အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) ဤမျှလွယ်ကူနေ၍ ရပါမည်လား
"ရှူရာ... ရှူရာတဲ့လား။ ရှူရာပုဆိန်၊ မိစ္ဆာသတ်ဖြတ်ရေးလက်နက်ကြီး..."
ယဲ့မော့ တီးတိုးရေရွတ်လိုက်ပြီး ခေါင်းခါလျက် ချီးကျူးလိုက်လေသည်။
"နာမည်ကောင်းပဲ။ သေသေချာချာ တန်ဖိုးထားစမ်းပါ"
"သမီးကို အိမ်ထောင်ချပေးလိုက်ရတဲ့ အဖေတစ်ယောက်လိုပါပဲလား"
ချူဟန် ရယ်မောလိုက်ကာ သူ၏ ပုံမှန်ပေါ့ပါးလွတ်လပ်သော အမူအရာ ပြန်ဖြစ်သွားတော့သည်။ မည်းနက်သော ပုဆိန်ကြီးကို ပခုံးပေါ် ထမ်းတင်လိုက်လျက် ထူးဆန်းသော မျက်နှာထားဖြင့် သူကိုယ်တိုင်ပင် မထင်မှတ်ထားသော မေးခွန်းတစ်ခုကို မေးလိုက်လေသည်။
"ဒါနဲ့ နေပါဦး... လက်နက်တွေမှာ အဖို၊ အမ ခွဲခြားထားတာ ရှိသလား"
"မင်း ရူးနေတာလား"
ယဲ့မော့မှာ အပြောရခက်သွားသည့်အလား ချူဟန်ကို မျက်စောင်းထိုးလိုက်သည်။
"ဟား... ဟား... ဟား..."
ချူဟန် အားပါးတရ ရယ်မောလိုက်တော့သည်။ သူ၏ စိတ်အခြေအနေမှာ အလွန်တရာ ကြည်နူးတက်ကြွနေပေသည်။
ပုဆိန်တစ်လက်အတွက် လူနှစ်ဦးသား မတူညီသော ခံစားချက်များဖြင့် နစ်မျောနေချိန်တွင်...
ရုတ်တရက် ဘေးအခန်းဆီမှ ကြီးမားကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
ဝုန်း...
တစ်ခုခု ပြိုကျသွားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ယဲ့မော့မှာ အသက်ရှုမှားမတတ် အံ့အားသင့်သွားပြီး ဘာစကားမှမဆိုတော့ဘဲ အခန်းထဲမှ ပြေးထွက်သွားတော့သည်။
ချူဟန်လည်း တစ်ခဏမျှ ကြောင်အသွားသည်။ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာခြင်းလော။ မဖြစ်နိုင်ချေ။ အကယ်၍ ထိုသို့သာဆိုလျှင် ကင်းစောင့်နေသော ဆူးရှင်းက အရင်ဆုံး သတိပေးမည်သာ ဖြစ်သည်။ ပထမအဆင့် ဆင့်ကဲပြောင်းလဲသူ ချူဟန်၏ အကြားအာရုံဖြင့်ဆိုလျှင် အသေအချာကို ကြားနိုင်ပေမည်။
သို့တိုင် ဆူးရှင်းထံမှ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ပေ။ မတော်တဆ ဆူးရှင်း တစ်ခုခုများ ဖြစ်သွားတာများလား။
ချူဟန်၏ မျက်ဝန်းများ၌ သတ်ဖြတ်လိုငွေ့များ ဖြတ်ပြေးသွားလျက် ဘေးအခန်းဆီသို့ ပြေးဝင်သွားတော့သည်။
သို့သော် ဖျက်ဆီးခံထားရသော တံခါးပေါက်ကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် သူ၏ ခြေလှမ်းများ ရပ်တန့်သွားကာ မျက်နှာအမူအရာမှာလည်း စောစောကထက်ပင် ပို၍ ထူးဆန်းသွားလေသည်။ ရန်သူ မရှိပေ။ ဆူးရှင်း အသံမထွက်နိုင်ခဲ့ခြင်းမှာလည်း ခိုင်လုံသော အကြောင်းပြချက် ရှိနေသည်။ အကြောင်းမူကား အခန်းထဲ၌ ရပ်နေသူမှာ ပိုင်ယွန့်အာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ဤအခန်းမှာလည်း မီးဖွင့်မထားချေ။ သို့တိုင် စင်္ကြံလမ်းမှ အလင်းရောင်များ ဖြာကျနေသဖြင့် အခန်းတွင်းရှိ မြင်ကွင်းမှာ စိတ်ကူးယဉ်ဆန်ဆန် လင်းလက်နေသည်။
ပိုင်ယွန့်အာသည် အဖြူရောင်အဝတ်အစားကို ဆင်ယင်ထားပြီး ခါးအထိရှည်လျားသော ဆံကေသာကို ဖြန့်ချထားလေသည်။ အေးစက်လှပသော မျက်နှာထား။ ထိုမျက်ဝန်းများထဲ၌ လူ့စိတ်နှလုံးကို လှုပ်ခတ်စေနိုင်သော အရိပ်အယောင်များက တဖျပ်ဖျပ် လင်းလက်နေသည်။ အေးစက်သော အကြည့်များကြားတွင် ရောယှက်နေသော ညို့ယူဖမ်းစားနိုင်မှုနှင့် နူးညံ့မှုတို့ကလည်း ရှိနေပြန်သည်။ သူမ၏ တစ်ကိုယ်လုံးမှ ဤလောကနှင့် မသက်ဆိုင်သည့်အလား လွှမ်းမိုးနိုင်စွမ်းရှိသော အလှတရားများ ယိုဖိတ်ကျနေတော့သည်။
ယခုအချိန်၌ ပိုင်ယွန့်အာ၏ အလှတရားမျိုးကို နောက်ပိုင်းခေတ်မှ လူများ လုံးဝ မြင်ဖူးမည်မဟုတ်ကြောင်း ချူဟန် အသေအချာ ပြောရဲသည်။ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် လှပလွန်းလှသည်။
သူမက လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းထားပြီး မျက်နှာပေါ်တွင် အလွန်တရာ ရှားပါးလှသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
သူမ၏ လက်နှစ်ဖက်တွင် ငွေရောင် တောက်ပနေသော လက်အိတ်တစ်ဝက်ကို စွပ်ထားသည်။
အလင်းရောင်ကြောင့် သဲ့သဲ့မျှ တောက်ပနေသော ထိုလက်အိတ်သည် သူမ၏ အပြစ်အနာအဆာကင်းစင်လှသော လက်တစ်စုံနှင့် ပေါင်းစပ်သွားရာ အရှိန်အဝါကို ပိုမို ပေါ်လွင်သွားစေတော့သည်။
"အဲဒီလက်အိတ်ကို သွန်းလုပ်ဖို့ အချိန် ငါးနှစ်တောင် ယူခဲ့ရတာ"
ဘေးနားမှ ယဲ့မော့က ရုတ်တရက် စကားဆိုလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာသော ဤအမျိုးသမီးအပေါ် သူက မည်သည့် ရန်လိုမှုမျှ ပြသခြင်းမရှိပေ။
ငါးနှစ်တဲ့လား။
ချူဟန် အံ့အားသင့်သွားရသည်။ ချက်ချင်းပင် ပိုင်ယွန့်အာ၏ အလှတရားပေါ်မှ အာရုံကိုလွှဲဖယ်လိုက်ကာ သူမလက်ထဲရှိ လက်အိတ်ကိုသာ စူးစိုက်လေ့လာလိုက်တော့သည်။
ပထမအချက်အနေဖြင့် အလွန် လှပသည်။ ကမ္ဘာ့အဆင့်မီ ညစာစားပွဲတွင် ဝတ်ဆင်သွားလျှင်ပင် အနည်းငယ်မျှ အဆင့်မနိမ့်နိုင်သော အလှတရားမျိုး ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် အလွန် အန္တရာယ်များသည်။ မည်သို့ အန္တရာယ်များကြောင်း အတိအကျ မသိရသော်လည်း ချူဟန်၏ အလိုအလျောက် သိစိတ်က သတိပေးနေသည်။
"လူသတ်ဖို့အတွက် တော်တော် သင့်တော်တာပဲ"
ပိုင်ယွန့်အာ၏ အေးစက်စက် အသံလေး ထွက်ပေါ်လာသည်။ ဤမျှ လှပလွန်းသော လက်အိတ်ကို လူသတ်ရာတွင် အသုံးပြုမည်လား။ ချူဟန်၏ မျက်ဝန်းများ၌ ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာသော်လည်း သူမ၏ စကားမှာ သူမျှော်လင့်ထားသည် ဘောင်အတွင်း၌သာ ရှိနေခဲ့သည်။
"မှန်တာပေါ့"
ယဲ့မော့က အဓိပ္ပာယ်ပါပါ အကြည့်ဖြင့် ပိုင်ယွန့်အာကို ကြည့်လိုက်ပြီး ချူဟန် မျက်လုံးပြူးသွားစေမည့် စကားတစ်ခွန်းကို ဆိုလိုက်လေသည်။
" သဘောကျရင် ယူသွားလိုက်လေ "
အလကား ပေးလိုက်တာလား။ ချူဟန် ဆွံ့အသွားလျက် ယဲ့မော့ကို ကြည့်လိုက်မိသည်။ ကပ်စေးနဲပြီး တွက်ကပ်လွန်းလှသော အဘိုးကြီးက ဤမျှ သဘောကောင်းနေသည်မှာ ဖြစ်နိုင်ပါ့မလား။
ပိုင်ယွန့်အာ လှည့်ကြည့်လာသည်။ သူမ၏ အကြည့်တို့က ချူဟန်၏ လက်ထဲရှိ ပုဆိန်ပေါ်၌ တစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက်... အတိတ်ဘဝတွင် ချူဟန် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော အသက်ရှူမှားလောက်အောင် လှပသည့် အနှိုင်းမဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
" ကျေးဇူးပဲ။ တော်တော် သဘောကျတယ် "
ယဲ့မော့ လမ်းပြမှုဖြင့် ချူဟန်နှင့် ပိုင်ယွန့်အာတို့ စင်္ကြံလမ်းမှ ထွက်လာသည့်အချိန်အထိ ချူဟန်၏ အကြည့်များက ပိုင်ယွန့်အာ၏ လက်နှစ်ဖက်ဆီတွင်သာ ရှိနေခဲ့သည်။
အလွန်တရာ လွယ်ကူစွာ ရရှိခဲ့ခြင်းပင်။ ယဲ့မော့နှင့် ပိုင်ယွန့်အာတို့က အရင်ကတည်းက သိကျွမ်းနေကြသည်လားဟုပင် ထင်မှတ်ရလောက်သည်။
ထိုအချိန်တွင် လူဟုန်ရှန်းမှာ ဟယ်ဆန်း၏ ခေါ်ဆောင်မှုဖြင့် ရောက်ရှိလာသည်။
သူကလည်း အခြေအနေကို အပြည့်အဝ နားမလည်သေးပုံ ပေါ်သည်။ သူ၏ ရှေ့တွင် ရှိနေသော နည်းပညာမြင့် စက်ကိရိယာများနှင့် လက်နက်များမကြောင်းကို လုံးဝ မသိရှိပေ။ ခွန်အားကြီးမားရုံ သက်သက်သာ ရှိသော သူက အရူးတစ်ယောက်လို မတ်တတ်ရပ်နေပြီး ဂနာမငြိမ် ဖြစ်နေသည်။
ယဲ့မော့က အားနာခြင်း အလျဉ်းမရှိဘဲ ရှေ့သို့ တိုးလာကာ အတိတ်က အားကစားသမား တစ်ယောက်ဖြစ်ခဲ့ဖူးသော ဤသန်မာသည့် လူငယ်လေး၏ ခန္ဓာကိုယ်ကို အထက်အောက် စုန်ဆန် ကြည့်ရှု အကဲခတ်လိုက်သည်။
ထိုသို့ အကြည့်ခံရသော လူဟုန်ရှန်းမှာ ကျောချမ်းသွားပြီး ကြက်သီးများပင် ထသွားတော့သည်။
"နည်းနည်းတော့ လိုနေသေးတယ်..."
ယဲ့မော့က မကျေမနပ် နှာခေါင်းရှုံ့လိုက်သော်လည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ထားပါတော့။ ခွန်အား ကြီးတာကို ထောက်ထားပြီး ဒီကောင်လေးကိုပဲ လက်ခံလိုက်ပါ့မယ်"
ဂလု...
လူဟုန်ရှန်းမှာ အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်သည်။ ချူဟန်အပေါ် ထားရှိသည့် ယုံကြည်မှုသာ မရှိပါက ချက်ချင်း လှည့်ကာ အစွမ်းကုန် ပြေးထွက်သွားလောက်ပြီ ဖြစ်သည်။
"မြန်မြန် ဆရာကို ဂါရဝပြုလေကွာ"
ယဲ့မော့က ရုတ်တရက် သူ၏ ကုန်းနေသော ကျောပြင်ကို မတ်လိုက်ပြီး သူတို့သုံးယောက်ကို အလွန် လေးနက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
ဟယ်ဆန်းနှင့် ဆူးရှင်းတို့မှာ ချက်ချင်းပင် ခေါင်းငုံ့ကာ ရိုသေစွာဖြင့် ပြိုင်တူ ခေါ်လိုက်ကြသည်။
"ဆရာ"
လူဟုန်ရှန်း တစ်ယောက်သာ ကြောင်တောင်တောင် ဖြစ်နေပြီး လုံးဝ ရပ်တန့်နေသည်။
ဖြန်း...
ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး လူဟုန်ရှန်း၏ နောက်စေ့ကို ချူဟန်က ခပ်ဆတ်ဆတ် ရိုက်ချလိုက်သည်။
ချူဟန်က မျက်မှောင်ကြုတ်ကာ ခပ်ဩဩ လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ဆရာ လို့ ခေါ်လေကွ"
"ဆ... ဆရာ..."
လူဟုန်ရှန်းက ဘာမှန်းမသိဘဲ အလျင်စလို ခေါင်းငုံ့ကာ ခေါ်လိုက်သည်။
ယဲ့မော့က ကျေနပ်စွာ လက်ခံလိုက်ပြီး ချူဟန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မင်းကားက ဟို G55 လား။ ကင်မရာကနေ မြင်လိုက်တယ်။ စည်းစနစ်မရှိဘဲ လျှောက်ပြင်ထားတဲ့ ကားပဲ... ဘာအနုပညာ အရသာမှ မရှိဘူး။
" ဟီးဟီး..."
ချူဟန်က ပြန်လည် မချေပဘဲ မျှော်လင့်ချက် အပြည့်ဖြင့် ယဲ့မော့ကို စိုက်ကြည့်နေသည်။
"တစ်လ... တစ်လပဲ အချိန်ပေး။ အတွင်းကော အပြင်ပါ အစကနေ ပြန်ပြင်ပြီး လုံးဝ အသစ်စက်စက် ကားတစ်စီးလို ဖြစ်သွားစေရမယ်။"
ယဲ့မော့က ကျောပြန်ကုန်းသွားရင်း ပြောလိုက်သည်။
ချူဟန် မျက်မှောင်ကြုတ်သွားသည်။ တစ်လဆိုသော အချိန်က မတိုတောင်းပေ။
ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်၍ မရနိုင်ပေ။ တစ်လအချိန်အတွင်း မည်မျှလောက်သော အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးရမည်ကို မသိနိုင်သလို အရေးကြီးဆုံးမှာ မိဘများကို ကယ်တင်ရန် အချိန်နှောင့်နှေးသွားမည် ဖြစ်သည်။
မည်သို့ ငြင်းပယ်ရမည်ကို စဉ်းစားနေစဉ်မှာပင်...
" ကျွန်မတို့ကို တခြားကားတစ်စီး ငှားပေးပါလား။ G55 ကို ဒီမှာပဲ ထားခဲ့မယ်... ဖြည်းဖြည်းချင်းပဲ ပြုပြင်လိုက်ပါ "
ရုတ်တရက် ပိုင်ယွန့်အာက ဝင်ပြောလိုက်သည်။
"ဟူး..."
အဘိုးကြီး ယဲ့မော့မှာ မခံမရပ်နိုင်စွာဖြင့် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
သူက ပိုင်ယွန့်အာကို သနားစရာကောင်းသော အမူအရာဖြင့် ကြည့်ကာ တစ်ခုခု ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။
"G55 လောက်တော့ မကောင်းပေမဲ့ ဂျစ် ရန်ဂလာ (Jeep Wrangler) တစ်စီး ရှိတယ်။ လိုချင်ရင် ယူသွားလိုက်"
ဂျစ်ရန်ဂလာ တဲ့လား။
ချူဟန်၏ ပထမဆုံး ခံစားချက်မှာ ရှုံးသွားပြီ ဟူ၍ ဖြစ်သည်။ မည်သည့်ဘက်က ကြည့်ကြည့် ဂျစ်ကားမှာ G55 ၏ ကြံ့ခိုင်မှု သို့မဟုတ် ကြမ်းတမ်းသော စွမ်းအားမျိုးကို မမီနိုင်ပေ။
သို့သော် ပိုင်ယွန့်အာက လက်ခံလိုက်ပြီး အရေးအကြီးဆုံးမှာ ယဲ့မော့၏ နှမြောတသဖြစ်နေသော မျက်နှာ ကို မြင်လိုက်ရသဖြင့် ချူဟန် သတိပြန်ဝင်လာသည်။
အဲဒီအဘိုးကြီး ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ဂျစ်ကားပဲ။
နောက်ပိုင်းခေတ် ရှစ်နှစ်တာကာလအတွင်း လူတိုင်းက လေးစားအားကျရသော အဆင့်မြင့် အင်ဂျင်နီယာကြီး ပြုပြင်ထားသည့် ကားဖြစ်သည်။ သာမန် ဈေးကွက်ထဲမှ ကားမျိုး လုံးဝ မဖြစ်နိုင်ပေ။
"ကောင်းပြီ..."
ချူဟန်က ယဲ့မော့ စကားမပြောင်းခင် ချက်ချင်း သဘောတူလိုက်သည်။
ထိုသို့ဖြင့် လူဟုန်ရှန်း၊ ဟယ်ဆန်းနှင့် ဆူးရှင်းတို့ သုံးဦးမှာ ယဲ့မော့ထံတွင် ကျန်ရစ်ခဲ့တော့သည်။
လမ်းခွဲမည့်အချိန်တွင် ဟယ်ဆန်းက ချူဟန်ကို ဖက်ကာ ငိုကြွေးလုမတတ် ဖြစ်နေသော်လည်း ကျန်နှစ်ဦးမှာ နှိုင်းယှဉ်ကြည့်လျှင် တည်ငြိမ်နေကြသည်။
သစ္စာရှိမှု ရုတ်တရက် မြင့်တက်လာခြင်းမှလွဲ၍ ခံစားချက်များကို ထုတ်ဖော်ပြသခြင်း မရှိပေ။ သို့သော် သူတို့၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော ကျေးဇူးတင်မှုများ ပါဝင်နေပြီး ချူဟန်၏ ရင်ထဲတွင် အလွန် မှတ်မိနေစေခဲ့သည်။
ချူဟန်ကလည်း ဤနေရာတွင် အချိန်ဖြုန်းနေရန် စိတ်ကူးမရှိပေ။
ဂျစ်ကားကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် နှုတ်ဆက်ကာ မြေအောက်ခန်းမှ ထွက်ခွာလာခဲ့သည်။
ထို ဂျစ်ကားမှာ လေးထောင့်ကျကျ လမ်းကြမ်းမောင်း (off-road) ကား၏ မူလပုံစံမျိုးပင် မရှိတော့ပေ။
ဒီဇိုင်း နည်းနည်းဆန်းတဲ့ တင့်ကာ ဟု ပြောလျှင်ပင် ယုံကြည်မည့်သူ ရှိပေလိမ့်မည်။ ချူဟန် ကိုယ်တိုင်ပင် ဤကားဖြင့်ဆိုလျှင် ဤအိမ်လေးကို ဝင်တိုက်ကာ ဖျက်ဆီးပစ်နိုင်သည်ဟု ထင်မှတ်ရလောက်အောင် အလွန်တရာ ကြံ့ခိုင်လှသည်။
ချူဟန် ကားပေါ်သို့ တက်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်...
ရုတ်တရက် တစ်ခုခုကို သတိထားမိလိုက်သဖြင့် ဘရိတ်ကို ရုတ်တရက် နင်းကာ ကားကို ရပ်လိုက်သည်။
ထို့နောက် မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ကားပေါ်မှ ဆင်းလာကာ ကားဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း အပေါ်သို့ မော့ကြည့်လိုက်သည်။
ဤအိမ်လေးတွင် ဝရန်တာတစ်ခု ရှိပြီး ထိုနေရာတွင် စားပွဲဝိုင်းလေး တစ်ခုနှင့် ကုလားထိုင်များ ချထားသည်။
စားပွဲပေါ်တွင် ရေခဲများ အပြည့်ထည့်ထားသော ကိုကာကိုလာ ပုလင်းတစ်လုံး ရှိနေပြီး လီရှီယုံက ပိုက်ဖြင့် အသေအလဲ စုပ်သောက်နေသည်။
သူမ၏ ဘေးတွင် ရှောင်မုန့်ချီ ရပ်နေသည်။
လက်ရန်းကို မှီနေသော ထိုမိန်းကလေးမှာ လူစားထိုးထားသည့်အလား ရေပြင်ကဲ့သို့ အေးချမ်းနူးညံ့သော မျက်နှာထားဖြင့် ချူဟန်ကို ပြန်လည် စိုက်ကြည့်နေလေသည်။