← Chapters

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း ၁၅၇

Vol. 16 Ch. 157

အခန်း (၁၅၇) လုပ်မည်ဆိုလျှင်လည်း အမြစ်ပြတ်ချေမှုန်းမည်

ဟယ်ဖေးယွမ်တို့အားလုံးက မျက်စိရှေ့မှ အဖြစ်အပျက်ကို ဒေါသတကြီး ကြည့်နေကြသည်။ ရှစ်ကျားကျွမ်း စစ်ဒေသမှ ဗိုလ်ချုပ်တစ်ဦးက ဤမျှ ရက်စက်ကြမ်းကြုတ်ကာ လူမဆန်သည့် လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ပေ။

ချန်ရှောက်ရယ်မှာ သေနတ်ကျည်ထိုးထားပြီးဖြစ်ရာ ချူဟန်၏ အမိန့်တစ်ခွန်းကိုသာ စောင့်ဆိုင်းနေတော့သည်။

ဘေးနားရှိ လော့ရှောင်ရှောင်မှာမူ သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်သည်။ ခြေရင်းမှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး ခွမ်းကျိရန် မျက်နှာဆီသို့ ထပ်မံ ပစ်ပေါက်လိုက်လေသည်။

"ဒီသောက်ကောင်.. ရှင်သေဖို့သာပြင်"

လော့ရှောင်ရှောင်၏ လုပ်ရပ်က ခွမ်းကျိရန်နှင့် ခွမ်းချန်တို့၏ ဒေါသမီးကို ထပ်မံဆွပေးလိုက်သလို ဖြစ်သွားသည်။ ရိုင်းစိုင်းသော ဆဲရေးတိုင်းထွာသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"ခွေးမ... အစကတည်းက ကားနဲ့တိုက်သတ်ပစ်ခဲ့ရမှာ"

ချူရှားမှာ ချူဟန်၏ အင်္ကျီကို အသေအလဲ ဆွဲကိုင်ထားလျက် အသံပင်မထွက်နိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။ ချူရှား၏ဖခင်ကလည်း အထိတ်တလန့် အော်ဟစ်လိုက်သည်။

"မြန်မြန်ပြေးကြ.. ထွက်ပြေးကြတော့"

မိန်းကလေးက ခေါင်းမော့လာပြီး မျက်လုံးဝိုင်းကြီးများထဲတွင် တောင်းပန်ဟန်များအပြည့်ဖြင့် ချူဟန်ကို ကြည့်လာသည်။

"ချူဟန်..."

ချူဟန်က သူ၏ လက်ဝါးကြီးဖြင့် မိန်းကလေး၏ ခေါင်းကို အသာအယာ အုပ်ကိုင်လိုက်သည်။ လက်ရှိ မိမိ၏ မျက်နှာအမူအရာ မည်မျှ ကြောက်မခန်းလိလိ ဖြစ်နေသည်ကို မမြင်စေရန် သူသည် ကောင်မလေး၏ ခေါင်းကို ညင်သာစွာ ဖိချထားလိုက်သည်။ သူ၏ အသံမှာမူ မျက်နှာထားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကာ အလွန်တရာ နူးညံ့သိမ်မွေ့နေသည်။

"အနောက်ကိုသွားပြီး မျက်လုံးမှိတ်ထားလိုက်"

ရွှီး...

ထိုစကားဆုံးသည်နှင့်တစ်ပြိုင်နက် အနက်ရောင် အရိပ်တစ်ခုက အမြင့်ဆုံး အမြန်နှုန်းဖြင့် လှုပ်ရှားသွားလေသည်။

ရှူရာပုဆိန်၏ အေးစက်စက် ဓားသွားအလင်းတန်း လက်သွားသည်။ အဆုံးစွန်သော ပေါက်ကွဲအား၊ အရှိန်အဟုန်တို့နှင့်အတူ ပုဆိန်ကြီးက ခွမ်းကျိရန်၏ လည်ပင်းဆီသို့ တိုက်ရိုက် ပိုင်းချလိုက်တော့သည်။

"ရပ်လိုက်စမ်း..."

ရွှမ်း ခနဲအသံနှင့်အတူ ခွမ်းကျိရန်၏ ဦးခေါင်းကြီးမှာ ခန္ဓာကိုယ်နှင့် အဆက်ပြတ်ကာ လွင့်စင်သွားလေသည်။

မြေပြင်ပေါ်သို့ သွေးများ ပန်းထွက်သွားပြီး မောက်မာသော အမူအရာများ ကျန်ရစ်နေသေးသည့် ဦးခေါင်းကြီးမှာ မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လိမ့်ဆင်းသွားတော့သည်။ ခွမ်းကျိရန်၏ ခန္ဓာကိုယ်ကြီးမှာမူ အသက်မဲ့နေသော အလောင်းကောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

ထိုအလွန်လျင်မြန်လှသော အရှိန်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး အသက်ရှူမှားသွားကြသည်။ ချူဟန် စတင်လှုပ်ရှားသည်မှ ခွမ်းကျိရန်၏ ခေါင်းပြတ်ကျသွားသည့် အချိန်အထိ မည်သူကမျှ သတိပင် မထားမိလိုက်သလို တားဆီးရန်လည်း အခွင့်အရေး မရလိုက်ပေ။

ခွမ်းချန်၏ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားသည်။ မျက်နှာပေါ်သို့ ပူနွေးသော သွေးများ ပန်းကျလာချိန်တွင် သူက မြေပြင်ပေါ်၌ လိမ့်နေသော သားဖြစ်သူ၏ ဦးခေါင်းကို ကြက်သေသေလျက် စိုက်ကြည့်နေမိသည်။ အော်ဟစ်ရန် အချိန်ပင်မရလိုက်ဘဲ သားဖြစ်သူမှာ အသက်ပျောက်သွားခဲ့ပြီဖြစ်သည်။ ဤရုတ်တရက် အဖြစ်အပျက်ကြောင့် သူလုံးဝ အသိစိတ်လွတ်သွားတော့သည်။

အနောက်ဘက်ရှိ ဟယ်ဖေးယွမ်တို့မှာလည်း အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။ အခြားသူများလည်း ချက်ချင်းပင် ဦးနှောက်များ အလုပ်မလုပ်တော့ဘဲ မယုံနိုင်ဖွယ် အကြည့်များဖြင့် ကြည့်နေမိကြသည်။

ချူဟန်က လူအများရှေ့တွင် ခွမ်းကျိရန်၏ ခေါင်းကို ပြတ်သားစွာ ခုတ်ဖြတ်လိုက်ခြင်းပင်‌ ဖြစ်သည်။

သို့သော် လော့ရှောင်ရှောင်နှင့် ချန်ရှောက်ရယ်တို့ နှစ်ဦးတည်းကသာ ကွဲပြားနေခဲ့သည်။ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ စိတ်ထဲတွင် ကျေနပ်စွာ အော်ဟစ်လိုက်ကြသည်။

‘တော်ချက်ပဲ’

ချူဟန်က လက်ထဲရှိ ရှူရာပုဆိန်ကို လေထဲတွင် တစ်ဝက်ခန့် ဝှေ့ယမ်းလိုက်ကာ ဓားသွားပေါ်ရှိ သွေးများကို မြေပြင်ပေါ်သို့ ခါချလိုက်သည်။ ကြက်သီးထဖွယ် ကောင်းလှသော သွေးစက်များက မြေပြင်ပေါ်တွင် ကွေးညွတ်သော မျဉ်းကြောင်းတစ်ခုအသွင် နေရာယူသွားသည်။ သူက ချူရှားတို့ကို ကျောခိုင်းရပ်နေသော်လည်း သူ၏ မျက်နှာထားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေလေသည်။

"ပစ်... အကုန်ပစ်ကြစမ်း "

ခွမ်းချန် သတိပြန်ဝင်လာပြီး ဘေးရှိ စစ်သားများကို ရူးသွပ်စွာ အော်ဟစ် အမိန့်ပေးတော့သည်။

"အဲ့ကောင်ကို သတ်... သတ်ကြစမ်း။ အသုံးမကျတဲ့ အကောင်တွေ... လူတစ်ယောက်ကိုတောင် မတားနိုင်ဘူးလား။ အား... ငါ့သားလေး"

သို့သော် လှောင်ပြောင်ချင်စရာကောင်းသည်မှာ ခွမ်းချန်၏ အမိန့်ကို နာခံရန် လှုပ်ရှားမည့် စစ်သား အလွန်နည်းပါးနေခြင်းပင် ဖြစ်သည်။ သူ၏ အသုံးမကျတဲ့ကောင်တွေ ဟူသော ဆဲဆိုမှုကြောင့် စစ်သားများက အေးစက်စွာဖြင့်သာ ရပ်ကြည့်နေကြသည်။ သူတို့မျက်လုံးထဲရှိ အမုန်းတရားများက ချူဟန်ထက်ပင် မလျော့နည်းလှပေ။ သူတို့က အသုံးမကျသူများ မဟုတ်ဘဲ ဂုဏ်သိက္ခာရှိသော စစ်သားများသာ ဖြစ်သည်။

ဒေါသတကြီး ရူးသွပ်နေသော ခွမ်းချန် တစ်ခုကို သတိမထားမိခဲ့ပေ။ အနောက်ဆုံးတွင် ရပ်ထားသော စစ်သုံးဂျစ်ကားတစ်စီးပေါ်မှ သာမန် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ဝါရင့်အရာရှိကြီး တစ်ဦး ဆင်းသက်လာသည်ကိုပင် ဖြစ်သည်။

သူ၏ ဝတ်စားဆင်ယင်မှုက ရိုးရှင်းသော်လည်း လူအုပ်ထဲတွင်မူ ထူးခြားစွာ ပေါ်လွင်နေသည်။ အော်ဟစ်ခြင်းမရှိသော်လည်း ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေသည်။

ဘေးတွင် တန်းစီနေသော စစ်သားများအားလုံးက သူ၏ရှေ့မှ အလိုအလျောက် လမ်းဖယ်ပေးကြသည်။ ထို ဝါရင့်အရာရှိကြီးက သေနတ်တစ်လက်မျှ ကိုင်ဆောင်မထားဘဲ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဤဘက်သို့ လျှောက်လှမ်းလာလေသည်။

ချူဟန်က ထိုသူကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ထဲရှိ ပုဆိန်ကို အားပြင်းစွာ ထပ်မံ မြှောက်တင်လိုက်သည်။

သူ၏ တိကျမှုစွမ်းရည်ကို အမြင့်ဆုံးအထိ ဆွဲတင်လိုက်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ခွမ်းချန်၏ ခန္ဓာကိုယ်ဆီသို့ ခုတ်ချလိုက်တော့သည်။ ဒီကောင်ကို သေချာပေါက် သတ်ရမည်။ ထို ဝါရင့်အရာရှိကြီး မရောက်လာခင် သတ်မည်ဆိုလျှင် အပြတ်ရှင်းရမည်။

ခွမ်းချန်က ထိတ်လန့်တကြား ပြူးကျယ်နေသော မျက်လုံးများဖြင့် သူ၏ ခေါင်းပေါ်သို့ ကျဆင်းလာသော ပုဆိန်ကြီးကို ကြည့်နေမိသည်။ လွတ်မြောက်ရန် လမ်းစ လုံးဝမရှိတော့ပေ။

ချွင်း…

သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ရှူရာပုဆိန်၏ လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားသည်။

"အား... ကယ်ကြပါဦး"

ဗိုလ်ချုပ် ခွမ်းချန်မှာ ခွေကျသွားကာ မြေပြင်ပေါ်သို့ ပစ်လဲသွားလေသည်။ သူ၏ ပေါင်ကြားမှ ဆိုးရွားသော အနံ့ဆိုးထွက်နေသော အရည်များ စိမ့်ထွက်လာသည်။ သူက ကြောက်ရွံ့မှုကြောင့် မျက်နှာများ ရှုံ့မဲ့နေကာ မျက်စိရှေ့မှ နီးကပ်စွာ ရပ်တန့်သွားသော အနက်ရောင် ပုဆိန်ကြီးကို ကြည့်နေမိသည်။

နောက်ထပ် မီလီမီတာ အနည်းငယ်သာဆိုလျှင် သူ နှစ်ပိုင်းပြတ်သွားတော့မည်ဖြစ်သည်။

ချူဟန်က ပုဆိန်လက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်ကို အားဖြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ စူးရှသော အကြည့်များဖြင့် ရှေ့မှ ပြိုင်ဘက်ကို စိုက်ကြည့်လိုက်လေသည်။

ထိုနေရာတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခိုင်မာစွာ ကာကွယ်လိုက်သည့် လူငယ်စစ်သားတစ်ဦး ရပ်နေသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

ချူဟန်က ခေါင်းစောင်းလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

"ကျန်းယိမင်"

တစ်ဖက်လူကလည်း တိုက်ခိုက်လိုစိတ်များ မြင့်တက်နေသည်။ ဤလူငယ်စစ်သား၏ ခန္ဓာကိုယ်တွင် မည်သည့် ရာထူးတံဆိပ်မျှ မပါရှိပေ။ ရိုးရှင်းလွန်းသော စစ်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူ၏ ကျောနှင့် ရင်ဘတ်တို့တွင်မူ ဖိနပ်ရာ အများအပြား ထင်ရှားစွာ ကျန်ရစ်နေသည်။

သူကား စောစောက ကားပေါ်တွင် ဗိုလ်ချုပ် ခွမ်းချန်၏ အမိန့်ကို ဖီဆန်ခဲ့သဖြင့် အကြိမ်ကြိမ် အကန်ခံခဲ့ရသော စစ်သားပင် ဖြစ်သည်။

ချူဟန် နှုတ်ခမ်းထောင့်မှ အပြုံးများ ပိုမိုနက်ရှိုင်းလာသည်။

"ကျန်းယိမင်... နာမည်ကောင်းပဲ"

ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်သည်။ ချူဟန်ထက် တစ်ဆင့် ပိုမြင့်နေသည်။ သို့သော် ချူဟန်၌ အကြောက်တရား မရှိပေ။ ကျန်းယိမင် ဆိုသည်မှာလည်း ကျန်းယိမင် သက်သက်သာဖြစ်သည်။ တစ်ချိန်က သူ သတိထားနေရသော သခင်လေး ရှောင်ချီ မဟုတ်ပေ။

"ငါလူသတ်တာကို ဝင်ရှုပ်မယ်ဆိုရင်တော့ ညှာနေမှာ မဟုတ်ဘူးနော်"

ချူဟန်၏ နှုတ်ခမ်းထောင့်က မောက်မာစွာ ကွေးတက်သွားလေသည်။

ချူဟန်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ကျန်းယိမင်က လက်ထဲရှိ ဓားပေါ်သို့ ဖြည်းညင်းစွာ အားဖြည့်လိုက်သည်။

"ပထမအဆင့် ဆင့်ကဲပြောင်းလဲသူလေးကများ... သိပ်ပြီး မောက်မာမနေနဲ့"

ဝှစ်...

ရှူရာပုဆိန်က လေထုကို ခွဲဆင်းသွားပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ တစ်ဖက်လူ၏ ဓားရှည်နှင့် ထိပ်တိုက် ရင်ဆိုင်မိကာ ခွမ်းချန်၏ မျက်စိရှေ့တွင်ပင် မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်းများစွာ ရင်ဆိုင် တိုက်ခိုက်ပြီးဖြစ်သွားသည်။

ချွင်း... ချွင်း... ချွင်း...

ပြင်းထန်သော သတ္တုချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လူရိပ်များ လျင်မြန်စွာ ရောယှက်သွားကာ ဖုန်မှုန့်များ လွင့်စင်ထွက်လာတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ စစ်သားအများစု၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ ခွမ်းချန် ချက်ချင်း အသတ်မခံလိုက်ရသည်ကို နှမြောစရာဟူ၍ပင် ခံစားလိုက်မိကြသည်။

ထိုအတွေး ခေါင်းထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် လူအများစုမှာ မိမိတို့၏ ခံစားချက်ကိုပင် အံ့သြသွားကြသည်။ ထို့နောက် ကျန်းယိမင်နှင့် တိုက်ခိုက်နေသော ချူဟန်ဆီသို့ အကြည့်များ ထပ်မံ ရောက်ရှိသွားပြန်သည်။ အသက်အရွယ် အမျိုးမျိုး ကွဲပြားနေသော်လည်း ကမ္ဘာပျက်ကပ်ထဲတွင် စစ်သားတစ်ယောက်၏ မူလရည်ရွယ်ချက် ကို မဆုံးရှုံးသေးသော သူတို့သည် ဤလူငယ်အပေါ် တိတ်တဆိတ် လေးစားစိတ်များ ဖြစ်ပေါ်လာကြလေပြီ။

လွှမ်းမိုးနိုင်သော တိုက်ခိုက်ရေးစွမ်းရည်နှင့် ကြောက်ရွံ့ခြင်းကင်းမဲ့သော မာနကြီးမားသည့် စရိုက်လက္ခဏာ။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်လောက်သည့် အစွမ်းထက်သူတစ်ဦး ဖြစ်ပေမည်။ သို့သော် ကံမကောင်းစွာပင် သူသည် ကျန်းယိမင်နှင့် ဆုံတွေ့သွားခဲ့သည်။

ချူဟန် အနိုင်ရနိုင်စရာ အကြောင်းမရှိပေ။ ၎င်းက ဤတပ်ဖွဲ့ထဲရှိ လူတိုင်း၏ တူညီသော အမြင်ပင် ဖြစ်လေသည်။

ခေါင်းပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ်နေသော ပြင်းထန်သည့် တိုက်ခိုက်မှုများက ကြောက်လန့်တကြား သေးထွက်ကျနေပြီဖြစ်သော ဤဗိုလ်ချုပ်၏ အသုံးမကျမှုကို အပြည့်အဝ ဖော်ပြနေလေသည်။ သူက အရှက်ကွဲဖွယ် ကောင်းလောက်အောင် အော်ဟစ်နေရင်း ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အနောက်ဘက်သို့ အသည်းအသန် တွားသွား ထွက်ပြေးနေတော့သည်။

မြေပြင်ပေါ်တွင် အသည်းအသန် တွားသွားနေသည်မှာ အချိန်မည်မျှ ကြာသွားသည်မသိ။ ထွက်ပြေးနေသော ခွမ်းချန်သည် ရုတ်တရက် သူ့ရှေ့တွင် ခြေထောက်တစ်စုံ ရပ်နေသည်ကို သတိပြုမိလိုက်သည်။

တွန်းဖယ်ရန် လက်လှမ်းလိုက်သော်လည်း သူ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်။ ခေါင်းမော့ကြည့်လိုက်ရာ အသက်အရွယ် ကြီးရင့်သော်လည်း ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

"ကယ်... ကယ်ပါဦး"

အသိစိတ်များ လုံးဝလွတ်နေပြီဖြစ်သော ခွမ်းချန်က အရာရှီကြီးကို အလျင်စလို အော်ဟစ် အကူအညီတောင်းလိုက်သည်။

ဝါရင့်အရာရှိကြီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဗိုလ်ချုပ် ခွမ်းချန်၏ အပေါ်မှ ကျော်ခွသွားလိုက်သည်။ ထို့နောက် အရှေ့တွင် တိတ်ဆိတ်စွာ ရပ်ကာ ချူဟန်နှင့် ကျန်းယိမင်တို့၏ တိုက်ပွဲကို စတင် ကြည့်ရှုနေတော့သည်။

စောစောက ခွမ်း သားအဖကို ကူညီရန် ငြင်းဆန်ခဲ့သော စစ်သားများအားလုံး ခေါင်းငုံ့ထားကြသည်။ ကျစ်လစ်စွာ ဆုပ်ကိုင်ထားသော သူတို့၏ လက်သီးများက ဘေးမှ ရပ်ကြည့်နေခဲ့ခြင်းအတွက် အနည်းငယ်မျှ နောင်တမရကြောင်း သက်သေပြနေသည်။

ဝါရင့်အရာရှိကြီး ထုတ်လွှင့်နေသော အရှိန်အဝါနှင့် ဟန်ပန်တို့ကြောင့် မျက်နှာချင်းဆိုင်ရှိ ချန်ရှောက်ရယ်တို့ အားလုံး ချူဟန်အတွက် အမှတ်မထင် စိုးရိမ်ပူပန်သွားကြသည်။

ဤသူမှာ သေချာပေါက် ခွမ်းချန်ကဲ့သို့ အသုံးမကျသူ မဟုတ်ပေ။ အလွန်အင်အားကြီးမားသူ ဖြစ်နိုင်ပေသည်။ ပို၍ဆိုရလျှင် မျက်စိရှေ့ရှိ စစ်တပ်က ခွမ်းချန်၏ အမိန့်ဖြင့် လှုပ်ရှားနေရသော်လည်း အရာရှိဘိုးတော်ကြီးကို ပို၍ လေးစားမြတ်နိုးနေကြကြောင်း အထင်အရှား မြင်တွေ့နေရသည်။

လူအုပ်ထဲရှိ လော့ရှောင်ရှောင်နှင့် ရှန်ကျိုတီတို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မျက်မှောင်ကြုတ်သွားကြသည်။ ဒီလူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။ ပြဿနာတော့ ကြီးပြီ။

ယွီရှင်းဆိုလျှင် မျက်လုံးများ ကျဉ်းမြောင်းသွားကာ မယုံနိုင်သည့် အမူအရာဖြင့် ထိုဘိုးတော်ကို စိုက်ကြည့်နေလေသည်။

သတိပြန်ဝင်လာသော ခွမ်းချန်က စက္ကန့်အနည်းငယ်ခန့် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း ချက်ချင်းပင် မတ်တတ်ရပ်ကာ အရာရှိကြီးဘေးတွင် ဝင်ရပ်လိုက်သည်။ ကျန်းယိမင်နှင့် တိုက်ခိုက်နေသော ချူဟန်ကို အငြိုးတကြီး စိုက်ကြည့်နေရင်း ချူဟန် ရှုံးနိမ့်သွားပါက ဤကောင်စုတ်လေးကို မည်သို့ နှိပ်စက်သတ်ဖြတ်ရမည်ကို စိတ်ထဲတွင် အကြံအစည်များ ကြံစည်နေတော့သည်။

ထိုနည်းတူပင် ခွမ်းချန်ကလည်း ချူဟန် အနိုင်ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ကွင်းပြင်ထဲတွင် ဖုန်မှုန့်များ လွင့်စင်နေပြီး ပြင်းထန်သော တိုက်ပွဲက အဆက်မပြတ် ဖြစ်ပေါ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဟန်နှင့် ကျန်းယိမင်တို့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ပြီး ဖြစ်နေသည်။ နှစ်ဦးသား၏ တိုက်ခိုက်လိုစိတ်များက ကြောက်မက်ဖွယ်ကောင်းလှကာ အလွန်အမင်း ပြင်းထန်လှသောကြောင့် ဘေးပတ်ဝန်းကျင်ရှိ သူများမှာ မခံရပ်နိုင်ဘဲ နောက်သို့ ဆုတ်ခွာလာကြတော့သည်။

All Chapters