အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) ကျားသစ် - ငါ့မျက်နှာကို မထောက်တော့ဘူးလား
"ယုန်တွေ ထပ်မဖမ်းပါနဲ့တော့... တကယ် မလိုချင်တော့ဘူး"
"ရှောင်ယွမ်... မင်း ပြန်လာလည်တာ ကောင်းပါတယ်... ဒါပေမဲ့ ယုန်တွေ ထပ်မသယ်လာနဲ့တော့နော်"
"တစ်ခါ နှစ်ခါဆိုရင်တော့ ကိစ္စမရှိပါဘူး... ခဏခဏ သယ်လာရင် တခြားသူတွေ သေချာပေါက် သိသွားလိမ့်မယ်"
"ဒါကို ပြန်ယူသွားလိုက်တော့"
လယ်ယာခြံဝင်းထဲတွင် ပြန်လည်ပျံသန်းလာသော စွန်နက်ကိုကြည့်ကာ ရွှီယန်မှာ ငိုရခက် ရယ်ရခက် ဖြစ်နေသည်။
ဤသားရဲငှက်က ရွှီယန်အတွက် ယုန်များကို ဖမ်းပေးရသည်ကို အလွန် နှစ်သက်လေသည်။
ရွှီယန် မွေးမြူထားသော တိရစ္ဆာန်များစွာထဲတွင် ကျေးဇူးဆပ်တတ်သည်ဆို၍ ဤတစ်ကောင်သာ ရှိသည်။
သို့သော် ရွှီယန်က တောယုန်များကို မလိုအပ်ချေ။ သူ စားချင်ပါက ဆိုင်တွင် သွားရောက်ဝယ်ယူလိုက်ရုံပင် ဖြစ်သည်။
စွန်နက်သည် မြေကြီးပေါ်တွင် ရပ်ကာ ရွှီယန်ကို သိချင်စိတ်ဖြင့် ကြည့်နေပြီး ၎င်း၏အမူအရာက 'ဒီလောက်ကောင်းတဲ့ ယုန်ကို ဘာလို့ မလိုချင်ရတာလဲ' ဟု ပြောနေသည့်အလားပင်။
သားရဲငှက်လေးတွင် မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိဘဲ သခင်ဖြစ်သူကို ယုန်များ လက်ဆောင်ပေးချင်ရုံ သက်သက်သာ ဖြစ်သည်။
သို့သော် တောယုန်များကို အများအပြား စားသုံးမိပါက တိုင်ကြားခံရရန် လွယ်ကူလှပေသည်။
လူသားများ၏ ကမ္ဘာက အတော်လေး ရှုပ်ထွေးလှသည် မဟုတ်ပါလော။
"ရှောင်ယွမ်... ယုန်ကို ပြန်ယူသွားလိုက်တော့... ငါ မလိုဘူး"
"ဒီနေရာမှာပဲ စားလိုက်ရင်လည်း ရတယ်"
ရွှီယန်က ၎င်းကို မှာကြားလိုက်သည်။
ထိုအချိန်မှာပင် လီဟွာကြောင် ဆန်းပြောင်က နံရံအနောက်မှ ခေါင်းပြူထွက်လာပြီး စွန်နက်ကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ အမဲလိုက်သည့် ဗီဇမှာ ခန္ဓာကိုယ်ကို ပုန်းကွယ်ထားပြီး ခေါင်းသာ ထုတ်၍ စောင့်ကြည့်လေ့ရှိခြင်းပင် ဖြစ်သည်။
ဤကောင်လေးက စွန်နက်ကို ထပ်မံ မျက်စိကျနေပြန်ပြီ ဖြစ်သည်။
တိုက်ခိုက်ရေး စွမ်းရည်ကို ပြောရမည်ဆိုလျှင် စွန်နက်က သေချာပေါက် မညံ့ဖျင်းလှချေ။ အထူးသဖြင့် ကောင်းကင်တွင် ပျံသန်းနေချိန်၌ ဖြစ်သည်။
သို့သော် မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်တွင်မူ သာမန် ကြက်တစ်ကောင်လိုသာ ဖြစ်သွားပြီး လီဟွာကြောင်က နောက်ကျောမှ ချောင်းမြောင်း တိုက်ခိုက်ပါက စွန်နက် အနေဖြင့် တကယ်ပင် ပြေးလွတ်နိုင်မည် မဟုတ်ပေ။
ရွှီယန်က ခိုးကြောင်ခိုးဝှက် လုပ်နေသော လီဟွာကြောင်ကို တစ်ချက်တည်းဖြင့် မြင်တွေ့သွားခဲ့သည်။
"ဆန်းပြောင်... ဘာကြည့်နေတာလဲ"
"တစ်နေ့တစ်နေ့ မင်းက ရန်ဖြစ်ဖို့လောက်ပဲ တွေးနေတာလား"
ရွှီယန်က လီဟွာကြောင်ကို လှမ်းအော်လိုက်သည်။
ရွှီယန်၏ စကားကို ကြားသောအခါ လီဟွာကြောင်၏ မျက်ဝန်းများမှာ သတိထားမှုမှ ငြိမ်းချမ်းမှုသို့ ပြောင်းလဲသွားပြီး ၎င်းက နှုတ်ခမ်းကို သပ်ကာ နံရံပေါ်မှ ခုန်ဆင်းသွားပြီး အခြားနေရာများသို့ လျှောက်လည်ရန် ထွက်သွားတော့သည်။
လယ်ယာခြံဝင်းထဲတွင် တိရစ္ဆာန်များ အများအပြား ရှိပြီး အားလုံးက ကိုယ်ပိုင် ဘဝများဖြင့် နေထိုင်နေကြသည်။
ဤကာလများအတွင်း တောင်ကတုံးကြီးကို ကန်ထရိုက်ယူသည့် ကိစ္စများဖြင့် အလုပ်များနေခဲ့ရာ မသိမသာဖြင့်ပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေများ ထပ်မံ ပြည့်လုနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ရွှီယန်သည် အရမ်း ဝေးဝေးသို့ မသွားချင်တော့ချေ။ သို့သော် ချန်ပိုင်တောင်တန်းတွင် သွားနိုင်သော နေရာ အားလုံးသို့ ရောက်ရှိပြီးဖြစ်ကာ အခြားနေရာများမှာ ဘေးမဲ့တောများ၊ ရွာများနှင့် နီးကပ်သော နေရာများ သို့မဟုတ် မြောက်ကိုရီးယား နယ်စပ် ဒေသများ ဖြစ်နေသဖြင့် သွားရောက် ရှာဖွေစူးစမ်းရန် မထိုက်တန်လှပေ။
ထို့ကြောင့် ရွှီယန်၏ အာရုံက မြောက်ဘက်ရှိ တာ့ရှင်းအန်းလင်း သစ်တောကြီးဆီသို့ ရောက်ရှိသွားတော့သည်။
အရှေ့မြောက် သစ်တောဇုန်သည် နိုင်ငံအတွင်း အကြီးဆုံး သစ်တောဇုန် ဖြစ်ပြီး နိုင်ငံ၏ သစ် ၅၀ ရာခိုင်နှုန်းကို အရှေ့မြောက် သစ်တောဇုန်မှ ရရှိခြင်း ဖြစ်သည်။ ၎င်းတွင် ချန်ပိုင်တောင်တန်း သစ်တော၊ ရှောင်ရှင်းအန်းလင်း သစ်တောနှင့် တာ့ရှင်းအန်းလင်း သစ်တောဇုန်များ ပါဝင်သည်။
လတ်တလော အခြေအနေအရ တာ့ရှင်းအန်းလင်း၏ ရှုခင်းများမှာ ရှုခင်းကြည့် ကားလမ်းမကြီးကို အဓိကထားပြီး ဖွံ့ဖြိုးတိုးတက်မှု အတော်လေး နည်းပါးသေးသည်။
မည်သို့ပင်ဆိုစေ တာ့ရှင်းအန်းလင်း အတိုင်း တောက်လျှောက် သွားပါက မြက်ခင်းပြင်များဆီသို့ ဝင်ရောက်သွားနိုင်ပြီး တောင်တန်း ရှုခင်းများကိုရော မြက်ခင်းပြင် ရှုခင်းများကိုပါ ခံစားကြည့်ရှုနိုင်ပေသည်။
ထို့ကြောင့် တာ့ရှင်းအန်းလင်း သစ်တောရှိ လူသူကင်းမဲ့သော နယ်မြေက ပိုမို ကျယ်ဝန်းပြီး တောရိုင်း တိရစ္ဆာန် အရေအတွက်ကလည်း ပိုမို များပြားလှသည်။
ဥပမာအားဖြင့် ရင်ဒီယာသမင်၊ မြင်းသမင်၊ သမင်ကြီး ကဲ့သို့သော အရွယ်အစား ကြီးမားသည့် အပင်စား တိရစ္ဆာန်များ အပါအဝင် ဟင်္သာ၊ ကြိုးကြာနီ ကဲ့သို့သော ရေပျော်ငှက်များလည်း ရှိကာ တောဝက်၊ ကြက်မည်း၊ ဆီးနှင်းယုန်နှင့် တောကြက်များလည်း အများအပြား ရှိပေသည်။
တာ့ရှင်းအန်းလင်း၏ တောနက်ထဲသို့ သွားရောက်ခြင်းက သေချာပေါက် စိတ်ဝင်စားဖို့ ကောင်းမည် ဖြစ်သည်။
အားလုံးက အရှေ့မြောက်ဒေသတွင် ရှိသည်ဟု ဆိုသော်လည်း အရှေ့မြောက်ဒေသက အလွန် ကြီးမားလှသည်။ ယန်ကျီက အရှေ့ဘက်တွင် ရှိပြီး တာ့ရှင်းအန်းလင်းနှင့် အတော်လေး ဝေးကွာသဖြင့် ကားမောင်းသွားပါက နေ့ဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။
ရွှီယန်က ပစ္စည်းများ သိမ်းဆည်းနေစဉ် ဝန်ထမ်းများက သူ ထွက်သွားတော့မည်ကို သိရှိသွားသဖြင့် အားလုံးက အလွန် သိချင်နေကြသည်။
"သူဌေးက ဒီတစ်ခေါက် ဘယ်သွားမလို့လဲ"
"မပြောပြဘူး... အရမ်းဝေးဝေးတော့ သွားမယ် မထင်ပါဘူး... ဒီရက်ပိုင်း သူလည်း အတော်လေး အလုပ်များနေတာပဲ"
ထိုအချိန်တွင် ဝမ်ဝူက မာဝန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အစ်ကိုမာ... ခင်ဗျားက သူဌေးကို ကားမောင်းပို့ပေးရတာလေ... သူ ဘယ်သွားမလဲ ဆိုတာကို မသိဘူးလား"
ထိုစကားကို ကြားသောအခါ မာဝန်က ပြန်ဖြေလိုက်သည်။
"ငါက ဘယ်ကသွားသိမှာလဲ... သူဌေးက ငါ့ကို မပြောပြသေးဘူး... ခဏနေရင် မင်းတို့လည်း သိလာမှာပါ"
အားလုံး ဆွေးနွေးနေကြစဉ်မှာပင် ရွှီယန် ထွက်လာပြီး အားလုံးကို လူစုရန် အော်ခေါ်လိုက်သည်။
"ငါ တာ့ရှင်းအန်းလင်း ဘက်ကို ခဏ သွားမလို့... နှစ်ရက် သုံးရက်လောက် ကြာမယ် ထင်တယ်... လယ်ယာခြံဝင်းဘက်မှာတော့ မင်းတို့ ကိုယ့်အလုပ်ကိုယ် သေချာ ဂရုစိုက်ကြပေါ့"
"တစ်ခုခု ဖြစ်ရင် ငါ့ဆီ ဖုန်းဆက်လိုက်"
"တိရစ္ဆာန်တွေကို သေချာ အစာကျွေးဖို့ မမေ့နဲ့နော်... ကျားသစ် ရောက်လာရင်လည်း ငါ မရှိဘူးလို့သာ ပြောလိုက်... သူ နားလည်တယ်"
ရွှီယန်က မှာကြားလိုက်သည်။
ရှောင်ဟွာနှင့် ပတ်သက်သည့် ကိစ္စများကို ဝန်ထမ်းများ အားလုံးက သိရှိထားကြသည်။
တစ်ခါတရံ ရှောင်ဟွာက လယ်ယာခြံဝင်းထဲသို့ ခုန်ဝင်လာပြီး ရွှီယန်ကို လာရှာလေ့ ရှိသည်။
ဝန်ထမ်းများက ဤမျှ ကြီးမားသော ကျားသစ်ကြီး ပေါ်လာသည်ကို မြင်လျှင်လည်း မကြောက်ရွံ့ကြတော့ဘဲ ရှောင်ဟွာကို လှမ်း၍ ပြောလိုက်ကြသည်။
"ရှောင်ဟွာ... သူဌေး မရှိဘူး... အပြင်ထွက်သွားတယ်"
ထိုစကားကို ကြားရတိုင်း ရှောင်ဟွာက ဘာအဓိပ္ပာယ်မှန်း သိရှိသဖြင့် လယ်ယာခြံဝင်းထဲမှ ချက်ချင်း ခုန်ထွက်ကာ ပြေးသွားလေ့ ရှိသည်။
တစ်ခါတရံ မိသားစု လေးကောင်စလုံး အတူတကွ ပြေးထွက်သွားတတ်ကြသည်။
လူးနားက ၎င်းနှင့် ယှဉ်လျှောက်ရင်း မျက်လုံးများဖြင့် မေးခွန်းထုတ်လေ့ ရှိသည်။
'မင်းရဲ့ ဘော့စ်ကော... မရှိဘူးလား'
ရှောင်ဟွာကလည်း မျက်လုံးများဖြင့် ပြန်လည် ဖြေကြားတတ်သည်။
'မရှိဘူး... တို့ဘာသာတို့ပဲ ကလေး ဆက်ထိန်းကြတာပေါ့... သူ ပြန်လာမှပဲ သူ့ဆီ ပို့ပေးလိုက်မယ်'
အစပိုင်းတွင် ဝန်ထမ်းများက ဤကျားသစ်က လူစကားကို နားလည်နေသဖြင့် အံ့ဩခဲ့ကြသည်။
တဖြည်းဖြည်းနှင့် အသားကျသွားသောအခါ အားလုံးကလည်း ဘာမှ မထူးဆန်းတော့သကဲ့သို့ ခံစားလာရသည်။
မည်သို့ပင်ဆိုစေ ရွှီယန် မွေးမြူထားသော တိရစ္ဆာန်များက အနည်းငယ် ပုံမှန် မဟုတ်ခြင်းကသာ ပုံမှန် ဖြစ်နေသည် မဟုတ်ပါလော။
ဝန်ထမ်းများက ရွှီယန် တာ့ရှင်းအန်းလင်း သို့ သွားမည်ဟု ကြားသောအခါ အားလုံးက ပြန်ပြောကြသည်။
"သူဌေး... စိတ်ချလက်ချ သွားပါ... လယ်ယာခြံဝင်း ဘက်မှာတော့ ဘာပြဿနာမှ မရှိပါဘူး... ကျွန်တော်တို့ အားလုံး စောင့်ကြည့်ပေးထားမယ်"
"တာ့ရှင်းအန်းလင်း ဘက်မှာတော့ ဝက်ဝံတွေ ဝံပုလွေတွေ အများကြီး ရှိတယ်ဆိုတော့ သတိထားပါဦး"
"လယ်ယာခြံဝင်း ကိုတော့ ကျွန်တော်တို့ဆီ လွှဲထားလိုက်ပါ"
ရွှီယန်က ခေါင်းညိတ်လိုက်သည်။
လယ်ယာခြံဝင်းရှိ ဤလူများနှင့် အတူတကွ လုပ်ကိုင်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ သူလည်း စိတ်ချထားနိုင်ပေသည်။
"ကောင်းပြီ... တစ်ခုခု ရှိရင် ငါ့ဆီ ဖုန်းဆက်လိုက်ကြ"
ရွှီယန်က လက်ယမ်းပြလိုက်ပြီးနောက် မာဝန်ကို ခေါ်ကာ တာ့ရှင်းအန်းလင်း သို့ ပို့ခိုင်းလိုက်တော့သည်။
ထိုနေ့ ညဘက်တွင် မြို့ပေါ်ရှိ ဟိုတယ်၌ တစ်ည အိပ်လိုက်ပြီး နောက်တစ်နေ့ နံနက်စောစောတွင် ရွှီယန်က ကားစီးကာ တာ့ရှင်းအန်းလင်း ပတ်လည်ရှိ ရှုခင်းကြည့် ကားလမ်းမကြီး အတိုင်း ဝင်ရောက်လာခဲ့သည်။ ထို့နောက် သစ်တောစပ် တစ်နေရာတွင် ကားပေါ်မှ ဆင်းကာ ကျောပိုးအိတ်ကို လွယ်ပြီး ရှေးဟောင်း သစ်တောကြီးထဲသို့ ဝင်ရောက်သွားတော့သည်။
တောနက်ထဲသို့ ဝင်ရောက်ကာ တိုက်ရိုက်ထုတ်လွှင့်ရမည့် နေ့တစ်နေ့ ထပ်မံ ရောက်ရှိလာပြန်ပြီ ဖြစ်သည်။
မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်။
ယခုအခါ ရွှီယန်၏ နာမည်ကျော်ကြားမှုက အလွန် ကြီးမားနေပြီ ဖြစ်သည်။
အင်တာနက် တစ်ခွင်လုံးတွင် သူ၏ ဗီဒီယို အပိုင်းအစများကို နေရာတိုင်း၌ မြင်တွေ့နေရသည်။
ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် အင်တာနက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ချက်ချင်း ဝင်ရောက်လာကြတော့သည်။
မျက်စိတစ်ဆုံး စိမ်းလန်းနေသော မြင်ကွင်းကိုသာ တွေ့လိုက်ရပြီး ရွှီယန်မှာ တောင်ကြီးများ၏ အနက်ရှိုင်းဆုံး နေရာတွင် ထပ်မံ ပေါ်ထွက်လာပြန်သည်။
သို့သော် အမြဲတမ်းလိုလိုပင် အားလုံးက ရွှီယန် ဘယ်နေရာသို့ ရောက်နေကြောင်းကို ရှင်းရှင်းလင်းလင်း မသိကြချေ။
[လောင်ရွှီ က ဒီတစ်ခေါက် ဘယ်ရောက်နေပြန်တာလဲ]
[မနက်ခင်းပါ အစ်ကိုယန်]
[သူ လိုက်ဖ်လွှင့်ပြီဆိုတာနဲ့ သေချာပေါက် ပွဲကြမ်းတွေ ပါလာတော့မှာပဲ]
[ဒီလိုက်ဖ်က ကြည့်လေ ကြည့်လေ စွဲလေပဲကွာ]
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ မှတ်ချက်များက အလွန် ပွက်လောညံနေသည်။
ဤတစ်ကြိမ်တွင်တော့ ရွှီယန်က တမင်တကာ ဖုံးကွယ်မထားတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"အခု ကျွန်တော် တာ့ရှင်းအန်းလင်း ရဲ့ တောနက်ထဲကို ရောက်နေတာပါ... တာ့ရှင်းအန်းလင်း သစ်တောဇုန် ဧရိယာက အရမ်း ကြီးမားသလို တောရိုင်း တိရစ္ဆာန် အရေအတွက်ကလည်း အရမ်း များတယ်လေ"
"ဒီဘက်မှာ နေရာတိုင်း အန္တရာယ်တွေချည်းပဲ"
"ဒီနေ့ ဒီကိုလာတာက ရင်ဒီယာသမင် အုပ်တွေကို လာကြည့်ချင်လို့ပါ"
"မြောက်ဘက်က နည်းနည်း ပိုအေးတော့ ရင်ဒီယာသမင် အရေအတွက်လည်း နည်းနည်း ပိုများတယ်... ပြီးတော့ မြောက်ဘက်ကို ဆက်သွားရင် နိုင်ငံတွင်းက တစ်ခုတည်းသော ရင်ဒီယာသမင် မျိုးနွယ်စု ဖြစ်တဲ့ အိုဝင်ကီ မျိုးနွယ်စု တောင် ရှိသေးတယ်"
"ဒီရင်ဒီယာသမင် တွေကလည်း အတော်လေး ကြည့်ကောင်းပါတယ်"
ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ဤနေရာမှာ တာ့ရှင်းအန်းလင်း မှန်း သိရှိသွားကြသည်။
လိုက်ဖ်ကို ဆက်လက် ကြည့်ရှုရင်း တာ့ရှင်းအန်းလင်း ၏ အလှအပကို ပိုမို ကောင်းမွန်စွာ ခံစားသိရှိနိုင်ပေသည်။
တာ့ရှင်းအန်းလင်း တွင် တိရစ္ဆာန်များ အလွန် များပြားသည်။ ခုနက ရွှီယန် ရှုခင်းကြည့် ကားလမ်းမကြီး အတိုင်း လာစဉ်က ကားတိုက်ခံရ၍ သေဆုံးနေသော မြေခွေး အလောင်းအချို့ကိုပင် မြင်တွေ့ခဲ့ရသည်။
ထိုစဉ်က ရွှီယန် ကားပေါ်မှ ဆင်းကာ လက်အိတ်စွပ်ပြီး ထိုမြေခွေးကို လမ်းပေါ်မှ ဘေးဘက်ရှိ သစ်တောထဲသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်း၏ နောက်ဘဝတွင် ကံကောင်းပါစေဟု ဆုတောင်းပေးခဲ့သေးသည်။
လူအများအပြားကလည်း ရှုခင်းကြည့် ကားလမ်းမကြီးပေါ်တွင် တောရိုင်း တိရစ္ဆာန်များနှင့် ကြုံတွေ့ရသည့် ဗီဒီယိုများကို တင်ခဲ့ဖူးကြသည်။
ထိုအချိန်တွင် အရှေ့ဘက်မှ တောကြက် အကောင်ရေ အတော်များများက ရွှီယန်ကို သတိထားမိသွားကြပြီး ထိတ်လန့်တကြား အော်ဟစ်ကာ ကပျာကယာ ပျံသန်း ထွက်ပြေးသွားကြသည်။
၎င်းတို့ ဝေးကွာသွားသည်ကို ကြည့်ရင်း ရွှီယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
"ဒီဘက်က တောနက် တိရစ္ဆာန် အရေအတွက်က တကယ်ကို ပိုများတာပဲ... အထဲကို နည်းနည်း ဝင်လာတာနဲ့ သစ်တောရဲ့ သက်ဝင်လှုပ်ရှားမှုတွေကို ခံစားနေရပြီ"
"ဒါပေမဲ့ တောင်ထဲ ဝင်ရင်လည်း သေချာ ဂရုစိုက်ရမယ်"
"တာ့ရှင်းအန်းလင်း ရဲ့ အန္တရာယ်က အဓိကအားဖြင့် အချက် နှစ်ချက် ရှိတယ်... ပထမတစ်ခုက ဝက်ဝံညို တွေပဲ... အထူးသဖြင့် ကလေးပါတဲ့ ဝက်ဝံညို တွေပေါ့"
"ဒုတိယ တစ်ခုက ဝံပုလွေအုပ် တွေပဲ... ဒီဘက်က ဝံပုလွေအုပ် တွေက အဓိကအားဖြင့် တောသမင်ငယ် တွေနဲ့ မြင်းသမင် တွေကို စားကြတယ်... အဲဒါကြောင့် အရေအတွက်က အရမ်း များတယ်လေ"
"ဝက်ဝံမည်းတွေ တောကြောင်တွေနဲ့ ကျားသစ်တွေ ကတော့ အဆင်ပြေပါတယ်... အဲဒီလောက် မလန့်စရာ မကောင်းပါဘူး"
"တကယ်လို့ အရှေ့မြောက် ကျား နဲ့ တွေ့ရင်တော့ သေချာပေါက် ကြောက်ရမှာပေါ့... ဒါပေမဲ့ အရှေ့မြောက် ကျား နဲ့ တွေ့နိုင်ခြေက အရမ်း နည်းလွန်းလို့ အရမ်းကြီး ဂရုစိုက်နေစရာ မလိုပါဘူး"
ရွှီယန်က တောင်ထဲရှိ လေကို ရှူရှိုက်ရင်း မျက်နှာထားက ပေါ့ပါးနေသော်လည်း ထွက်ပေါ်လာသော စကားများကမူ လူများကို လုံးဝ ပေါ့ပါးမသွားစေနိုင်ချေ။
[ဝက်ဝံညို တွေနဲ့ ဝံပုလွေအုပ် တွေ ဟုတ်လား... တောနက်ထဲမှာ ဒါတွေ ရှိမှန်း သိရက်နဲ့ ဝင်သွားသေးတာလား]
[ဒါကြောင့် သူ့ကို တစ်အင်တာနက်လုံးမှာ အသေခံ အရဲဆုံး လိုက်ဖ်လွှင့်သူလို့ ခေါ်ကြတာပေါ့]
[ထိပ်တန်း ဖြစ်လာဖို့ ဆိုတာ လွယ်လွယ်လေး ရလာတာ မှတ်နေလား]
[သူ့မှာက တကယ့် အစွမ်းအစ တွေ ရှိလို့လေ... သာမန်လူတွေ လုံးဝ လိုက်မလုပ်ကြနဲ့နော်]
[လူတချို့ ရှင်းပြထားဖူးတယ် မဟုတ်ဘူးလား... သူက တောနက်ထဲမှာ ကျင့်စဉ် ကျင့်နေတဲ့သူတဲ့... ဒါတွေ အကုန်လုံးက စမ်းသပ်မှု တွေချည်းပဲ တဲ့လေ]
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများက ပိုမို များပြားလာပြီး မျိုးစုံ ပြောဆိုနေကြသည်။
ရွှီယန်ကလည်း ဂရုမစိုက်ချေ။
သစ်တောထဲတွင် အတော်လေး စည်ကားနေပြီး အရှေ့သို့ အနည်းငယ် ဆက်လျှောက်သွားပါက မြင်းသမင်များ လှုပ်ရှားသွားလာထားသည့် သဲလွန်စများကို မြင်တွေ့နိုင်ပေသည်။
ရွှီယန်၏ အကြံအစည်မှာ တိရစ္ဆာန်များ၏ ဘဝကို တတ်နိုင်သမျှ ဝင်ရောက် မစွက်ဖက်ရန် ဖြစ်သည်။
အကယ်၍ တိရစ္ဆာန်များက သူ့အနားသို့ ချဉ်းကပ်လာပါက ပွတ်သပ်လို့ ရလျှင် ပွတ်သပ်မည် ဖြစ်ပြီး အစာကျွေး၍ ရပါကလည်း အစာကျွေးမည် ဖြစ်သည်။
သူ့ကို မချဉ်းကပ်ပါကလည်း ထားလိုက်မည်သာ ဖြစ်၏။
သားရဲများနှင့် တွေ့ပါက ပြေးသင့်လျှင် ပြေးရမည် ဖြစ်သည်။
တောက်လျှောက် အထဲသို့ ဝင်ရောက်လာခဲ့သည်။
အင်တာနက်သုံးစွဲသူများက ရွှီယန် ဘယ်နေရာ ရောက်နေကြောင်းကို မသိကြသလို ရွှီယန် ကိုယ်တိုင်လည်း မသိရှိချေ။ မြေပုံကို ကြည့်၍သာ အကြမ်းဖျင်း တည်နေရာကို အတည်ပြုနိုင်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ အလွန် နက်ရှိုင်းသော တောင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။
အရှေ့သို့ ခဏမျှ ဆက်လျှောက်သွားပြီးနောက် ထိုအချိန်မှာပင် အရှေ့ဘက် မြက်ခင်းထဲမှ ကျားသစ် တစ်ကောင် ရုတ်တရက် ခုန်ထွက်လာသည်။
ကျားသစ်က ရွှီယန်ကို မြင်သောအခါ သိသိသာသာ မှင်တက်သွားပြီး ချက်ချင်းပင် အစွယ်များကို ပေါ်အောင် ဖြဲကာ ခြောက်လှန့်သည့် ဟန်ပန်ကို ပြုလုပ်လိုက်သည်။
ရွှီယန်က ကျားသစ်ကို မြင်သောအခါ မျက်နှာပေါ်တွင် ဝမ်းသာသည့် အမူအရာ ပေါ်ထွက်လာသည်။
"ဒီမှာ ကျားသစ် ရှိနေတာပဲ... တိုက်ဆိုင်လိုက်တာ"
ထို့နောက် ရွှီယန်က ကျားသစ်ကို လှမ်းအော်လိုက်သည်။
"မလန့်နဲ့... ငါ့မှာ ဘာအကြံအစည်မှ မရှိပါဘူး... မင်းလို ကျားသစ်မျိုး ငါ ငါးကောင်လောက် သိတယ်"
ရွှီယန်၏ တည်ငြိမ်ပြီး နူးညံ့သော မျက်နှာထားကို မြင်သောအခါ ကျားသစ်ပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
၎င်းက ရွှီယန်ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်ကြည့်လိုက်ပြီးနောက် ဤခြေနှစ်ချောင်း သတ္တဝါက နည်းနည်းများ ချွတ်ယွင်းနေသလား ဟု တွေးတောမိကာ နောက်လှည့်ပြီး ဖြည်းဖြည်းချင်း ပြေးထွက်သွားတော့သည်။
'ဒီခြေနှစ်ချောင်း သတ္တဝါက ပုံမှန် မဟုတ်ဘူး'
'သူနဲ့ ဝေးဝေး နေတာပဲ ကောင်းပါတယ်'
ရွှီယန်က ကျားသစ် ထွက်ပြေးသွားသည်ကို မြင်သောအခါ နှမြောသွားပြီး
"ပြေးသွားပြီ... အခု သစ်တောထဲက ကျားသစ်တွေက အရမ်း ရှားပါးတယ်လေ"
"ဒီဘက်မှာ တွေ့နိုင်တယ် ဆိုတာက ဒီနေရာရဲ့ ဂေဟစနစ်က ဘယ်လောက် ကောင်းမွန်လဲ ဆိုတာကို ပြသနေတာပဲ"
ထို့နောက် သူက အထဲသို့ ဆက်လက် ဝင်ရောက်သွားခဲ့သည်။
အင်တာနက်သုံးစွဲသူများက ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရတိုင်း အမြဲတမ်း ကြောင်အမ်းအမ်း ဖြစ်သွားလေ့ ရှိကြသည်။
'သူ တကယ်ပဲ မကြောက်တာလား…’
လူအများအပြားကတော့ ကျားသစ်ကို ပထမဆုံး အကြိမ် မြင်လိုက်ရချိန်တွင် လန့်ဖျပ်သွားခဲ့ကြသည်။
[လောင်ရွှီ... မင်းက တကယ် မိုက်တာပဲ]
[ကျားသစ် က မင်းကို ဟိန်းဟောက်နေတာလေ... အနည်းဆုံးတော့ အသိအမှတ်လေး ဘာလေး ပြလိုက်ပါလား... ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိရတာလဲ]
[ကျားသစ် - ငါ့မျက်နှာကို မထောက်တော့ဘူးလား]
[ဟားဟားဟား... လောင်ရွှီ က ဒီလောက်တောင် ကြမ်းတမ်းနေတုန်းပဲလား]