အခန်း ၄၇၂
Vol. 48 Ch. 472
အခန်း။ ၄၇၂
ချန်ကျီရှင်းသည် အထွတ်အထိပ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် တရားထိုင်တော့မည်ဟု ကြေညာပြီးနောက် တောင်ကုန်းနောက်ဘက်တွင် တစ်ဦးတည်း ပိတ်လှောင်နေခဲ့သည်။
ထိုသို့ ပိတ်လှောင်ထားခဲ့သည်မှာ တစ်နှစ်ကျော်ပင် ကြာမြင့်ခဲ့သည်။
ကျင့်ကြံမှုအဆင့်၊ ခန္ဓာကိုယ်အခြေအနေနှင့် မဟာတာအိုဖို ဤအဆင့်သုံးဆင့်မှာ အခြားသူများအတွက်မူ ခက်ခဲလှသော်လည်း ချန်ကျီရှင်းအတွက်မူ တစ်ပတ်အတွင်းမှာပင် အဆင်ပြေအောင် ချိန်ညှိနိုင်ခဲ့သည်။
သူ့အချိန်များကို အမှန်တကယ် ကုန်ဆုံးစေခဲ့သည်မှာ ပြီးဆုံးလုနီးပါးဖြစ်နေသော မဟာတာအို ကိုးခုကြားရှိ ဆက်စပ်မှုများ၊ မဟာတာအိုအဆင့်များ ပေါင်းစပ်ရာတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ မဟာတာအိုကိုးခုကြား ကျင့်ကြံမှုကို ဘယ်လိုမျှတအောင် ထိန်းညှိရမလဲဟူသည့် အချက်များ၊ ကျဆုံးခြင်းနှလုံးသားမီးနှင့် တာအိုအိုး တို့ကြားရှိ အချိန်ကိုက်လုပ်ဆောင်မှုများနှင့် အဆင့်တက်လှမ်းပြီးနောက် ရင်ဆိုင်ရမည့် ကောင်းကင်ဘေးတို့ပင်။
ကံကောင်းစွာဖြင့် ဤအရာများသည် အချိန်နှင့် အားထုတ်မှုသာ ပိုမိုကုန်ကျစေသည်။ လုံလောက်သောအချိန်ကို ကျော်ဖြတ်ပြီးနောက် ချန်ကျီရှင်းမှာ စိတ်တည်ငြိမ်လာပြီး သူ၏ အဆင့်တက်လှမ်းချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
သူ၏ ပတ်လည်တွင် အနက်ရောင် တာအိုအိုးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ အိုးအတွင်းရှိ ထူထဲသော အနက်ရောင်ဝါရောင် အငွေ့အသက်တို့သည် ချန်ကျီရှင်း၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး အရေပြား၊ အသား၊ အရိုး၊ အကြောများမှတစ်ဆင့် အတွင်းအင်္ဂါများဆီသို့ စီးဆင်းကာ နောက်ဆုံးတွင် ခေါင်းထိပ်ရှိ နီဂုံဝမ် အချက်အချာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
နောက်တစ်စက္ကန့်တွင် ချန်ကျီရှင်း၏ စိတ်ထဲ၌ ကြေးခေါင်းလောင်းသံတစ်ခု ရုတ်တရက် မြည်ဟီးလာသကဲ့သို့ပင်။
အသံတစ်ချက်….
အသံနှစ်ချက်…..
အသံသုံးချက်….
ပထမဆုံး ကျော်ဖြတ်ရမည့် အတားအဆီးမှာ စတင်လိုက်ပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှာ မဟာတာအို၏ အသံနှင့်အလိုက် တုန်ခါနေသည်။ မျက်ခုံးနှစ်ခုကြားမှ မဟာတာအို၏ အငွေ့အသက်တို့သည် ပြန်လည်စီးဆင်းလာကာ ချန်ကျီရှင်း၏ ခန္ဓာကိုယ်ကို နောက်ဆုံးအကြိမ် အသွင်ပြောင်းလဲရန် အားဖြည့်ပေးသည်။
ဤသည်မှာ နိဗ္ဗာနအဆင့်မှ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် အရေးအကြီးဆုံး အဆင့်ဖြစ်ပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို တာအိုနှင့် ပိုမိုနီးကပ်စေသည်။
[ဘာသာပြန်သူမှတ်ချက်- ကျွန်တော်ပထမက Chaos energy ကိုရှုပ်ထွေးခြင်းစွမ်းအင်လို့ဘာသာပြန်ခဲ့တာပါ။ တခြားဆရာတွေနဲ့တိုင်ပင်ကြည့်တော့ ဖရိုဖရဲစွမ်းအင်ကပိုလိုက်ဖက်တယ်ဆိုလို့ဖရိုဖရဲစွမ်းအင်လို့ဆက်ပြီးဘာသာပြန်သွားပါမယ်ဗျ]
အသံတစ်ဆယ့်ခုနစ်ချက်မြောက်တွင် ချန်ကျီရှင်း၏ အသားနှင့် အရိုးတို့တွင် တာအို၏ အငွေ့အသက်များ စီးဆင်းနေသည့် အကြောများဖြင့် ပြည့်နှက်လာသည်။
အသံနှစ်ဆယ့်တစ်ချက် မြည်ဟီးချိန်တွင် အကြောများထဲရှိ ဖရိုဖရဲစွမ်းအင်တို့သည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချန်ကျီရှင်း၏ အသား၊ အရိုးတို့နှင့် အပြင်းအထန်ဆုံး နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲတော့သည်။
နှစ်ဆယ့်ကိုးချက်မြောက်တွင် ချန်ကျီရှင်း၏ အသားအရေ အများစုမှာ အကြောများ၏ စားသုံးခြင်းကို ခံလိုက်ရသည်။ ထိုအချိန်တွင် ချန်ကျီရှင်းမှာ ဖရိုဖရဲစွမ်းအင်များဖြင့်သာ ပြည့်နှက်နေသည့် အရိုးစုတစ်ခုနှင့် တူနေတော့သည်။
သုံးဆယ့်ခုနစ်ချက်မြောက်ပြီးနောက်တွင် ဖရိုဖရဲစွမ်းအင်တို့သည် အရိုးနှင့် ကြွက်သားများကို စတင်စားသုံးပြီး အသားများကို စားသုံးရာမှ ရရှိလာသော ကြီးမားသည့်စွမ်းအားတို့သည် အရိုးများကို ဖျက်ဆီးပစ်ရန် အသုံးပြုသည့် အင်အားအဖြစ် ပြောင်းလဲသွားသည်။
လေးဆယ့်လေးချက်မြောက်တွင်မူ ချန်ကျီရှင်းမှာ မူလနေရာ၌ မရှိတော့ပေ။ လူပုံသဏ္ဌာန်သို့ စုစည်းသွားသည့် ဖရိုဖရဲဖြစ်နေသည့် အငွေ့အသက်သာ ကျန်ရှိတော့သည်။
ငါက မွေးရာပါ ဖရိုဖရဲ တာအိုကိုယ်ခန္ဓာနဲ့ မွေးဖွားလာတာဆိုတော့ ဖရိုဖရဲစွမ်းအင်ကို ကျင့်ကြံဖို့အတွက် ခန္ဓာကိုယ်ဆဲလ်တွေနဲ့ အသားကျအောင် လုပ်စရာ မလိုဘူး။ ဒါက ငါ့ကို အချိန်နှစ်နှစ်လောက် သက်သာစေတယ်။ ပြီးသွားရင်တော့ ငါ့ဘဝရဲ့ အမှတ်အသားတွေ ပါဝင်တဲ့ ဒီဖရိုဖရဲစွမ်းအင်ကို ကိုယ့်ပုံစံအတိုင်း ပြန်လည် ပုံဖော်လိုက်ရုံပါပဲ။ ဒါဆို ဒီအဆင့်က ပြီးဆုံးသွားပြီ။
ဖျက်ဆီးခြင်းမှာ ပြန်လည်တည်ဆောက်ခြင်းထက် ပိုမိုလွယ်ကူသည်။ ချန်ကျီရှင်းသည် သူ၏ တာအိုကိုယ်ခန္ဓာကို ဖရိုဖရဲစွမ်းအင်ဖြင့် အရည်ပျော်စေရန် တစ်လမပြည့်သည့်အချိန်သာ ကြာမြင့်ခဲ့သော်လည်း ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်ခြင်းမှာမူ သုံးလတိတိ ကြာမြင့်ခဲ့သည်။
ဤဖြစ်စဉ်မှာ ဂိမ်းတစ်ခုတွင် ဇာတ်ကောင်ပုံစံ ဖန်တီးရသကဲ့သို့ပင်။ ၎င်းမှာ ပို၍ ခက်ခဲသော်လည်း ပို၍ အသုံးဝင်သည်။
ကျင့်ကြံသူတစ်ဦး အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိချိန်တွင် သူတို့၏ အငွေ့အသက်များ ပါဝင်သည့် မဟာတာအို၏ စွမ်းအားကို အသုံးပြုကာ ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်နိုင်သည်။ မည်သည့် ခန္ဓာကိုယ်မျိုးကိုမဆို လိုချင်သလို ပြောင်းလဲနိုင်သည်။
အဆင့်တက်လှမ်းခြင်းအတွက် စုဆောင်းထားသည့် နိဗ္ဗာနစွမ်းအားများအားလုံးသည် ဤအချိန်တွင် ကိုယ့်ကိုကိုယ် ပုံဖော်ရန် အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ဆိုလိုသည်မှာ နိဗ္ဗာနအဆင့်၏ ဤပထမအဆင့်သည် တစ်မျိုးတစ်မည်အားဖြင့် ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူပြီး ကံကြမ္မာကို ပြောင်းလဲနိုင်သည့် စွမ်းအားရှိသည်။ နိဗ္ဗာနအဆင့်ဟူသည့် အမည်မှာ ဤနေရာမှ ဆင်းသက်လာခြင်းပင်။
ဤအဆင့်တွင် ချန်ကျီရှင်းသည် ပုံဖော်ရန် အချိန်များစွာ မပေးခဲ့ပေ။ မွေးရာပါ ဖရိုဖရဲ တာအိုကိုယ်ခန္ဓာ ပိုင်ဆိုင်သူဖြစ်သဖြင့် သူ၏ မူလခန္ဓာကိုယ်မှာပင် စုံလင်နေပြီး ဖြစ်သည်။
သူသည် ယခင်က ကျင့်ကြံမှုများကြောင့် ဖြစ်ပေါ်လာသည့် အတွင်းဒဏ်ရာများနှင့် ဆေးဝါးများ၏ အဆိပ်သင့်မှုကို ဖယ်ရှားရန်သာ အားထုတ်ခဲ့သည်။
ထို့ကြောင့် သုံးလအကြာတွင် နွေးထွေးသော အနက်ရောင် မီးတောက်များထဲ၌ ဖရိုဖရဲစွမ်းအင်ဖြင့် ပြန်လည် ပုံဖော်ထားသည့် အပြစ်အနာအဆာကင်းသော ကိုယ်ခန္ဓာမှာ ပြီးပြည့်စုံသွားခဲ့သည်။
သူ၏ မျက်ခုံးကြားတွင် ငါးကြေးခွံရှိသင့်သည့်နေရာ၌ ယခုအခါ လောင်ကျွမ်းနေသော တာအိုအိုးပုံသဏ္ဌာန် ဖြစ်ပေါ်နေသည်။
အခြားသော အိုးများနှင့် မတူဘဲ ချန်ကျီရှင်း၏ မျက်ခုံးကြားရှိ ဤအိုးအတွင်း၌မူ အနက်ရောင်မီးတောက်တို့ တဖြည်းဖြည်း လောင်ကျွမ်းနေသည်။
ပထမအဆင့် ပြီးဆုံးသွားပြီ။
အသစ်ရရှိလာသော ကိုယ်ခန္ဓာနှင့် မျက်ခုံးကြားတွင် ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသည့် စွမ်းအားတို့ကို ခံစားမိရင်း ချန်ကျီရှင်းမှာ စိတ်တည်ငြိမ်သွားသည်။
အဆင့်တက်လှမ်းပြီးနောက် မဟာတာအို၏ စစ်မှန်သော အစေ့အဆန်နှင့် ပေါင်းစပ်သွားသည့် နှင်းနတ်ဆိုးဘုရင်၏ စွမ်းအားကို ခံစားမိလိုက်ချိန်တွင် သူ၏ နှုတ်ခမ်း၌ အပြုံးတစ်ခု ပေါ်လာသည်။
နှင်းနတ်ဆိုးဘုရင်ရဲ့ စွမ်းအားဆိုတာ အမွေဆက်ခံခြင်းတစ်မျိုးပဲ။ အမွေဆက်ခံသူက ကိုယ်ပိုင်စွမ်းအားနဲ့ အထွတ်အထိပ်နယ်ပယ်ကို တက်လှမ်းနိုင်ပြီဆိုရင် ဒီစွမ်းအားက သဘာဝအတိုင်း ပေါင်းစပ်သွားပြီး အထွတ်အထိပ် ကျင့်ကြံသူရဲ့ ဝိညာဉ်စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။ သာမန်ကျင့်ကြံသူတွေဆိုရင်တောင် ဒီစွမ်းအားနဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်တယ်။
ခုနစ်ရက်အကြာတွင် နှင်းနတ်ဆိုးဘုရင်၏ စွမ်းအားမှာ သူ၏ စွမ်းအားနှင့် လုံးဝပေါင်းစပ်သွားပြီဖြစ်ကြောင်း ခံစားရပြီးနောက် ချန်ကျီရှင်းတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားလိုက်ရသည်။
ဒုတိယအဆင့်ကတော့ မဟာတာအိုအားဖြင့် ကိုယ့်ကိုကိုယ် အရှိန်မြှင့်တင်ပြီး ဘဝအဆင့်ကို အသွင်ပြောင်းလဲကာ အချိန်နှင့် အာကာသစွမ်းအားကို အပြည့်အဝ ရရှိဖို့ပဲ။
ဤအတားအဆီးမှာ အချို့နေရာတွင် ခက်ခဲသော်လည်း အချို့နေရာတွင် လွယ်ကူသည်။
၎င်းသည် သူ၏ အချိန်ကို အရှိန်မြှင့်တင်ရန်အတွက် တာအို၏ အစေ့အဆန် စွမ်းအားကို အသုံးပြုခြင်းပင်။
နိဗ္ဗာနအဆင့်မှ အထွတ်အထိပ်နယ်ပယ်သို့ တက်လှမ်းမှသာ ကိုယ်ပိုင်တာအိုကိုယ်ခန္ဓာကို ပြန်လည်ပုံဖော်နိုင်ပြီး ဤအချိန်တွင် အမြင့်ဆုံး အချိန်နှင့် အာကာသစွမ်းအားကို ရရှိနိုင်သည်။
ကိုယ့်ကိုကိုယ် အရှိန်မြှင့်တင်ခြင်း သုံးဆ၊ ဆယ်ဆ၊ တစ်ဆယ့်နှစ်ဆ၊ တစ်ဆယ့်ငါးဆ…..
အရှိန်ကို တစ်ဆယ့်ရှစ်ဆအထိ မြှင့်တင်လိုက်ချိန်တွင် ချန်ကျီရှင်းမှာ သူ၏ စိတ်စွမ်းအားနှင့် တုံ့ပြန်မှုအရှိန်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
တစ်ဆယ့်ရှစ်ဆပဲလား…..
ချန်ကျီရှင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူသိသည်မှာ အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိသူအများစု၏ အချိန်နှင့် အာကာသစွမ်းအားမှာ ဆယ်ဆမှ တစ်ဆယ့်နှစ်ဆကြားသာ ရှိတတ်သည်။
သူ၏ တစ်ဆယ့်ရှစ်ဆမှာ ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သော်လည်း သူ၏ သာမန်စွမ်းရည်များနှင့် နှိုင်းယှဉ်လျှင်မူ အနည်းငယ် လိုအပ်နေသေးသည်။
"တစ်ဆယ့်ရှစ်ဆဆိုတာ လုံလောက်တာထက် ပိုပါတယ်။ ဆိုလိုတာက သာမန်လူတစ်ယောက် တစ်ရက်ကျင့်ကြံတာကို ငါက တစ်ဆယ့်ရှစ်ရက်စာလောက် ကျင့်ကြံနိုင်တယ်။ ဒါက ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါမှာ အကြီးမားဆုံး အသာစီးရစေမှာပဲ"
ရှစ်မိနစ်အကြာတွင် ချန်ကျီရှင်းမှာ သူ၏ မျက်ခုံးကြားမှ စွမ်းအားတို့ ဆွဲယူခံနေရသကဲ့သို့ ခံစားလိုက်ရပြီး ၎င်းမှာ သူ၏ အကန့်အသတ်ဖြစ်ကြောင်း သိလိုက်သည်။
တစ်ဆယ့်ရှစ်ဆ အရှိန်မြှင့်ခြင်းကို ရှစ်မိနစ်ကြာ ဆက်တိုက် အသုံးပြုနိုင်သည်။
အချိန်နှင့် အာကာသစွမ်းအားကို ပြန်လည်ရုပ်သိမ်းပြီးနောက် မျက်ခုံးကြားရှိ ခြောက်သွေ့မှုကို ခံစားနေရသော ချန်ကျီရှင်းမှာ စိတ်စွမ်းအားများ ပြန်လည်ပြည့်ဝစေရန် သုံးရက်တိတိ အနားယူခဲ့သည်။
ထို့နောက် တတိယအဆင့်အနေဖြင့် သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ လက်ဖဝါးပြင်တွင် ဖရိုဖရဲ မီးတောက်များနှင့် ဖျက်ဆီးခြင်း မီးတောက်များ ရောယှက်နေသည်။ ချန်ကျီရှင်း၏ လက်ချောင်းများ တုန်ခါမှုနှင့်အတူ မဟာတာအို၏ အပိုင်းအစများစွာက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
"မဟာတာအို အပိုင်းအစ သုံးထောင် သုံးရာ လေးဆယ့်ခြောက်ခု။ ဒါတွေအားလုံးက ဇီဝေတောင်ရဲ့ နတ်ဘုရားတားမြစ်နယ်မြေထဲကနေ ငါ ထုတ်ယူထားတဲ့ အနှစ်သာရတွေပဲ။ ဒါတွေကို စုပ်ယူလိုက်ရင် တာအိုကို ရှာဖွေရတဲ့အချိန်တွေ အများကြီး သက်သာသွားလိမ့်မယ်"
အပိုင်းအစများသည် မီးရောင်များကဲ့သို့ပင် ချန်ကျီရှင်း၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။
မဟာတာအို အပိုင်းအစများစွာကို ပေါင်းစပ်လိုက်သည်နှင့်အမျှ အကာအကွယ်ပေးထားသည့် ဥက္ကာပျံနှလုံးသားမီး၏ အရောင်မှာ တဖြည်းဖြည်း အနက်ရောင်ဝါရောင်ဆီသို့ ပြောင်းလဲသွားသည်။
ချန်ကျီရှင်းမှာ ဤလုပ်ငန်းစဉ်ကို ခုနစ်လတိတိ ခံစားခဲ့ရသည်။
ခုနစ်လအကြာတွင် ကောင်းကင်၌ မိုးချုန်းသံနှင့်အတူ တစ်နှစ်ကျော် တိတ်ဆိတ်နေခဲ့သော ချန်ကျီရှင်းမှာ မျက်လုံးတို့ကို နောက်ဆုံးတွင် ဖွင့်လိုက်သည်။
"အဆုံးသတ်သွားပြီလား"
ကိုယ်ခန္ဓာအတွင်း စီးဆင်းနေသည့် မရေမတွက်နိုင်သော စွမ်းအားကြီးမားမှုကို ခံစားလိုက်ရချိန်တွင် ချန်ကျီရှင်းသည် ဂူထဲမှနေ၍ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်ထွက်လာခဲ့သည်။
သူသည် ကောင်းကင်ယံတွင် မိုင်ထောင်ချီ ကျယ်ပြန့်နေပြီး မျိုးနွယ်စုကြီးတစ်ခု၏ ပျက်သုဉ်းခြင်းကဲ့သို့ ခြိမ်းခြောက်နေသည့် ဘေးဒဏ်တိမ်တိုက်များကို မော့ကြည့်လိုက်သည်။
"ဒီအတိုင်းအတာကတော့ နည်းနည်း ပိုလွန်နေပြီ။ သာမန်ကျင့်ကြံသူတစ်ယောက် ထာဝရအသက်ရှည်ခြင်းကို ရှာဖွေရာမှာတောင် ဒီလောက်ကြီးမားတဲ့ ဘေးဒဏ်မျိုး မဖြစ်ပေါ်လာသင့်ဘူး မဟုတ်လား"
အထက်မှ လျှပ်စီးကြောင်းအစအနများ ကြွေကျနေသည်ကို မြင်သောအခါ ချန်ကျီရှင်းသည် သူ၏နောက်ကွယ်မှ ဂူဆီသို့ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
"ချင်းကျီ"။
ဓားရောင်ခြည်သည် ချန်ကျီရှင်း၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာသည်။
ထို့နောက် ချန်ကျီရှင်း၏ လှုပ်ရှားမှုနှင့်အတူ ကောင်းကင်တွင် စုစည်းနေသော ဘေးဒဏ်တိမ်တိုက်များဆီသို့ ညင်သာစွာ ခုတ်ပိုင်းလိုက်သည်။
မျက်စိဖြင့် မမြင်နိုင်သော ဓားအရှိန်အဝါသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ဓားချက်တစ်ချက်တည်းဖြင့်ပင် ကောင်းကင်ထက်ရှိ တိမ်တိုက်များမှာ ပြဲထွက်သွားပြီး မိုင်ထောင်ချီ ကျယ်ပြန့်သော ကောင်းကင်ပြာကြီး ပေါ်ထွက်လာတော့သည်။
"သခင်လေး အခုဆိုရင် ကျွန်မရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်လွှတ်နိုင်ပါပြီ။ ဓားနတ်သမီးတစ်ယောက်နဲ့ ယှဉ်ရင် ဓားပညာဆိုင်ရာ နားလည်မှုမှာ နည်းနည်းပဲ လိုတော့တယ်"
တစ်နှစ်ကျော်ကြာ တိတ်ဆိတ်နေခဲ့သော ချင်းကျီသည် ချန်ကျီရှင်း၏ ကောင်းကင်ကို ဖွင့်ဟသည့် ဓားချက်တစ်ချက်အပြီးတွင် သူ၏ မဟာတာအိုဓားသက်တမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟု ခံစားမိကာ စိတ်လှုပ်ရှားစွာဖြင့် စကားများ မရပ်မနား ပြောဆိုနေတော့သည်။
နည်းနည်းလေး လိုနေသေးတာလား။
ချန်ကျီရှင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ချက်ချင်းပင် စိတ်လျှော့လိုက်သည်။
အမှန်တကယ်တွင် ယခုလက်ရှိ သူ၏ ဓားပညာမှာ အဆင့်နှစ်သာ ရှိသေးသည်။ အဓိကအကြောင်းအရင်းမှာ အခြားသော မဟာတာအိုများက ဓားပညာ၏ ပံ့ပိုးပေးနိုင်စွမ်းကို လျှော့ချထားသောကြောင့်ပင်။
သန့်စင်သော ဓားပညာကိုသာ အသုံးပြုမည်ဆိုပါက သူသည် အဆင့်သုံး၏ အုတ်မြစ်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ရမည်ပင်။
၎င်းမှာ ချင်းကျီ၏ ယခင်ပိုင်ရှင်နှင့် ယှဉ်လျှင်မူ အနည်းငယ် လိုအပ်နေပါသေးသည်။
ထိုဓားနတ်သမီး ရွေးချယ်ခဲ့သည့် ဓားလမ်းစဉ်သည် မိန်းမပျိုတို့၏ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ထိုကျဉ်းမြောင်းသော လမ်းကြောင်းပေါ်တွင် သူမသည် အဆင့်ငါးအထိ ကျင့်ကြံထားနိုင်ခဲ့သည်မှာ အမှန်ပင်။
အဆင့်နှစ်နှင့် အဆင့်ငါးကြား ကွာဟချက်မှာ အလွန်ကြီးမားလှသည်။
သို့သော် ထိုဓားနတ်သမီးသည် သုံးထောင်နှစ်ကြာအောင် ကျင့်ကြံခဲ့ရခြင်း ဖြစ်ပြီး ချန်ကျီရှင်းမှာမူ အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသည်။
အချိန်ရာပေါင်းများစွာ ပိုမိုစုဆောင်းနိုင်ခဲ့သည့် ထိုဓားနတ်သမီး၏ ထူးချွန်သော ပါရမီမှာ ပိုမိုမြန်ဆန်စွာ အရှိန်ရခဲ့ခြင်း ဖြစ်သဖြင့် ဤကွာဟချက်မှာ ထူးဆန်းသည်မဟုတ်ပေ။
"သခင်လေး သခင်လေးရဲ့ ဘေးဒဏ်လျှပ်စီးတွေ ပြန်ကျလာပြီ။ သက်ရောက်တဲ့ ဧရိယာကလည်း ကျယ်ပြန့်လွန်းတော့ ဓားနတ်သမီးတစ်ယောက်ရဲ့ ထာဝရအသက်ရှည်ခြင်း ဘေးဒဏ်နဲ့တောင် မတိမ်းမယိမ်း ဖြစ်နေပြီ"
"မတူပါဘူး"
ချန်ကျီရှင်းက ခေါင်းခါလိုက်သည်။
ထို့နောက် သူ၏ လက်ဖဝါးမှ မှန်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုမှန်မှာ လှပသော ပုံစံများဖြင့် ထွင်းထုထားသော်လည်း သွေးစွန်းနေဆဲပင်။
"ရှုယန်မှန်"
ကောင်းကင်မှ လျှပ်စီးကြောင်းများ ကျရောက်လာသည်နှင့်အမျှ စီကုန်းမျိုးနွယ်စု၏ ထာဝရအသက်ရှည်ခြင်းဧကရာဇ် လက်နက်မှာ လေထဲတွင် တောက်ပလာသည်။
ထိုမှန်၏ နက်နဲပြီး ခမ်းနားလှသော မဟာတာအို စွမ်းအားသည် ဆက်တိုက် ကျရောက်လာသည့် လျှပ်စီးများကို တားဆီးပေးကာ အောက်တွင်ရှိသော ချန်ကျီရှင်းကို အန္တရာယ်ကင်းအောင် ကာကွယ်ပေးထားသည်။
"နောက်ထပ် ဘေးဒဏ်တစ်ခုနဲ့ ထပ်တွေ့ရင်တောင် ကျော်ဖြတ်နိုင်မယ့် နည်းလမ်းရှိပါတယ်။ ပထမဆုံး ရှုယန်မှန်ကို သုံးပြီး သူတို့ကို အားကုန်သွားအောင် လုပ်မယ်။ ပြီးရင် ဇီဝေနတ်ဘုရား တားမြစ်ချက်ကို ဖွင့်မယ်။ တကယ်လို့ မပြီးသေးဘူးဆိုရင်တောင် ငါ့မှာ ချင်းကျီ ရှိသေးတယ်"
ထာဝရအသက်ရှည်ခြင်း လက်နက်နှစ်ခုနှင့် ထာဝရအသက်ရှည်ခြင်းနယ်ပယ်မှ တောင်စောင့် အစီအရင်တစ်ခုက ချန်ကျီရှင်း၏ ကောင်းကင်ဘေးဒဏ်ကို ဂရုမစိုက်ရဲသည့် ယုံကြည်မှု၏ အရင်းအမြစ်ပင် ဖြစ်သည်
ဤဘေးဒဏ်ကို မကျော်ဖြတ်နိုင်သေးပါက ချန်ကျီရှင်းတွင် အခြားနည်းလမ်းများစွာ ရှိသေးသည်။
ဥပမာအားဖြင့် နင်ယီထံမှ သူ သိမ်းပိုက်ထားသော ကံကြမ္မာကျမ်း၊ လီချန်းရှင်းထံမှ သူ သင်ယူထားသော သွေးမြစ်ကြောင်းလမ်းညွှန် ဘေးဒဏ်ရှောင်နည်းနှင့် မန်းမျိုးနွယ်စု၏ ကျဆုံးခြင်းနှလုံးသားမီး ဘေးဒဏ်အစားထိုးနည်းတို့ ဖြစ်သည်။
ဤနည်းလမ်းများအားလုံးကို အသုံးပြုပြီးမှတောင် မကျော်ဖြတ်နိုင်သေးပါက ချန်ကျီရှင်းတွင် သူ၏ မွေးရာပါ ဖရိုဖရဲကိုယ်ခန္ဓာနှင့် ဖရိုဖရဲ မဟာတာအိုတို့ ရှိနေသေးသည်။
နောက်ဆုံးတွင် ကံကြမ္မာသည် မည်မျှပင် ဝေးကွာနေပါစေ ကောင်းကင်နက်နဲနယ်ပယ်သို့ ရောက်ရှိပြီးနောက် ဇီဝေတောင်ပေါ်ရှိ နတ်ဘုရားတားမြစ်ချက်များ ပျောက်ကွယ်သွားပြီး မကြာမီမှာပင် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော မိုးချုန်းတိမ်တိုက်များက စုဆောင်းထားသည့် ဘေးဒဏ်လျှပ်စီးများကို ထုတ်လွှတ်ပြီးနောက် တဖြည်းဖြည်း အရပ်မျက်နှာအသီးသီးသို့ ကွဲလွင့်သွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်မှ အရောင်ခုနစ်မျိုးနှင့် အလင်းတန်းတစ်ခုသည် စီးဆင်းကျလာပြီး ဇီဝေတောင်၏ နတ်ဘုရားအကာအကွယ်ကို ဖောက်ထွက်ကာ ချန်ကျီရှင်း၏ ကိုယ်ခန္ဓာအတွင်းသို့ စီးဝင်လာသည်။
"ဒါက ဥပဒေသ စွမ်းအားပဲ"
သူ၏ ဖရိုဖရဲ မဟာတာအိုအတွင်းရှိ မဟာတာအို အပိုင်းအစများစွာကို အသွင်သဏ္ဌာန် ဖြစ်ပေါ်စေရန် အရှိန်မြှင့်ပေးနေသည့် ကိုယ်ခန္ဓာအတွင်းမှ တိုးပွားလာသော ဥပဒေသ စွမ်းအားကို ခံစားမိရင်း ချန်ကျီရှင်းမှာ ကျေနပ်စွာဖြင့် တုန်ယင်သွားသည်။
တိုးတက်လာပြီ….
သူ၏ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုမှာ မိနစ်ပိုင်းအတွင်းမှာပင် သိသာထင်ရှားစွာ တိုးတက်လာသည်။
ဘေးဒဏ်ကို ကျော်ဖြတ်ပြီးနောက် ကောင်းကင်နှင့် မြေကြီးက ပေးအပ်သည့် ဥပဒေသ စွမ်းအားများ ကုန်ဆုံးသွားချိန်တွင် ချန်ကျီရှင်းမှာ သူ၏ ဖရိုဖရဲတာအိုအတွင်းမှ မူလက ဆန်စေ့ခန့်သာ ရှိသော ဥပဒေသ အပိုင်းအစများစွာမှာ လက်သည်းခန့်အထိ ကြီးထွားလာသည်ကို ခံစားမိလိုက်သည်။
"ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ လက်ဆောင်ပဲ။ ဘဝတစ်ခုမှာ အထွတ်အထိပ်နယ်ပယ်ကို တစ်ကြိမ်၊ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို တစ်ကြိမ်ပဲ ရောက်နိုင်တယ်။ အကယ်၍သာ နောက်ထပ် တစ်ဒါဇင်လောက် ထပ်ရနိုင်မယ်ဆိုရင် ငါ့ရဲ့ ဖရိုဖရဲတာအိုကို တကယ်ပဲ အမြန်ဆုံး အောင်မြင်နိုင်မှာပါ"
ထိုသို့ တွေးမိရင်း ချန်ကျီရှင်းမှာ အနည်းငယ် ပြုံးလိုက်သည်။
သူ၏ တာအိုအသီးအတွင်းရှိ ဒုတိယအစဉ်လိုက် မဟာတာအို ကိုးခု၏ လေးပုံတစ်ပုံမှာ တိုးတက်သွားပြီဖြစ်ပြီး မဟာတာအို အပိုင်းအစများမှတဆင့် ပေါင်းစပ်ထားသော ကျန်ရှိသည့် ခုနစ်ရာကျော်သော မဟာတာအိုများထဲမှ ခုနစ်ခု သို့မဟုတ် ရှစ်ခုမှာလည်း ပထမအစဉ်လိုက်သို့ တက်လှမ်းရန် နီးကပ်နေပြီ ဖြစ်သည်။
"အခုတော့ သတ္တုဒြပ်စင်ကို ရယူဖို့ စဉ်းစားလို့ရပြီ"
ရွှေဒြပ်စင်အကြောင်း တွေးမိရင်း ချန်ကျီရှင်း၏ အပြုံးမှာ ပိုမို တောက်ပလာသည်။
"ငါကျင့်ကြံနေတဲ့ အဓိကတာအို ကိုးခုအပါအဝင်... စုစုပေါင်း မဟာတာအို ၇၆၃ ခုတောင် ရှိနေပြီပဲ။
တာအိုတစ်ခုချင်းစီက ငါ့သက်တမ်းကို နှစ်တစ်ထောင်စီ တိုးပေးမယ်ဆိုရင်တောင်... စုစုပေါင်း နှစ်ပေါင်း ခုနစ်သိန်းခြောက်သောင်းတောင် ဖြစ်နေပြီလေ
လောကကြီးထဲမှာ ဒီလောက်အထိ အသက်ရှည်တဲ့လူမျိုး တကယ်ကော ရှိသေးလို့လား..."
သူ့ဘာသာ သက်ပြင်းချရင်း ခပ်ပြုံးပြုံးဖြင့် ရေရွတ်လိုက်မိသည်။
"ကဲ... ဟုတ်ပါပြီ ငါ့ကိုယ်ငါ လူလို့တောင် ခေါ်လို့ မရတော့ဘူးပဲ"
သူ၏ ဘယ်ဘက်လက်မှာ အသားနှင့် အရိုးတို့မှ ဖရိုဖရဲစွမ်းအင်အဖြစ် ပြိုကွဲသွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အသားနှင့် အရိုးတို့အဖြစ် ပြန်လည် ရောက်ရှိသွားသည်။ ချန်ကျီရှင်း သိလိုက်သည်မှာ ဤအချိန်တွင် သူသည် လူသားဟူသည်ထက် လူသားတို့၏ အသိစိတ်ပါဝင်သည့် ဖရိုဖရဲစွမ်းအင် အစုအဝေးတစ်ခုသာ ဖြစ်တော့သည်။
သူ၏ နိဗ္ဗာနအဆင့် အသွင်ပြောင်းလဲမှုမှာ အလွန်စေ့စပ်လွန်းသဖြင့် လူသားဟူသော ဝိသေသကို လုံးဝ စွန့်လွှတ်လိုက်ရခြင်းပင်။
"စွမ်းအားကြီးမားလိုက်တာ... ငါ အခု အရမ်းကို စွမ်းအားကြီးနေပြီ။
ငါ့ရဲ့ လက်ရှိကိုယ်ခန္ဓာနဲ့ ဟင်းလင်းပြင်ကြီးကို ဖောက်ခွဲပစ်ဖို့ဆိုရင်တော့ အားစိုက်ထုတ်မှု နည်းနည်း လိုဦးမှာပေါ့။ ဒါပေမဲ့ ဒီအနှစ်သာရ စွမ်းအားနဲ့တင်တင် ဟင်းလင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်လို့ ရနေပြီပဲ။
ဒီတော့ ဖရိုဖရဲ လေပြင်းတွေကသာ ငါ့ခန္ဓာကိုယ်ကို အစအနမကျန် မဖျက်ဆီးနိုင်သရွေ့... ငါက ဒီစကြာဝဠာကြီးထဲမှာ ထာဝရ တည်ရှိနေနိုင်ပြီကွ..."
ထိုအတွေးများနှင့်အတူ ချန်ကျီရှင်း၏ အကြည့်တို့က တောင်ထိပ်၏ အခြားတစ်ဖက်ဆီသို့ ရောက်သွားသည်။
ထိုနေရာတွင် သူ၏ မိသားစုဝင်များသည် သူ့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေကြသည်။
ချန်ထျန်လျန်၊ ယင်ရွှမ်းရွှမ်း၊ရှုချင်းချင်းနှင့် စတုတ္ထဦးလေး…..
ခဏနေပါဦး….
ချင်းချင်း၏ ရင်ခွင်ထဲတွင် စိတ်ကူးတစ်ချက်ဖြင့် ချန်ကျီရှင်းသည် ဖရိုဖရဲစွမ်းအင် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်၏ အခြားတစ်ဖက်ရှိ ချန်မိသားစုဝင်များရှေ့သို့ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ရောက်ရှိသွားတော့သည်။
"ချင်းချင်း ဒါ ငါ့ရဲ့ ကလေးလေးလား"