← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) တစ်ယောက်မကျန်

" လူယုတ်မာတွေက အသက်ရှင်နေဖို့ မထိုက်တန်ဘူး "

ဒိုင်း...

ချန်ရှောက်ရယ်၏ ပစ်ခတ်မှုအမြန်နှုန်းမှာ ပုံမှန်မဟုတ်ချေ။

ချူဟန် စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရာထူးတက်လာသည်မှာ ရက်ပိုင်းမျှပင် ဗိုလ်မှူးကြီးရာထူးသို့ တက်လှမ်းလာသော တန်ဟောင်မှာ သွေးအိုင်ထဲတွင် မှောက်လျက်သား လဲကျသွားလေပြီ။ မျက်ခုံးနှစ်ခုကြားမှ သွေးများ ပန်းထွက်လာပြီး အသေဆိုးဖြင့် အော်ဟစ်ရန် အချိန်ပင်မရလိုက်ဘဲ အသက်ထွက်သွားလေသည်။

"သေ... သေသွားပြီလား။ သတ်ခံလိုက်ရပြီဟ"

အထိတ်တလန့်ဖြစ်မှုများ ချက်ချင်း ပျံ့နှံ့သွားသည်။ တန်ဟောင်အား ဝန်းရံထားသော လူငယ်စစ်သားများအားလုံး ကြောက်ရွံ့မှုကြောင့် ခြေထောက်များ တုန်ယင်လာကြသည်။

ဤမျှ ကြောက်မခန်းလိလိ ပစ်ခတ်နိုင်စွမ်းမှာ တကယ်ပဲ လူသားတစ်ယောက်ရဲ့ စွမ်းရည် ဟုတ်ပါလေသလား။

"ချူဟန်... သူက ဗိုလ်မှူးကြီးနော်"

ဟယ်ဖေးယွမ်မှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် အသံများပင် တုန်ယင်နေသည်။ တစ်ဖက်လူမှာ မည်မျှပင် စစ်သားမပီသသော အပြုအမူများ ရှိနေပါစေ စစ်တပ်စာရင်းဝင် ဗိုလ်မှူးကြီးတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

"မင်း... မင်းတို့ကများ ဗိုလ်မှူးကြီးကို ပစ်သတ်လိုက်တယ်ပေါ့လေ"

ဟယ်ဖေးယွမ်၏ စကားကြောင့် သတိဝင်လာသော တစ်ဖက်စစ်သားများလည်း ချူဟန်နှင့် ချန်ရှောက်ရယ်တို့ထံသို့ သေနတ်ပြောင်းဝများကို တစ်ပြိုင်နက်တည်း ချိန်ရွယ်လိုက်ကြသည်။

သို့သော် သူတို့၏ ဦးထုပ်များမှာ တုန်ယင်နေကာ လက်များမှာလည်း တဆက်ဆက် တုန်ယင်နေသည်။ သေနတ်ကျည် မည်သို့ ထည့်ရမည်ကိုပင် နားမလည်ကြသေးပေ။ ပုံမှန်အားဖြင့်ဆိုလျှင် အလွန်အမင်း တင်းမာနေမည့် အခြေအနေ ဖြစ်သင့်သော်လည်း ယခုအခါတွင်မူ တစ်နည်းနည်းဖြင့် ရယ်စရာပင် ကောင်းနေတော့သည်။

" နေဦး... အားလုံးပဲ စိတ်အေးအေးထားကြပါဦး "

စစ်သားဟောင်း ဟယ်ဖေးယွမ်မှာ အလျင်အမြန်ပင် အခြေအနေကို ထိန်းသိမ်းရန် ရှေ့ထွက်လာသည်။ အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူ၏ နဖူးတွင် ချွေးစေးများ အပြည့် ပြည့်နှက်နေလေသည်။

သို့သော် ကံမကောင်းစွာပင် ချူဟန်သည် ဟယ်ဖေးယွမ်၏ မျက်နှာကို ထောက်ထားမည် မဟုတ်ပေ။ ယခုအခါ သူနှင့် မျက်မှောက်ရှိ လူများမှာ လုံးဝ ပြန်လည်သင့်မြတ်၍ မရနိုင်သော ဆက်ဆံရေးမျိုး ဖြစ်သွားခဲ့လေပြီ။

တန်းစီနေသော သေနတ်ပြောင်းဝများက သူ့ကို တည့်မတ်စွာ ချိန်ရွယ်ထားသော်လည်း ချူဟန်သည် အနည်းငယ်မျှ ကြောက်ရွံ့သော အရိပ်အယောင် မပြပေ။ ထိုမျှမက အလွန် မာနထောင်လွှားသော အပြုံးတစ်ခုကိုပင် ပြုံးလိုက်သေးသည်။

သူသည် ခြေလှမ်းကို ညင်သာစွာ လှမ်းကာ ဘေးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ သူ၏ ပုံစံမှာ ဗိုလ်ချုပ်ကြီး တစ်ဦးက ပုန်ကန်သူများကို ငုံ့ကြည့်နေသကဲ့သို့ မောက်မာဝင့်ကြွားနေပေသည်။

"စစ်သားတွေ ဟုတ်လား"

ချူဟန် လမ်းလျှောက်နေရင်း အလွန် လှောင်ပြောင်ချင်စရာကောင်းသော လေသံဖြင့် ပြောလိုက်သည်။

"မင်းတို့ စစ်တပ်ထဲ ဝင်လာတာ တစ်လတောင် မပြည့်သေးဘူး မဟုတ်လား။ သေနတ်ကိုတောင် သေချာ မကိုင်တတ်တဲ့ကောင်တွေက အဲဒီ စစ်ဝတ်စုံကို ဝတ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေတာလား"

ချူဟန်၏ ဤလုပ်ရပ်မှာ လူအများရှေ့၌ ပွင့်လင်းစွာ ရန်စလိုက်ခြင်းဖြစ်ပြီး အလွန်အမင်း မောက်မာခြင်းပင် ဖြစ်သည်။

ယဲ့ချန်၊ ချန်ရှန်ကော်၊ ယွဲ့ဇီ တို့မှာ ရင်တဒိတ်ဒိတ် ခုန်လာကြသည်။ ချူဟန်၏ အစွမ်းအစကို သူတို့ သိရှိထားသော်လည်း အာဏာရှိသော စစ်တပ်ကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ပြီး အန္တရာယ်ကင်းကင်း ပြီးဆုံးသွားမည်ဟု မဖြစ်နိုင်ချေ။

ဟယ်ဖေးယွမ် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ယနေ့ ဖြစ်ရပ်မှာ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်တော့မည် မဟုတ်ကြောင်း သူ နားလည်လိုက်သည်။

တစ်ဖက်တွင်မူ ရှန်ကျိုတီသည် ချူဟန်၏ လှုပ်ရှားမှုကို ကြည့်ကာ တိတ်တဆိတ် ရင်ခုန်မြန်လာသည်။

'ဒီလူ... ထပ်ပြီး လမ်းလျှောက်နေပြန်ပြီ'

ချူဟန် ဖြည်းညင်းစွာ လမ်းလျှောက်သည့် အချိန်တိုင်း... သူ၏ သတ်ဖြတ်လိုစိတ် အမြင့်ဆုံးသို့ ရောက်ရှိသွားခြင်းကို ပြသနေခြင်းပင် ဖြစ်သည်။

အမှန်တကယ်ပင်...

" အားလုံးပဲ "

ရုတ်တရက် ချူဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ၏ နက်မှောင်သော မျက်ဝန်းအစုံ၌ ကိန်းအောင်းနေသည့် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များမှာ အမြင့်ဆုံးအထိ ကြီးထွားလာတော့သည်။ "တစ်ယောက်မကျန် သတ်ပစ်"

ချန်ရှောက်ရယ်သည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ သေနတ်ကို ချိန်ရွယ်လိုက်သည်။ ကြောက်မခန်းလိလိ တည်ငြိမ်အေးဆေးမှုဖြင့် ထိုလူအုပ်ကြီးထံသို့ ခလုတ်ဆွဲလိုက်တော့သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ကျည်ဆန်များ ပစ်ခတ်လိုက်သည့် အမြန်နှုန်းမှာ အံ့မခန်းဟုသာ ဆိုရမည် ဖြစ်သည်။ တစ်ဖက်လူ ဆယ်ဂဏန်းကျော်မှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းစွာပင် တုံ့ပြန်နိုင်ခြင်း မရှိကြပေ။

လူအချို့က သေနတ်ထဲသို့ ကျည်ဆန်များကို ကမန်းကတန်း ထည့်ရန် ကြိုးစားကြသော်လည်း စူးရှသော မျက်စိရှိသည့် ချန်ရှောက်ရယ်ကြောင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို အပစ်ခံလိုက်ကြရသည်။

ဤသည်မှာ ဆင့်ကဲပြောင်းလဲသူ များ၏ ကြောက်မခန်းလိလိ အင်အားပင် ဖြစ်သည်။ သီးခြားကဏ္ဍတစ်ခုမှာ အစွန်းရောက်တဲ့အထိ ဆင့်ကဲပြောင်းလဲသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေက သာမန်အသိဉာဏ်နဲ့ ခန့်မှန်းလို့မရနိုင်လောက်အောင်ပါပဲ။ ထို့အပြင် တစ်ဖက်ရှိ လူဆယ်ဂဏန်းကျော်မှာ လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံဟူ၍ လုံးဝမရှိသော သာမန်လူများသာ ဖြစ်နေကြသည်။

တစ်ချက်ပစ်လျှင် တစ်ယောက်။ ဘဲများကို သတ်ဖြတ်နေသည့်အလား အသက်ဝိညာဉ်များ ဆက်တိုက် သုတ်သင်ခံနေရသည်။

ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်လောက်အောင် အံ့ဩမှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့သွားလေသည်။

ချူဟန်က စစ်တပ်ကိုများ တကယ်ပဲ တိုက်ခိုက်ဖို့ လုပ်ရဲတယ်ပေါ့။ တစ်ဖက်လူတွေက ဧရာမ စစ်ဒေသကြီးက လူတွေလေ။ သူက မကြောက်ဘူးလား။

လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်မှာ ချူဟန်တို့၏ လုပ်ရပ်တစ်ခုတည်းကြောင့် မဟုတ်ပေ။ ချန်ရှောက်ရယ်၏ ကြောက်စရာကောင်းလောက်အောင် နတ်ဘုရားတစ်ပါးပမာ ပစ်ခတ်နိုင်သည့် သေနတ်ပစ်စွမ်းရည်ကြောင့်လည်း ဖြစ်သည်။

စစ်သားများစွာနှင့် ဗိုလ်မှူးကြီး အပါအဝင် လူဆယ်ဂဏန်းကျော်၏ အသက်ကို နှုတ်ယူသွားချိန်အတွင်း သူ ကျည်ကတ် လဲလှယ်ခဲ့သည်မှာ တစ်ကြိမ် တည်းသာ ဖြစ်သည်။ အလဟဿ ဖြစ်သွားသော ကျည်ဆန်ဟူ၍ တစ်တောင့်မျှ မရှိခဲ့ပေ။ စစ်သားများမှာ ထွက်ပြေးရန် အချိန်ပင်မရလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်း အသက်ထွက်သွားကြလေသည်။

အားလုံး သေဆုံးသွားသည်။

တစ်ခဏအတွင်း ဖြစ်ပျက်သွားသော ကိစ္စရပ်ပင် ဖြစ်သည်။

ချူဟန်သည် အနီးအနားတွင် ရပ်ကာ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလောက်အောင် အေးစက်လှပေသည်။

'ငါ့လူတွေကို ထိရဲတဲ့အတွက် တစ်ယောက်မကျန် သတ်ပစ်မယ်'

သူ၏ ဟန်ပန်မှာ အသံတိတ်ဖြင့် ထိုသို့ ပြောဆိုနေသည့်အလားပင်။

ထုံမြို့မှ စတင်ကာ အတူတကွ လိုက်ပါလာခဲ့သော ယဲ့ချန် နှင့် ချန်ရှန်ကော် တို့မှာ အံ့ဩမှင်သက်စွာ ရပ်နေမိကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူတို့၏ ရင်ထဲ၌ နက်ရှိုင်းသော ပီတိများ လျှံတက်လာတော့သည်။

ချူဟန်သည် သူတို့အတွက် စစ်ဒေသမှ လူများနှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကိုယ့်လူကိုယ် ကာကွယ်ပေးသည် ဆိုသည့် အဆင့်လောက် သာမကတော့ပေ။ စာသားအတိုင်း အတိအကျ ပြောရလျှင် အသက်စွန့်၍ သူတို့ကို ကာကွယ်ပေးခဲ့ခြင်းပင် ဖြစ်ပေသည်။

"ချူ... ချူဟန်... ဒါက"

စစ်သားဟောင်း ဟယ်ဖေးယွမ် ခြေထောက်များ တုန်ယင်နေလျက် အော်ဟစ်လိုက်သည်။

"ပြဿနာတော့ တက်ပီကွ"

ရှန်ကျိုတီလည်း တစ်ခဏမျှ အသက်ရှုမှားသွားသော်လည်း ချက်ချင်း ပြန်လည်တည်ငြိမ်သွားလေသည်။

စစ်တပ်ကို ရန်စမိခြင်းက အနည်းငယ် ဒုက္ခများမည်မှာ အမှန်ပင် ဖြစ်သော်လည်း တကယ်တမ်းတွင် သူသည် ဗိုလ်မှူးကြီး တစ်ယောက်မျှသာ ဖြစ်သည်။

တင့်ကားထဲရှိ လူများရော၊ အခြေအနေလာကြည့်သော ဗိုလ်မှူးကြီးပါ အကုန် သေဆုံးသွားကြသည်။

ပစ်ခတ်သူ ကိုယ်တိုင်ဖြစ်သော ချန်ရှောက်ရယ်ပင်လျှင် အံ့အားသင့်သွားရသည်။

သူ သေနတ်ကို သိမ်းလိုက်ရင်း မရည်ရွယ်ဘဲ ခေါင်းစောင်းသွားမိသည်။

"ဘော့စ်... ဒီကောင်တွေ တကယ်ပဲ စစ်သားတွေ ဟုတ်ရဲ့လား"

သံသယဝင်နေသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ အခြားသူများလည်း တစ်ပြေးညီပင် နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။

မည်သို့ပင်ဆိုစေ လွန်ကဲလွန်းနေသည်။ တစ်ဖက်လူများတွင် သေနတ် မရှိသည်မဟုတ်ဘဲ ဘာကြောင့် ကျည်တစ်တောင့်မျှပင် ပြန်မပစ်နိုင်ခဲ့ရသနည်း။

ထိုမေးခွန်းအတွက် ချူဟန်က အနည်းငယ်သာ ပြုံးလိုက်သည်။

စစ်တပ်၏ လူအင်အား အလွန်အမင်း ကျဆင်းသွားသော ယခုအချိန်တွင် ဤသူများသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ထို့အပြင် လက်ရှိ ချန်ရှောက်ရယ်သည် မိမိကိုယ်တိုင် ဘယ်လောက်အထိ အစွမ်းထက်လာပြီလဲဆိုတာကို သူကိုယ်တိုင်ပင် မသိရှိသေးချေ။

ကပ်ဆိုးကမ္ဘာကြီး၏ အစောပိုင်းကာလတွင် သူ၏ ပြိုင်ဘက်ကင်းသော စွမ်းအားမျိုးရှိသည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးကို ဗိုလ်ချုပ်ရာထူး ပေးလိုက်မည်ဆိုလျှင်ပင် မထူးဆန်းပေ။

ဟယ်ဖေးယွမ်မှာ ပြောစရာစကားပင် ရှာမတွေ့တော့ဘဲ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။

ဤအခြေအနေကို ဘယ်လိုများ ဖြေရှင်းရပါ့မလဲ။

ထိုအချိန်မှာပင် အဝေးမှနေ၍ ကားအင်ဂျင်သံများ ထွက်ပေါ်လာသည်။

ထို့နောက် လူများ၏ အကြည့်ထဲတွင် စစ်ကား အများအပြား သူတို့ထံသို့ ဦးတည်လာနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုကားတန်းကြီး၏ အလယ်တွင် မောင်းနှင်လာသော ကားကြီးတစ်စီးမှာမူ မျက်စိကိုပင် မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားလေသည်။

ချူဟန် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

စစ်မှန်သော လက်နက်ကိုင်တပ်ဖွဲ့ ရောက်ရှိလာလေပြီ။

စောစောက တန်ဟောင် ဦးဆောင်လာသော လူစုမှာ မျက်မှောက်ရှိ တပ်ဖွဲ့နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

ထွက်ပြေးရန် ကြိုးစားနေသော အခြားသူများလည်း မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိသည့် ချူဟန်၏ ခံ့ညားသော ပုံစံကို မြင်တွေ့ပြီးနောက် တွေဝေသွားကာ ထိုနေရာတွင် ဆက်နေရန် ရွေးချယ်လိုက်ကြသည်။

လုံးဝ ဒေါသထွက်အောင် မလုပ်သင့်သော တစ်ဖက်လူကို ရန်စမိလိုက်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူတို့သည် ရှစ်ကျားကျွမ်း အသက်ရှင်ကျန်ရစ်သူစခန်း ဆိုသော တည်ရှိမှုကို လုံးလုံးလျားလျား စိတ်ပျက်နေခဲ့ပြီဖြစ်သောကြောင့် ချူဟန်ကို ယုံကြည်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ခွမ်းချန် ကားကြီးပေါ်မှ ဆင်းလာသည်။

ဗိုက်ရွှဲကြီးကို လှုပ်ခါလျက် ထွက်လာသော သူ၏ဘေးတွင် သက်တော်စောင့် အချို့က အနီးကပ် လိုက်ပါလာကြသည်။ သူတို့အားလုံးမှာ လက်ထဲရှိ သေနတ်ကို အနည်းငယ်မျှပင် မတုန်လှုပ်ဘဲ ချိန်ရွယ်ထားကြသည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ခွမ်းချန် ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်မှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရေတွက်၍မရနိုင်သည့် အလောင်းများပင် ဖြစ်သည်။

သူ၏ ယုံကြည်ရသော လူယုံတော် ဗိုလ်မှူးကြီး တန်ဟောင် ပင်လျှင် အသတ်ခံလိုက်ရသည်။

" ခုနက သေနတ်ပစ်တဲ့ကောင် ဘယ်ကောင်လဲ...အတော်သတ္တိကောင်းနေပါလား " ကမ္ဘာပျက်ကပ်ထဲတွင် အာဏာကို ဆုပ်ကိုင်ထားပြီး တစ်နေ့ထက်တစ်နေ့ မောက်မာလာသော ဤဗိုလ်ချုပ်၏ မျက်နှာပေါ်တွင် ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

" စစ်တပ်က စစ်သားတွေကို သတ်ရဲတယ်ဆိုတော့... မင်းတို့က သေချင်နေတာလား "

ချူဟန်တို့ တုံ့ပြန်မှု မပေးနိုင်ခင်မှာပင် ကားကြီး၏ တံခါး ထပ်မံ ပွင့်လာပြီး အလွန် ဒေါသထွက်နေသော မျက်နှာဖြင့် ခွမ်းကျိရန် ထွက်ပေါ်လာသည်။

ကမ္ဘာကြီး မှောင်မိုက်သွားပြီးနောက်ပိုင်း လူသားအားလုံး၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ မျက်စိတစ်မှိတ်အတွင်း အံ့မခန်း ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်လာခဲ့ကြသည်။ သာမန်အရပ်သား တစ်ယောက်ဖြစ်သော ခွမ်းကျိရန် ပင်လျှင် ယခုအခါ ကိုယ်တိုင် လမ်းလျှောက်နိုင်သည့်အထိ ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။

ချူဟန် ခုတ်ဖြတ်လိုက်သော ထိုလက်တစ်ဖက်မှာမူ လုံးဝ အသုံးမဝင်တော့သည့် အမှန်တရားမှလွဲ၍...

"အဖေ... ဘာလို့ ကားရပ်လိုက်တာလဲ"

သားဖြစ်သူ၏ အသံကို ကြားလိုက်သည်နှင့် ဗိုလ်ချုပ် ခွမ်းချန် ကမန်းကတန်း အော်ဟစ်လိုက်သည်။

" တစ်ယောက်ယောက် ငါ့သားကို မြန်မြန် တွဲပေးလိုက်ကြစမ်း "

နောက်ကွယ်ရှိ ကားများပေါ်မှ စစ်သားများ ကပျာကယာ ဆင်းလာကြပြီး ခွမ်းကျိရန်ကို သေချာစွာ ဝိုင်းရံထားလိုက်ကြသည်။

ချူဟန် မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

သူ အလောတကြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို အလျင်စလို စကားပြောခြင်းလည်း မရှိခဲ့ပေ။ အမှန်တကယ်ပင် သူသည် အတိတ်ဘဝ၌ ဤ ရှစ်ကျားကျွမ်း စစ်ဒေသ စခန်းသို့ လာရောက်ဖူးသည်။ ထို့ကြောင့်ပင် လက်ရှိ ဤစစ်ဒေသ၏ အတွင်းရေးကို မည်သူ့ထက်မဆို ပို၍ တိကျစွာ သိရှိထားခြင်း ဖြစ်သည်။

အချိန်အနည်းငယ်အလိုက ရေဒီယို ထုတ်လွှင့်မှုမှ ပြောကြားနေသော ကြီးကျယ်ခမ်းနားပြီး မျှော်လင့်ချက် အပြည့်ရှိသည့် အခြေအနေများနှင့်မူ လုံးဝ အလှမ်းဝေးလှသည်။ ဤစစ်ဒေသသည် ပြီးခဲ့သည့်အပတ် ကတည်းက အဆင့်လိုက် ဆုတ်ခွာမှုများကို စတင်ခဲ့ပြီဖြစ်ပြီး ရှစ်ကျားကျွမ်းမြို့မှာ မကြာမီ ကျဆုံးရမည့် ကံကြမ္မာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချူဟန်၏ ခန့်မှန်းချက် မှန်ကန်ပါက ခွမ်းချန် ဦးဆောင်သော ဤတပ်ဖွဲ့မှာ နောက်ဆုံး ဆုတ်ခွာမည့်အဖွဲ့ ဖြစ်ရမည်။

ယခုလေးတင် ချူဟန် မည်သည့် တွေဝေမှုမျှမရှိဘဲ လက်ပါခဲ့ခြင်းမှာလည်း ဤတပ်ဖွဲ့၏ အမှန်တကယ် အခြေအနေကို ကောင်းစွာ သိရှိထားခြင်းကြောင့်ပင် ဖြစ်သည်။

စွမ်းရည်ရှိသော ထူးချွန်သူများမှာ ရှေ့ပြေးတပ်ဖွဲ့အဖြစ် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သော ဤတပ်ဖွဲ့မှာ အသုံးမကျသော သာမန်လူများသာဖြစ်ပြီး ရှစ်ကျားကျွမ်းမြို့မှာလည်း စစ်တပ်၏ စွန့်ပစ်နယ်မြေ အဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်သည်။

"မလာနဲ့။ ငါက မသန်စွမ်း မဟုတ်ဘူးကွ"

ခွမ်းကျိရန်က တွဲပေးရန် ကြိုးစားသူများကို ကြမ်းတမ်းစွာ ခါထုတ်လိုက်သည်။

" အနှောင့်အယှက်ပေးတဲ့ ကောင်တွေ အကုန်သတ်ပစ်။ ငါ ဒီနေရာမှာ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ဘူး"

ထိုသို့ အော်ဟစ်ဆဲဆိုလိုက်ပြီးနောက် ခွမ်းကျိရန် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ချူဟန်ကတော့ အေးစက်စက် အပြုံးဖြင့် သူ့ကို အကဲခတ်သလို ကြည့်နေခဲ့သည်။

ချူဟန်၏ ထိုမျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ခွမ်းကျိရန်၏ ရင်ထဲတွင် မုန်းတီးမှုနှင့် ဒေါသတရားများ ပေါက်ကွဲထွက်မတတ် ကြီးထွားလာတော့သည်။

All Chapters