အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉) ထွီ
"ဟား... ဟား... ဟား"
မျှော်လင့်မထားစွာပင် ဝမ်ချီရှန်းက သဘောကျစွာ ရယ်မောလိုက်လေသည်။ ထို့နောက် လော့ရှောင်ရှောင်အား အလွန်တရာ စိတ်ရှည်သည်းခံစွာဖြင့် စကားဆိုလိုက်သည်။
"သခင်မလေး လော့... အဘိုးက သခင်မလေးကို အရင်ဆုံး ရှာမတွေ့ခဲ့လို့ စိတ်ဆိုးနေတုန်းလား။ ဒီကိုလာရတဲ့ လမ်းခရီးတစ်လျှောက် အတော်လေး ပင်ပန်းဆင်းရဲခဲ့ရမှာပဲ။ ထိခိုက်ဒဏ်ရာရတာမျိုးရော ရှိသေးလား"
ထိုသို့ သိသိသာသာ ဂရုတစိုက် မေးမြန်းလိုက်သည့် စကားများကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအများမှာ မေးရိုးများ ပြုတ်ကျမတတ် အံ့အားသင့်သွားကြတော့သည်။
ခွမ်းချန်မှာ ပြင်းထန်သော သံသယများ ဖြစ်ပေါ်လာသည်။ ဝမ်ချီရှန်း၏ အမူအရာမှာ ဟန်ဆောင်နေခြင်းနှင့် လုံးဝမတူပေ။ သူသည် လော့ရှောင်ရှောင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ဤကောင်မလေးက မည်သူမည်ဝါဖြစ်ကြောင်းကို အသည်းအသန် စဉ်းစားနေလေသည်။
ဝမ်ချီရှန်း၏ စကားကို ကြားသောအခါ လော့ရှောင်ရှောင်သည် လူအများ၏ အကြည့်အောက်တွင်ပင် အားလုံး အသည်းထိတ်သွားစေမည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်သည်။
"ထွီ"
ကောင်မလေးသည် ဝမ်ချီရှန်းထံသို့ ညှာတာမှုကင်းမဲ့စွာ တံတွေးထွေးချလိုက်သည်။ ထို့နောက် ချူဟန်အနီးသို့ ချက်ချင်း ပြေးသွားကာ သူ၏ လက်မောင်းကို ဖက်တွယ်ထားလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ လူများကို တမင်သက်သက် ပြသနေသည့်အလား ချွဲနွဲ့သော အသံလေးဖြင့် ဆိုလေသည်။
"ကိုကိုချူဟန်... ဟိုဘက်က အဘိုးကြီးက တအား အမြင်ကတ်ဖို့ ကောင်းတာပဲကွာ"
တံတွေးထွေးလိုက်တယ်ပေါ့။ ဟိုဝမ်ချီရှန်းကိုလေ...။ အမြင်ကတ်ဖို့ ကောင်းတယ်ပေါ့။ ‘ဟိုဝမ်ချီရှန်းကို အမြင်ကတ်ဖို့ ကောင်းတယ်လို့ ပြောလိုက်တာလား’
ဆရာဝန်မလေး ယွီရှင်းမှာ အလွန်တရာ ထိတ်လန့်သွားသဖြင့် ယခုချက်ချင်း ရှေ့ထွက်ကာ လော့ရှောင်ရှောင်ကို ပြန်ဆွဲထားချင်စိတ် ပေါက်သွားသည်။ အခြားသူများဆိုလျှင် ယခင်ကတည်းက ရှိခဲ့သော ၎င်းတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်းများ လုံးဝ ပြိုလဲသွားပြီဟုပင် ခံစားလိုက်ရတော့သည်။
‘ဒီကောင်မလေးက သူ့ရှေ့မှာ ရပ်နေတဲ့သူဟာ ဘယ်သူလဲဆိုတာကိုရော သိရဲ့လား’
စစ်သားများသာမက ဝမ်ချီရှန်းကိုယ်တိုင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူသည် မတ်တတ်ရပ်ကာ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချူဟန်ကို အကဲခတ်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
‘ဒီကောင်လေးက ဘာတွေများ လုပ်ခဲ့လို့ ဟိုလော့ရှောင်ရှောင်က ဒီလောက်ထိ တွယ်တာနေရတာလဲ’
လော့ရှောင်ရှောင်ဆိုသည်မှာ အလွယ်တကူနှင့် သူတစ်ပါးကို ချွဲနွဲ့တတ်သည့် ကလေးမျိုး မဟုတ်ပေ။ မြို့တော်ရှိ လော့ ဟူသော မျိုးရိုးနာမည် ပိုင်ဆိုင်ထားသည့် ထို အရာရှိ ဝမ်မှလွဲ၍ သူမ ဤသို့ ချွဲနွဲ့နေသည်ကို ဝမ်ချီရှန်းကိုယ်တိုင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"အဘိုးဝမ်"
ရုတ်တရက် ရှန်ကျိုတီက လူအုပ်ကြားထဲမှ ထွက်လာသည်။ သူမသည် ဝမ်ချီရှန်းကို အလွန် ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်သည်။
"သူက ချူဟန် ပါ။ ကျွန်မနဲ့ လော့ရှောင်ရှောင်တို့ နှစ်ယောက် ဒီတစ်လလုံးလုံး အသက်ရှင်နိုင်ခဲ့တာက သူ့ကျေးဇူးတွေကြောင့်ပါ"
ထိုစကားမှာ သွယ်ဝိုက်သော အသုံးအနှုန်း ဖြစ်သော်ငြား ဘိုးတော်အို ဝမ်ချီရှန်း၏ မျက်ဝန်းအိမ်များကို ပြူးကျယ်သွားစေရန် လုံလောက်နေခဲ့သည်။ ရှန်ကျိုတီ ပြောချင်သည့် ဆိုလိုရင်းကို သူ နားလည်သွားသည်။ ချူဟန်သည် လော့ရှောင်ရှောင်၏ အသက်သခင်ကျေးဇူးရှင် ဖြစ်ပေသည်။
"အင်း...နားလည်ပြီ"
သူသည် ရှန်ကျိုတီကို ခပ်ယဲ့ယဲ့ ခေါင်းညိတ်ပြလိုက်ပြီး ချူဟန်အား အန္တရာယ်မပြုတော့ကြောင်း အရိပ်အမြွက် ပြသလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ အကြည့်များသည် ဝမ်ချီရှန်း၊ ချူဟန်၊ ရှန်ကျိုတီနှင့် လော့ရှောင်ရှောင်တို့ကြားတွင် ကူးလူးသွားလာနေကြသည်။ ဤ အလွန် ထူးဆန်းလှသော မြင်ကွင်းကြောင့် လူတိုင်းမှာ ဘဲဥတစ်လုံး အလွယ်တကူ ဝင်သွားနိုင်လောက်သည်အထိ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေကြတော့သည်။
ဆက်လက်၍ ဝမ်ချီရှန်းသည် လူအုပ်ကြားထဲတွင် ရှိနေသော ပိုင်ယွန့်အာကို မျက်စိလျင်စွာဖြင့် မြင်တွေ့သွားသည်။ ဝမ်ချီရှန်း၏ မျက်ဝန်းထဲတွင် တစ်ခဏမျှ အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။
လော့ရှောင်ရှောင်အပေါ် ထားရှိသော ကြင်နာယုယသည့် အမူအရာမျိုးလည်း မဟုတ်သလို ရှန်ကျိုတီအပေါ် ဆက်ဆံသော လက်အောက်ငယ်သား တစ်ဦးကဲ့သို့ သဘောထားခြင်းမျိုးလည်း မဟုတ်ဘဲ ဝမ်ချီရှန်းက အနည်းငယ် ရိုသေလေးစားသော လေသံဖြင့် ခေါ်လိုက်သည်။
"သခင်မလေး ပိုင်"
တစ်ဖန် လူအားလုံး၏ အကြည့်များမှာ နတ်သမီးတစ်ပါးပမာ လှပလွန်းသော ပိုင်ယွန့်အာထံသို့ စုပြုံကျရောက်သွားပြန်သည်။ စစ်သားအများစုမှာ ချက်ချင်းဆိုသလို မျက်နှာများ နီရဲသွားကြပြီး သူမကို တည့်တည့်မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားလိုက်ကြတော့သည်။
ချန်ရှောက်ရယ်တို့မှာ နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်ကြသည်။ ဝမ်ချီရှန်း၏ စကားတွင် ပါဝင်နေသော ရိုသေကြောက်ရွံ့မှုများမှာ မည်သူ့ နားထဲတွင်မဆို ထင်ရှားနေသောကြောင့်ပင် ဖြစ်သည်။
သို့သော် ပိုင်ယွန့်အာ၏ တုံ့ပြန်မှုမှာ လော့ရှောင်ရှောင်ထက်ပင် ပို၍ အေးစက်လှသည်။ လက်အောက်ငယ်သားကို ဆက်ဆံသည့်အလား မာထန်သော လေသံဖြင့် ဝမ်ချီရှန်းကို ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"ကိစ္စတစ်ခုခု ရှိရင် ချူဟန်နဲ့ပဲ တိုင်ပင်ပါ။ ငါက ဝင်မပါချင်ဘူး"
ဝမ်ချီရှန်း၏ မျက်လုံးများ ထပ်မံ ပြူးကျယ်သွားပြန်ပြီး တစ်ခွန်းမျှ ပြန်လည်မချေပဘဲ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ထို့နောက် ချူဟန်ကို အကဲခတ်သည့်အလား ထပ်မံ ကြည့်ရှုလိုက်သည်။ သူ၏ ရင်ထဲတွင်မူ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသော တုန်လှုပ်မှုကြီးက ရိုက်ခတ်နေတော့သည်။
‘တကယ်ပဲ ဒီလူငယ်လေးက ဘယ်လိုလူမျိုးလဲ။ ဟိုလော့ရှောင်ရှောင်နဲ့ ပိုင်ယွန့်အာ နှစ်ယောက်စလုံးက သူ့ကို တစ်ပြိုင်နက်တည်း ကာကွယ်ပေးနေကြတာလား...’
ဒီတစ်ကြိမ်မှာတော့ စစ်သားအများစု၏ မေးရိုးများ အံ့အားသင့်မှုကြောင့် အမှန်တကယ်ပင် ပြုတ်ကျလုမတတ် ဖြစ်သွားရလေပြီ။ ထို့နောက် ပိုင်ယွန့်အာကို ဆွံ့အစွာ စိုက်ကြည့်နေကြသည်။
‘ဒီအလှလေးက တကယ်ကို ဘယ်လိုလူမျိုးလဲကွ...’
ပိုင်ယွန့်အာ၏ စကားနှင့် ဝမ်ချီရှန်း၏ တုံ့ပြန်မှုကို မျက်မြင်တွေ့လိုက်ရသောအခါ မိမိသည် လုံးဝ မထိသင့်မကိုင်သင့်သော မိုင်းကို နင်းမိသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ် ခွမ်းချန် နောက်ဆုံးတွင် နားလည်သွားတော့သည်။
သူ၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး ချူဟန်ဘေးတွင် ချွဲနွဲ့နေသော လော့ရှောင်ရှောင်နှင့် အဝေးတွင် မာနတခွဲသားဖြင့် ရပ်နေသော အလှပဂေး။ ခွမ်းချန်သည် မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကာ ချူဟန်အနီးရှိ ကောင်မလေးကို စူးစိုက်ကြည့်လိုက်သည်။
ရုတ်တရက် ရင်းနှီးနေသော မျက်နှာသွင်ပြင်တစ်ခုက သူ၏ မှတ်ဉာဏ်ထဲတွင် ပြန်လည် ပေါ်လာသည်။ ထိုမျက်နှာမှာ အတိတ်က သူ အဝေးမှနေ၍ အကြိမ်ကြိမ် မြင်ဖူးခဲ့သော မျက်နှာထားပင် ဖြစ်သည်။
သခင်မလေး…လော့။
ခွမ်းချန်၏ နှလုံးခုန်သံများ ရုတ်ချည်း ရပ်တန့်သွားတော့သည်။
သခင်မလေး လော့... ဤစကားလုံးများကို သူ ဘာကြောင့် ချက်ချင်း ဆက်စပ် မတွေးတောနိုင်ခဲ့ရသနည်း။
သခင်မလေး ဟူသော အခေါ်အဝေါ်မှာ သာမန်ဖြစ်သည်။ သို့သော် သခင်မလေး လော့ ဆိုသည့် တည်ရှိမှုမှာ မြို့တော် ရှန်ကျင်း ၏ နိုင်ငံရေးနှင့် စစ်ရေးဗဟိုချက်ကို ခြယ်လှယ်နေသော အခွင့်ထူးခံ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် အသိုင်းအဝိုင်းများထဲတွင် မသိသူ တစ်ယောက်မျှ မရှိပေ။
‘သွားပြီ’
အကြောက်တရားများက ခွမ်းချန်၏ အာရုံကြောများအားလုံးကို လွှမ်းမိုးသွားတော့သည်။ ဤကောင်မလေးက တကယ်ပဲ ထိုပုဂ္ဂိုလ် ကြီးရဲ့ မြေးမလေး ဖြစ်နေတာလား...။
‘ငါတော့ သွားပြီ... ငါ့ဘဝတော့ လုံးဝ သွားပါပြီ’
" ကယ်... ကယ်ပါဦး...ကျေးဇူးပြုပြီး ကျွန်တော့်အသက်လေးတော့ ချမ်းသာပေးကြပါ"
ရုတ်တရက် ခွမ်းချန်သည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ဂုဏ်သိက္ခာများကို လုံးဝ ဂရုမစိုက်တော့ဘဲ ခေါင်းငုံ့ တောင်းပန်တော့သည်။
"ကျွန်တော့် မျက်လုံးတွေ ကန်းနေခဲ့တာပါ။ ကျွန်တော့် သား မျက်လုံးတွေလည်း ကန်းနေခဲ့လို့ပါ။ မသတ်ပါနဲ့။ ကျွန်တော် မှားသွားပါပြီ။ ကျွန်တော် တကယ် မှားသွားပါပြီ။ သခင်မလေး လော့... သခင်မလေး ပိုင်... ကျေးဇူးပြုပြီး သနားပါဦး"
ခွမ်းချန်၏ လုပ်ရပ်မှာ အလွန်တရာ ရုတ်တရက်ဆန်လွန်းလှပြီး မည်သည့် ကြိုတင် အရိပ်အယောင်မျှ မရှိခဲ့ပေ။
မည်သည့် အရိပ်အယောင်မျှ မရှိဘဲ ဗိုလ်ချုပ် ခွမ်းချန်၏ ထူးဆန်းသော အပြုအမူကြောင့် ပတ်ဝန်းကျင်ရှိ လူများအားလုံး ဆွံ့အသွားကြသည်။ ပုံမှန်အားဖြင့် မာနထောင်လွှားစွာ ပြုမူနေထိုင်ပြီး ဥပဒေမဲ့ သောင်းကျန်းနေသော ဗိုလ်ချုပ် တစ်ယောက်သည် အခြားသူများရှေ့တွင် အရုပ်ဆိုးအကျည်းတန်စွာ ငိုယိုအော်ဟစ်လျက် အသက်ချမ်းသာပေးရန် တောင်းပန်နေခြင်း ဖြစ်သည်။ အလွန်တရာ အရှက်မဲ့စရာကောင်းသော မြင်ကွင်းပင် ဖြစ်သည်။
ပိုင်ယွန့်အာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ရှင့်ရဲ့ အဲဒီ ညစ်ပတ်နေတဲ့ ပါးစပ်ကနေ ငါ့နာမည်ကို မခေါ်ပါနဲ့"
အနည်းငယ်မျှ ဖုံးကွယ်ထားခြင်းမရှိသော စစ်မှန်သည့် ရွံရှာမှုပင် ဖြစ်သည်။ လော့ရှောင်ရှောင်မှာမူ ပို၍ပင် ပြတ်သားနေလေသည်။
"ငါ့ကို ဒူးထောက်နေတော့ ဘာထူးမှာလဲ။ တောင်းပန်ချင်ရင် ငါ့ရဲ့ ကိုကိုချူဟန် ဆီမှာ တောင်းပန်လေ"
လုံးဝအာဏာရှိသော ဤလူနှစ်ဦး၏ စကားကို ကြားပြီးနောက် ခွမ်းချန်မှာ တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ချူဟန်ဘက်သို့ လှည့်ကာ မြေပြင်ကို နဖူးနှင့် ဆောင့်၍ အသံမြည်သည်အထိ ဦးညွှတ်တောင်းပန်တော့သည်။
"သခင်လေး ချူဟန်... သခင်ကြီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ နောက် တစ်ခါ မလုပ်တော့ပါဘူး။ နောက် ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်တော့ပါဘူး"
ဟယ်ဖေးယွမ် ၊ ရှန်ကွမ်းယွီရှင်း နှင့် ချန်ရှန်ကော် တို့မှာ လုံးလုံးလျားလျား ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ သူတို့သည် မည်မျှတိုင်အောင် ပုံမှန်ဘောင်မှ ကျော်လွန်နေသော ဘော့စ် တစ်ယောက်နောက်သို့ လိုက်ပါလာခဲ့မိသနည်း။ စစ်တပ်၏ ဗိုလ်ချုပ် တစ်ယောက်ကပင် သူ့ထံ၌ ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေသည် မဟုတ်ပါလား။ ချန်ရှောက်ရယ်မှာမူ ဝင့်ကြွားမှု အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မေးရိုးများ ကောင်းကင်ကိုပင် ထိုးခွဲတော့မတတ် မော့ထားလေသည်။
'ငါ့ ဘော့စ် ဆိုတာ ဒီလိုမှပေါ့'
ဝမ်ချီရှန်း၏ မျက်ဝန်းထဲတွင် တစ်ခဏမျှ ဒေါသအရိပ်အယောင်များ လင်းလက်သွားသည်။ သူသည် ရှစ်ကျားကျွမ်း စစ်ဒေသမှ လူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့်ပင် ဗိုလ်ချုပ် ခွမ်းချန်၏ ယခင်က လုပ်ရပ်ဆိုးများကို မြင်လျက်နှင့် မမြင်ယောင်ဆောင် နေပေးခဲ့ခြင်း ဖြစ်သည်။ သူ ကျန်းယိမင်ကို ခေါ်လာခဲ့ရခြင်းမှာ လော့ရှောင်ရှောင်တို့ကို ရှာဖွေရန်သာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သို့သော် ယခု ဗိုလ်ချုပ် ခွမ်းချန်၏ အလွန် ရုပ်ပျက်ဆင်းပျက်နိုင်လှသော အပြုအမူက တစ်သက်လုံး စစ်တပ်အတွက် အသက်ပေးထားသော အရာရှိ ဝမ်ချီရှန်း ၏ ရင်တွင်း နက်ရှိုင်းသော နေရာမှ ပြင်းထန်သည့် ဒေါသမီးတောက်များကို နိုးထလာစေခဲ့သည်။ မိမိထက် အားနည်းသူများကို ရက်ရက်စက်စက် ကြိတ်ခြေပြီး အာဏာရှိသူကို မြင်သည်နှင့် ခွေးတစ်ကောင်လို အမြီးနှံ့ပြနေသည်။ ဤကဲ့သို့သော လူ့အမှိုက်က စစ်သား ဟူသော အမည်ကို ခံယူရန် အရည်အချင်း ရှိသေးသလား။ ဗိုလ်ချုပ် ဟု ခေါ်ဆိုခံရန် အရည်အချင်း ရှိသေးသလား။
"ဗိုလ်ချုပ်ကြီး ဝမ်"
ရုတ်တရက် ချူဟန်၏ အသံ ထွက်ပေါ်လာပြီး လူများ၏ အကြည့်များက ဤ ကြောက်စရာကောင်းသော လူငယ်လေးထံသို့ နောက်တစ်ကြိမ် စုပြုံကျရောက်သွားပြန်သည်။ ဗိုလ်ချုပ်ကြီး ဟုတ်လား။ ဝမ်ချီရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မျက်မှောက်ရှိ ဤကောင်လေးက သူ၏ ရာထူးကို ဘာကြောင့် သိနေရတာလဲ။ ချူဟန်သည် ပတ်ဝန်းကျင်၏ တုံ့ပြန်မှုများကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။
"ဂုဏ်သိက္ခာရှိတဲ့ စစ်သား တစ်ယောက်ကများ မြေပြင်မှာ ဒူးထောက်ပြီး တောင်းပန်နေရတယ်လို့။ ဒါက ဘယ်လို အခြေအနေမျိုးလဲဗျ"
ဝမ်ချီရှန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး စိတ်ထဲတွင် ချူဟန်ကို အစွန်းရောက်သော တံဆိပ်တစ်ခု တပ်ပေးလိုက်သည်။
'ရက်စက်ကြမ်းကြုတ်သူ'
"ရာထူးကနေ ထုတ်ပယ်လိုက်ပြီ"
ဗိုလ်ချုပ်ကြီါး ဝမ်ချီရှန်း ၏ တည်ငြိမ်သော စကားတစ်ခွန်းက ဗိုလ်ချုပ် ခွမ်းချန်၏ ကံကြမ္မာကို တိုက်ရိုက် အဆုံးအဖြတ် ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ဝမ်ချီရှန်း အတွက် အမြင့်ဆုံး လျှော့ပေးလိုက်မှုလည်း ဖြစ်သည်။ သူသည် ချူဟန်၏ မျက်ဝန်းထဲ၌ ကိန်းအောင်းနေသော သတ်ဖြတ်လိုစိတ်ကို မြင်တွေ့ထားသော်လည်း ဗိုလ်ချုပ် ခွမ်းချန်ကို တိုက်ရိုက် သေဒဏ်ပေး၍ မရနိုင်ပေ။ ဗိုလ်ချုပ် ခွမ်းချန်သည် မည်မျှပင် ဆိုးယုတ်သော အလုပ်များကို လုပ်ခဲ့ပါစေ၊ သူသည်လည်း စစ်သားတစ်ဦး ဖြစ်နေဆဲ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
"အား... မဟုတ်ဘူး။ လိမ်နေတာ။ အဲဒီလို လုပ်လို့မရဘူး"
ဗိုလ်ချုပ် ခွမ်းချန်က ရူးသွပ်နေသူတစ်ဦးအလား အော်ဟစ်လိုက်သည်။
"ဒါဆိုရင်တော့ ရှင်းသွားပြီ"
ချူဟန်က ရုတ်တရက် ကြက်သီးထချင်စရာကောင်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီး လက်ထဲရှိ ရှူရာပုဆိန်ကို အမြင့်သို့ မြှောက်တင်လိုက်သည်။ ထိုစကားက တကယ်တော့ ဘာအဓိပ္ပာယ်လဲ။ "မလုပ်နဲ့"
ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း က သူ၏ အကြံအစည်ကို ရိပ်မိသွားပြီး အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။ ပတ်ဝန်းကျင်ရှိ လူများ အံ့အားသင့်ကာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ခင်မှာပင်...