အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ ရင်ဆိုင်နေကြသည်
ဤသို့သော ထူးဆန်းသည့် မြင်ကွင်းကို တွေ့မြင်နေရသော်လည်း ချူဟန်၏ စိတ်အခြေအနေမှာ ကြီးမားစွာ လှုပ်ခတ်မသွားခဲ့ပေ။ သူသည် ဤထူးဆန်းသော မိန်းမကို အနည်းငယ်မျှသာ သတိထားလိုက်မိသည်။
သူ တစ်စုံတစ်ရာ ပြောရန်ပြင်လိုက်စဉ်။
ရုတ်တရက် လီရှီယုံက ချူဟန်ကို စိုက်ကြည့်လိုက်လေသည်။
"ကျွန်မရဲ့ ကြက်စွပ်ပြုတ်ရော"
‘ကြက်စွပ်ပြုတ်’
ချူဟန်မှာ စကားပြောရန် ခက်ခဲသွားပြီး အတွေးများပင် လိုက်မမီတော့ချေ။ ဘာကြက်စွပ်ပြုတ်ကို ပြောနေသနည်း။
"လူကြီးသူမတွေကို စကားပြောတာ ရိုင်းလိုက်တာ"
ရှောင်မုန့်ချီက လီရှီယုံကို ဆုံးမလိုက်သလို ပြောလိုက်ပြီးနောက်... ဒုတိယတစ်စက္ကန့်တွင် မိန်းမငယ်လေးတစ်ဦးပမာ ပါးပြင်များ နီမြန်းသွားလျက် ရှက်ရွံ့စွာဖြင့် ပြောလိုက်ပြန်သည်။
"ကဲ မြန်မြန် ဖေဖေ လို့ ခေါ်လိုက်လေ"
ဖေဖေလို့လား
ချူဟန်မှာ အံ့အားသင့်လျက် ရပ်နေမိပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။
"'အစ်ကို လို့ ခေါ်ရမှာ မဟုတ်ဘူးလား"
လီရှီယုံက မျက်မှောင်ကြုတ်လျက် သူမ၏ ခေါင်းလေးကို ငဲ့စောင်းကာ မေးလိုက်သည်။
"အော်... ဟုတ်သားပဲ"
ရှောင်မုန့်ချီက ဆံပင်ကို သပ်တင်ရင်း ပြင်ပြောလိုက်လေသည်။
"ကဲ မြန်မြန် အစ်ကို လို့ ခေါ်လိုက်"
လီရှီယုံက ရှောင်မုန့်ချီဘေးတွင် လိမ္မာစွာ ရပ်လျက် ချူဟန်ကို ကြည့်ကာ တက်ကြွစွာ ခေါ်လိုက်တော့သည်။
"အစ်ကို"
‘အစ်ကိုတဲ့လား’
ချူဟန် အံ့အားသင့်သွားပြီး မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။ မျက်မှောက်ရှိ ရှောင်မုန့်ချီမှာ မည်သို့သော အခြေအနေဖြစ်နေသည်ကို သူ လုံးဝ နားမလည်တော့ချေ။ ကိုယ်ရည်ကိုယ်သွေး နှစ်ခွဖြစ်နေတာလား၊ ဒါမှမဟုတ် ရိုးရိုးလေးပဲ စနောက်ချင်နေတာလား။
အနေခက်စရာကောင်းပြီး ထူးဆန်းသော လေထုတစ်ခု လွှမ်းခြုံသွားလေသည်။
ထိုစဉ်...
ကားရှေ့ခန်း၌ မျက်လုံးမှိတ်ကာ အိပ်ပျော်နေခဲ့သော ပိုင်ယွန့်အာသည် မည်သည့်အရိပ်အယောင်မျှ မပြဘဲ ကားပေါ်မှ ဆင်းလာခဲ့သည်။
သူမ၏ မျက်ဝန်းများက ထူးဆန်းလောက်အောင် စူးရှစွာဖြင့် ရှောင်မုန့်ချီကို စိုက်ကြည့်နေသည်။ သူမ၏ လက်တွင်မူ ထိုငွေရောင် လက်အိတ်ကို စွပ်ထားလျက် အေးစက်သော အလင်းရောင်များ တောက်ပနေလေသည်။
တစ်စက္ကန့်မျှသာ...
ထိုခဏ၌ ရှောင်မုန့်ချီ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ချူဟန် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထို့နောက် သူမ ပြုံးလိုက်လေသည်။ အကယ်ဒမီဆုရလောက်သည့် သူမ၏ ဟန်ဆောင်မှုများ လုံးဝ ပျောက်ကွယ်သွားကာ ပိုင်ယွန့်အာအား တည်ငြိမ်စွာပင် တည့်တည့် စိုက်ကြည့်လိုက်လေသည်။
" ပိုင်ယွန့်အာ... ရှင်က ဒီချူဟန်ကို ကာကွယ်ပေးလိမ့်မယ်လို့ မထင်ထားဘူး"
ပိုင်ယွန့်အာမှာ ခံစားချက်ကင်းမဲ့နေဆဲဖြစ်ကာ သူမ၏ လှပသော လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်သည်။ အန္တရာယ်ငွေ့များ လွှမ်းခြုံနေသော ထိုလက်အိတ်သည် လူ့သွေးကို စုပ်ယူချင်နေသည့်အလား ထင်မှတ်ရပေသည်။
ချူဟန်၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။ သူ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားခြင်းမရှိဘဲ ဤထူးဆန်းလှသော မိန်းမလှနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
"အဲ့ဒီလောက်ကြီးလည်း ရန်လိုမနေပါနဲ့"
ရှောင်မုန့်ချီမှာ အန္တရာယ်ကင်းလှသော ယခင်ပုံစံသို့ ရုတ်တရက် ပြန်ပြောင်းသွားကာ ရေပြင်လို နူးညံ့သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"သူက ရုပ်ချောလို့ စိတ်ဝင်စားသွားရုံလေးပါ"
ထိုအခါ ဤ ရှောင်မုန့်ချီဆိုသော အမျိုးသမီးနှင့် ပတ်သက်၍ ချူဟန် ချက်ချင်းပင် ကောက်ချက်ချလိုက်တော့သည်။
'ဒီမိန်းမ စိတ်မမှန်ဘူး'
"ငါ့ကိစ္စတွေကို ဝင်မစွက်ဖက်နဲ့"
ပိုင်ယွန့်အာ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ သူမ၏ လေသံတွင် လွှမ်းမိုးနိုင်စွမ်းရှိသော ဩဇာအာဏာများ အပြည့်ပါဝင်နေသည်။
"သူ့ကိုလည်း သွားမထိနဲ့"
"အို...ဟုတ်လား"
ရှောင်မုန့်ချီက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ထိပ်တိုက် ရင်ဆိုင်မည့် ဟန်ကို ပြသလိုက်သည်။
‘ပြဿနာတော့ တတ်ပြီ’
၎င်းမှာ ချူဟန်၏ ပထမဆုံး အတွေးပင် ဖြစ်သည်။ ဒီမိန်းမနှစ်ယောက်ကများ တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား။
ရှောင်ချီ နှင့် ရှောင်မုန့်ချီ။ နှစ်ယောက်စလုံးက ရှောင် ဆိုသည့် မျိုးရိုးနာမည်ကို ပိုင်ဆိုင်ထားကြသည်။ ပိုင်ယွန့်အာ၏ နောက်ကွယ်ရှိ ပိုင်မိသားစုကို ခဏထားဦးတော့၊ ဒီ ရှောင်မုန့်ချီ နဲ့ ရှောင်ချီတို့ရဲ့ နောက်ကွယ်မှာရော လောကကြီးက မသိသေးတဲ့ ရှောင် မိသားစု ဆိုတာများ ရှိနေတာလား။
အတိတ်ဘဝက အင်အားကြီး မိသားစုအချို့၏ ဩဇာလွှမ်းမိုးမှုများကို ပြန်တွေးကြည့်လိုက်သော်လည်း ရှောင် မိသားစု ဆိုသည့် နာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။
သို့သော် သူ၏ မျက်မှောက်ရှိ ရှောင်မုန့်ချီမှာ ထို ချန်ရှောက်ရယ် နည်းတူ ပထမအဆင့် ဆင့်ကဲပြောင်းလဲသူ တစ်ဦး ဖြစ်သည်။ ထို့အပြင် နောက်ခံမသိရသော အဘိုး ယဲ့မော့ နှင့်လည်း အဆက်အသွယ် ရှိနေသေးသည်။
မိမိအနေဖြင့် ဤလောကကြီး၏ အကြောင်းအရာ များစွာကို အပြည့်အဝ နားမလည်သေးကြောင်း ချူဟန် ရုတ်တရက် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ အတိတ်ဘဝတုန်းက ရှောင်မုန့်ချီ ဘယ်နေရာမှာ ပုန်းအောင်းနေခဲ့တာလဲ။ ပြီးတော့ သူမက တကယ်တော့ ဘယ်သူလဲ။ သူ တစ်ခုမှကို မသိခဲ့ပေ။
သူတို့ ထိုနေရာမှ ထွက်ခွာလာချိန်မှာ မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လမ်းတစ်လျှောက် ဘာပြဿနာမျှ မရှိဘဲ ချောမွေ့နေခဲ့သည်။ လျှို့ဝှက်ချက်များစွာရှိသော ရှောင်မုန့်ချီနှင့် ပိုင်ယွန့်အာ တို့မှာလည်း ထပ်မံ ထိပ်တိုက်တွေ့ဆုံခြင်း မရှိတော့ချေ။ တစ်ယောက်ကိုတစ်ယောက် သတိထားနေကြသည့်ပုံ ပေါ်သည်။
ချူဟန်က မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ အစမှအဆုံး တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ကားမောင်း၍ စံအိမ်ကြီးထဲမှ ထွက်ခွာလာချိန်တွင်လည်း သူ၏ဘေး၌ ထိုင်နေသော ပိုင်ယွန့်အာကို မည်သည့်မေးခွန်းမျှ မမေးခဲ့ပေ။
သို့သော် ချူဟန်၏ စိတ်ထဲတွင် သေချာသွားသော အရာတစ်ခုတော့ ရှိသည်။ အရာအားလုံးကို အပြည့်အဝ နားမလည်သေးလျှင်တောင် လက်ရှိ မိမိသည် အတိတ်ဘဝကထက်တော့ ပိုမို နက်ရှိုင်းစွာ သိမြင်နေပြီး လောကကြီး၏ အမှန်တရားများနှင့် ထိတွေ့လာရပြီ ဖြစ်သည်။
ပိုင်ယွန့်အာ၊ ရှောင်မုန့်ချီ၊ ထို့နောက် ယဲ့မော့။ ဤသုံးဦးလုံးသည် မိမိ၏ ရန်သူ မဖြစ်လာသရွေ့ လုံလောက်ပေပြီ။
အချိန်များက ခရီးသွားနေရင်းဖြင့်ပင် တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
နောက်တစ်နေ့ နံနက်ပိုင်းတွင် လော့ရှောင်ရှောင် နိုးလာသောအခါ ဆူညံပွက်လောရိုက်သွားပြီး လူတိုင်း အလုပ်ရှုပ်သွားကြတော့သည်။
သူမ ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်က သူမကို အခွင့်ထူးများ ပေးထားရုံသာမက မောက်မာသော အကျင့်စရိုက်ကိုပါ ပုံသွင်းပေးထားလေသည်။ ချူဟန်၏ ရှေ့တွင်သာ မယုံနိုင်လောက်အောင် ငြိမ်သက်နေတတ်သော်လည်း အခြားလူများအပေါ်တွင်မူ မည်သည့် မျက်နှာသာမျှ မပေးပေ။ သူမမှာ လူကုံထံအသိုင်းအဝိုင်း၏ ထိပ်သီးခေါင်းဆောင် မဟုတ်သော်လည်း ထိပ်တန်းငါးဦးစာရင်းဝင် အရေးပါသူတစ်ဦး ဖြစ်သည်။ အခြားသူများကို အထင်သေးတတ်သည့် ထိုမောက်မာမှုမှာ သူမ၏ မွေးရာပါ အကျင့်စရိုက်တစ်ခုပင် ဖြစ်နေတော့သည်။
"ကိတ်မုန့် စားချင်တယ်"
ရေတွက်၍မရနိုင်သော တောင်းဆိုမှုများကို ပယ်ချခံရပြီးနောက် လော့ရှောင်ရှောင်က မဖြစ်နိုင်သော ပြဿနာများကို ထပ်မံ ရှာလာပြန်သည်။
"အခုလို အခြေအနေကြီးမှာ ဘယ်နေရာသွားပြီး ကိတ်မုန့် ရှာပေးရမှာလဲ"
ရှန်ကျိုတီမှာ သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ကျွီ...
ရုတ်တရက်ဆိုသလိုပင် ကားတန်းကြီး တစ်ပြိုင်နက် ရပ်တန့်သွားသည်။ လော့ရှောင်ရှောင်က နောက်ခန်းမှနေ၍ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
"ကားရပ်သွားပြီ။ ရပ်သွားပြီ။ ကိုကိုချူဟန် ဆီကို သွားမယ်"
"သွားချင်ရင် ကိုယ့်ဘာသာသွား။ ငါကတော့ ကူညီမှာ မဟုတ်ဘူးနော်"
ရှန်ကျိုတီက မမ်မီရုပ်အလောင်းပမာ ပတ်တီးများ ပတ်ထားရသဖြင့် လှုပ်ရှား၍မရသော လော့ရှောင်ရှောင်အား ကြည့်ကာ လှောင်ပြောင်လိုက်သည်။
အရှေ့တွင် ချူဟန် ကားရပ်လိုက်ရခြင်း၏ အကြောင်းရင်းမှာ တစ်ပြင်လုံး ပြန့်ကျဲနေသော အလောင်းများကြောင့်ပင် ဖြစ်သည်။
အဝေးပြေးလမ်းမကြီးပေါ်တွင် ဇွန်ဘီအလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။ ဤနေရာ၌ အတိအကျ ဘာဖြစ်သွားခဲ့မှန်း မသိရပေ။ ပြုပြင်မွမ်းမံထားသော ဂျစ်ကား ဖြင့်ဆိုလျှင် အတားအဆီးမရှိ ဖြတ်သန်းသွားနိုင်သော်လည်း အနောက်မှ ကားတန်းကြီးအတွက်မူ ထိုသို့မဖြစ်နိုင်ပေ။ ပြုပြင်မွမ်းမံထားသော ကားဟူ၍ ဤ ဂျစ်ကား တစ်စီးတည်းသာ ရှိသောကြောင့် ဖြစ်သည်။
"ဘယ်လိုလုပ်ကြမလဲ"
ဟယ်ဖေးယွမ်က ချူဟန်၏ အနီးသို့ ကပ်လာကာ မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်သည်။
"ရှစ်ကျားကျွမ်း စစ်ဒေသမှာ တစ်ခုခုများ ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်။ ဒါက မဖြစ်မနေ ဖြတ်သွားရမယ့် လမ်းပဲဟာကို"
ဟယ်ဖေးယွမ် စိုးရိမ်နေသည်မှာလည်း အပြစ်ဆိုစရာ မရှိပေ။ သူ၏ သားဖြစ်သူသည် ထို ရှစ်ကျားကျွမ်း စစ်ဒေသထဲတွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ ဆိုးရွားသော အခြေအနေ တစ်ခုခုသာ ကြုံတွေ့ရပါက ရာစုနှစ်ဝက်ကျော် အသက်ရှင်နေထိုင်လာခဲ့သော သူ့အတွက် မည်သို့မျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ချူဟန်က မျက်မှောက်ရှိ လမ်းမကို စိုက်ကြည့်နေရင်း အတိတ်ဘဝ၏ ဤအချိန်ကာလတွင် ဤနေရာ၌ မည်သို့သော အဖြစ်အပျက်မျိုး ကြုံခဲ့ရသလဲ ဆိုသည်ကို အသည်းအသန် ပြန်လည် စဉ်းစားနေမိသည်။
"ဘာလို့ စစ်ဝတ်စုံ ဝတ်ထားတဲ့ ဇွန်ဘီတွေ ဒီလောက် အများကြီး ဖြစ်နေရတာလဲ"
ရုတ်တရက် ယွဲ့ဇီ၏ အသံ ထွက်ပေါ်လာသည်။
ကားပေါ်မှ ဆင်းလာကြသော အဖွဲ့သားများ အံ့အားသင့်သွားပြီး မျက်မှောက်တွင် ပြန့်ကျဲနေသော ဇွန်ဘီအလောင်းများကို သေချာ ဂရုတစိုက် စတင် အကဲခတ်လိုက်ကြသည်။
များပြားလှသော အရေအတွက် နှင့် အမျိုးမျိုးသော ဝတ်စုံများ။ တစ်ချက်ကြည့်ရုံဖြင့် သတိမထားမိနိုင်သော်လည်း လုံးဝ မျက်ကွယ်ပြု၍ မရနိုင်သော အမှန်တရားတစ်ခု ရှိနေသည်။ ဤအလောင်းများကြားတွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသူများစွာ ပါဝင်နေခြင်းပင် ဖြစ်သည်။
"ဒီတစ်လမ်းပဲ ရှိတယ်။ ရှင်းလင်းရေး လုပ်ကြစို့"
ချူဟန်က အမိန့်ပေးလိုက်သည်။
အနီးတွင်ရှိနေသော ဟယ်ဖေးယွမ်မှာ စတင် လှုပ်ရှားနေပြီ ဖြစ်သည်။ ဇွန်ဘီအလောင်းများကို ရွှေ့ပြောင်းရာတွင် ဟယ်ဖေးယွမ်က စစ်သားဇွန်ဘီများကို အဓိကထား၍ စစ်ဆေးနေသည်။ ထိုအထဲတွင် သူ၏သား ဟယ်ဖုန်း ပါနေမလားဆိုသည်ကို ရှာဖွေနေခြင်း ဖြစ်သည်။ အလောင်းတစ်လောင်းကို စစ်ဆေးပြီး သူ၏သား မဟုတ်မှန်း သိလိုက်ရသည့်အခါမှသာ စိတ်သက်သာရာရသွားကာ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
ယခုအချိန်တွင် ဟယ်ဖေးယွမ်၏ အကြီးမားဆုံးသော ဆန္ဒမှာ သူ၏သား အသက်ရှင်နေရန်သာ ဖြစ်တော့သည်။
လမ်း၏ အခြားတစ်ဖက်။ အလောင်းများနှင့် အပျက်အစီးများက လမ်းပေါ်တွင် ပြည့်နှက်နေပြီး ခြေတစ်လှမ်းလှမ်းရန်ပင် ခက်ခဲလှသော အခြေအနေ ဖြစ်နေသည်။
တင့်ကားဖြင့် တိုက်ရိုက် ကြိတ်ခြေ၍ မသွားသရွေ့ သာမန်ကားများ ဤလမ်းပေါ်တွင် မောင်းနှင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကုန်တင်ကားကြီး အနည်းငယ်က လမ်းဘေးတွင် ရပ်တန့်ထားပြီး ယဲ့ချန်က သူ၏ အဖွဲ့သားများကို ခေါ်ဆောင်ကာ အလွန် ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် လမ်းဘေး ပလက်ဖောင်းပေါ်တွင် အနားယူနေကြသည်။
သူတို့သည် ယခုလေးတင် သေရေးရှင်ရေး တိုက်ပွဲတစ်ခုကို ဖြတ်ကျော်လာခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် အသက်ရှင်ကျန်ရစ်သူ မည်မျှရှိနေသေးသည်ကိုပင် သေချာမသိသလို သူ့ကိုယ်တိုင်လည်း လူစာရင်း စစ်ဆေးရန် ခွန်အား မရှိတော့ပေ။
ယခင်က ချူဟန် သင်ပေးခဲ့သော နည်းလမ်းကို အားကိုးကာ ယဲ့ချန်၏ အဖွဲ့သည် ဇွန်ဘီ အရေအတွက် အတော်များများကို သတ်ဖြတ်နိုင်ခဲ့သည်။ ရှေ့တစ်လှမ်း တိုးတိုင်း ဇွန်ဘီအုပ်များကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သော်လည်း ရလဒ်အနေဖြင့် ဤလမ်းမကြီး ပိတ်ဆို့သွားရခြင်းပင် ဖြစ်သည်။
ယဲ့ချန်တွင် အောင်မြင်မှု အရသာကို ခံစားရခြင်း မရှိပေ။ ဇွန်ဘီများကို မည်မျှပင် သတ်ဖြတ်နိုင်ပါစေ သူတို့ အဖွဲ့၏ လူဦးရေမှာ တစ်ဟုန်ထိုး လျော့ကျလာသောကြောင့် ဖြစ်သည်။
ထုံမြို့မှ ထွက်ခွာလာစဉ်က လူခြောက်ရာကျော် ရှိခဲ့သော အဖွဲ့သည် လမ်းတစ်လျှောက် အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ရှစ်ကျားကျွမ်းမြို့သို့ ရောက်ရှိလာချိန်တွင် လူသုံးရာကျော်သာ ကျန်ရှိတော့သည်။ အသက်ရှင်နေသေးသူ အားလုံးမှာလည်း သေမင်းနှုတ်ခမ်းဝမှ ပြန်လည် လွတ်မြောက်လာခဲ့သူများ ချည်းသာ ဖြစ်ကြသည်။
သို့သော် ထို သုံးရာသော လူများပင်လျှင် ယခုလေးတင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲအတွင်း တစ်ယောက်ပြီးတစ်ယောက် သေကျေဒဏ်ရာရသွားခဲ့သည်။
ယဲ့ချန်မှာ ဆက်လက်တွေးတောရန်ပင် ကြောက်ရွံ့နေခဲ့ပြီ။
ဤအဖြစ်အပျက်ပြီးနောက် လူဘယ်နှယောက်ကများ ရုတ်တရက် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားဦးမည်နည်း။ ထို့နောက် မိသားစု မည်မျှများ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရဦးမည်နည်း။
မျက်မှောက်တွင် ပြန့်ကျဲနေသော အလောင်းများနှင့် အပျက်အစီးများထဲ၌ ဇွန်ဘီများ ပါဝင်သလို လူသားများလည်း ပါဝင်နေသည်။
သို့သော် အာရုံစိုက်ရမည့် အချက်မှာ သေဆုံးသွားသော ဇွန်ဘီအများစုသည် စစ်ဝတ်စုံများကို ဝတ်ဆင်ထားခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်စဉ်က ရှစ်ကျားကျွမ်း စစ်ဒေသမှ စစ်သားများ ဖြစ်ခဲ့ကြပြီး ယခုအခါ သာမန်ဇွန်ဘီများနည်းတူ အစွယ်များထုတ်ဖော်ကာ လူသားတို့၏ သွေးသားကိုသာ တပ်မက်သော ဘီလူးသရဲများအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။