အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁) တစ်နှစ်လျှင် အမှတ်အသားတစ်ခု
ပုဆိန်မှာ တောက်ပမနေချေ။ မီးသွေးခဲပမာ မည်းနက်နေသလို အမွမ်းအမံများမှာလည်း အလွန်ရိုးရှင်းလှသည်။ သို့တိုင် ထိုပုဆိန်ကြီးမှာ ဧရာမအရွယ်အစားရှိနေသဖြင့် ကြီးမားလှသော ဖိအားကို ခံစားရစေသည်။ လက်ကိုင်ရိုးမှာ လူတစ်ရပ်စာနီးပါး ရှည်လျားပြီး ပုဆိန်သွားကြီးမှာ လူကြီးတစ်ယောက်၏ ရင်အုပ်ခန့် ရှိလေသည်။ ထိုပုဆိန်ကြီးထံမှ ရိုင်းစိုင်းကြမ်းတမ်းလှသော သွေးဆာလောင်မှုအငွေ့အသက်များ လျှံထွက်နေတော့သည်။
အထူးခြားဆုံးမှာ ၎င်း၏ ပုံသဏ္ဌာန်ပင် ဖြစ်သည်။ သာမန် ချောမွေ့သော အကွေးအကောက်မျိုး မဟုတ်ဘဲ ပုဆိန်သွား၏ အမြင့်ဆုံးအပိုင်းမှာ ထူးဆန်းစွာ ပုံဖော်ထားလျက် အနောက်ဘက်သို့ ရှည်လျားစွာ ကွေးညွှတ်သွားရာ လခြမ်းသဏ္ဌာန် ထူးခြားသော အကွေးအကောက်အဖြစ် တည်ရှိနေသည်။ ထိပ်ဖျားချွန်ထက်နေသော အသွားနှစ်ဖက်ပါ ပုဆိန်ကြီးပင် ဖြစ်လေသည်။
ဤပုဆိန်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် အဆင့်မြင့်သော သိုင်းပညာ လိုအပ်ပေသည်။ ရိုးရှင်းစွာ ခုတ်ပိုင်း ရုံမျှဖြင့် ဤလက်နက်၏ စွမ်းရည် ဆယ်ပုံတစ်ပုံကိုပင် ထုတ်ဖော်နိုင်မည် မဟုတ်ချေ။
စောစောက ချူဟန် အမှတ်တမဲ့ မျက်လုံးမှိတ်မိမတတ် ဖြစ်သွားခဲ့သည်။ တကယ်တမ်း တောက်ပသော အလင်းရောင် ရှိနေ၍မဟုတ်ဘဲ ထိုပုဆိန်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် လွှမ်းမိုးခံလိုက်ရခြင်း ဖြစ်သည်။
သို့တိုင် လူတိုင်းက ဤထက်မြက်လှသော သွေးဆာမှုအငွေ့အသက်ကို ခံစားသိရှိကာ မြင်တွေ့နိုင်မည် မဟုတ်ပေ။ နောင်ခေတ်အဆက်ဆက် နာမည်ကျော်ကြားလာမည့် ဤပြိုင်ဘက်ကင်း သတ်ဖြတ်ရေးလက်နက်တွင်သာ ထိုကဲ့သို့သော ထူးခြားသည့် ဖြစ်စဉ်မျိုး ပိုင်ဆိုင်ထားလေသည်။
ယဲ့မော့သည် ချူဟန်၏ တုံ့ပြန်မှုကို တိတ်ဆိတ်စွာ အကဲခတ်နေခဲ့သည်။ အခန်းထဲသို့ ဝင်လာသည်နှင့် မျက်လုံးကို အလင်းရောင် စူးသွားသည့်အလား မျက်စိမှေးသွားသည်ကို မြင်လိုက်ရသောအခါ အဘိုးအို၏ မှုန်ဝါးဝါး မျက်ဝန်းများ၌ အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤပုဆိန်၏ သခင်အဖြစ် သူရွေးချယ်ထားသော လူမှာ အမှန်တကယ်ပင် မမှားယွင်းခဲ့ချေ။
"မင်း မနိုင်ပါ့မလား"
ယဲ့မော့၏ လှောင်ပြောင်သရော်သည့်ဟန် ပါနေသော လေသံက ချူဟန် အနီးမှ ထွက်ပေါ်လာသည်။
ချူဟန်သည် မျက်မှောက်ရှိ ပုဆိန်ကို စိုက်ကြည့်လိုက်၏သည်။ သူ မယုံကြည်ချင်သော်လည်း ဝန်မခံဘဲ မနေနိုင်ချေ။ ထို့ကြောင့် ခါးသီးစွာ ပြုံးလျက် ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။
"အခု ငါ့အခြေအနေနဲ့တော့ မနိုင်သေးဘူးဗျ"
သူက မာနကြီးသူ ဖြစ်သော်လည်း မိမိ၏ စွမ်းရည်အစစ်အမှန်ကို ကောင်းစွာ သိမြင်နားလည်ထားပေသည်။
"ဟား... ဟား... ဟား..."
အောင့်အည်းထားသမျှ ပြေပျောက်သွားသည့်အလား ယဲ့မော့က အားပါးတရ ရယ်မောလိုက်တော့သည်။ သူ၏ ကုန်းနေသော ကျောပြင်ကြီးမှာပင် ထူးဆန်းစွာ ဖြောင့်မတ်လာသယောင် ရှိသည်။
အဘိုးအို ရှေ့သို့ တိုးလာကာ မည်းနက်နေသော ပုဆိန်မျက်နှာပြင်ပေါ်ရှိ ဂဏန်းများ ထွင်းထုထားသည့် စက်ဝိုင်းပုံ အမှတ်အသားပြားကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီကောင်က ချိန်ညှိလို့ရတယ်။ စမ်းကြည့်မလား"
ချူဟန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ရှေ့မှ အဘိုးအိုကို သူ အသေအချာ ပြန်လည်စိုက်ကြည့်လိုက်မိသည်။
သာမန်လက်နက်တစ်ခု ဖြစ်ပါလျက် အလေးချိန်ကို ပြောင်းလဲနိုင်သည်ဟုလား။
ဤမျှ ယုံကြည်နိုင်စရာ မရှိသော ကိစ္စမျိုး ဖြစ်နိုင်ပါ့မလား။
ဒိုင်ခွက်ကို သေချာစွာ လေ့လာကြည့်လိုက်သောအခါ တစ် မှသည် ဆယ် အထိ အမှတ်အသားများ ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။
ချူဟန်၏ မျက်ဝန်းများ၌ ထက်မြက်သော အလင်းရောင်များ တောက်ပသွားလျက် ဒိုင်ခွက်ကို နှစ် သို့ ချိန်ညှိလိုက်သည်။ ထို့နောက် ပုဆိန်ကို မရန် အားယူလိုက်တော့သည်။
"တစ် မှာပဲ ထားတာ ပိုကောင်းမယ်နော်"
ယဲ့မော့၏ စကားသံတွင် နောက်ပြောင်ချင်ဟန်များ ရောယှက်နေသည်။
အရှုံးမပေးတတ်သော ချူဟန်ကမူ တစ်ဟုန်ထိုး အားကုန်ထုတ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ အံ့အားသင့်သွားရသည်။ မည်းနက်နေသော ပုဆိန်ကြီးမှာ အနည်းငယ်မျှပင် ရွေ့လျားမလာခဲ့ချေ။
"ဟား... ဟား... ဟား..."
ယဲ့မော့က ထပ်မံ၍ အားပါးတရ ရယ်မောလိုက်ပြန်သည်။ ချူဟန်၏ အရှက်ကွဲနေသော ပုံစံကို ကြည့်ရသည်မှာ သူ၏အကြိုက်ဆုံး ကိစ္စတစ်ခုသဖွယ် ဖြစ်နေသည်။
အဘိုးအို၏ ပိုမိုလွန်ကဲလှသော ရယ်သံကြီးကို လျစ်လျူရှုလျက် ချူဟန် တိတ်ဆိတ်စွာပင် အမှတ်အသားကို တစ် သို့ ပြန်လည်ချိန်ညှိလိုက်သည်။
ဤတစ်ကြိမ်တွင် သူ မနိုင်သွားပြီ ဖြစ်သည်။ သို့တိုင် လက်နှစ်ဖက်စလုံးကို အသုံးပြုရသည်။ သို့ရာတွင် အနေရခက်သည့်ပုံစံမျိုး မရှိပေ။ မူလကတည်းက လက်နှစ်ဖက်ကိုင် ဖြစ်သောကြောင့် ထိုသို့ ဖြစ်နေခြင်းမှာ အထူးအဆန်းတော့ မဟုတ်ပေ။
ရွှမ်း...
လေထဲတွင် ပုဆိန်ကို ဝှေ့ယမ်းလိုက်ရာ စူးရှသော လေခွဲသံ ထွက်ပေါ်လာသည်။ မည်းနက်နေသော ပုဆိန်ကြီး၏ ကြမ်းတမ်းခက်ထန်သော အရှိန်အဝါတို့မှာ အမြင့်ဆုံးအထိ ထွက်ပေါ်လာတော့သည်။
ပို၍ ဝှေ့ယမ်းလေ ပို၍ အသုံးပြုရ အဆင်ပြေလေ ဖြစ်လာကာ ချူဟန်၏ မျက်လုံးများ ပိုမို တောက်ပလာသည်။ သူ၏ အကြိုက်နှင့် လုံးဝကို ထပ်တူကျနေပေသည်။
"ဘယ်လိုနေလဲ"
မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေသော ယဲ့မော့မှာ တောရွာမှ လယ်သမားအိုကြီးတစ်ဦးပမာ ရိုးအေးသော ပုံစံရှိသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ အနည်းငယ် နှမြောတသဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
"အကောင်းဆုံးပဲ..."
ချူဟန် စကားတစ်ခွန်းတည်းသာ ဆိုလိုက်သည်။ ယခုအချိန်၌ သူ၏ စိတ်လှုပ်ရှားမှုကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲနေပြီ ဖြစ်သည်။
မိမိလက်နှင့် ကိုက်ညီသော လက်နက်တစ်ခုက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်ပေသည်။ အရေးအကြီးဆုံးမှာ စောစောက စမ်းသပ်ဝှေ့ယမ်းလိုက်သော ခဏတာအတွင်း ဤပုဆိန်၌ ရှာဖွေဖော်ထုတ်ရမည့် အစွမ်းအစများစွာ ဖုံးကွယ်နေသေးကြောင်းကို သူ ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
"ဒီပုဆိန်ကို သွန်းလုပ်ဖို့ ၁၂ နှစ်တောင် အချိန်ယူခဲ့ရလဲဆိုတာ မင်း သိလား"
ယဲ့မော့က ရုတ်တရက် မေးလိုက်သည်။
ပုဆိန်တစ်လက်အတွက် ဆယ့်နှစ်နှစ်။ မယုံနိုင်စရာ ကောင်းလှသော်လည်း တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ လက်ခံနိုင်ဖွယ်ရှိနေသည်။ ချူဟန် တိတ်ဆိတ်စွာပင် မျက်မှောက်ရှိ အဘိုးအို၏ စကားကို ဆက်လက်နားထောင်နေလိုက်သည်။
လယ်သမားအိုကြီးပမာ ဆောင့်ကြောင့်ထိုင်နေသော အဘိုးအို၏ အသံမှာ အချိန်ကာလများကို ဖြတ်ကျော်လာသည့်အလား ရှည်လျားသော သမိုင်းကြောင်းများ ပါဝင်နေသည်။
"ဓားသွားအတွက် တစ်နှစ်၊ လက်ကိုင်ရိုးအတွက် တစ်နှစ်၊ အမှတ်အသားအတွက် ဆယ်နှစ်။ တစ်နှစ်ကို အမှတ်အသား တစ်ခု...စုစုပေါင်း ဆယ့်နှစ်နှစ် "
အမှတ်အသားတစ်ခုကို တစ်နှစ် အချိန်ယူခဲ့ရတယ်တဲ့လား။
ချူဟန်၏ အကြည့်တို့က လက်ထဲရှိ မည်းနက်နေသော ပုဆိန်ကြီးထံသို့ ရောက်ရှိသွားသည်။ သူ ထိုစက်ဝိုင်းပုံ အမှတ်အသားပြားကို စိုက်ကြည့်ရင်း အတွေးနက်သွားတော့သည်။
"ဒါက တခြား အလုပ်တွေ ဘာမှမလုပ်ဘဲ ငါ ဆက်တိုက် သွန်းလုပ်ခဲ့တဲ့ တစ်ခုတည်းသော လက်နက်ပဲ။ ငါ့ရဲ့ စွမ်းအင်တွေ အကုန်လုံး သုံးပြီး လုပ်ခဲ့တဲ့ တစ်ခုတည်းသော လက်နက်ပဲ "
ယဲ့မော့က အတိတ်ကို ပြန်လည်အမှတ်ရနေသည့်အလား သူ၏ မှုန်ဝါးဝါး မျက်ဝန်းများထဲတွင် လွမ်းဆွတ်မှုများ ပေါ်လာသည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"မင်း ကံကောင်းတယ် ကောင်လေး"
"ကျေးဇူးတင်ပါတယ် အဘိုးယဲ့"
ချူဟန်၏ စကားမှာ ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ၏ ရင်ဘတ်ထဲတွင် ကိန်းအောင်းနေသော ပူပြင်းသည့် သွေးကြောများနှင့် ရည်မှန်းချက်တို့မှာ ယခုအချိန်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပေပြီ။ မိစ္ဆာသတ်ဖြတ်ရေးလက်နက်ကြီးကို ဆုပ်ကိုင်လျက် ကံကြမ္မာ၏ လမ်းကြောင်းကို ဖောက်ထွင်းမည်။ ဤနေရာ၌ တိုက်ခိုက်ပြီး လုယူခြင်းမပြုနိုင်လျှင် ဒုတိယအကြိမ် အသက်ရှင်ခွင့်ရခြင်းက အဓိပ္ပာယ်မဲ့သွားမည် မဟုတ်ပါလော။
ယဲ့မော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။ ချူဟန် ရှေ့မှ အဘိုးအိုကို စိုက်ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။
"ဘာလို့ ဒီလက်နက်က အလေးချိန်ကို ချိန်ညှိလို့ ရနေတာလဲဗျ"
"ဟား... ဟား... ဟား... အလေးချိန် မဟုတ်ဘူးကွ"
ယဲ့မော့၏ အပြုံးမှာ ဆန်းကြယ်မှု တစ်စုံတစ်ရာ ပါဝင်နေသည်။
"တကယ်တော့ အသစ်သွန်းလုပ်ပြီးခါစတုန်းက ဒီပုဆိန်မှာ အဲဒီလို ထူးဆန်းတဲ့ စွမ်းအားမျိုး မရှိခဲ့ဘူး။ ငါ့ရဲ့ သီအိုရီ မှားသွားပြီလို့တောင် ထင်ခဲ့တာ။ ဒါပေမဲ့... အဲဒီ ‘အမှောင်ကျတဲ့ ခြောက်နာရီ’ ပြီးသွားတဲ့အခါ ကမ္ဘာကြီးပေါ်မှာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ သီအိုရီက ချက်ချင်းဆိုသလို အံဝင်ခွင်ကျ ဖြစ်သွားတာပဲ"
ချူဟန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ကမ္ဘာကြီး အမှောင်ကျတဲ့ အချိန်တဲ့လား...။
"ကမ္ဘာ့သံလိုက်စက်ကွင်းက ချက်ချင်း ပြောင်းလဲသွားပြီး ကမ္ဘာလုံးဆိုင်ရာ အမှောင်ထုက စကြဝဠာထဲကနေ ဒြပ်စင်တစ်မျိုးကို ယူဆောင်လာခဲ့တယ်။ အဲဒီ ဒြပ်စင်က ဒီပုဆိန်ကို ပြီးပြည့်စုံတဲ့ အရာတစ်ခုအဖြစ် အဆင့်မြှင့်တင်ပေးလိုက်တာပဲ"
ယဲ့မော့က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"အဘိုး သွန်းလုပ်ခဲ့တဲ့ တခြားလက်နက်တွေမှာရော ဒီလို အစွမ်းမျိုး ပါသေးလား"
ချူဟန် အမှတ်တမဲ့ မေးလိုက်မိသည်။ ယခင်ဘဝ၌ ဤကဲ့သို့သော အစွမ်းမျိုး ပိုင်ဆိုင်သည့် လက်နက်ဟူ၍ ဤတစ်လက်သာ ရှိခဲ့သည် မဟုတ်ပါလော။
"မပါဘူး"
ယဲ့မော့ ချက်ချင်း ငြင်းဆိုလိုက်သည်။
"ငါလုပ်ခဲ့သမျှထဲမှာ ဒီလို အစွမ်းမျိုးရှိတာ ဒါတစ်ခုတည်းပဲ။ ဘာလို့လဲဆိုတော့ ဒီပုဆိန်ထဲမှာ သာမန်မဟုတ်တဲ့ အရာတစ်ခု ရောစပ်ထားလို့ပဲ။ ကမ္ဘာပေါ်မှာ မရှိတဲ့ အမည်မသိ ဒြပ်စင်အသစ်တစ်ခုလေ။ အဲဒါ ဘယ်လို ရောက်လာလဲဆိုတာ ငါလည်း မသိဘူး။ တိုက်ဆိုင်လို့ ရလာတဲ့ အဲဒီအရာကို ဒီပုဆိန်ထဲမှာ အရည်ကျို ထည့်လိုက်တာ။ တခြားသူတွေဆီမှာရော အဲဒီလိုမျိုး ရှိ၊ မရှိ မသိပေမဲ့ ငါ့ဆီမှာ ရှိတာတော့ အကုန်လုံး ဒီပုဆိန်မှာ သုံးလိုက်ပြီ"
ချူဟန် ချက်ချင်း နားလည်သွားသော်လည်း အပြည့်အဝတော့ သဘောမပေါက်သေးပေ။ ကမ္ဘာကြီး အမှောင်ကျသည့် ကိစ္စကဲ့သို့ပင် နားလည်ရ ခက်ခဲလှသည်။
သို့သော် မသိချင်ယောင်ဆောင်၍ မရနိုင်သော အချက်တစ်ချက် ရှိနေသည်။
"ဘာလို့ အမှတ်အသားက တစ်ဆယ် အထိရှိနေတာလဲ "
ယဲ့မော့က ချူဟန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ၏ မှုန်ဝါးဝါး မျက်လုံးများထဲတွင် လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပေ။
"အကြောင်းရင်းက အဲဒီ ဒြပ်စင်အသစ်ကြောင့်ပါပဲ။ ကမ္ဘာကြီး အမှောင်ကျပြီးနောက် လူသားတွေဆီမှာ အသက်စွမ်းအင် လှိုင်းအသစ်တွေ ပေါ်လာတယ်လို့ ပြောရမှာပေါ့။ ပဲ့တင်ရိုက်ခတ်တဲ့ သီအိုရီနဲ့ အတူတူပဲ။ ပုဆိန်ထဲမှာ ရောစပ်ထားတဲ့ ဒြပ်စင်အသစ်က လူ့ခန္ဓာကိုယ်နဲ့ ပဲ့တင်ရိုက်ခတ်တယ်။ ဒါကြောင့် စောစောက မင်းကို မနိုင်မလားလို့ မေးတာက အလေးချိန် ပြဿနာ မဟုတ်ဘူး။ စွမ်းအင်ပုံစံ တစ်မျိုးပဲ။ ပဲ့တင်ရိုက်ခတ်တဲ့ လှိုင်းတူညီမှ မနိုင်မှာ။ တိကျတဲ့ အကြောင်းရင်းကိုတော့ ငါလည်း မသိဘူး။ ကိုယ့်ဘာသာ စဉ်းစားကြည့်ပေါ့"
အဘိုးအို၏ စကားများမှာ အလွန်တရာ ဝေဝါးလှသော်လည်း ကပ်ဆိုးကမ္ဘာကြီးမှ ဆယ်နှစ်တာ အချိန်ကို ဖြတ်ကျော်ကာ ပြန်လည်ရောက်ရှိလာသော ချူဟန်၏ ရင်ထဲတွင်မူ မုန်တိုင်းများ တိုက်ခတ်နေသည့်အလား လှုပ်ရှားနေတော့သည်။
ကပ်ဆိုးကာလ ဆယ်နှစ်တာအတွင်း ဆင့်ကဲပြောင်းလဲသူများ၏ အမြင့်ဆုံးအဆင့်ကို ဆယ်ဆင့် ဟု သတ်မှတ်ထားခဲ့ကြသည်။
ယခု ဤပုဆိန်၏ အမှတ်အသားကလည်း အမြင့်ဆုံး တစ်ဆယ် ဖြစ်နေပေသည်။ သက်သက် တိုက်ဆိုင်မှုတစ်ခုသာလား။ သို့မဟုတ် မလွဲမသွေ ဖြစ်လာရမည့် ကိစ္စတစ်ခုလား။
ချူဟန် ဆက်လက်၍ စကားမဆိုတော့သလို အဘိုးအိုကလည်း ခေါင်းငုံ့ကာ တစ်စုံတစ်ရာကို တွေးတောနေလေသည်။ နှစ်ဦးသား တိုင်ပင်ထားသည့်အလား တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင်...
ယဲ့မော့က ဆေးလိပ်မီး ညှိရင်း ပြောလိုက်သည်။
"ဒီကောင်ကို နာမည် မပေးတော့ဘူးလား"
"ရှူရာ"
အသံဩဩဖြင့် သူက ပြန်ဖြေလိုက်သည်။
"ဟမ်"
အံ့အားသင့်သွားသည့်အလား အဘိုးကြီးက နှုတ်ခမ်းမဲ့ကာ ပြန်မေးလိုက်သည်။
ချူဟန်မှာ တစ်စက္ကန့်မျှပင် လက်လွှတ်မခံချင်သည့် ပုံစံဖြင့် လက်ထဲရှိ မည်းနက်နေသော ပုဆိန်ကြီးကို စိုက်ကြည့်နေ၏။ သူ၏ အသံတွင် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံများ ရောယှက်နေပေသည်။
"ရှူရာ... သူ့နာမည်က သတ်ဖြတ်ရေး မိစ္ဆာလက်နက်... ရှူရာ ပဲ"
ရှူရာ ပုဆိန်။ သတ်ဖြတ်ရေး မိစ္ဆာလက်နက်။
နတ်ဘုရားက တားဆီးလျှင် နတ်ဘုရားကို သတ်မည်။ မည်သူကပင် တားဆီးပါစေ... တားဆီးသူမှန်သမျှကို သတ်မည်။