အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) ကျိုးပဲ့သွားသော ဓားသွား
" အရာရှိကြီး... အဲဒီကောင်လေးကို အသက်ရှင်ခွင့်ပေးထားလို့ မဖြစ်ဘူး"
ဗိုလ်ချုပ် ခွမ်းချန်က ဘေးရှိ ဘိုးတော်ကို တောင်းဆိုလိုက်သည်။
"ကျန်းယိမင်ကို အခုချက်ချင်း အဲဒီကောင်ကို သတ်ခိုင်းလိုက်ပါ"
အရာရှိကြီး သည် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မဖြေပေ။ မျက်မှောင်ကြုတ်လျက် မျက်မှောက်ရှိ တိုက်ပွဲကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများမှာ စူးရှစွာ တောက်ပနေသည်။
"တပ်သားအားလုံး တိုက်ခိုက်ဖို့ ပြင်ထားကြ"
အရာရှိကြီး က အသံတိတ် ခွင့်ပြုလိုက်ပြီဟု အထင်မှားသွားသော ဗိုလ်ချုပ် ခွမ်းချန်သည် သူ၏သဘောဖြင့် အမိန့်ပေးလိုက်တော့သည်။
"ဟိုဘက်က ကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်"
ဗိုလ်ချုပ် ခွမ်းချန်၏ စကားမဆုံးခင်မှာပင် နားစည်ကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ချွင်း...
အကန့်အသတ်အထိ ရောက်နေသော အမြန်နှုန်းနှင့် ပြင်းထန်သော ပွတ်တိုက်မှု။
အလွန်လျင်မြန်သော အရှိန်နှင့် ပွတ်တိုက်မှုတို့ကြောင့် ချူဟန်၏ လက်ထဲရှိ အနက်ရောင် ရှူရာပုဆိန်မှာ တောက်ပနေပြီး ရှေ့သို့ ရုတ်တရက် ခုတ်ချလိုက်ရာ ၎င်း၏ ထောင့်ချိုးမှာ မယုံနိုင်စရာကောင်းလောက်အောင် တိကျလွန်းလှသည်။
ကျန်းယိမင်၏ ခြေလှမ်းများ တိခနဲ ရပ်တန့်သွားသည်။ သူသည် ချူဟန်၏ လုံးဝဖိနှိပ်ထားခြင်းကို ခံလိုက်ရပြီး မနည်းပြန်လည် ခုခံနေရသည်။ လေထဲတွင် ဓားနှင့် ပုဆိန်တို့ ပြင်းထန်စွာ ရိုက်ခတ်မိပြီး မီးပွားများ လွင့်စင်နေစဉ် ချူဟန်သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ အရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ချွင်း...
ပို၍ အားထည့်လိုက်သည်။ လူအားလုံး မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေစဉ်မှာပင် ချူဟန်၏ နောက်ဆုံးတိုက်ကွက် ကျရောက်လာတော့သည်။ နတ်ဆိုးဆန်သော သတ်ဖြတ်ရေးလက်နက် ရှူရာပုဆိန်ကို ကိုင်ဆောင်ထားသော သူသည် ထိုမျှလောက်အထိ အားစိုက်ထုတ်ခဲ့ခြင်း မရှိသော်လည်း... ကျန်းယိမင်၏ ဓားရှည်မှာ ရုတ်တရက် နှစ်ပိုင်း ကျိုးပဲ့သွားတော့သည်။
ခလွမ်း...
ကျိုးသွားသော ဓားရှည်တစ်ပိုင်းမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး မြေပြင်ထဲသို့ သုံးလက်မခန့် စိုက်ဝင်သွားသည်။
တိုက်ဆိုင်မှုလား သက်သက်ရည်ရွယ်တာလား မသိသော်လည်း ထိုဓားပိုင်းမှာ ခွမ်းချန်၏ လက်ကို ထိမှန်ပြီး သူ၏ ဘေးရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုဖြစ်စဉ်က ခွမ်းချန်၏ လက်တစ်ဖက်ကိုပါ ပြတ်ထွက်သွားစေလုနီးပါး ဖြစ်သွားသည်။
"အား..."
ခွမ်းချန်၏ ယခုမှ အနည်းငယ် တည်ငြိမ်စပြုလာသော စိတ်အခြေအနေမှာ တစ်ဖန် လန့်ဖြန့်သွားကာ အော်ဟစ်လိုက်တော့သည်။
ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြန့်နှံ့သွားစဉ် အရာရှိကြီး၏ မျက်မှောင်များကတော့ ပို၍ နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်လေသည်။
ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသော ကျန်းယိမင်မှာ မခံနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ရင်ထဲမှနေ၍ လျှံတက်လာသော သွေးများကို မနည်းမြိုချလိုက်ရသည်။
ထိုနေရာတစ်ဝိုက် တိတ်ဆိတ်သွားသည်။ ကျန်းယိမင်သည် မယုံကြည်နိုင်သော အကြည့်များဖြင့် ချူဟန်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေသည်။
ကျန်ယိမင်က ချူဟန်ကို မယုံနိုင်စွာ ကြည့်နေပြီး သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ချူဟန်၏ လှုပ်ရှားမှုများက သန့်ရှင်းသပ်ရပ်လွန်းသည့်အတွက် အံ့ဩရုံသာမက တစ်ဖက်လူ၏ စွမ်းရည်က ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူဖြစ်သော သူ့ထက်ပင် ပိုမိုအားကောင်းနေပြီး သူ၏ လက်နက်ကိုပါ ဖြတ်တောက်သွားနိုင်ခဲ့သည့်အတွက် ပို၍ပင် အံ့အားသင့်နေရသည်။
ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူအဖြစ်သို့ ရောက်ရှိခါစသာ ရှိသေးသော ကျန်းယိမင်နှင့် အတိတ်ဘဝမှ တိုက်ခိုက်ရေးအတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသည့် ပြန်လည်မွေးဖွားလာသူ ချူဟန်တို့ကြားရှိ ကွာဟချက်မှာ အလွန် ကြီးမားလှပေသည်။ ထို့အပြင် ပြန်လည်စတင်ခြင်းစနစ်မှ ဖွင့်ပေးထားသော ခွန်အား နှင့် တိကျမှု စွမ်းရည်တို့ ပေါင်းစပ်သွားသောအခါ လက်ရှိ ချူဟန်သည် ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူများနှင့် ရင်ပေါင်တန်းနိုင်ရုံသာမက ဒုတိယအဆင့် အများစုကိုပင် ကျော်လွန်နိုင်သော အင်အားကို ပိုင်ဆိုင်ထားလေပြီ။
ရွှမ်း...
ချူဟန်သည် ရှူရာပုဆိန်ကို တစ်ပတ်လှည့်ကာ ပုံမှန်အတိုင်း ပြန်ကိုင်ထားလိုက်သည်။ သူသည် ကျန်းယိမင်ကို အနည်းငယ် ချီးကျူးချင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ တစ်ဖက်လူသည် ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသူများထဲတွင် သိပ်ပြီး အစွမ်းထက်သော အုပ်စုထဲ၌ မပါဝင်သော်လည်း မည်သည့်အခါမျှ အရှုံးမပေးတတ်သည့် သူ၏ တိုက်ခိုက်လိုစိတ်ကြောင့် ချူဟန်ပင်လျှင် အနည်းငယ် လေးစားသွားမိသည်။
အကယ်၍ ယခုလေးတင် သူသာ လက်နက်ကို အတင်းအဓမ္မ မချိုးဖျက်ခဲ့ပါက ဤလူသည် သေသည်အထိ ဆက်လက် တိုက်ခိုက်နေမည်မှာ သေချာပေသည်။
တိုက်ပွဲ ပြီးဆုံးသွားလေပြီ။ ချူဟန်၏ အလွန် လွယ်ကူပြီး ပြောင်မြောက်လှသော အောင်ပွဲကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ ဘာတွေဖြစ်ပျက်သွားမှန်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ထို အရာရှိကြီး တစ်ယောက်တည်း၏ မျက်ဝန်းများသာ ထူးခြားစွာ တောက်ပနေခဲ့သည်။
ရင်ဘတ်ကိုဖိကာ လျှံတက်လာသော သွေးများကို အသည်းအသန် ထိန်းချုပ်နေရသည့် ကျန်းယိမင်ကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံး ကြက်သေသေသွားကြသည်။ ဤတပ်ဖွဲ့တွင် အသန်မာဆုံးဖြစ်သော ကျန်းယိမင် ရှုံးနိမ့်သွားတယ် ဟုတ်လား။ ချူဟန်ဆိုသော ဤလူငယ်သည် ဤမျှတိုင်အောင် အစွမ်းထက်နေခဲ့တာလား။
ချက်... ချက်... ချက်...
အရာရှိကြီး၏ ပတ်ဝန်းကျင်ရှိ စစ်သားများမှာ သေနတ်များကို အသင့်ပြင်ကာ ချူဟန်ထံသို့ သေနတ်ပြောင်းဝများကို တစ်ပြိုင်နက်တည်း ချိန်ရွယ်လိုက်ကြသည်။
ထိုမျှ များပြားလှသော သေနတ်ပြောင်းဝများကို ကြည့်လျှင် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်း ပျားအုံပမာ အပေါက်တွေချည်း ဖြစ်သွားမည်။ တပ်ဖွဲ့တစ်ခုလုံး၌ တစ်ခါမှ မကြုံဖူးသော သတိထားမှုနှင့် တင်းမာမှုများ လွှမ်းခြုံသွားတော့သည်။
ခွမ်းကျိရန် သေဆုံးသွားသည်ကို မည်သူကမျှ ဂရုမစိုက်ကြသော်လည်း ကျန်ယိမင်ကို အနိုင်ယူလိုက်ခြင်းကတော့ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားစေသည်။
သို့သော် ချူဟန်သည် ရှောင်တိမ်းခြင်း၊ ထွက်ပြေးခြင်း မပြုဘဲ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူ၏ ခြေရင်းတွင်မူ ခွမ်းကျိရန်၏ ခေါင်းမှာ လိမ့်နေဆဲဖြစ်ပြီး မြေပြင်ပေါ်တွင် နီရဲသော သွေးများ ပြန့်ကျဲနေသည်။
ကျိုးနေသော ဓားရှည်ကို ဆုပ်ကိုင်ထားသည့် ကျန်းယိမင်သည် အရာရှိကြီး၏ အနောက်သို့ ပြန်ဆုတ်သွားပြီး နာကြည်းစွာ ခေါင်းငုံ့လိုက်သည်။
"တောင်းပန်ပါတယ်။ ပါမောက္ခ ဝမ်... ကျွန်တော်..."
"အားတင်းမနေပါနဲ့"
အရာရှိဝမ် သည် ကျန်းယိမင်၏ စကားကို တိတ်ဆိတ်စွာ ဖြတ်ပြောလိုက်ပြီး လေးနက်ပြတ်သားသော အသံဖြင့် ချူဟန်ကို မေးလိုက်သည်။
"ဆင့်ကဲပြောင်းလဲသူလား"
ချူဟန်သည် အရာရှိဝမ် ကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ဝန်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ ဘိုးတော်အို၏ ဘေးတွင်ရှိနေသော ဗိုလ်ချုပ် ခွမ်းချန်ထံသို့ အေးစက်သော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ ထိုအကြည့်ကြောင့် ဗိုလ်ချုပ် ခွမ်းချန် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။
"ပစ်စမ်း"
ရုတ်တရက် ဗိုလ်ချုပ် ခွမ်းချန် အော်ဟစ်လိုက်သည်။
"အဲဒီကောင်တွေကို အကုန်သတ်ပစ်"
ဂျလောက်...
ချန်ရှောက်ရယ်သည် သေနတ်ကို အလောတကြီး မောင်းတင်လိုက်ပြီး ဗိုလ်ချုပ် ခွမ်းချန်ထံ ချိန်ရွယ်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း... မင်းလို ကတုံးကောင်ကများ "
"မင်းတို့ကောင်တွေ..."
ဗိုလ်ချုပ် ခွမ်းချန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အရာရှိဝမ် ထံသို့ အကြောင်းပြချက်များ ပေးတော့သည်။
"ဒီလူတွေက စစ်တပ်ကို ဟန့်တားထားတဲ့အပြင် စစ်သားအတော်များများကိုတောင် သတ်ခဲ့တာ၊ မဖြစ်မနေကို သတ်ပစ်ရမယ်"
"အို..."
အရာရှိဝမ် သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် အလောင်းဆယ်ဂဏန်းကျော်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချူဟန်ကို ထူးဆန်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ကောင်လေး၊ မင်းက သတ္တိမသေးဘူးပဲ
ချူဟန်ကလည်း ပြန်လည် ပြုံးပြလိုက်ပြီး ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ အကြောက်အလန့်မရှိ မျက်လုံးချင်းဆုံကာ ပြန်ပြောလိုက်သည်။
"တကယ်ပြောရရင်တော့ ကျွန်တော်က တရားဝင် စစ်သားတစ်ယောက်ကိုမှ မသတ်ရသေးဘူး။"
ခွမ်းချန်က အော်လိုက်သည်။
"ချီးကိုပဲ..."
အရာရှိဝမ် က ရုတ်တရက် သူ့ကို စူးရှစွာ ကြည့်လိုက်သည့်အတွက် ခွမ်းချန်၏ နောက်ထပ်ထွက်လာမည့် စကားများမှာ အတင်းအကျပ် မျိုချခံလိုက်ရသည်။ ထို့နောက်မှ အရာရှိဝမ် က အဓိပ္ပာယ်ပါပါ ပြုံးကာ ချူဟန်ကို ကြည့်လိုက်သည်။
"ဘယ်လိုပြောလိုက်တာလဲ"
ချူဟန်သည် လက်ထဲရှိ ရှူရာပုဆိန်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ခြေရင်းရှိ အလောင်းအချို့ကို ညွှန်ပြလိုက်သည်။
"ဒီကောင်တွေက သေနတ် ဘယ်လိုကိုင်ရမလဲ ဆိုတာတောင် နားမလည်ကြဘူး။ စစ်တပ်ထဲ ဝင်တာ ဘယ်နှစ်နှစ် ရှိပြီလဲ။ သက်သေအထောက်အထား ရှိလား။ အားလုံးက ယာယီဝင်လာတဲ့ တရားမဝင် စစ်သားတွေပဲ ဖြစ်ရမယ်။ ပြီးတော့..."
ချူဟန်သည် စိုးစဉ်းမျှ ညှာတာခြင်းမရှိဘဲ ရှူရာပုဆိန်၏ ဓားသွားဖြင့် ခွမ်းကျိရန်၏ ဦးခေါင်းကို ထိုးဆွကာ လှန်ပစ်လိုက်သည်။ ထိုအခါ သေဆုံးသွားပြီဖြစ်သော ခွမ်းကျိရန်၏ မျက်လုံးများမှာ အရှိန်ပြင်းပြင်းဖြင့် မြေပြင်ပေါ်သို့ လွင့်စင်ကျလာတော့သည်။
ထို ကြောက်မခန်းလိလိ မြင်ကွင်းကြောင့် မျက်နှာချင်းဆိုင်ရှိ စစ်သားများအားလုံး မျက်နှာများ ဖြူရော်သွားကြသည်။ သို့သော် ချူဟန်၏ အသံတွင်မူ မည်သည့် ခံစားချက်မျှ ပါဝင်ခြင်း မရှိပေ။
"ဒီ အမှိုက်ကောင်ကိုလည်း စစ်သားလို့ ပြောမလို့လား။ သူ့မှာ အဲဒီ အရည်အချင်းရှိတယ်လို့ ထင်နေတာလား"
"မင်း သေချင်နေတာလား မင်းလို မျိုးမစစ်ကောင် မင်းလို..."
သားဖြစ်သူ၏ အလောင်းကို ထိုကဲ့သို့ စော်ကားခံလိုက်ရသဖြင့် ဗိုလ်ချုပ် ခွမ်းချန်မှာ ရူးသွပ်နေသူတစ်ဦးအလား ဟိန်းဟောက်လိုက်တော့သည်။
"ဒီ အောက်တန်းစား ဒုက္ခသည်ကောင်"
သို့သော် အရာရှိဝမ် သည် ဗိုလ်ချုပ် ခွမ်းချန်ကို လုံးဝ လျစ်လျူရှုလိုက်ပြီး သဘောကျသွားသည့်အလား ချူဟန်ကို စိုက်ကြည့်လိုက်သည်။
"လူငယ်လေး... မင်းက တော်တော် သတ္တိရှိသားပဲ"
"ဝမ်ချီရှန်း"
ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်နေသော ဗိုလ်ချုပ် ခွမ်းချန်က အော်ဟစ်လိုက်ပြီး အရာရှိ ဝမ်ချီရှန်း ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"အဲဒီကောင်က ငါ့သားကို သတ်ခဲ့တာကွ။ ခင်ဗျားက ဒီအတိုင်း လွှတ်ထားတော့မလို့လား"
ဝမ်ချီရှန်း ဟု အခေါ်ခံလိုက်ရသော အရာရှိ ဝမ်ချီရှန်းသည် ဗိုလ်ချုပ် ခွမ်းချန်ကို အေးစက်စွာ တစ်ချက်သာ လှည့်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ နှုတ်ခမ်းထောင့်၌ မေတ္တာတရားများ ပြည့်နှက်နေသော အပြုံးတစ်ခု ပေါ်လွင်လာသည်။ သူ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချူဟန်တို့၏ ဘေးတွင်ရှိနေသော လော့ရှောင်ရှောင်ထံသို့ နူးညံ့စွာ စကားဆိုလိုက်သည်။
"သခင်မလေးလော့၊ နေကောင်းရဲ့လား"
ဗိုလ်ချုပ်၏ သား အသေဆိုးဖြင့် သေဆုံးသွားသည်ကိုလည်း ဂရုမစိုက်ပေ။ အသန်မာဆုံး လက်အောက်ငယ်သား ကျန်းယိမင် ရှုံးနိမ့်သွားသည်ကိုလည်း ဂရုမစိုက်ပေ။ သို့ပါလျက်နှင့် ရန်သူ့ဘက်မှ ကလေးမလေးတစ်ယောက်ကို ထိုမျှလောက် ကြင်နာယုယသော အပြုံးမျိုး ပြုံးပြနေသည် ဟုတ်လား။
ထိုစကားတစ်ခွန်းကြောင့် စစ်သားအများစု၏ အတွေးများ လုံးဝ ရပ်တန့်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း အမူအရာ ပြောင်းလဲသွားသော ဝမ်ချီရှန်းကို ကြည့်ကာ လူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
ဤ အရာရှိ ဝမ်ချီရှန်း သည် စစ်တပ်အတွင်း၌ပင် အလွန် တင်းမာပြတ်သားပြီး မည်သည့်အခါမျှ မပြုံးတတ်သူအဖြစ် နာမည်ကြီးပေသည်။ သို့သော် ရုတ်တရက် ထိုမျှလောက် တောက်ပသော အပြုံးကြီး ပြုံးပြလိုက်သည်ကို မြင်လိုက်ရသောအခါ မျက်လုံးကျွတ်ထွက်မတတ် အံ့အားသင့်သွားကြသည်။ ကိုယ့်မျက်စိကိုယ်ပင် အမြင်မှားနေသလားဟု သံသယဝင်မိသည်အထိပင်။
ချန်ရှောက်ရယ် အပါအဝင် ချူဟန်၏ အဖွဲ့သားများအားလုံး ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ အထူးသဖြင့် ဝမ်ချီရှန်း၏ နောက်ခံကို သေချာသိထားသော ရှန်ကွမ်းယွီရှင်းမှာမူ အလွန်အမင်း တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။
ထို့နောက် လူအားလုံး၏ အကြည့်များမှာ လော့ရှောင်ရှောင်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားသည်။ လော့ရှောင်ရှောင်။ သခင်မလေး လော့။ တကယ်တော့ သူမက ဘယ်သူလဲ။
သို့သော် ပတ်ဝန်းကျင်မှ စူးရှသော အကြည့်များကို တစ်ကိုယ်လုံး ခံစားနေရသော်လည်း လော့ရှောင်ရှောင် ကိုယ်တိုင်ကမူ အာရုံစိုက်ခံနေရမှန်း လုံးဝ သတိမထားမိပေ။ သူမသည် နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်ပြီး အလွန် ဩဇာကြီးမားလှသော ဤ ဝမ်ချီရှန်းကို လုံးလုံးလျားလျား လျစ်လျူရှုထားလိုက်သည်။
လူအားလုံး ထပ်မံ၍ အသက်ရှူမှားသွားကြပြန်သည်။ နောက်တစ်စက္ကန့်တွင် ဤ ကလေးမလေးအတွက် ဇောချွေးများပင် ပြန်လာကြသည်။
‘ကောင်မလေးရယ်၊ မင်းက တကယ် သတ္တိခဲကြီးပါလား’
တစ်ဖက်တွင်မူ ဗိုလ်ချုပ် ခွမ်းချန်၏ ရင်ထဲ၌ ကောက်ကျစ်သော ဝမ်းမြောက်မှုများ ပြည့်နှက်နေသည်။
'ဒီ သောက်ကလေးမတော့ သေဖို့ သေချာသွားပြီ'