အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆) ပစ်ပေါက်ပြီး သတ်ပစ်မယ်
"စစ်တပ်ကို သေနတ်နဲ့ ပစ်ရဲတယ်ပေါ့။ သေဒဏ်ပေးရမယ်"
ဗိုလ်ချုပ် ခွမ်းချန်မှာ သားဖြစ်သူ၏ ဖြူရော်နေသော မျက်နှာကို သတိမထားမိဘဲ တံတွေးများ လွင့်စင်မတတ် အော်ဟစ်ဆဲဆိုနေလေသည်။
"အဖေ..."
ခွမ်းကျိရန်သည် ဗိုလ်ချုပ် ခွမ်းချန်၏ အရှေ့သို့ ခြေနှစ်လှမ်းသုံးလှမ်းခန့် တိုးထွက်သွားပြီး ချူဟန်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
"သူပဲ... အဲဒီကောင်ပဲ"
"ဘာဖြစ်လို့လဲ"
ဗိုလ်ချုပ် ခွမ်းချန်မှာ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
"ကျွန်တော့် လက်တစ်ဖက်ကို... ဖြတ်သွားတာ အဲဒီကောင်ပဲ"
ခွမ်းကျိရန်က သွားကြိတ်လျက် အော်ဟစ်လိုက်သည်။
"ဘာ..."
ဗိုလ်ချုပ် ခွမ်းချန်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။ ချူဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သော သူ၏ မျက်ဝန်းများ၌ ရက်စက်သော သတ်ဖြတ်လိုစိတ်များ အထင်းသား ပေါ်လွင်နေသည်။
ဤကောင်လေး၏ အသက်မှာ ဤနေရာတွင်ပင် အဆုံးသတ်ရတော့မည် ဖြစ်သည်။
" အဖေရှိနေသရွေ့ သူတို့ကို လုံးဝ အလွတ်မပေးဘူး "
ခွမ်းကျိရန်အား ချော့မော့လိုက်ပြီးနောက် ရင်ကွဲမတတ် နာကျင်ခံစားနေရသော ဗိုလ်ချုပ် ခွမ်းချန်သည် မိစ္ဆာတစ်ကောင်ပမာ ချူဟန်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ ရူးသွပ်နေသူတစ်ဦးအလား ဟိန်းဟောက်လိုက်တော့သည်။
" ငါ့သားကိုတောင် လက်ပါရဲတယ်ပေါ့။ မင်း ငါ ဘယ်သူလဲဆိုတာ သိရဲ့လား"
ချူဟန်သည် သူ့ကို တစ်ချက်သာ စိုက်ကြည့်လိုက်ပြီးနောက် အနောက်ဘက်၌ ရပ်နေသော စစ်သားများထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
အယောက်နှစ်ဆယ်။ ထိုအထဲတွင် ဆယ့်ကိုးယောက်မှာ သာမန်အရပ်သားများဖြစ်ပြီး တစ်ယောက်သာ ပထမအဆင့် ဆင့်ကဲပြောင်းလဲသူ ဖြစ်သည်။ အနောက်ဘက်မှ ဆက်တိုက် ရောက်ရှိလာသော ကားတန်းကြီးထဲတွင် ကားပေါ်မှ ဆင်းမလာသော စစ်သားအချို့လည်း ရှိနေသေးသည်။
ကြည့်ရသည်မှာ ဤလူကြီးက ထိုမျှလောက် သြဇာညောင်းပုံ မပေါ်ပေ။
လုံးလုံးလျားလျား လျစ်လျူရှုထားသော ချူဟန်၏ အပြုအမူက ဗိုလ်ချုပ် ခွမ်းချန်၏ ဒေါသကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။ သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခါးကြားရှိ ပစ္စတိုသေနတ်ဆီသို့ လက်လှမ်းလိုက်လေသည်။
ဤကောင်လေးကို ယခုချက်ချင်း ပစ်သတ်ပစ်မည်။
ထိုအချိန်မှာပင် ရှန်ကွမ်းယွီရှင်း တွဲခေါ်လာသဖြင့် ကားပေါ်မှ ဆင်းလာသော လော့ရှောင်ရှောင်က ထိုမြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။
သူမက ရုတ်တရက် လက်ညှိုးထိုးကာ ခွမ်းကျိရန်ကို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"နင်ပဲ"
လော့ရှောင်ရှောင်၏ အသံမှာ အညှာအတာကင်းမဲ့ပြီး အလွန် ကျယ်လောင်လှသည်။ ခွမ်းချန်နှင့် ခွမ်းကျိရန် သားအဖသာမက ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အကြည့်များမှာ သူမထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားတော့သည်။ အားလုံး အံ့အားသင့်ကာ အသက်အောင့်သွားကြသည်။
ကလေးမလေးလား။ အသက် ၁၂ နှစ်အရွယ်လောက်သာ ရှိသေးသည့် ချစ်စရာ ကလေးမလေးတစ်ယောက် မဟုတ်လား။
"သောက်လူယုတ်မာကောင်"
လော့ရှောင်ရှောင်က မာထန်စွာ ဆဲရေးလိုက်သည်။ ဗိုလ်ချုပ် ခွမ်းချန်၏ အနောက်တွင်ရှိနေသော ခွမ်းကျိရန်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်နှာလေး နီရဲသွားကာ အလွန် ဒေါသထွက်သွားတော့သည်။
သူမ ခါးကိုကိုင်းကာ မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး ခွမ်းကျိရန်ထံသို့ အားကုန်လွှဲ၍ ပစ်ပေါက်လိုက်လေသည်။
ခွပ်...
ခွမ်းကျိရန်၏ မျက်နှာပေါ်တွင် စူးရှသော နာကျင်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ကျောက်ခဲမှာ သူ၏ မျက်နှာကို အတိအကျပင် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။
လော့ရှောင်ရှောင်၏ လှုပ်ရှားမှုများမှာ ရေစီးကြောင်းပမာ အလွန် မြန်ဆန်လွန်းလှသဖြင့် ဘေးတွင်ရှိနေသော ယွီရှင်း တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ကျောက်ခဲမှာ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
စစ်ဆရာဝန်မလေး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ လော့ရှောင်ရှောင်မှာ မာနကြီးသော စရိုက်ရှိမှန်း သူမ သိထားသော်လည်း ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
တစ်ဖက်လူမှာ ဗိုလ်ချုပ်၏ သား ဖြစ်နေသည်မဟုတ်ပါလား။
"ပစ်ပေါက်ပြီး သတ်ပစ်မယ်"
လော့ရှောင်ရှောင်က ကျောက်ခဲဖြင့် ပစ်ပေါက်ရင်း ဆဲဆိုလိုက်သည်။
"ငါ့ကို ဝင်တိုက်သွားတဲ့ကောင်။ ပစ်ပေါက်ပြီး သတ်ပစ်မယ်"
လော့ရှောင်ရှောင် ပစ်ပေါက်လိုက်သော ကျောက်ခဲ မျက်နှာကို ထိမှန်သွားသဖြင့် ခွမ်းကျိရန်မှာ တစ်ခါမှ မခံစားဖူးသော အရှက်ရမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သူ၏ မျက်ဝန်းအစုံမှ ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ ချူဟန် သူ့ဘယ်ဘက်လက်ကို ခုတ်ဖြတ်သွားခဲ့သည့် နာကြည်းမှုများပါ ပေါင်းစပ်သွားသောအခါ သူ၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။
"သောက်ကလေးမ... ငါ ဝင်တိုက်တာကိုတောင် ကျေးဇူးတင်သင့်တာ။ သောက်ကောင်မ။ ငါ ဘယ်သူလဲဆိုတာ နင် သိရဲ့လား။ ငါ့ကိုယ်ထဲမှာ ဘယ်သူ့သွေး စီးဆင်းနေလဲဆိုတာ သိရဲ့လား။ ငါ ပြောပြမယ်။ ငါ့အဖေက ခွမ်းချန် ကွ။ မင်းတို့လို ဒုက္ခသည်အကောင်တွေ ခွမ်းချန်ဆိုတာ ဘယ်သူလဲ သိရဲ့လား။ ငါ့အသက်က မင်းတို့ အားလုံးရဲ့ အသက်ထက် ပိုတန်ဖိုးရှိတယ်ကွ"
"ပြီးတော့... မင်း..."
ခွမ်းကျိရန်က သွေးကြောများနီရဲနေသော မျက်လုံးများဖြင့် ချူဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လျက် အော်ဟစ်လိုက်သည်။
"ချူဟန်ဆိုလား... ငါ့လို အဆင့်အတန်းရှိတဲ့လူကို ရန်စရင် ဘာဖြစ်သွားမလဲဆိုတာ ဒီနေ့ မင်းကို သေသေချာချာ မှတ်လောက်သားလောက်ဖြစ်အောင် ပြပေးမယ်"
"ပစ်... ပစ်စမ်း။ ဒီကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်"
ခွမ်းကျိရန် ရူးသွပ်နေသူတစ်ဦးအလား အော်ဟစ်လိုက်သည်။
"ငါ့သားကိုတောင် ထိရဲတယ်ပေါ့လေ"
ဗိုလ်ချုပ် ခွမ်းချန်၏ ဒေါသမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက တုန်ယင်နေသော လက်ချောင်းများဖြင့် ချူဟန်တို့ကို လက်ညှိုးထိုးလိုက်သည်။
"အကုန်သတ်ပစ်။ ဒီကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်။ အထူးသဖြင့် ချူဟန်ဆိုတဲ့ ကောင်နဲ့ ဟိုကောင်မကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
ချက်... ချက်... ချက်...
တန်းစီနေသော သေနတ်ပြောင်းဝများက ချူဟန်တို့ထံသို့ တစ်ပြိုင်နက်တည်း ချိန်ရွယ်လာကြသည်။
ဤနေရာရှိ စစ်သားအားလုံးသည် ဗိုလ်ချုပ် ခွမ်းချန် သားဖြစ်သူကို အတိုင်းအဆမသိ အလိုလိုက်ထားကြောင်း သိထားကြသည်။ ယနေ့တော့ သူတို့အားလုံး ဤနေရာတွင် အသက်ဆုံးရှုံးရမည့် ကံကြမ္မာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"နေဦး။ သေနတ်တွေ ချထားလိုက်ကြ"
သေနတ်ပြောင်းဝမှ ကျည်ဆန်များ ပစ်ထွက်တော့မည့် ထိုအခိုက်အတန့်မှာပင် စစ်သားများထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် အရှေ့သို့ ခြေအနည်းငယ် လှမ်းထွက်လာပြီး ချူဟန်နှင့်အတူ ရပ်နေသော အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးထံသို့ အော်ဟစ်လိုက်သည်။
"ချူရှား... ချူရှား လား"
"အဖေ... အဖေလား"
ချူဟန်၏ အနောက်တွင် ရပ်နေသော ချူရှားသည် မယုံကြည်နိုင်စွာ ပါးစပ်ကို အုပ်လိုက်ပြီး အလွန်အမင်း ဝမ်းသာသွားကာ ပြေးသွားရန် ပြင်လိုက်သည်။
"အဖေ... အဖေ"
ချူရှားသည် အလယ်တန်းကျောင်းမှ ပညာသင်ယူပြီးစ ကောင်မလေးတစ်ဦးသာ ဖြစ်ပြီး ထုံမြို့တွင် မိခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်။ သူမ၏ ဖခင်မှာ ဤ ရှစ်ကျားကျွမ်း စစ်ဒေသ၌ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။
သို့သော် ကမ္ဘာပျက်ကပ် ရောက်ရှိလာမှုကြောင့် သူမ၏ မိခင်မှာ အသေဆိုးဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ သူမအနေဖြင့် ဤနေရာမျိုးတွင် ဖခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ထိန်းချုပ်၍မရသော ခံစားချက်များ လျှံတက်လာကာ ဖခင်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။
မျက်နှာချင်းဆိုင်တွင် ရှိနေသော ချူရှား၏ ဖခင်မှာလည်း စကားဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းသာပီတိဖြစ်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ ကမန်းကတန်း သေနတ်ကို သိမ်းလိုက်ပြီး သမီးဖြစ်သူအား ဖက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်...
ဒိုင်း...
ခွမ်းကျိရန်၏ လက်ထဲရှိ ပစ္စတိုသေနတ်ဆီမှ မီးခိုးဖြူများ ထွက်ပေါ်လာသည်။
"သေချင်နေတာပဲ"
ချူရှား၏ ပျော်ရွှင်မှုများမှာ မျက်စိတစ်မှိတ်အတွင်း အေးခဲသွားပြီး တစ်ကိုယ်လုံးရှိ သွေးများ ရေခဲပမာ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
သူမ၏ မျက်စိရှေ့မှာပင် ဖခင်ဖြစ်သူသည် ညာဘက်ခြေထောက်ကို အပစ်ခံလိုက်ရသဖြင့် ဒူးတစ်ဖက်ထောက်ကာ လဲကျသွားလေသည်။ ဒဏ်ရာဆီမှ သွေးများ အဆက်မပြတ် ပန်းထွက်နေသည်။
ချူရှား၏ ဖခင်မှာလည်း တစ်ခဏမျှ အကြောက်တရားကြောင့် မျက်နှာပျက်သွားသည်။ သူ ဒူးတစ်ဖက် ထောက်ထားလျက်ဖြင့် မယုံကြည်နိုင်သော အမူအရာနှင့် သေနတ်ပစ်လိုက်သော ခွမ်းကျိရန်ကို လှည့်ကြည့်လိုက်သည်။
"သူက ကျွန်တော့်သမီးပါ။ သမီးနဲ့ ပြန်ဆုံတာကိုတောင် ခွင့်မပြုနိုင်ဘူးလား"
"ဘယ်သူက သားအဖတွေ ပြန်ဆုံဖို့ ခွင့်ပြုထားလို့လဲ။ မင်းတို့မှာ အဲဒီ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
ခွမ်းကျိရန်က အော်ဟစ်ဆဲဆိုလိုက်သည်။
"ဒီ ခွေးကောင်တွေ... အောက်တန်းစားတွေကို အမြန်သတ်ပစ်စမ်း။ နောက်ထပ် ခြေတစ်လှမ်း တိုးရဲတဲ့ကောင်ရှိရင် အကုန်လုံးကို သတ်ပစ်မယ်"
ဗိုလ်ချုပ် ခွမ်းချန်သည် သားဖြစ်သူ၏ ရက်စက်သော လုပ်ရပ်ကို တားဆီးရန် မကြိုးစားခဲ့ပေ။ ခွမ်းကျိရန်၏ လက်တစ်ဖက်ကို ချူဟန်က ခုတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ သက်တော်စောင့် တစ်ယောက် အသက်ပေးရပါစေ၊ အကယ်၍ သားဖြစ်သူက ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးကို သတ်ပစ်လိုက်လျှင်တောင် သူ မျက်ခုံးတစ်ချက် ပင့်မည် မဟုတ်ပေ။
မျက်မှောက်ရှိ ဒုက္ခသည်များဖြစ်စေ၊ သူ၏ လက်အောက်ငယ်သား စစ်သားများဖြစ်စေ သူ့သားနှင့် ယှဉ်လျှင် မည်သည့် တန်ဖိုးမျှ မရှိပေ။
"မြန်မြန် မလုပ်ကြဘူးလား"
ဗိုလ်ချုပ် ခွမ်းချန်က သေနတ်ချိန်ရွယ်ထားလျက် မလှုပ်မယှက် ရှိနေကြသော ပတ်ဝန်းကျင်ရှိ စစ်သားများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
စစ်သားများအားလုံးမှာ နာကျင်ခါးသီးသော အမူအရာဖြင့် မျက်မှောင်ကြုတ်နေကြသည်။ သူတို့သည် တစ်ခဏမျှ အမိန့်ကို နာခံရန် တုံ့ဆိုင်းသွားကြခြင်း ဖြစ်သည်။
ခွမ်းကျိရန် နှင့် ဗိုလ်ချုပ် ခွမ်းချန် တို့၏ အပြုအမူက သူတို့၏ စိတ်ကို လုံးလုံးလျားလျား အေးစက်သွားစေသည်။ သူတို့သည် စစ်သားများဖြစ်ပြီး အမိန့်ကို နာခံရမည့်သူများ ဖြစ်သော်လည်း သူတို့၌လည်း မိသားစု ရှိသည်၊ မိတ်ဆွေ သူငယ်ချင်းများ ရှိပေသည်။
အရှေ့တွင် မှောက်လျက်လဲကျနေသော လူလတ်ပိုင်းအရွယ် စစ်သားမှာ သူတို့၏ ရဲဘော်ရဲဘက်ဖြစ်ပြီး သေအတူ ရှင်မကွာ ရင်ဆိုင်ခဲ့ရသော လုပ်ဖော်ကိုင်ဖက်ပင် ဖြစ်သည်။ သူသည် သမီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့လိုရုံသာ ဖြစ်ပါလျက်နှင့် ခွမ်းကျိရန်က ခြေထောက်ကို ပစ်ခတ်သွားခဲ့သည်။
ထို့အပြင် ဗိုလ်ချုပ် ဖြစ်သော ခွမ်းချန်မှာလည်း တားဆီးရန် နေနေသာသာ သားဖြစ်သူ၏ ရက်စက်သော လုပ်ရပ်ကို အသံတိတ် ခွင့်ပြုထားလေသည်။
လွန်ကဲလွန်းလှပေသည်။
"မြန်မြန် သတ်ပစ်လို့ ပြောနေတယ်လေ"
ခွမ်းကျိရန်က မလှုပ်မယှက် ဖြစ်နေသော စစ်သားများကို မြင်သောအခါ ရုတ်တရက် ဘေးတွင်ရှိနေသော တစ်ယောက်ကို အားကုန်လွှဲ၍ ကန်ကျောက်လိုက်တော့သည်။
"ဒီ ခွေးကောင်တွေ... အောက်တန်းစားတွေ။ ဟို ဒုက္ခသည်တွေနဲ့ အတူတူ လောက်ကောင်တွေပဲ။ သေအောင် ကန်ပစ်မယ် "
ဘုန်း...ဘုန်း...
အညှာအတာ ကင်းမဲ့သော ကန်ချက်များက တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် ကျရောက်လာသည်။
မခုခံဘဲ မြေပြင်ပေါ် လဲကျနေသော စစ်သားကို ခွမ်းကျိရန်က မျက်နှာကိုပင် ဖိနင်းကာ ကြမ်းတမ်းစွာ ကြိတ်ခြေလိုက်လေသည်။ လူငယ်စစ်သား၏ မျက်နှာမှာ သွေးသံရဲရဲ ဖြစ်သွားတော့သည်။
စစ်သားများ၏ မျက်နှာပေါ်တွင် ဒေါသများ ပေါ်လွင်လာပြီး သေနတ်ကိုင်ထားသော လက်များမှာ တဆက်ဆက် တုန်ယင်လာကြသည်။ သို့သော် သူတို့ ဘာမှ မတတ်နိုင်ကြပေ။
မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေသော ချူရှား၏ ဖခင်မှာ အသည်းအသန် ထရန် ကြိုးစားနေရင်း သမီးဖြစ်သူအား မျက်လုံးဖြင့် ဆက်တိုက် အချက်ပြနေလေသည်။
မလာနဲ့။ မြန်မြန် ထွက်ပြေးတော့...
ချူရှားသည် မျက်ရည်များကို ကြမ်းတမ်းစွာ သုတ်ပစ်လိုက်သည်။ ဖခင်၏ စကားကို နားထောင်၍ ထွက်ပြေးခြင်း မပြုဘဲ သူမသည် ချူဟန်၏ အရှေ့သို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။
ကမ္ဘာပျက်ကပ်ထဲတွင် ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရသဖြင့် ဒဏ်ရာဗရပွ ဖြစ်နေသော လက်နှစ်ဖက်ဖြင့် သူမသည် ချူဟန်၏ အင်္ကျီစကို အသေအလဲ ဆွဲကိုင်လိုက်တော့သည်။
ကောင်မလေးမှာ အားကိုးရာမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ရောထွေးနေလျက် အဆက်မပြတ် ရှိုက်ငိုနေလေတော့သည်။
"တောင်းပန်ပါတယ်... ကယ်ပါဦးရှင်"