← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀) အညံ့ခံခြင်း

ရွှမ်းခနဲ အသံနှင့်အတူ ခွမ်းချန်၏ အော်ဟစ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သွေးစက်များ ပန်းထွက်သွားကာ ခေါင်းပြတ်ကြီးက မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားလေသည်။ ချူဟန်၏ ဓားချက်မှာ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိပေ။

တကယ်ပဲ... သတ်ပစ်လိုက်တာလား။

ခွမ်းကျိရန် ကိစ္စကို ခဏဖယ်ထားဦးတော့။ ချူဟန်က စကားပြောနေရင်းနှင့်ပင် ဗိုလ်ချုပ် ခွမ်းချန်ကိုပါ ခုတ်သတ်ပစ်လိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ သူက ဘာကို အားကိုးပြီး ဒီလောက်အထိ ရဲတင်းနေရတာလဲ။

လူတိုင်း ဆွံ့အသွားကြပြီး ချူဟန်၏ အံ့မခန်း ရဲတင်းမှုကို မယုံနိုင်စွာ ငေးကြည့်နေကြသည်။ မြေပြင်ပေါ်တွင် ပျံ့နှံ့နေသော သွေးကွက်များက စောစောလေးကမှ ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုကြီးကို သက်သေပြနေသဖွယ် ရှိသည်။ မျက်နှာချင်းဆိုင် တွေ့ဆုံသည့် အချိန်တိုလေးအတွင်းမှာပင် ချူဟန်က လူဘယ်နှယောက်ကို သတ်ပစ်ခဲ့ပြီလဲ။

ဝမ်ချီရှန်း မျက်တောင်များ တဆတ်ဆတ် တုန်ရီသွားသည်။ သူ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေပြီ ဖြစ်သည်။ သူက ခွမ်းချန်ကို ရာထူးမှ ထုတ်ပယ်လိုက်သည် ဆိုစေဦးတော့။ ဒါက ချူဟန် ကိုယ်တိုင် ဝင်ရောက်သတ်ဖြတ်ရန် အကြောင်းပြချက် မဟုတ်ပေ။ ဤလူငယ်က အလွန်တရာ မောက်မာလွန်းလှသည်။

ဝမ်ချီရှန်းက ချူဟန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ စောစောက ကျန်းယိမင် သာ ရုတ်တရက် ဝင်မတိုက်ခိုက်ခဲ့လျှင် သူ အနီးသို့ မလျှောက်လာခင်ကတည်းက ခွမ်းချန် သေနေလောက်ပြီ ဖြစ်သည်။ သို့သော် ချူဟန်၏ လိမ်ညာမှုကို ဖွင့်ချရန် စိတ်ကူးမရှိတော့ဘဲ ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း သူ၏ စိတ်ထဲတွင် ချူဟန်အတွက် နောက်ထပ် နာမည်တစ်ခုကို တပ်ပေးလိုက်သည်။

‘မောက်မာလွန်းတဲ့ကောင်’

"ကောင်လေး... မင်းက ဥပဒေကိုလည်း ဂရုမစိုက်ဘူးပေါ့လေ”

ဝမ်ချီရှန်းက ဒေါသတကြီး ပြောလိုက်ပြီး ကြီးမားလှသော ဖိအားများနှင့်အတူ ချူဟန်ကို စိုက်ကြည့်လိုက်သည်။

သို့သော် ချူဟန်သည် အနည်းငယ်မျှပင် နောက်ဆုတ်ခြင်းမရှိဘဲ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အနက်ရောင် ရှူရာပုဆိန်ကို ကိုင်ဆောင်ထားလျက် ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း ကို တည်ငြိမ်စွာ ပြန်လည် စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ဂုဏ်ပုဒ်နှင့် ရာထူးအဆင့်အတန်းများက သူ့အတွက်တော့ လွင့်မျောနေသော တိမ်တိုက်များပမာ အရေးမပါလှပေ။

တကယ်တမ်းလည်း ထိုအတိုင်းပင် ဖြစ်သည်။ တစ်ဖက်လူက ဘယ်သူပဲဖြစ်နေပါစေ သူ့အတွက် အရေးမပါပေ။ သူ သတ်မည်ဟု ဆုံးဖြတ်ထားသော သားကောင်ကို မည်သူကမျှ ဝင်ရောက် နှောင့်ယှက်၍ မရပေ။

ထိုနှစ်ဦး၏ အကြည့်များ ဆုံတွေ့သွားရာ လေထုထဲ၌ ယမ်းမှုန့်နံ့များ သင်းပျံ့လာသည့်အလား ပေါက်ကွဲလုမတတ် တင်းမာမှုများ ပြည့်နှက်လာတော့သည်။

အောင်ပွဲများစွာ ရရှိခဲ့သော ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း နှင့် မယုံနိုင်လောက်အောင် ငယ်ရွယ်သော လူငယ်လေး။ သို့သော် သူတို့နှစ်ဦး ထုတ်လွှတ်နေသော လွှမ်းမိုးနိုင်စွမ်းမှာ ထူးဆန်းစွာပင် တစ်ဖက်နှင့်တစ်ဖက် မတိမ်းမယိမ်း ဖြစ်နေလေသည်။

၎င်းသည်ပင်လျှင် လုံးလုံးလျားလျား ပုံမှန်ဘောင်မှ ကျော်လွန်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူများမှာ ချူဟန်အပေါ် ရှုပ်ထွေးသော သတိထားမှုများနှင့် အကြောက်တရားများ ရောယှက်လာကြသည်။

ကျန်းယိမင်ကို အလွယ်တကူ အနိုင်ယူခဲ့ပြီး သေနတ်ပြောင်းဝများစွာ ချိန်ရွယ်ခံထားရသည့်ကြားမှပင် ဗိုလ်ချုပ် ခွမ်းချန်ကို မကြောက်မရွံ့ သတ်ဖြတ်ခဲ့သည်။ ယခုအခါ ရှစ်ကျားကျွမ်း စစ်ဒေသ တစ်ခုလုံးကို ကြောက်ရွံ့တုန်လှုပ်စေနိုင်လောက်သည့် ဩဇာအာဏာရှိသော ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း ကိုပင် ထိပ်တိုက် ရင်ဆိုင်နေပြန်သည်။

ဤ ချူဟန် ဆိုသော လူငယ်က ခန့်မှန်း၍မရနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းလှသည်။

"အဘိုးဝမ်"

ရုတ်တရက် ခပ်လှမ်းလှမ်းတွင် ရှိနေသော ပိုင်ယွန့်အာ က အေးစက်သော လေသံဖြင့် ထိုနှစ်ဦး၏ တင်းမာနေမှုကို ဝင်ရောက် ဖြတ်တောက်လိုက်သည်။

ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း သတိပြန်ဝင်လာပြီး ဒေါသများ လျော့ကျသွားသည်။

"သခင်မလေး ပိုင်... ဘာကိစ္စများ ရှိလို့လဲ"

သူ အသုံးပြုလိုက်သော အခေါ်အဝေါ်ကြောင့် လူအများစု၏ ရင်ထဲ၌ သံသယများ ဖြစ်ပေါ်လာကြသည်။

"ဘာမှတော့ မဟုတ်ပါဘူး"

ပိုင်ယွန့်အာက ရှည်လျားသော ဆံပင်များကို သပ်တင်လိုက်ပြီးနောက် ချူဟန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"လူတွေမှာ ကိုယ်စီ မတူညီတဲ့ တန်ဖိုးတွေ ရှိတယ်ဆိုတာကို ပြောချင်ရုံပါ"

ဒါက... ဘာအဓိပ္ပာယ်လဲ။

"အဘိုးဝမ်"

ထိုအချိန်တွင် ရှန်ကျိုတီလည်း ခြေတစ်လှမ်း ရှေ့တိုးလာသည်။ သူမသည် ချူဟန်၏ ဘေးတွင် ရပ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"ရှန်ကျင်း မြို့ကို အမြန် ပြန်ရမှာ မဟုတ်လား။ လော့ရှောင်ရှောင် ရဲ့ ဒဏ်ရာတွေလည်း မကျက်သေးတော့ ခဏလောက် အနားယူပြီးမှ ခရီးဆက်ကြတာပေါ့"

တင်းမာနေသော လေထုမှာ ချက်ချင်း ပြေလျော့သွားတော့သည်။

ပတ်ဝန်းကျင်ရှိ လူများမှာ အလယ်ဗဟို၌ ရပ်နေသော လူအချို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း နှင့် ထိပ်တိုက် ရင်ဆိုင်နေသော ချူဟန်၏ ပတ်ဝန်းကျင်တွင် လူများစွာ ရောက်ရှိနေပြီ ဖြစ်သည်။ လော့ရှောင်ရှောင်၊ ပိုင်ယွန့်အာ၊ ရှန်ကျိုတီ နှင့် ချန်ရှောက်ရယ်တို့ပင် ဖြစ်သည်။

စစ်တပ်ဆိုသော ကြီးမားလှသည့် အင်အားစုကြီးကို ရင်ဆိုင်ရချိန်တွင်ပင် သူတို့သည် တွေဝေခြင်းမရှိဘဲ ချူဟန်၏ ဘက်တွင် ရပ်တည်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

တကယ်ကို ကြောက်စရာကောင်းလောက်တဲ့ စည်းလုံးမှုပဲ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်...

" ရှင်းလင်းရေးလုပ်ကြ။ ရှစ်ကျားကျွမ်းမြို့ ကနေ ထွက်ခွာဖို့ ပြင်ဆင်ကြ"

ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း သည် ရှန်ကျိုတီ ဖန်တီးပေးသော ထွက်ပေါက်ကို အသုံးချကာ သူ၏ လက်အောက်ငယ်သားများကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

ဝမ်ချီရှန်းက ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ရတာ တကယ်ပဲလား။ ထိုအမှန်တရားက ပတ်ဝန်းကျင်ရှိ လူများကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေပြန်သည်။

စစ်သားများ၏ ရင်ထဲတွင် ချူဟန်၏ ဩဇာလွှမ်းမိုးမှုမှာ အတိုင်းအဆမရှိ ကြီးမားလာတော့သည်။ ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်းကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်သည့် သူဆိုသည်မှာ တရုတ်နိုင်ငံ တစ်ဝန်းလုံးကို ရှာကြည့်လျှင်ပင် လက်ချိုးရေတွက်၍ ရလောက်သည်။

ရှန်ကျိုတီ၏ နောက်ခံမှာ ပိုင်ယွန့်အာ သို့မဟုတ် လော့ရှောင်ရှောင်တို့လောက် မကြီးမားသော်လည်း လုံးဝ အထင်သေး၍ရသော အနေအထားမျိုး မဟုတ်ပေ။ ဤ အမျိုးသမီး သုံးဦးက တစ်ပြိုင်နက်တည်း ချူဟန်ကို အကာအကွယ် ပေးနေသရွေ့ ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း အနေဖြင့် သူ၏ မျက်ကွယ်တွင် ဗိုလ်ချုပ် ခွမ်းချန်ကို သတ်ဖြတ်သွားခဲ့သော ချူဟန်ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပေ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ပိုင်ယွန့်အာ ပြောခဲ့သလို ချူဟန်၌ ရှိနေသော တန်ဖိုး ကို လျစ်လျူရှု၍ မရနိုင်ခြင်းပင် ဖြစ်သည်။

ဝမ်ချီရှန်းမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း တွေးခေါ်နိုင်စွမ်းမှာ အလွန် ထက်မြက်နေဆဲ ဖြစ်သည်။ သူသည် အစကတည်းက ချူဟန်နှင့် ရန်သူ ဖြစ်လိုသော ဆန္ဒ လုံးဝ မရှိခဲ့ဘဲ ဤလူငယ်၏ မာနကို အနည်းငယ် ချိုးနှိမ်ချင်ရုံသာ ဖြစ်သည်။

သို့သော် သူ တွက်မှားသွားခဲ့သည်။ ချူဟန်၏ မာနကို ချိုးနှိမ်ဖို့ နေနေသာသာ၊ သူကိုယ်တိုင်ပင် အရှုံးပေးလိုက်ရလုမတတ် ဖြစ်သွားခဲ့လေသည်။

ဝမ်ချီရှန်းသည် ချူဟန်၏ ပတ်ဝန်းကျင်၌ စုရုံးနေသော အသက်ရှင်ကျန်ရစ်သူများကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး မနေနိုင်ဘဲ ခေါင်းခါလိုက်မိသည်။

ဗိုလ်ချုပ် ခွမ်းချန်တွင် အနာဂတ်ကို ကြိုမြင်နိုင်စွမ်း မရှိသလို သာမန် စစ်သားအများစုမှာလည်း ထိုမျှလောက်အထိ တွေးခေါ်နိုင်စွမ်း မရှိကြပေ။ သို့သော် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း မူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ကမ္ဘာပျက်ကပ်ထဲတွင် ထောက်ပံ့ရေး ပစ္စည်းများကို ဖယ်ထားလိုက်လျှင် အရှားပါးဆုံး အရင်းအမြစ်က ဘာလဲ။

၎င်းမှာ လူ ပင် ဖြစ်သည်။

နောက်ခံအသိုင်းအဝိုင်းများ မတူညီသလို ခံစားချက်နှင့် စရိုက်လက္ခဏာများလည်း ကွဲပြားနေသော ဤမျှများပြားသည့် လူများကို တစ်စုတစ်စည်းတည်း ဖြစ်အောင် စုစည်းနိုင်စွမ်း ရှိသည်။ ထို့အပြင် ၎င်းတို့က ဦးနှောက်ဆေးခံထားရခြင်း သို့မဟုတ် အတင်းအကျပ် ထိန်းချုပ်ခံထားရခြင်း မရှိသော သာမန် အရပ်သားများသာ ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ထိုသူများက မိမိတို့သဘောဆန္ဒအလျောက် ရပ်တည်ပေးနေကြခြင်းပင် ဖြစ်သည်။

ချူဟန် ဟူသော လူငယ်လေး ပိုင်ဆိုင်ထားသည့် စည်းရုံးနိုင်စွမ်းမှာ ကြောက်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

"ဒါနဲ့... သူတို့တွေရော ဘယ်လိုလုပ်ကြမလဲ"

ကျန်းယိမင် က နားမလည်နိုင်စွာဖြင့် ချူဟန်တို့ကို လက်ညှိုးထိုးပြလိုက်သည်။ လော့ရှောင်ရှောင်တို့မှလွဲ၍ ကျန်လူများကိုပါ ခေါ်သွားရမည်လား ဟု မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ချူဟန်နှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သော်လည်း သူ၏ ရင်ထဲ၌ ချူဟန်အပေါ် မကျေနပ်မှုများ ရှိမနေဘဲ အကြွင်းမဲ့ အညံ့ခံလိုစိတ်သာ ရှိနေသည်။

ချူဟန်၏ ရှေ့တွင် ကျန်းယိမင် သည် လုံးလုံးလျားလျား လက်မြှောက် အရှုံးပေးလိုက်ပြီ ဖြစ်သည်။

ဝမ်ချီရှန်းက လှည့်ကာ ချူဟန်ကို စက္ကန့်အနည်းငယ်မျှ လေးနက်စွာ စိုက်ကြည့်လိုက်ပြီးနောက် လော့ရှောင်ရှောင်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။

"အဘိုးနဲ့အတူ ရှန်ကျင်း ကို ပြန်လိုက်ခဲ့ကြပါ။ အသက်ရှင်ကျန်ရစ်တဲ့ သူတွေကိုလည်း အတူတူ ခေါ်သွားကြတာပေါ့။ ရှစ်ကျားကျွမ်းမြို့ ကို အထက်ကနေ စွန့်ပစ်လိုက်ပြီ။ အားလုံး အတူတူ သွားကြတာပေါ့။ တရုတ် နိုင်ငံသား အချင်းချင်း သတ်ဖြတ်နေစရာ အကြောင်းမရှိပါဘူး "

လော့ရှောင်ရှောင်က မျက်နှာလွှဲသွားပြီး အလွန် မကျေနပ်သော အမူအရာကို ပြသလိုက်သည်။

တစ်ဖက်တွင်မူ ချန်ရှန်ကော်၊ ယွဲ့ဇီ၊ ယွီရှင်း တို့မှာမူ ရင်တွင်း နက်ရှိုင်းသော နေရာမှနေ၍ သက်ပြင်းချလိုက်မိကြသည်။

မည်သို့ပင်ဖြစ်စေ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် သူတို့၏ ချူဟန်အပေါ် လေးစားမှုမှာလည်း ပိုမို နက်ရှိုင်းလာတော့သည်။ မိမိတို့၏ ဘော့စ်မှာ တကယ့်ကို သာမန်လူသားတို့၏ အသိဉာဏ်ဘောင်ကို ကျော်လွန်နေသည့် နတ်ဆိုးတစ်ကောင် ဖြစ်ပေသည်။

ပိုင်ယွန့်အာ အပါအဝင် အမျိုးသမီး သုံးဦးက အစပြုပေးခဲ့သည်မှာ မှန်သော်လည်း ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း ကို နောက်ဆုတ်သွားစေသည့် အဓိက အကြောင်းရင်းမှာ ချူဟန် ကိုယ်တိုင်ကြောင့် ဖြစ်ကြောင်း မည်သူမဆို ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။

အကယ်၍ ချူဟန်သာ ဗိုလ်ချုပ် ခွမ်းချန်ကဲ့သို့ မာနထောင်လွှားပြီး အသုံးမကျသော လူတစ်ယောက် ဖြစ်နေမည်ဆိုပါက လော့ရှောင်ရှောင် နှင့် ပိုင်ယွန့်အာတို့ မည်မျှပင် ကာကွယ်ပေးပါစေ ဝမ်ချီရှန်း အနေဖြင့် နောက်ဆုတ်ပေးမည် မဟုတ်ပေ။

ဗိုလ်ချုပ်ကြီး ဝမ်ချီရှန်း တိုက်ခိုက်လိုစိတ်ကို ရှင်းလင်းစွာ ရုပ်သိမ်းလိုက်သဖြင့် စစ်သားများလည်း ချက်ချင်း လက်နက်များကို ချလိုက်ကြပြီး ချူဟန်ကို ဝန်းရံထားသော အသက်ရှင်ကျန်ရစ်သူများနှင့် ရင်းနှီးစွာ စကားပြောဆိုလာကြသည်။

စစ်ဆရာဝန်မလေး ယွီရှင်းလည်း ချက်ချင်းပင် ချူရှား၏ ဖခင်ထံသို့ ပြေးသွားကာ ကျွမ်းကျင်စွာ ကျည်ဆန်ကို ထုတ်ယူပြီး ပတ်တီးစည်းပေးလိုက်သည်။

ချူရှားမှာ ငိုယိုနေရင် ယွီရှင်းကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောဆိုနေလေသည်။ အသက် ၁၅ နှစ်သာ ရှိသေးသော ဤကောင်မလေးသည် ကမ္ဘာပျက်ကပ်ထဲတွင် တစ်လကျော်ကြာ အသက်ရှင်သန်ရန် ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးတွင် မိသားစုနှင့် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့လေပြီ။

ချူရှား၏ ဖခင်မှာ သမီးဖြစ်သူအား ချော့မြူနေရင်း ရုတ်တရက် အကြည့်တစ်ချက် လွှဲလိုက်မိသည်။ လမ်းဘေးတွင် တစ်ယောက်တည်း ထိုင်နေပြီး မည်သည့် အန္တရာယ်မှ ပေးနိုင်မည့်ပုံ မပေါ်သော ထိုလူငယ်လေးထံသို့ ဖြစ်သည်။

"သမီးရဲ့ ကျေးဇူးရှင်က ချူဟန် ဆိုတဲ့ တစ်ယောက်လား"

ချူရှား၏ ဖခင်က ရှုပ်ထွေးသော ခံစားချက်များ ပါဝင်နေသည့် လေသံဖြင့် မေးလိုက်သည်။

"ဟုတ်တယ်"

ချူဟန်၏ နာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချူရှား၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လွင်လာသည်။

"သမီးကတော့ သူ့ကို ကိုကိုချူဟန် လို့ ခေါ်တာ။ သူက သမီး တစ်သက်နဲ့တစ်ကိုယ် မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး လူပဲ အဖေရဲ့"

All Chapters