိကြသည်။

ရွှီယန်က ဝန်ထမ်းများနှင့် ဤကိစ္စကို ဆွေးနွေးခဲ့ဖူးသည်။

ထိုစဉ်က ဝမ်ဝူက ပြောခဲ့သည်။

"တောကြက် မွေးတာ ကောင်းတာပေါ့... သစ်တောထဲမှာ လွှတ်ကျောင်းထားပြီး နေ့တိုင်း အစာလေး နည်းနည်း ပက်ကျွေးရုံပဲလေ... သုံးလလောက် ကြာရင် ကြက်တွေက အတော်လေး ကြီးလာမှာပဲ"

သူ၏ စကားကို ကြားသောအခါ မာဝန်က ခေါင်းခါလိုက်ပြီး မျက်ဝန်းများထဲတွင် အဓိပ္ပာယ်ပါသော အကြည့်များ ပေါ်ထွက်လာသည်။

"မင်း တွေးတာ အရမ်း လွယ်လွန်းနေတယ်"

မာဝန်က သူ့ကို ပြောလိုက်သည်။

"အရမ်း လွယ်လွန်းနေတယ် ဟုတ်လား"

ဝမ်ဝူက အနည်းငယ် တွေဝေသွားသည်။ ရွှီယန်ကလည်း အခြေအနေကို နားလည်သဖြင့် သူ့ကို ရှင်းပြလိုက်သည်။

"တကယ်လို့ သစ်တောထဲမှာ တောကြက်တွေ လွှတ်ကျောင်းမယ် ဆိုရင် ဒီနေ့ သုံးကောင် ပျောက်မယ်... မနက်ဖြန် ငါးကောင် ပျောက်မယ်... ကြက်တွေ ကြီးလာတဲ့ အချိန်ကျရင် ညတွင်းချင်း အကုန် အခိုးခံရနိုင်တယ်... သစ်တောထဲမှာ နေရာတိုင်း စီစီတီဗွီ တပ်ထားလို့မှ မရတာ... လယ်ယာခြံဝင်းကိုတောင် အမြဲတမ်း စောင့်ကြည့်နေရတာလေ... သစ်တောထဲမှာ ဆိုရင်တော့ ပိုတောင် ဆိုးသေးတယ်... အဲဒါကြောင့် တောင်ကို ကန်ထရိုက်ယူပြီး မွေးမြူရေး လုပ်မယ် ဆိုရင် လူသူကင်းမဲ့တဲ့ နေရာမျိုး ဖြစ်ရမယ်... ပြီးတော့ မွေးမြူရေး ဧရိယာကိုလည်း ခြံခတ်ထားရမယ်... ဒီလို ခိုးတဲ့ ကိစ္စတွေကို တားဆီးလို့ မရဘူး... မင်း မွေးရဲရင် တခြားသူတွေကလည်း ခိုးရဲတာပဲလေ"

ရွှီယန်၏ စကားကို ကြားသောအခါ ဝမ်ဝူက တစ်ခုခု ပြောချင်နေသေးသော်လည်း စဉ်းစားကြည့်ပြီးနောက် ဘာမှ ဆက်မပြောတော့ချေ။

အကြောင်းရင်းမှာ ရွှီယန် ပြောသည်က အမှန်ပင် ဖြစ်ကြောင်း သူ သိရှိသွားသောကြောင့် ဖြစ်သည်။

သစ်တောထဲတွင် တောကြက်များ လွှတ်ကျောင်းထားပါက အသက်ရှင်နိုင်မည် ဆိုလျှင်သာ အံ့ဩစရာ ဖြစ်ပေလိမ့်မည်။ ယခင်ကလည်း ဤကဲ့သို့သော ကိစ္စမျိုး မဖြစ်ဖူးသည်တော့ မဟုတ်ပေ။

"အဲဒါကြောင့် မွေးမြူရေးကို လုပ်လို့ မရဘူး"

ရွှီယန်က ပြောလိုက်သည်။

"သူဌေး... မွေးမြူရေး မလုပ်ရင် တောင်ကို ကန်ထရိုက်ယူပြီး ဘာလုပ်မှာလဲ... ပိုက်ဆံ အလကား ကုန်တာပဲ မဟုတ်ဘူးလား"

ဝမ်ဝူက ထပ်မံ မေးလိုက်သည်။

ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။

"တောင်ရဲ့ အရှေ့ဘက်မှာ မြေကွက်လပ် အကြီးကြီး တစ်ခု ရှိတယ် မဟုတ်လား... အားလုံးက တောင်စောင်းတွေ ဆိုတော့ သီးနှံတွေ စိုက်လို့တော့ မရဘူးလေ... ဒါပေမဲ့ သစ်ပင်တွေ စိုက်လို့ ရတယ်... တစ်ခါသုံး တူတွေ လုပ်တဲ့ သစ်ပင်မျိုးတွေပေါ့... အဲဒီအပင်တွေက မြန်မြန် ကြီးထွားတယ်... မြန်မြန် ခုတ်လို့ ရတယ်... သစ်သား အရည်အသွေး ကတော့ သိပ်မကောင်းဘူး... ပရိဘောဂတွေ လုပ်လို့ မရဘူး... တူတွေ ပိုက်တွေ စက္ကူတွေ လုပ်ဖို့လောက်ပဲ သုံးလို့ ရတယ်... အဲဒီသစ်ပင်တွေ စိုက်မယ်ဆိုရင် ပြဿနာ မရှိနိုင်ဘူး"

ရွှီယန်၏ စကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။ သူတို့ အားလုံးက ဤလုပ်ငန်းအကြောင်း မသိရှိကြသဖြင့် စိတ်ထဲတွင် မေးခွန်း တစ်ခုသာ ရှိနေကြသည်။

'အဆင်ပြေနိုင်ပါ့မလား'

'တောင်ကို ကန်ထရိုက်ယူပြီး သစ်ပင် စိုက်မယ် ဟုတ်လား'

'အရင်းကျေဖို့ ဘယ်လောက်ကြာမှာလဲ'

တကယ်တမ်းတွင် ရွှီယန်က ဤလုပ်ငန်း အကြောင်းကို သေချာ လေ့လာထားပြီး ဖြစ်သည်။

သစ်ပင်စိုက်ရန်မှာ လုံးဝ ဖြစ်နိုင်ချေ ရှိပေသည်။

ထိုသစ်ပင်မျိုးက အလွန် လျင်မြန်စွာ ကြီးထွားနိုင်ပြီး တိတိကျကျ ပြောရလျှင် စိုက်ပျိုးရေး လုပ်ငန်းနှင့် သိပ်မကွာခြားလှချေ။ နှစ်စဉ် ရိတ်သိမ်းနိုင်သည်။

ထိုအခါကျလျှင်လည်း ငွေရှာနိုင်မည် ဖြစ်သည်။

ထို့အပြင် သစ်တောက အတော်လေး ကြီးမားသဖြင့် တောရိုင်း တိရစ္ဆာန် အချို့ မွေးမြူလိုပါကလည်း လုံးဝ ဖြစ်နိုင်ပေသည်။ မြေပိုင်ရှင်ကြီး တစ်ဦးနှင့်ပင် တူညီသွားမည် ဖြစ်၏။

အခြား တစ်ဖက်တွင်တော့ သာမန်လူများက သစ်ပင်များကို ခိုးယူရန် မဖြစ်နိုင်ချေ။ သစ်ပင် တစ်ပင်ကို ခုတ်လှဲလိုက်လျှင်တောင် အပြင်သို့ သယ်ထုတ်သွားရန် မလွယ်ကူပေ။ ဤမျှ ဈေးပေါသော သစ်ပင်များကို မည်သူကမျှ တောင်ထဲအထိ လာရောက်၍ ခိုးယူမည် မဟုတ်ချေ။

ထိုသို့ အချိန်ကုန်ခံမည့်အစား သစ်တောထဲသို့ ဝင်ကာ တန်ဖိုးရှိသော သစ်ပင်များကို ခုတ်ယူခြင်းက ပို၍ ကောင်းမွန်မည် မဟုတ်ပါလော။

ရွှီယန်တွင် တကယ်ကို အကြံအစည်များ ရှိနေပေသည်။ သူ၏ အကြံအစည်များနှင့် ပတ်သက်၍ ဝန်ထမ်းများက မည်သည့် အကြံဉာဏ်မျှ မပေးနိုင်ကြဘဲ အထင်ကြီး လေးစားရုံသာ ရှိတော့သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ရွှီယန်က ဒေသခံ မြေစာရင်း ဌာနသို့ သွားရောက်ကာ တောင် တစ်နေရာကို ကန်ထရိုက်ယူမည့် ကိစ္စအတွက် ဆွေးနွေးခဲ့သည်။

"တောင်ကို ကန်ထရိုက်ယူချင်တာလား... အရမ်းကောင်းတာပေါ့"

ဒေသခံ အစိုးရများကလည်း ငွေကြေး လိုအပ်နေသည်။ ရွှီယန် ပြောသော ထိုတောင်၏ အရှေ့ဘက်မှာ ပြောင်ရှင်းနေပြီး မည်သူကမျှ ကန်ထရိုက်ယူမည် မဟုတ်ချေ။ ယခု ငွေပိုရနိုင်မည် ဖြစ်ရာ အလွန် ကောင်းမွန်ပေသည်။ ထို့ကြောင့် ဤကိစ္စက မည်သည့် အနှောင့်အယှက်မျှ မရှိခဲ့ချေ။

ဈေးနှုန်း ညှိနှိုင်းရုံသာ ရှိတော့သည်။

ရွှီယန်က လက်တွေ့ အခက်အခဲများကိုလည်း ပြောပြခဲ့သည်။ ထိုတောင်က အတော်လေး ခေါင်ပြီး စီးပွားရေး အကျိုးအမြတ် နည်းပါးကြောင်း မြေဆီလွှာကလည်း မကောင်းမွန်ကြောင်း အကယ်၍ ငှားရမ်းခ အရမ်းများပါက သူလည်း မတတ်နိုင်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။

အစိုးရ၏ လုပ်ထုံးလုပ်နည်းများကလည်း အမြဲတမ်း ငွေအရင်ရရန်သာ အဓိကထားလေ့ ရှိသည်။

အနာဂတ်မှ ငွေများကို ယခုအသုံးပြုခြင်းပင် ဖြစ်သည်။

စာရွက်စာတမ်းများ တရားဝင် ဖြစ်ပါက ငွေအရင် ရရှိရေးကသာ အဓိက ဖြစ်ပေသည်။

ထို့ကြောင့် မြေစာရင်း ဌာနနှင့် ရွှီယန်တို့ ရက်အနည်းငယ်ကြာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် နှစ်ခုနစ်ဆယ်အတွက် ဧက နှစ်ထောင် ကန်ထရိုက် စာချုပ်ကို သဘောတူညီမှု ရရှိခဲ့သည်။

ဈေးနှုန်းကလည်း သိပ်မများလှဘဲ သူ၏ လယ်ယာခြံဝင်းထက် အနည်းငယ်မျှသာ ပိုများပေသည်။

ရွှီယန်က တောင်တန်း၏ အရှေ့ဘက် ဧရိယာကိုသာ ကန်ထရိုက်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် အံ့ဩစရာ ကောင်းသည်မှာ ဤဧရိယာက တောင်နောက်ဘက်သို့ ဝင်ရောက်သည့် ဝင်ပေါက် ဖြစ်နေခြင်းပင်။

ဤဧရိယာကို ကန်ထရိုက်ယူလိုက်ခြင်းကြောင့် အခြားသူများ တောင်နောက်ဘက်သို့ ဝင်ရောက်လိုပါက အဝေးကြီး ကွေ့ပတ်သွားရမည် ဖြစ်သည်။

ထို့အပြင် ဤတောင်ထဲတွင် ကျားသစ်များနှင့် ဝက်ဝံမည်းများ ရှိသဖြင့် သာမန်အားဖြင့် မည်သူကမျှ ဝင်ရောက်လေ့ မရှိချေ။

ဆိုလိုသည်မှာ ရွှီယန်က ငွေအနည်းငယ်ဖြင့် တောင်ကြီး တစ်ခုလုံးကို ကန်ထရိုက်ယူလိုက်သကဲ့သို့ပင် ဖြစ်သွားသည်။

သဘောတူညီမှုများက အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

ဤရက်ပိုင်းအတွင်း ရွှီယန်က စာရွက်စာတမ်းများ လုပ်ဆောင်ရန် ဒေသခံ အစိုးရ ရုံးများသို့ အမြဲတမ်း သွားရောက်နေခဲ့ရသည်။

နေ့စဉ်နေ့တိုင်း လက်ဆွဲအိတ် ကိုင်ဆောင်ကာ မာဝန်ကို ကားမောင်းခိုင်းပြီး မြို့ထဲနှင့် ခရိုင်ရုံးများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ရသည်။

ဤဒေသရှိ ဌာနဆိုင်ရာများ၏ အလုပ်လုပ်ပုံက ဤသို့ပင် ဖြစ်သည်။ သိပ်မမြန်ဆန်လှချေ။

ဝန်ထမ်းများက ရွှီယန် အပြင်ထွက်သွားသည်ကို မြင်သောအခါ တစ်ခါတရံ စကားစမြည် ပြောဆိုလေ့ ရှိကြသည်။

"သူဌေးက ကိစ္စတွေ ဆွေးနွေးဖို့ အပြင်ထွက်သွားပြန်ပြီ"

"တကယ်ကြီး တောင်ကို ကန်ထရိုက်ယူလိုက်ပြီနဲ့ တူတယ်"

"ဒါက တကယ်ကို လက်ဖွာတာပဲ... တောင်ကြီးကိုတောင် ကန်ထရိုက်ယူလိုက်တယ်"

"ပြဿနာက သစ်ပင်စိုက်ပြီး ပိုက်ဆံရနိုင်ပါ့မလား... သစ်ပင်တွေက ကြီးတာ နှေးတယ်လေ... သစ်ပင်တွေ ကြီးလာဖို့ဆိုတာ နှစ်ဘယ်လောက်တောင် စောင့်ရမလဲ"

"ဂျင်ဆင်း စိုက်တာလည်း ဒီလိုပါပဲလေ... ဆယ်နှစ် နှစ်ဆယ်လောက် ကြာမှ အကျိုးအမြတ် အကြီးကြီး ရတာလေ... ဒါက ရေရှည် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ စီစဉ်ထားတာပဲ... အချိန်တန်ရင် သူ့ဘာသာသူ ပိုက်ဆံ ရလာမှာပေါ့"

ဝန်ထမ်းများ၏ အမြင်တွင် ရွှီယန်က အလွန် အရည်အချင်း ရှိသူ တစ်ယောက် ဖြစ်သည်။

ပုံမှန်အချိန်များတွင် အတော်လေး ပျင်းရိကာ ခွေးများနှင့် ကြောင်များကိုသာ ဆော့ကစားနေတတ်သော်လည်း မည်သည့် ဝန်ထမ်းကမျှ သူ့ကို အသုံးမကျသူဟု မထင်မှတ်ကြချေ။

ဆန့်ကျင်ဘက် အနေဖြင့် အားလုံးက သူ့ကို အလွန် အထင်ကြီး လေးစားကြသည်။

တကယ့် ဆရာကြီး ဆိုသည်မှာ ဘဝကို အရောင်အသွေး စုံလင်စွာ ဖြတ်သန်းနိုင်သူများပင် ဖြစ်သည်။ သူတို့အတွက် အရေးကြီးသော ကိစ္စများကိုသာ အာရုံစိုက် လုပ်ဆောင်ရန် လိုအပ်ပေသည်။

ရက်အနည်းငယ်ခန့် အလုပ်များပြီးနောက် ရွှီယန်က ကန်ထရိုက် စာချုပ်ကို အောင်မြင်စွာ ရရှိသွားခဲ့သည်။

သူက သစ်ပင်စိုက်ရန် ကိစ္စများကို စတင် စဉ်းစားနေပြီ ဖြစ်သည်။ ထို့အပြင် ထိုဝက်ဝံမည်း နှစ်ကောင်ကိုလည်း သစ်တောကို စောင့်ရှောက်ရန် ခေါ်ယူရဦးမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ တကယ်ကို အလုပ်ရသွားကြပြီ ဖြစ်သည်။

ဝက်ဝံမည်း လုံခြုံရေး နှစ်ကောင်။

သူတို့က တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။

All Chapters