← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း (၂၉၆) ကျယ်ဝန်းလှသော တောင်တန်းများနှင့် နေမကောင်းဟန်ဆောင်နေသော တောသမင်ငယ်လေး

ရွှီယန်သည် ဧက ၂၀၀၀ ကျယ်ဝန်းသော တောင်ကတုံးကြီးကို ကန်ထရိုက် ရရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ တောင်ကတုံးများကို ကန်ထရိုက်ယူခြင်းက အထူးအဆန်း မဟုတ်တော့ပေ။

စိုက်ပျိုးရေး လုပ်ငန်းများကို ဝါသနာပါသော သူဌေးကြီး အများအပြားသည် အငြိမ်းစားယူပြီးနောက် တောင်ကတုံးများကို ကန်ထရိုက်ယူကာ စီမံကိန်းများ လုပ်ဆောင်လေ့ ရှိကြသည်။ တစ်ဖက်တွင် စီးပွားဖြစ် သစ်တောများ ဖန်တီးကြပြီး အခြားတစ်ဖက်တွင်တော့ တည်းခိုခန်းများ၊ မွေးမြူရေးခြံများ စသည်ဖြင့် တည်ဆောက်လေ့ ရှိကြသည်။

စာချုပ်အရ အစိုးရက ကန်ထရိုက်တာများအား ၃ ရာခိုင်နှုန်းကို ဆောက်လုပ်ရေး လုပ်ငန်းများ အသုံးပြုရန် ခွင့်ပြုထားသည်။ ဆိုလိုသည်မှာ ရွှီယန် အနေဖြင့် တောင်ပေါ်ရှိ မြေ ဧက ၆၀ တွင် အဆောက်အအုံများ တည်ဆောက်နိုင်ခွင့် ရှိသည်။

သို့သော် ရွှီယန်ကတော့ တည်းခိုခန်း ကဲ့သို့သော အရာများကို တည်ဆောက်ရန် မရည်ရွယ်ထားချေ။ အကြောင်းရင်းမှာ ပထဝီဝင် အနေအထားက အဆင်မပြေသေးသောကြောင့် ဖြစ်သည်။ ရှုခင်းသာ နေရာများတွင် တောင်ပေါ် တည်းခိုခန်းများ အလွန် ပေါများနေသဖြင့် တစ်ခါတရံ စီးပွားရေး သိပ်မကောင်းလှပေ။

သူ၏ နေရာက အလွန် ခေါင်ပြီး ကားမောင်းလာပါကပင် နာရီအတော်ကြာ မောင်းနှင်ရမည် ဖြစ်ရာ မည်သူကမျှ ဤနေရာတွင် လာရောက် တည်းခိုလိုမည် မဟုတ်ချေ။ ထို့အပြင် တောင်ခြေရှိ ညီညာပြန့်ပြူးသော နေရာတွင် သူ၏ လယ်ယာခြံဝင်း ရှိနေသဖြင့် အထူးတလည် တည်ဆောက်ရန် မလိုအပ်ပေ။

ရွှီယန်က ဆိုင်ကယ်စီးကာ ဤပြောင်ရှင်းနေသော တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ တောင်ခြေမှ လှမ်းကြည့်ပါက ဤတောင်ကြီးမှာ လုံးဝ ပြောင်ရှင်းနေသည်ကို တွေ့ရသည်။ သူ တောင်ထဲသို့ ဝင်ရောက်တိုင်း ဤနေရာကို ဖြတ်သန်းသွားရလေ့ ရှိသည်။

အထဲသို့ အနည်းငယ် ထပ်မံ ဝင်ရောက်သွားပါက သစ်ပင်ပန်းမန်များ ထူထပ်သည့် တောင်နောက်ဘက်သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုနေရာတွင် တောရိုင်း တိရစ္ဆာန်မျိုးစုံ ရှိနေပေသည်။ အရင်က ဤနေရာကို ဂရုမစိုက်ခဲ့သော်လည်း ယခုအခါတွင်တော့ သူ၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တောင်ကြီး တစ်လုံးကို ကြည့်ကာ သူ၏ စိတ်ထဲတွင် ဝမ်းသာပီတိ ဖြစ်နေမိသည်။

ထို့အပြင် ဧက ၂၀၀၀ တောင် ရှိပြီး ဈေးနှုန်းကလည်း အတော်လေး သက်သာလှပေသည်။ အစိုးရကပင် ဤတောင်ကတုံးကြီးကို စိမ်းလန်းစိုပြည်အောင် ပြုလုပ်ရန် ကန်ထရိုက်ယူမည့်သူ ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။

"သစ်ပင်စိုက်တဲ့ အချိန်ကျရင် သေချာ တွက်ချက်ရမယ်... တချို့နေရာတွေမှာ တောင်ကို ကန်ထရိုက်ယူပြီး သစ်ပင် စိုက်လို့ ရပေမယ့် ခုတ်ဖို့တော့ ခွင့်မပြုဘူးလို့ ကြားဖူးတယ်... အဲဒါကြောင့် စီးပွားရေး အရ တွက်ခြေကိုက်တဲ့ သစ်ပင်မျိုးတွေကို စိုက်ရမယ်... ဒါပေမဲ့ ဒီဘက်မှာတော့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲလေ... သစ်တော ဖြစ်လာရင် ပုံမှန် ဝင်ငွေ ရနိုင်တယ်... ဝင်ငွေ အများကြီး မဟုတ်ပေမယ့် ရေရှည်အတွက်တော့ အဆင်ပြေတာပေါ့"

ရွှီယန်က စိတ်ထဲတွင် တွက်ချက်နေမိသည်။

ယခုအခါ စီးပွားဖြစ် သစ်တော မျိုးစုံ ရှိပြီး စီးပွားရေး အကျိုးအမြတ် ရရှိနိုင်သော သစ်ပင်များ အများအပြား ရှိနေပေသည်။ ဥပမာအားဖြင့် သစ်ချသီး၊ သစ်ကြားသီး၊ ဆီထွက်သီး သို့မဟုတ် အခြား သစ်သီးပင်များကို စိုက်ပျိုးနိုင်သည်။

ဆီထွက်နိုင်သော လက်ဖက်ဆီတော၊ သံလွင်တော၊ ဝမ်ကွမ်သီးတော သို့မဟုတ် အခြား အပင်များကိုလည်း စိုက်ပျိုးနိုင်သေးသည်။ ပန်းစေး ထွက်ရှိသော ထင်းရှူးတော သို့မဟုတ် ဖယောင်းပိုး မွေးမြူနိုင်သော ဖယောင်းပင်တော များကိုလည်း စိုက်ပျိုးနိုင်ပေသည်။ လက်ဖက်ပင်ပင် စိုက်ပျိုး၍ ရနိုင်သေးသည်။

တောင်က ဤနေရာတွင် ရှိနေပြီး ကျယ်ပြောလှသော မြေနေရာကြီး ဖြစ်ရာ မည်သည့်အရာ စိုက်ပျိုးမည်ကို ရွှီယန် ကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်သည်။

ထို့အပြင် သစ်ပင် စိုက်ပျိုးရာတွင် ပျိုးပင်လေးများမှ စတင် စိုက်ပျိုးရန် မလိုအပ်ချေ။ သစ်ပင် ကုမ္ပဏီများထံမှ တိုက်ရိုက် ဝယ်ယူကာ ရွှေ့ပြောင်း စိုက်ပျိုးနိုင်သည်။ ဤအရာများက အတော်လေး လူသိနည်းသော စီးပွားရေး လုပ်ငန်းများ ဖြစ်ပြီး ဤနယ်ပယ်မှ မဟုတ်သူများက အထဲမှ လျှို့ဝှက်ချက်များကို သိရှိနိုင်မည် မဟုတ်ပေ။

သို့သော် စီးပွားရေး လုပ်ငန်း ဖြစ်သဖြင့် သေချာပေါက် လုပ်ကိုင်သူများ ရှိနေမည်သာ ဖြစ်သည်။ ရွှီယန်က တောင်ကြီးကို မှီခိုနေသူ ဖြစ်သဖြင့် ဤလုပ်ငန်းများကို လုပ်ကိုင်ရန် အလွန် သင့်တော်လှပေသည်။

"ရင်းနှီးမြှုပ်နှံမှုက ကြီးမားပြီး အန္တရာယ်လည်း နည်းနည်း ရှိတယ်... သာမန် စီးပွားရေး သမားတွေကတော့ တောင်ကို ကန်ထရိုက်ယူပြီး သစ်ပင်စိုက်မှာ မဟုတ်ဘူး... အများစုက ပိုက်ဆံရှိတဲ့ သူဌေးကြီးတွေချည်းပဲ... ပိုက်ဆံ ရှိနေတော့လည်း အန္တရာယ်တွေကို ခံနိုင်ရည် ရှိကြတာပေါ့... အထူးသဖြင့် အရင်နှစ်တွေက သူဌေးကြီးတွေ ပိုက်ဆံရလာရင် တောင်တွေကို ကန်ထရိုက်ယူတာ အတော်လေး ခေတ်စားခဲ့တယ်... အခု ဆယ်နှစ် နှစ်ဆယ်လောက် ကြာသွားတော့ တော်တော်များများက ခြေကုပ်ရနေကြပြီ... ငါက အခုမှ စလုပ်တာ ဆိုတော့ အလောတကြီး လုပ်စရာ မလိုပါဘူး"

ရွှီယန်က ဆိုင်ကယ်ပေါ်တွင် ထိုင်ကာ ဤနေရာတွင် မည်သည့်အရာ စိုက်ပျိုးရမည်ကို စဉ်းစားနေလိုက်သည်။

အားလုံးကို အနည်းငယ်စီ စိုက်ပျိုးရန်လည်း ဖြစ်နိုင်ပေသည်။ လတ်တလော သူ၏ အကြံအစည်မှာ ထင်းရှူးနီနှင့် ဝမ်ကွမ်သီးများကို အရင် စိုက်ပျိုးရန် ဖြစ်သည်။ ထင်းရှူးနီမှာ စိုက်ပျိုးရ လွယ်ကူပြီး ထင်းရှူးသီးများ ရရှိနိုင်သည်။ ဝမ်ကွမ်သီးကမူ ဆီထုတ်လုပ်ရန် ဖြစ်ပြီး နောက်ပိုင်းတွင် ဆီကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပါက ဝင်ငွေ အများအပြား ရရှိနိုင်မည် ဖြစ်သည်။

သို့သော် ယခုမှ စတင်ခြင်း ဖြစ်သဖြင့် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရမည် ဖြစ်သည်။ သစ်ပင်များမှာ နှစ်အနည်းငယ် မကြာဘဲ ကြီးထွားလာမည် မဟုတ်ချေ။

တောင်စောင်းတွင် ဝက်ဝံမည်း နှစ်ကောင်က လှုပ်ရှားသွားလာနေကြသည်။ သူတို့က ဖင်ကြီးများကို ယိမ်းနွဲ့ကာ တောင်အောက်သို့ ဆင်းလာကြသည်။ အမည်းရောင်က ကာကွယ်ပေးထားသော အရောင် ဖြစ်သော်လည်း ရွှီယန်၏ မျက်လုံးထဲတွင်တော့ သူတို့၏ လှုပ်ရှားမှုများ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

"ဒီကောင်လေး နှစ်ကောင်က နည်းနည်း အရမ်း ထင်ပေါ်နေပြီ... အခု တိရစ္ဆာန် ကာကွယ်ရေး လုပ်ငန်းတွေက ကောင်းမွန်နေလို့ တရားမဝင် အမဲလိုက်တာတွေ သိပ်မလွယ်တော့တာ... မဟုတ်ရင် လူဆိုးတွေ မျက်စိကျတာ ခံရဖို့ အရမ်း လွယ်တယ်... အထူးသဖြင့် ဆောင်းရာသီ ရောက်လာရင် ကင်းလှည့်တာတွေက သိပ်မကြာခဏ မရှိတော့ဘူး ဆိုတော့ သေချာပေါက် တရားမဝင် အမဲလိုက်တဲ့ သူတွေ ရှိလာမှာပဲ"

ရွှီယန်က ဝက်ဝံမည်း နှစ်ကောင်ကို ကြည့်ရင်း ပြောလိုက်သည်။

ထိုအကောင် နှစ်ကောင်က ရွှီယန်ကို သတိထားမိသွားရာ နှုတ်ဆက်ရန် ပြေးလာကြတော့သည်။ မည်သို့ပင်ဆိုစေ ရွှီယန်နှင့် အတူ နေလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ဆက်ဆံရေးက တဖြည်းဖြည်း ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

တိရစ္ဆာန် တစ်ကောင်နှင့် တစ်ကောင် တကယ်ကို ကွာခြားလှပေသည်။ ရွှီယန်က ထိုင်ဝမ်ဘက်တွင် ဝက်ဝံမည်း တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးပြီး ထိုဘက်မှ ဝက်ဝံမည်းများက အလွန် ကြမ်းတမ်းလှသည်။

ယခု သူ မွေးထားသော ဝက်ဝံမည်း နှစ်ကောင်ကို ပြန်ကြည့်လိုက်ပါက လောင်ဟေးသည် အလွန် တုံးအအဖြစ်နေပြီး ကြောက်တတ်သည့် ပုံစံမျိုး ဖြစ်နေသည်။

ဆပ်ကပ်အဖွဲ့မှ ထိုဝက်ဝံမည်း ကတော့ ကြက်တူရွေး စကားပြောသကဲ့သို့ လောင်ဟေး လုပ်သမျှ အားလုံးကို လိုက်လုပ်နေတော့သည်။ တကယ်တမ်း စဉ်းစားကြည့်ပါကလည်း သဘာဝကျလှပေသည်။

ဤဆပ်ကပ် ဝက်ဝံမည်းတွင် တောရိုင်း သဘာဝတွင် ရှင်သန်နိုင်စွမ်း မရှိသဖြင့် အစ်ကိုကြီး တစ်ယောက်ကို မှီခိုနေရခြင်း ဖြစ်သည်။ ထို့နောက် အစ်ကိုကြီး၏ နောက်သို့ လိုက်ပါရင်း အစ်ကိုကြီး၏ အစ်ကိုကြီး ကိုပါ ထပ်မံ အသိအမှတ်ပြုလိုက်ခြင်း ဖြစ်၏။

ဝက်ဝံမည်း နှစ်ကောင်က ရွှီယန် အနားသို့ ချဉ်းကပ်လာသည်။ ရွှီယန်က သူတို့ နှစ်ကောင်၏ တုံးအအဖြစ်နေသော ပုံစံကို ကြည့်ကာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

"မင်းတို့ နှစ်ကောင် သေချာ ကြိုးစားကြ... နောက်နှစ်ကျရင် မင်းတို့အတွက် သစ်တော တစ်ခု ဖန်တီးပေးမယ်... မင်းတို့ နှစ်ကောင်က အဲဒီထဲမှာ လုံခြုံရေး လုပ်ပေးရုံပဲ"

ရွှီယန်က ပြုံးကာ ပြောလိုက်သည်။

မြေနေရာ ပိုင်ဆိုင်သွားသောအခါ ခံစားချက်က လုံးဝ မတူညီတော့ချေ။ ရည်မှန်းချက်များ ကြီးမားလာတော့သည်။ ယခင်က သူဌေးကြီး အများအပြားလည်း ဤသို့ပင် တွေးတောခဲ့ကြမည်မှာ သေချာလှသည်။ သို့သော် နောက်ထပ် ဆယ်နှစ် နှစ်ဆယ်ခန့် အလုပ်လုပ်ပြီးသောအခါ သူတို့၏ အတွေးများလည်း ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။

လက်တွေ့ဘဝက အတော်လေး အေးစက်လှပေသည်။

ဝက်ဝံမည်း နှစ်ကောင်ကတော့ တုံးအအဖြစ်သာ ကြည့်နေကြသည်။

ရွှီယန်က သူတို့ နှစ်ကောင်နှင့် ခဏမျှ ဆော့ကစားပြီးနောက် ဆိုင်ကယ် လီဗာကို တင်ကာ ပြောင်ရှင်းနေသော တောင်ကတုံးကြီးထဲတွင် ဆက်လက် မောင်းနှင်သွားတော့သည်။

ဤဘက်တွင် ဆင်ခြေလျှောများ ရှိသဖြင့် ဆိုင်ကယ် စီးရန် သိပ်မလွယ်ကူလှပေ။ တည်ငြိမ်စွာ မောင်းနှင်နိုင်ခြင်းက ကျွမ်းကျင်မှု အပေါ်တွင်သာ မူတည်နေသည်။

သူ ဤသို့ ထွက်သွားသည်ကို မြင်သောအခါ ဝက်ဝံမည်း နှစ်ကောင်မှာ လန့်ဖျပ်သွားကြပြီး နောက်မှနေ၍ ခေါင်းလေးများ ပြူကာ ရွှီယန် ဝေးကွာသွားသည်ကို သတိကြီးစွာဖြင့် ကြည့်နေကြတော့သည်။

ရွှီယန် ကန်ထရိုက်ယူထားသော နေရာတွင် မြစ်တစ်စင်းလည်း ပါဝင်နေသည်။ ပုံမှန်အားဖြင့် တောင်များကို ကန်ထရိုက်ယူပါက ဤသို့ပင် ဖြစ်လေ့ရှိသည်။ တောင်လည်း ပါရမည်၊ ရေလည်း ပါရမည် ဖြစ်သည်။

ပတ်ဝန်းကျင်ကို သေချာ ထိန်းသိမ်းနိုင်ပါက မြစ်ထဲတွင် ကျောက်ပုစွန်များကိုလည်း မွေးမြူနိုင်သေးသည်။ ယခင်က ရွှီယန် တောတောင်ထဲတွင် ရှာတွေ့ခဲ့သော အရှေ့မြောက် ကျောက်ပုစွန်များကို ဆိုလိုခြင်း ဖြစ်သည်။ တောထဲရှိ နေရာ တစ်နေရာကို ရွေးချယ်ကာ ဆီးနှင်းဖားများပင် မွေးမြူနိုင်သေးသည်။

သူက ဆိုင်ကယ်စီးကာ မြစ်ကမ်းဘေးသို့ ရောက်ရှိလာပြီး မြစ်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ အမည်မသိ မြစ်ငယ်လေး တစ်စင်းသာ ဖြစ်ပြီး မြစ်ကြောင်းက အတော်လေး ကွေ့ကောက်နေကာ တချို့နေရာများတွင် နက်ပြီး တချို့နေရာများတွင် တိမ်နေသည်။

မြစ်ကမ်း နှစ်ဖက်တွင် မြက်ပင်များ သိပ်မရှိချေ။ ထိုအကြောင်းရင်းကြောင့်ပင် ဤမြစ်လေးက အသက်ဝင်မှု သိပ်မရှိသကဲ့သို့ ခံစားရခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ငါးများ ကူးခတ်သွားသည်ကို မတွေ့ရပေ။

မြစ်လေး ပြန်လည် အသက်ဝင်လာစေရန် ပတ်ဝန်းကျင် အခြေအနေများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပေသည်။

ရွှီယန်က ဆိုင်ကယ်စီးကာ တောင်ထဲတွင် ဆက်လက် ပတ်နေလိုက်သည်။ သူက တစ်ပတ်ပြီး တစ်ပတ် ပတ်နေခြင်း ဖြစ်သည်။

ဤနေရာတွင် ဘာမှ မရှိဘဲ လုံးဝ ပြောင်ရှင်းနေသော တောင်ကတုံးကြီး သက်သက်သာ ဖြစ်သည်။

သို့သော် ရွှီယန်၏ မျက်လုံးထဲတွင်တော့ ဤသည်က အစအဦးသာ ဖြစ်ပေသည်။ ထို့အပြင် ဘာမှ မရှိလျှင်တောင် ဆိုင်ကယ်စီးကာ လျှောက်လည်ရသည်ကို သူ ပျော်ရွှင်နေမိသည်။ မည်သို့ပင်ဆိုစေ မိမိ၏ ကိုယ်ပိုင် မြေနေရာ ဖြစ်နေသည် မဟုတ်ပါလော။

"နည်းနည်းချင်းစီ လုပ်သွားရမယ်... အရင်ဆုံး ဈေးကွက် အခြေအနေကို လေ့လာပြီးမှ ဘာသစ်ပင် စိုက်မလဲ ဆုံးဖြတ်မယ်... အရင်ဆုံး ထင်းရှူးနီ နဲ့ ဝမ်ကွမ်သီး စိုက်မယ်... ထင်းရှူးနီကတော့ တော်တော်လေး အတွေ့ရများပါတယ်"

ရွှီယန်က အကြိမ်အနည်းငယ် ပတ်ပြီးနောက် အခြေအနေ ကောင်းသည်ဟု ယူဆကာ ဆိုင်ကယ်စီးပြီး ဤနေရာမှ ထွက်ခွာလာခဲ့သည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရွှီယန်က စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခ လျိုပိုလျန် ထံသို့ ဖုန်းဆက်လိုက်သည်။

သူ သိကျွမ်းသော လူများလည်း မနည်းလှပေ။ လျိုပိုလျန်နှင့် တိရစ္ဆာန် အစာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ရှိသဖြင့် အတော်လေး စကားပြောဖြစ်ကြသည်။ ရွှီယန် သူ့ကို ဆက်သွယ်ရခြင်းမှာ ကျွမ်းကျင်သူများကို ခေါ်ယူ၍ မြေဆီလွှာ၏ အာဟာရ ဓာတ်များကို စစ်ဆေးရန်နှင့် မည်သို့ ပြုပြင်ပြောင်းလဲရမည်ကို သိရှိလိုသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ တောင်ကတုံးပေါ်တွင် သစ်ပင်စိုက်ခြင်းကလည်း ပညာရပ် တစ်ခု ဖြစ်ပြီး သိပ်မလွယ်ကူလှပေ။

"မင်း အဲဒီတောင်ကတုံးကို ကန်ထရိုက် ယူလိုက်ပြီလား... အဲဒီနေရာကို ငါ မြင်ဖူးတယ်... တော်တော်လေး ကောင်းတယ်... မြေဆီလွှာ အာဟာရလည်း လုံလောက်မယ်လို့ ထင်တယ်... တောင်ကို ကျော်သွားရင် နောက်ဘက်မှာ သစ်တော အကျယ်ကြီး ရှိတယ် မဟုတ်လား... အဲဒါကလည်း ဒီနေရာရဲ့ အလားအလာကို ပြသနေတာပဲလေ... ငါ သိရသလောက်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ချီက အရှေ့မြောက်က သစ်ပင်တွေ တစ်နိုင်ငံလုံးကို ထောက်ပံ့ပေးခဲ့ရတယ်လေ... ဒီတောင်က နည်းနည်း အပြင်ဘက်ကို ရောက်နေတော့ သစ်တောတွေ အကုန် အခုတ်ခံလိုက်ရတာ... အဲဒီအချိန်က သေချာ စီမံကိန်း မရှိဘူးလေ... ခုတ်ပြီးသွားတော့လည်း ဘယ်သူမှ ဂရုမစိုက်တော့ဘူး... အခု နှစ်ပေါင်း အများကြီး ကြာသွားတော့ ဘာမှ မကျန်တော့သလို သစ်တောလည်း ပြန်မဖြစ်လာတော့ဘူး... မင်း ကန်ထရိုက် ယူလိုက်တာ တကယ် ကောင်းတဲ့ ကိစ္စပဲ... ပထဝီဝင် အနေအထားကလည်း ပြဿနာ မရှိဘူး"

လျိုပိုလျန်က အတော်လေး ဗဟုသုတ ကြွယ်ဝသူ ဖြစ်ရာ ရွှီယန်နှင့် စကားစမြည် ပြောဆိုရင်း သူ၏ အမြင်များကို အားလုံး ပြောပြလိုက်သည်။

ရွှီယန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"ဟုတ်တယ်ဗျ... မြေဆီလွှာ ကောင်းတော့ သစ်ပင် စိုက်လို့ ရမယ်လို့ ထင်လို့ပါ... ဒါပေမဲ့ ဒီနှစ်တွေ အတွင်းမှာ ရေမြေ တိုက်စားမှုတွေက အရမ်း ဆိုးရွားလာပြီး သဲတွေ အရမ်း များနေတော့ ဖြည်းဖြည်းချင်း လုပ်ရမယ်... ကျွန်တော် စဉ်းစားထားတာက မြေဆီလွှာရဲ့ အချဉ် အငန် ဓာတ်ကို စစ်ဆေးပြီး ပါဝင်တဲ့ ဓာတ်တွေကို ခန့်မှန်းကြည့်မယ်... ပြီးတော့ ဘာသစ်ပင် စိုက်ရင် သင့်တော်မလဲ ဆိုတာ ကြည့်မယ်... အဲဒါကြောင့် စိုက်ပျိုးရေး တက္ကသိုလ် ဘက်ကနေ မြေဆီလွှာ စစ်ဆေးမှု အစီရင်ခံစာ တစ်ခုလောက် လုပ်ပေးစေချင်လို့ပါ"

ရွှီယန်၏ စကားကို ကြားသောအခါ လျိုပိုလျန် က သူ့ကို အတော်လေး အထင်ကြီးသွားသည်။ မည်သည့်ကိစ္စ မလုပ်ဆောင်မီ သေချာ ကြိုတင် ပြင်ဆင်ထားပါက အောင်မြင်နိုင်ခြေ ပိုမို ကြီးမားမည်မှာ အသေအချာပင် ဖြစ်သည်။

"အေး... ပြဿနာ မရှိဘူး... ဒါက ကျောင်းအတွက်တော့ အသေးအမွှား ကိစ္စလေးပါ... ငါ အချိန် ကြည့်လိုက်ဦးမယ်... အချိန်ကျရင် စမ်းသပ်ရေး ဌာနက လူတွေကို မင်းဆီ ဆက်သွယ်ပြီး တောင်ပေါ် သွား နမူနာ ယူခိုင်းလိုက်မယ်"

လျိုပိုလျန် က ပြန်လည် ဖြေကြားလိုက်သည်။

"အဲဒါဆို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"

ရွှီယန်က ကျေးဇူးတင်စကား ပြောလိုက်သည်။

"ဒါတွေက ကိစ္စသေးသေးလေးတွေပါ... ဒါနဲ့ မင်းရဲ့ တိရစ္ဆာန် အစာတွေလည်း ရိတ်သိမ်းချိန် ရောက်လောက်ပြီ မဟုတ်လား... နောက်နှစ်ရက်နေရင် ငါ လာကြည့်ပြီး ထပ်လေ့လာကြည့်ဦးမယ်"

"ဟုတ်ကဲ့... ကြိုဆိုပါတယ်ဗျာ"

ရွှီယန်က ဖုန်းချလိုက်ပြီးနောက် စိတ်ထဲတွင် ယုံကြည်မှု အပြည့် ရှိသွားတော့သည်။ သူ ဘာလုပ်လုပ် သေချာ စဉ်းစားပြီးမှ လုပ်လေ့ရှိကာ ဘာလုပ်ရမည်ကို သိရှိပြီး အဆင့်လိုက် လုပ်ဆောင်လေ့ ရှိသည်။ အမြဲတမ်း ခြေလှမ်း မှန်မှန်ဖြင့်သာ လျှောက်လှမ်းလေ့ ရှိပေသည်။

လယ်ယာခြံဝင်းတွင်လည်း စည်းကမ်းတကျ ဖြစ်နေပြီဖြစ်ရာ ရွှီယန် အနေဖြင့် အထူးတလည် စိတ်ပူစရာ မလိုတော့ချေ။

သူ အပြင်သို့ ထွက်လာသောအခါ ခြံဝင်းထဲတွင် ခွေးများက သူနှင့်အတူ အပြင်ထွက် ဆော့ကစားရန် စောင့်ဆိုင်းနေကြသည်။

"မင်းတို့ ဘာသာ လျှောက်လည်ကြ... ငါ အလုပ်ရှိသေးတယ်"

ရွှီယန်က သူတို့ကို လက်ယမ်းပြလိုက်သည်။

အမိန့်ကို ကြားသည်နှင့် ခွေးများနှင့် ဝံပုလွေပေါက်လေး တို့က ခြံဝင်းထဲမှ ထွက်ကာ စိုက်ခင်းများဆီသို့ ပြေးလွှားသွားကြတော့သည်။

ရွှီယန် အလုပ်များနေချိန်တွင် ဤကောင်လေးများကို ဂရုစိုက်ရန် အချိန်မရှိချေ။

ထို့နောက် အပြင်သို့ ထွက်လာသောအခါ တောသမင်ငယ်လေးက အပြစ်ကင်းစင်သော မျက်နှာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တိရစ္ဆာန် ဆရာဝန် ရှန်ကျန့်ကော် လည်း ရှိနေသဖြင့် ရွှီယန်က မေးလိုက်သည်။

"အစ်ကိုရှန်... ဒီကောင်လေးရဲ့ နောက်ခြေထောက်က ဒဏ်ရာ ပျောက်ပြီလား... သိပ်လည်း မပြင်းထန်ပါဘူးနော်"

ထိုစကားကို ကြားသောအခါ ရှန်ကျန့်ကော် က တောသမင်ငယ်လေးကို ကြည့်ကာ ပြုံး၍ ပြန်ဖြေလိုက်သည်။

"ပျောက်တာ ကြာပြီ... သူက မသွားချင်လို့ အဲဒီမှာ ဟန်ဆောင်နေတာ... အခုဆို သူ အကြီးကြီး ခုန်နိုင်နေပြီ"

ရွှီယန်က တောသမင်ငယ်လေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ထားလိုက်ပါ... သူ့ကို ဒီမှာပဲ နေခိုင်းလိုက်... ဘာပဲဖြစ်ဖြစ် ခြံဝင်းထဲမှာ မွေးထားတဲ့ အကောင်တွေလည်း အများကြီးပဲ... တစ်ကောင်တည်း ပိုလာလို့ ဘာမှ မဖြစ်ပါဘူး... နတ်ဘုရား အကောင်လေး တစ်ကောင် အနေနဲ့ ထားထားလိုက်မယ်"

ရွှီယန်က လှည့်ထွက်သွားပြီး အခြား အလုပ်များကို ဆက်လက် လုပ်ဆောင်နေတော့သည်။

တောသမင်ငယ်လေးက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် ယခင်အတိုင်းပင် တုံးအအဖြစ်နေသော ပုံစံဖြင့်သာ ကျန်ရစ်ခဲ့တော့၏။

All Chapters